Chapter : 5 ( ညီမလေးက အရုပ်ကလေးကို သယ်ထားတယ် [2] )
အမျိုးသမီးသည် မော့ကြည့်လိုက်၏။ သူမ၏ ဆံပင်များ လှုပ်ရှားလိုက်သည်နှင့် အနည်းငယ် ရှင်းသွားပြီး နောက်ဆုံးတွင် မျက်နှာတစ်ဝက်အပြင် သေခြင်းတရား၏ အငွေ့အသက်ကို ပေးစွမ်းသော ဒဏ်ရာအမာရွတ်တစ်ဝက်ကို ဖော်ပြလိုက်သည်။
ဟိုင်ရိသည် သူမနှင့် မျက်နှာချင်းဆိုင် ထိုင်နေပြီး သူမက သူ့ကို ပြုံးပြနေသည်ကို မြင်တွေ့လိုက်ရသောအခါ ကြောက်လန့်တကြား အသိစိတ်များ ပျောက်လုနီးပါးပင် ဖြစ်သွားရသည်။
အမျိုးသမီးသည် သူမ၏ ပိန်လှီနေသော လက်မောင်းများကို ထောက်၍ မတ်တပ်ရပ်လိုက်သည်။ သူမ၏ မျက်လုံးများက ၎င်းတို့ထဲသို့ တူးဆွဝင်ရောက်နေပြီး ၎င်းတို့၏ ကာရိုက်တာများကို သူမ၏ မှတ်ဉာဏ်ထဲသို့ ထည့်သွင်းနေသကဲ့သို့ ဖြစ်နေသည်။
ဟိုင်ရိ ရွေးချယ်ထားသော ဇာတ်ကောင်၏ ဘဝဇာတ်ကြောင်းသည် ဝက်ဘ်စာမျက်နှာပေါ်တွင် အလိုအလျောက် ပေါ်လာသည်။ သူ ဖတ်နေစဉ်တွင် သူ၏ နားကြပ်ထဲမှ အသံတစ်ခု ပေါ်နေသယောင်ယောင် ခံစားရသော်လည်း ဘာမှမရှိနေခဲ့ပေ။
သူသည် မူလက ရှန့်ချန့်ယန်၏ သီချင်းကို ဖွင့်ထားခဲ့သော်လည်း ရှန့်ချန့်ယန်နှင့် စကားပြောသောအခါ ပိတ်ထားခဲ့သည်။ ထိုအသံသည် သူ၏ စိတ်ကူးယဉ်မှုလား သို့မဟုတ် အခြားတစ်ခုခုလားဆိုသည်ကို သူ မသေချာခဲ့ပေ။
ဟိုင်ရိသည် သူ့ဇာတ်ညွှန်းကို အာရုံစိုက်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူသည်... ကွယ်လွန်သူ၏ ချစ်သူလား။ ထိုသို့သော ဇာတ်ကောင်တစ်ဦးအပေါ် မှီခိုရခြင်းသည် အနည်းငယ် အန္တရာယ်ရှိ၏။
ဟိုင်ရိသည် ကွယ်လွန်သူ သေဆုံးခဲ့သည့်နေ့၏ အချိန်ဇယားကို ချက်ချင်းဖတ်ရှုခဲ့သည်။ သူ့ကို သေဆုံးသူအား သတ်ခဲ့ကြောင်း မှတ်တမ်းတစ်စုံတစ်ရာ မတွေ့ရသောအခါ သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။
ဤတစ်ကြိမ်တွင် သူသည် လူသတ်သမားမဟုတ်ပေ။ ကျန်သည့်အရာများမှာ အရေးမကြီးတော့သဖြင့် နောက်မှထားခဲ့နိုင်သည်။
ထိုအချိန်တွင် သူ၏နားကြပ်ထဲမှ အသံတစ်ခုကို ရုတ်တရက် ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။ သူတစ်ယောက်တည်း ကြားရခြင်းမဟုတ်ဘဲ အားလုံး ကြားနိုင်၏။ လူအချို့၏ ဖုန်းများက သီချင်းကို ကျယ်လောင်စွာ ဖွင့်ထားသည်။ ကလေးမလေးတစ်ဦး၏ အသံသေးသေးလေးက ပိတ်ထားသော အခန်းထဲတွင် ပဲ့တင်ထပ်၍ သီချင်းဆိုနေသည်။
