Chapter : 6 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [3] )
Viewers 48

Chapter : 6 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [3] )


ရှန့်ချန့်ယန်သည် အလွန်အေးဆေးတည်ငြိမ်နေပြီး အနည်းငယ်မျှပင် ရှက်ရွံ့ခြင်းမရှိဘဲ ဖုန်းကို ကိုင်ထားရင်း ပြောလိုက်သည်။


"သွားရအောင်လား"


ထိုအခါ ဟိုင်ရိက ခပ်တိုးတိုး "အာ..." ဟူ၍ ရေရွတ်လိုက်သည်။ ဟိုင်ရိသည် သူနှင့် ဤကလေးသည် စိတ်ချင်းဆက်စပ်နေသူများဟုပင် ခံစားလိုက်ရ၏။ သူတို့နှစ်ဦးစလုံးသည် စိတ်ချင်းဆက်စပ်နေကြခြင်းမှာ နှစ်ဦးစလုံးတွင် 'အက်နေသောအိုးကိုရိုက်ခွဲ' သကဲ့သို့ သဘာဝအတိုင်း တည်ငြိမ်မှုမျိုး ရှိကြသည်။


( TN - အက်နေသောအိုးကိုရိုက်ခွဲတယ်ဆိုတာက လမ်းမှား‌ရောက်နေတာဖြစ်ဖြစ် ဒါမှမဟုတ် ပြစ်တင်ရှုံချခံနေရရင်ဖြစ်ဖြစ် ပိုပြီးဆိုးတာတွေကို လုပ်လိုက်တယ်လို့ ပြောချင်တာပါ၊ ကိုယ်မှားနေပေမယ့် မထူးဇာတ်ခင်းပြီး ဆက်သွားတယ်လို့ ဆိုလိုတာပါရှင် )


ခဏအကြာတွင် ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။


"မင်း ဘယ်လိုခံစားရလဲ"


ဟိုင်ရိက ပွင့်ပွင့်လင်းလင်း ပြန်ဖြေ၏။


"အာ... တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ"


ရှန့်ချန့်ယန်က ဆက်ပြောသည်။

"အရင်တစ်ခေါက်ထက် ပိုကြောက်ဖို့ကောင်းတယ်။"


သို့သော် ဟိုင်ရိသည် ထိုအကြောင်းကို ရည်ညွှန်းနေခြင်းမဟုတ်ပေ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အရင်တစ်ခေါက်က မြို့ထဲမှာ ကစားခဲ့ကြခြင်းဖြစ်ပြီး၊ ရှန့်ချန့်ယန်သည် လှပခန့်ညားသော အမျိုးသားတစ်ဦးအဖြစ် ရှိနေသေးသည်။ ရိုးရိုးသားသားပြောရလျှင် ထိုအချိန်တွင် ဟိုင်ရိသည် ရှန့်ချန့်ယန်၏မျက်နှာကို ကြည့်ရဲခြင်းပင် မရှိတော့ပေ။ အနှစ်ချုပ်အားဖြင့် သူ၏ချစ်ခြင်းမေတ္တာသည် အနက်ရှိုင်းဆုံး မဟုတ်သေးဘဲ အလွန်တိမ်နေသေးပုံရ၏။


ထို့နောက် လူနှစ်ဦးစလုံးသည် အရင်ဆုံး ဧည့်ခံခန်းမဆီသို့ အတူတူသွားကြသည်။ လူတိုင်းသည် စုဝေးနေကြပြီးဖြစ်ကာ သူတို့နှစ်ဦးသာ နောက်ဆုံးရောက်လာသူများ ဖြစ်ကြ၏။ ပထမက စကားစပြောခဲ့သည့် ခေါင်းဆောင်စိတ်ဓာတ်ရှိပုံရသော အလယ်အလတ်အရွယ် အမျိုးသားက စတင်ပြောလိုက်သည်။


"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြရအောင်"