~ တစ်နေ့မှာ ဖေဖေက အရက်မူးနေခဲ့တယ် ~
~ ပုဆိန်ကို ကိုင်ပြီး မေမေ့ဆီကို လျှောက်သွားတယ် ~
~ ဖေဖေ.. အာ ဖေဖေ.. အကြိမ်အများကြီး ခုတ်နေတယ် ~
~ သွေးရဲရဲတွေက နံရံကို နီရဲစေတယ် ~
~ မေမေ့ခေါင်းက ကုတင်အောက်ကို လိမ့်ကျသွားပြီ ~
~ သူမရဲ့ မျက်လုံးတွေက ငါ့ကို ကြည့်နေတုန်းပဲ ~
~ ပြီးတော့ ဖေဖေက သူ့ကို ကူညီဖို့ ငါ့ကို ခေါ်ခဲ့တယ် ~
~ ငါတို့ မေမေ့ကို သစ်ပင်အောက်မှာ မြှုပ်ခဲ့ကြတယ် ~
~ ပြီးတော့ ဖေဖေက သူ့ပုဆိန်ကို မြှောက်လိုက်ပြီး ~
~ ငါ့ရဲ့ အရေခွံကို ခွာပြီး အရုပ်လေး လုပ်လိုက်တယ် ~
~ ပြီးတော့ မေမေနဲ့အတူ ရှိနေဖို့ သစ်ပင်အောက်မှာ မြှုပ်ထားခဲ့တယ် ~
( TN - ဒီနောက်ဆုံးစာသားက တရုတ်သီချင်းထဲမှာ မပါပေမယ့် တရုတ် မူရင်းစာရေးသူက ထည့်ထားတာပါနော်
< https://youtu.be/lXIr9i6sfOI?si=cL8k6LEhLiq0TRPd > )
ဒါက ရှန့်ချန့်ယန် မဆိုခဲ့သော သီချင်း၏ နောက်တစ်ဝက်ဖြစ်သည်။
ဟိုင်ရိသည် ရှန့်ချန့်ယန် သီဆိုခဲ့သော ကလေးသီချင်းကို ထိုသံစဉ်ကြားပြီးနောက် သတိရသွားကာ သူ့ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။ ရှန့်ချန့်ယန်ကလည်း မတော်တဆပင် သူ့ကို ပြန်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွတ်နေ၏။
ဟိုင်ရိသည် ရှန့်ချန့်ယန် အရင်က ဘာကိုပြုံးနေခဲ့ကြောင်း နားလည်သွားသည်။ ရှန့်ချန့်ယန်သည် သီချင်း၏ ပထမတစ်ဝက်ကိုသာ သီဆိုခဲ့သောကြောင့် ထိုသီချင်းသည် ကြောက်စရာမကောင်းကြောင်း သူပြောခဲ့ခြင်းဖြစ်သည်။
ရှန့်ချန့်ယန်သည် ဤဇာတ်လမ်းကို သိရှိထားရန် အခွင့်အလမ်းများသည်။ ထို့နောက် ကလေးမလေးကို ရွေးချယ်ခဲ့ခြင်းသည်လည်း ရည်ရွယ်ချက်ရှိရှိ ဖြစ်ရမည်။
သူသည် လူသတ်သမားကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့သည်လား သို့မဟုတ် လူကောင်းတစ်ဦးကို ရွေးချယ်ခဲ့သည်လားဆိုသည်ကို မသိခဲ့ပေ။
ဇာတ်ညွှန်းအရ ဤဇာတ်လမ်းသည် အလွန်ဝမ်းနည်းဖွယ်ကောင်းသော ဇာတ်လမ်းဖြစ်သည်။