အမျိုးသားက ရှေ့ဆုံးမှ ပြောလိုက်သည်။


"ကျွန်တော် အရင်ပြောမယ်... ကျွန်တော့်နာမည် ဖျင်ကျယ့် ပါ။ ကွယ်လွန်သူရဲ့ ခင်ပွန်းဖြစ်ပြီး ဗိုလ်ချုပ်တစ်ဦးပါ။ ကျွန်တော်ကလက်နှေးလို့ ဒီနေရာကို ရခဲ့တာပါ။ ခင်ဗျားတို့ သဘောမကျစရာ သဲလွန်စတွေ ပိုများနေလောက်တယ်... ဒါပေမယ့် ကျွန်တော်က လူသတ်သမားမဟုတ်ဘူးလို့ ပြောချင်သေးတယ်။ 'အိုးသယ်လာတဲ့လာသူ' တစ်ယောက်ပါပဲ။ ဒါက ကျွန်တော့်ရဲ့ ၁၄ ကြိမ်မြောက် ကစားပွဲဖြစ်ပြီး နောက်ဆုံးပွဲလည်း ဖြစ်ပါတယ်။ လုံလောက်တဲ့ အမှတ်တွေ စုမိရင် သေလို့ရပြီ။ ကျွန်တော် ဒီကိုလျှောက်ကစားဖို့ ရောက်နေတာမဟုတ်ဘူး။ ကျွန်တော် တကယ်သေချင်တာ။ အားလုံးက ကျွန်တော့်ကို ဂရုစိုက်ပေးကြပါလို့ မျှော်လင့်ပါတယ်။"


( TN - အိုးသယ်လာတဲ့လာသူ ဆိုတာက ဒီအတိုင်း အပြစ်ခံယူလိုက်ရတာမျိုးပါ။ )


ထိုအခါ ဟိုင်ရိသည် မည်သည့်စကားမျှ မဆိုနိုင်တော့ဘဲ ဆွံ့အသွားသည်။ လူတိုင်းလည်း စကားမပြောနိုင်ဖြစ်သွားကြပြီး၊ ဤနေရာတွင် ဘယ်သူက မသေချင်မှာလဲဟု တွေးလိုက်ကြ၏။ မည်သူမျှ ဒီနေရာတွင် ဆော့ကစားရန် ရောက်လာကြခြင်း မဟုတ်ပေ။

ဟိုင်ရိက ရိုးရှင်းစွာ မိတ်ဆက်လိုက်သည်။


"ကျွန်တော်က ကျင်းထျန်ပါ။ ကွယ်လွန်သူရဲ့ ချစ်သူပါ။ သူ့ကို သတ်ဖို့ အကြောင်းရင်း မရှိသလို၊ သက်သေအထောက်အထားလည်း မရှိပါဘူး။"


ရှန့်ချန့်ယန်ကလည်း ထပ်မံ၍ ပြောလိုက်သည်။


"ကျွန်တော်က ရှင့်ဇီ ( ဇီးသီးလေး ) ပါ။ ကွယ်လွန်သူရဲ့ သမီးပါ။"


ရှန့်ချန့်ယန်ကို ကြည့်နေသော လူတိုင်း၏အကြည့်များတွင် ရှိသော တုန်လှုပ်မှုသည် ယခုလေးတင် ဟိုင်ရိကို မြင်ရသကဲ့သို့ပင် အတူတူပင်ဖြစ်သည်။ ဟိုင်ရိသည် အံ့ဩတုန်လှုပ်ရုံသက်သက်သာ ဖြစ်ခဲ့သော်လည်း၊ ရှန့်ချန့်ယန်ကို မသိသောသူများအတွက်မူ ထိတ်လန့်စရာပင် ကျန်တော့၏။

ရုတ်တရက် လူအုပ်ထဲမှ ကောင်မလေးတစ်ယောက်က ရှန့်ချန့်ယန်ကို သေချာကြည့်ကာ ပြောလိုက်သည်။


"အာ... ရှင်က..."