ဤအိမ်ထောင်စုတွင် ယွိရှန့်အမည်ရှိ သမီးတစ်ဦးရှိခဲ့သည်။ သူမသည် ဗိုလ်ချုပ်တစ်ဦး၏ သမီးဖြစ်ပြီး မနှိုင်းယှဉ်နိုင်လောက်အောင် ရုပ်ဆိုးခဲ့၏။ ထိုအချိန်က လူများသည် ရုပ်ဆိုးခြင်းကို ကူးစက်တတ်သော ရောဂါတစ်ခုအဖြစ် မှတ်ယူကြသဖြင့် သူမ၏ မိဘများနှင့် ညီမငယ်ပင်လျှင် သူမကို ခွဲခြားထားခဲ့ကြ၏။ ထိုအကြောင်းကြောင့် သူမသည် တဖြည်းဖြည်း ပိုမိုပိတ်လှောင်လာပြီး အခန်းထဲတွင် အဝတ်စုတ်ရုပ်လေးကိုသာ အဖော်ပြု၍ ပိတ်လှောင်နေထိုင်ခဲ့သည်။
အသက် ဆယ့်ငါးနှစ်အရွယ်တွင် ယွိရှန့်သည် အထီးကျန်မှုနှင့် မိမိကိုယ်ကို အဆင့်အတန်းချမှုကြောင့် သူမ၏ အခန်းထဲတွင် ဆွဲကြိုးချ သေဆုံးခဲ့သည်။ သို့သော် သူမ၏ အခန်းထဲသို့ မည်သူမျှ မဝင်ရောက်ခဲ့သောကြောင့် ယွိရှန့် သေဆုံးပြီးဖြစ်ကြောင်း မည်သူမျှ မသိရှိခဲ့ကြပေ။ အလောင်း၏ ဆံပင်များ ကြမ်းပြင်ပေါ်သို့ ရောက်ရှိလာပြီး သူမ၏ အဖြူရောင်အဝတ်အစားများ နီညိုရောင် ပြောင်းသွားမှသာ သူမကို တွေ့ရှိခဲ့ကြသည်။
ယွိရှန့်၏ ဝမ်းနည်းကြေကွဲနေသော မိခင်သည် နေ့စဉ်နေ့တိုင်း ငိုကြွေးမြည်တမ်းခဲ့၏။ တစ်နေ့တွင် သူမသည် ယွိရှန့်၏ ရုပ်သေးရုပ်ကို ပွေ့ဖက်လျက် အကြောင်းပြချက်မရှိဘဲ အခန်းထဲတွင် သေဆုံးသွားခဲ့သည်။
သူတို့ရှေ့မှ ကွယ်လွန်သူသည် ယွိရှန့်၏ မိခင်ဖြစ်နိုင်ဖွယ်ရှိပြီး သူတို့၏ တာဝန်မှာ သူမကို မည်သူသတ်ခဲ့သည်ကို ရှာဖွေရန်ဖြစ်၏။
သူ၏ ဇာတ်ညွှန်းကို ဆက်မဖတ်လိုသဖြင့် ဟိုင်ရိသည် ကျန်ရှိသော လူငါးဦး၏ မျက်နှာအမူအရာများကို ပေါ့ပေါ့ဆဆ စစ်ဆေးကြည့်ရှုခဲ့သည်။ ဤသူများသည် အခုမှစဆော့သူများ မဟုတ်ပုံရသည်။ ၎င်းတို့သည် အချိန်တိုင်း တိတ်ဆိတ်နေပြီး ဂိမ်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပုံရ၏။
မိန်းကလေးတစ်ဦးမှာတော့ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သူမ၏ အကြည့်က ဖုန်းမျက်နှာပြင်ပေါ်တွင် စူးစိုက်နေပြီး အချိန်အတော်ကြာသည်အထိ စာမျက်နှာကို လှန်မကြည့်ခဲ့ပေ။ ဘယ်ဘက်လက်က ပေါင်ပေါ်တွင် လက်သီးဆုပ်ထား၏။
ဟိုင်ရိသည် ဇာတ်ညွှန်းကို ဖတ်ရန် တစ်နာရီအချိန် ရရှိခဲ့သော်လည်း သူသည် လူသတ်သမားမဟုတ်သောကြောင့် အချိန်အကြာကြီး အသုံးပြုရန်မလိုခဲ့ပေ။ ဇာတ်ညွှန်းကို ဆက်လက် ဖတ်ရှုရန် တကယ်တမ်း ဆန္ဒမရှိခဲ့ပေ။
ရိုးရှင်းစွာ ကြည့်ရှုပြီးနောက် သူသည် ဝက်ဘ်စာမျက်နှာကို ပိတ်ကာ သီချင်းတစ်ပုဒ် ဖွင့်လိုက်သည်။ ကလေးသီချင်းသည် အမှန်ပင် အနည်းငယ် ကြောက်စရာကောင်း၏။