တင်းမာမှုလှိုင်းလုံးတစ်ခုက ဟိုင်ရိဆီသို့ ရုတ်တရက် ဖြတ်သန်းသွားသည်။ သူသည် ကောင်မလေး၏ ပါးစပ်ဟနေသည်ကို စိုးရိမ်တကြီး ကြည့်နေမိ၏။ သူသည် အကြာကြီး ကြိုးစားအားထုတ်ပြီးမှ သဲသဲကွဲကွဲ ပြောနိုင်ခဲ့သည်။


"ANEW ရဲ့... အဖွဲ့ဝင်တစ်ယောက်မလား"


ဟိုင်ရိသည် မျှော်လင့်တကြီး တစ်ဝက်တစ်ပျက်ကို စောင့်ဆိုင်းခဲ့သော်လည်း သူမဟာ နောက်ဆုံးတွင် နာမည်ကို မပြောနိုင်ခဲ့ပေ။


ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ်"


ကောင်မလေးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"ဘာလို့ မသေသေးတာလဲ!"


ဟိုင်ရိက အံ့ဩတုန်လှုပ်စွာ ကြည့်နေမိသည်။

ထိုအခါ ရှန့်ချန့်ယန်က ထိုစကားကို သိပ်စိတ်မဝင်စားသည့်ဟန်ဖြင့် ပျော်ရွှင်စွာ ပြောလိုက်၏။


"မင်းရဲ့ ကံကောင်းခြင်း စကားတွေကို ငါလက်ခံပါတယ်။ ငါလည်း အလျင်လိုနေခဲ့တာ။"


ကောင်မလေး၏ မျက်နှာသည် နီရဲနေပြီး.....

"ကျွန်မ အဲဒါကို ဆိုလိုတာ မဟုတ်ပါဘူး။ လက်မှတ်လေး ထိုးပေးနိုင်မလားဟင်"


ရုပ်ရည်အရ ကောင်မလေးသည် ဆယ့်ရှစ်နှစ်၊ ဆယ်ကိုးနှစ်ခန့် ရှိပြီး၊ ကျောင်းသူတစ်ယောက်၏ အတွေ့အကြုံမရှိသေးသော ပုံစံမျိုးဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက် အနည်းငယ် ဝဖြိုးပြီး အသားအရေက အနည်းငယ် ညိုကာ၊ ဆံပင်ကို သပ်သပ်ရပ်ရပ် ပြင်ထား၏။ သူမသည် မသိနိုင်သော အကြောင်းရင်းတစ်ခုခုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရွေးချယ်ခဲ့သော သာမန်ကောင်မလေးတစ်ယောက်ပင်။


ဤကောင်မလေးမှလွဲ၍ ကျန်သူများက ရှန့်ချန့်ယန်ကို မသိကြပေ။ ဤကြောက်မက်ဖွယ်ကောင်းသော ဆရာကြီးတစ်ယောက်က မိန်းကလေးအဖြစ် ဝတ်စားထားသည်ကို သူတို့မျက်နှာသေများဖြင့် ကြည့်နေကြ၏။ အလယ်အလတ်အရွယ် အမျိုးသား ဖျင်ကျယ့်က မေးလိုက်သည်။


"မင်းက နာမည်ကြီးလား"


ရှန့်ချန့်ယန်က ပြန်ဖြေသည်။

"ကျွန်တော်က အထွတ်အထိပ်ကာလကို ကျော်သွားခဲ့ပြီးပါပြီ။"


ဟိုင်ရိ : ...


ငလူးလိုပဲ နာကျင်သွားပြီ...


ကောင်မလေးက ထပ်မံ၍ ပြောသည်။


"ရှင်က နိုင်ငံခြားမှာ လုံးဝကို နာမည်ကြီးပဲ! ...ဪ၊ ဟုတ်သားပဲ၊ ရှင့်နာမည်က ဘာပါလိမ့်"


ဟိုင်ရိသည် ခံစားချက်မဲ့စွာ တွေးလိုက်သည်။ 'ဒီပွဲမှာ ဒီကောင်မလေး သေရလိမ့်မယ်'