ဟိုင်ရိသည် စင်စစ်အားဖြင့် သာမန်လူတစ်ဦး ဖြစ်သော်လည်း သူ၏ ၁၈၀ စင်တီမီတာ အရပ်အမြင့်နှင့် သူ့သတ္တိမှာ မနည်းလှဘဲ ထိတ်လန့်စရာရုပ်ရှင်များကိုလည်း မကြောက်မရွံ့ ကြည့်ရှုဖူးသည်။
သို့သော် ဤသီချင်းသည် သေဆုံးသူတစ်ဦး သီဆိုနေသကဲ့သို့ ဖြစ်နေပြီး သေဆုံးသွားသော မိန်းကလေးတစ်ဦး သူ့ဘေးတွင် လဲလျောင်းနေကာ သူ့နားထဲသို့ သီချင်းဆိုနေသကဲ့သို့ ခံစားရသည်။ သူ့ဆံပင်များ ထောင်မတ်လာသည့် ခံစားမှုသည် အိမ်၏ စိုစွတ်သော အပူချိန်နှင့် အတော်အတန် လိုက်ဖက်၏။
ဟိုင်ရိသည် မတ်တပ်ရပ်လိုက်ပြီး ကွယ်လွန်သူကို တစ်ချက်ကြည့်လိုက်သည်။
"တံခါးဖွင့်လို့ရမလား"
ကွယ်လွန်သူသည် သူမ၏ မေးစေ့ကို မြှောက်လိုက်ပြီး မည်းနက်သော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ ထိုသို့သော မေးခွန်းကို ကြိုတင်မျှော်လင့်မထားသောကြောင့် ထိုခဏ၌ အဖြေမရှိခဲ့ပေ။
ဟိုင်ရိသည် သူ့နောက်မှ လူများကို လှမ်းပြောလိုက်၏။
"အထဲမှာ အတော်လေးကျပ်နေပြီ၊ တံခါးဖွင့်လိုက်မယ် ကန့်ကွက်စရာမရှိဘူးမလား"
ရှန့်ချန့်ယန် သူထိုင်နေသော ထောင့်နေရာမှနေ၍ အားလုံးကို ဝေ့ကြည့်လိုက်သည်။ အားလုံးက ဟန်ရိကို စစ်ဆေးကြည့်ရှုပြီးနောက် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးက ပြောလာသည်။
"ကန့်ကွက်စရာ မရှိပါဘူး"
ဟိုင်ရိက ခေါင်းညိတ်လိုက်၏။ သူသည် တံခါးကို ဖွင့်လိုက်ပြီး ခြံဝင်းအတွင်းရှိ ရှုခင်းများကို ကြည့်လိုက်သည်။ ခြံဝင်းတစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ကို ဖုံးအုပ်ထားသော ချယ်ရီပင်ကြီးတစ်ပင်သည် ပန်းပွင့်များ အပြည့်အဝ ဖူးပွင့်နေ၏။ ဤရာသီတွင် လေတိုက်ခတ်လာသည်နှင့် ပန်းရနံ့များ သယ်ဆောင်လာသည်။
ကြီးမားလှပသော ချယ်ရီပင်ကြီးကို မြင်သောအခါ အားလုံး၏ အသက်ရှူသံများ ခဏတာ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။
ဟိုင်ရိက ပြန်ထိုင်လိုက်သည်။
"ဘယ်သူ စပီကာဖွင့်ထားတာလဲ အသံလျှော့ပေးလို့ရမလား"
ယခုထိတိုင်အောင် တစ်စုံတစ်ဦးက ကလေးသီချင်းကို ဖွင့်ထားဆဲဖြစ်သည်။ သူသည် နားကြပ်တပ်ထားသော်လည်း အခန်းထဲတွင် ပဲ့တင်ထပ်နေသော သီချင်းသံကို ကြားနေရဆဲဖြစ်၏။
စိုးရိမ်ပူပန်ပုံရသော မိန်းကလေးက ချက်ချင်း တုံ့ပြန်လိုက်သည်။ သူမ၏ မျက်နှာသည် ချက်ချင်းနီရဲသွားသည်။
"အာ! တောင်းပန်ပါတယ်... ပိတ်ဖို့ မေ့သွားလို့"
ဟိုင်ရိ : "စိတ်မပူပါနဲ့၊ သီချင်းစာသားလိုချင်ရင် ကျွန်တော့်ကို မေးလို့ရပါတယ်၊ ကျွန်တော် အလွတ်ရနေပါပြီ"
အမျိုးသားတစ်ဦးက အချိန်ကိုက် ကြားဖြတ်ပြောလိုက်၏။
"အဝတ်အစားတွေ လဲကြရအောင်"
ဤဂိမ်းတွင် ကစားသမားတိုင်းသည် စစ်မှန်သော ဇာတ်ကောင်နှင့် အဆုံးမရှိ နီးစပ်နိုင်ရန် ၎င်းတို့ရွေးချယ်ထားသော ဇာတ်ကောင်၏ အဝတ်အစားများကို ဝတ်ဆင်ရမည်ဖြစ်သည်။ လူသတ်သမား၏ လက္ခဏာများသည်လည်း ထင်ရှားပြတ်သားသော လက်တွေ့ဆန်မှုဖြင့် ပြန်လည် တည်ဆောက်မည်ဖြစ်၏။
အနီရောင်ဝတ်ဆင်ထားသော ကွယ်လွန်သူသည် မတ်တပ်ရပ်လိုက်သည်။ သူမ၏ အသံသည် မမျှော်လင့်ဘဲ အလွန်နူးညံ့သော်လည်း သူမ၏ ပုံပန်းသဏ္ဌာန်ကြောင့် မည်သူမျှ တိုက်ရိုက်ကြည့်ရှုရန် မတတ်နိုင်ခဲ့ပေ။
"ကျေးဇူးပြု၍ လူကြီးမင်းတို့အခန်းတွေကို ပြန်သွားပြီး ပြင်ဆင်မှုများ ပြုလုပ်ပါ"
ဤဂိမ်းတွင် ကွယ်လွန်သူသည် တရားသူကြီးဖြစ်သလို စစ်မှန်သော သရဲလည်းဖြစ်သည်။ ၎င်းတို့သည် ညတိုင်း လူသတ်နိုင်ခြေရှိသော်လည်း နေ့ခင်းဘက်ရောက်သည်နှင့် လုံးဝအန္တရာယ်ကင်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သူမ ယခု မည်မျှပင် ကြောက်စရာကောင်းနေပါစေ၊ သူမ လုပ်နိုင်သည့် တကယ့်အန္တရာယ်ဆိုသည်မှာ မရှိပေ။
အားလုံးသည် ကွယ်လွန်သူနောက်သို့ လိုက်၍ အခန်းထဲမှ ထွက်ခွာသွားကြ၏။ အိမ်သည် တစ်ထပ်တည်းသာ ရှိပုံရသည်။
အခန်းထဲမှ ထွက်ခွာပြီးနောက် ၎င်းတို့သည် စင်္ကြံတစ်ခုကို ဖြတ်သန်းကာ ၎င်းတို့၏ ဇာတ်ညွှန်းများတွင် ဖော်ပြထားသော လမ်းညွှန်ချက်များအတိုင်း ၎င်းတို့၏ အခန်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဟိုင်ရိ၏ အခန်းသည် ဘယ်ဘက်မှ ဒုတိယအခန်းဖြစ်သည်။ သူသည် သူ့အခန်းနှင့် ထောင့်ဖြတ်ဆန့်ကျင်ဘက်အခန်းတွင် ရှန့်ချန့်ယန် ရပ်တန့်သွားသည်ကို မြင်လိုက်ရ၏။
ဟိုင်ရိသည် သူသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ တကယ်တမ်း ဂရုမစိုက်ခဲ့ပေ။ သူသည် ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ် ပြန်ဖြစ်ရမည်ဆိုလျှင်ပင် လက်ခံနိုင်ခဲ့သည်။ သူသည် သူတစ်ဖက်သတ် အသိအမှတ်ပြုထားသော စျေးပေါသည့် သားအကြောင်း စိတ်ဆင်းရဲပူပန်စရာများ ပိုရှိနေခဲ့သည်။
တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွား၏။ အခန်းသည် အလွန်ရိုးရှင်းသည်။ ကြမ်းပြင်ပေါ်တွင် အိပ်ယာခင်းတစ်ခု၊ ရေချိုးခန်းနှင့် အိပ်ယာဘေးတွင် စားပွဲငယ်လေးတစ်ခု ပါရှိ၏။ အဝတ်အစားတစ်စုံကို အိပ်ယာပေါ်တွင် ချထားပြီး သူ့ပစ္စည်းများနှင့်အတူ ထားရှိထားသည်။
ဟိုင်ရိသည် ကီမိုနိုကို ဝတ်ဆင်လိုက်၏။ သူ၏ ကီမိုနိုပေါ်တွင် သွေးတစ်စက်စီးကျနေသည် - ၎င်းသည် နောက်ပိုင်းတွင် လူတိုင်းက သူ့ကို မေးခွန်းထုတ်နိုင်သည့် သဲလွန်စတစ်ခု ဖြစ်လာနိုင်၏။ မည်သို့ပင်ဖြစ်စေ ထိုအရာသည် အမျိုးသမီး၏ သေဆုံးမှုနှင့် မသက်ဆိုင်သောကြောင့် အရေးမကြီးပေ။
ဤဇာတ်ကောင်သည် လူသတ်သမားမဟုတ်ကြောင်းမှာ အမှန်ပင်ဖြစ်သည်။ သူသည် လွန်စွာစိုးရိမ်ပူပန်ခြင်းမရှိသည့်အပြင် တစ်စုံတစ်ဦးက မတရားသဖြင့် သေဆုံးခြင်းဆီသို့ ဦးဆောင်မသွားသရွေ့ ဤအကြိမ်သည် ငြိမ်ငြိမ်သက်သက်ပင် ရှိလိမ့်မည်ဖြစ်၏။
လူသတ်သမားသည် သူ၏သားဖြစ်ခဲ့လျှင် သူဘာလုပ်ရမည်ကို သူ သေချာမသိခဲ့ပေ။
ဟိုင်ရိ၏ နှလုံးသားသည် စိတ်ဆင်းရဲမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် သူထွက်လာသောအခါ ရှန့်ချန့်ယန်၏ တံခါးသည် တိုက်ဆိုင်စွာ ပွင့်လာပြီး အဖြူရောင်ဝတ်ဆင်ထားသော ခြေထောက်တစ်ချောင်းဟာ ပန်းပုံစံပါသော ပန်းရောင်ဖိနပ်ဖြင့် ထွက်ပေါ်လာ၏။
ဟိုင်ရိ၏ အကြည့်သည် တဖြည်းဖြည်း အပေါ်သို့ တက်လာသည်။ ရှန့်ချန့်ယန်သည် ကျပ်နေသော နေကြာပန်းပုံဏ္ဍာန်များပါသည့် အဖြူရောင်ဇာ ဂါဝန်တစ်ထည်ဖြင့် ထွက်လာ၏။
ထိုဝတ်စုံသည် သူ၏ ပေါင်အထိသာ ရောက်ပြီး သူ၏ အရပ်အမြင့်နှင့် ဝတ်စုံ၏ အရွယ်အစားသေးငယ်မှုကြောင့် ဝတ်စုံအောက်တွင် ဘောင်းဘီတိုတစ်ထည် ဝတ်ဆင်ရွေးချယ်ရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။
ဟိုင်ရိသည် ထပ်ပြီးကြည့်လိုက်ရာ ရှန့်ချန့်ယန်၏ ဦးခေါင်းပေါ်တွင် ပန်းဖွားလေးတွဲကျနေသည့် အဖြူရောင် ခေါင်းပတ်ဘီးကုတ်တစ်ခုကို တွေ့လိုက်ရသည်။
ဟိုင်ရိ : ...
သူသည် ထိုပုံရိပ်ကြောင့် အံ့သြတုန်လှုပ်သွားရ၏။
🌟🌟🌟