ဟိုင်ရိ၏ အတွေးများကတော့ - မင်းတော့ သွားပြီပဲ ငါ မင်းကို မဲပေးမှာကွ.. မင်းဘယ်လောက် ကောက်ကျစ်လည်း ငါမြင်နေရတယ်... သောက်ကျိုးနည်း အမှတ်စုတာကို မေ့လိုက်တော့.. ဒီလောင်ဇီက ဒီပွဲအတွက် မင်းကို ဂရုစိုက်ပေးမယ်။


ရှန့်ချန့်ယန်သည် ထိုကဲ့သို့ အခြေအနေမျိုးကို အကျွမ်းတဝင်ရှိပြီးသား ဖြစ်ပုံရသည်။ တကယ်တမ်းဆိုလျှင်၊ ဟိုင်ရိကဲ့သို့ ကြယ်တစ်ပွင့်ကို တစ်ဦးတည်းသစ္စာရှိမှုဖြင့် လိုက်ခဲ့သူ မဟုတ်ပါက အဖွဲ့ဝင် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်လုံး၏ မျက်နှာများကို တူညီသည်ဟု တွေးကြသည်မှာ ရှောင်လွှဲလို့ ရသည့် ကိစ္စမဟုတ်ပေ။


အဖွဲ့၏နာမည်ကို ပြောနိုင်သည်မှာပင် ထူးခြားချက်တစ်ခု ဖြစ်နေပြီဖြစ်၏။


ရှန့်ချန့်ယန်သည် သူ့ကိုယ်သူ မိတ်ဆက်ရန် ရည်ရွယ်ချက်မရှိဘဲ သူမကို ခေါင်းညိတ်ပြလိုက်ကာ မေးလိုက်သည်။


"မင်းကော"


ထိုအခါမှ ကောင်မလေး သတိပြန်ဝင်လာသည်။ လုပ်ငန်းတာဝန်ကို သတိရပြီး သူမ၏ မျက်နှာအမူအရာ ပြောင်းသွားပြန်၏။


"ကျွန်မက ရှန်းရှင့် ပါ။ ဒီမိသားစုရဲ့ အိမ်ဖော်ပါ။"


သူမ၏ မျက်နှာအမူအရာ ပြောင်းလဲမှုကို မြင်သောအခါ ဟိုင်ရိသည် သူ့စိတ်ထဲတွင် သူမကို နောက်ထပ် အမှတ်အသားတစ်ခု ထပ်မှတ်လိုက်သည်။ 


'အပြစ်ရှိစိတ်နဲ့အသက်ရှူရ‌နေပြီး ယုံကြည်မှုလည်း သိပ်မရှိဘူးပဲ'


ကျန်ရှိသူများထဲတွင် အသက်သုံးဆယ်ဝန်းကျင် အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦး ရှိ၏။ ကြည့်ရသည်မှာ သူမသည် မိခင်ဖြစ်ပုံရသည်။ သူမတွင် သာမန်ရိုးရှင်းသော မျက်နှာ၊ သဘာဝကျသော အမူအရာများ၊ ကြီးမြတ်ပြီး တည်ငြိမ်သောအသွင် ရှိ၏။ သူမပြုံးလိုက်သည်၊ သူမ၏အသံတွင် အရှေ့မြောက်ပိုင်းဒေသ၏ လေယူလေသိမ်း ထူထဲစွာ ပါဝင်နေသည်။


"ကျွန်မက ရွှယ်ချွမ်း ပါ။ ချစ်သူအဖြစ် သတ်မှတ်ခံရသူပါ။ ဒီမိသားစုရဲ့ ဆက်ဆံရေးတွေက တော်တော်ရှုပ်ထွေးတယ်နော်။"


ကျန်နေသော လူနှစ်ဦးမှာ စကားမပြောသေးသော အမျိုးသားနှင့် အမျိုးသမီးတို့ဖြစ်၏။ သူတို့နှစ်ဦးကြားတွင် အတော်လေး ခြားနားမှုရှိသော်လည်း ဟိုင်ရိသည် တစ်ချက်ကြည့်ရုံဖြင့် သူတို့သည် စုံတွဲဖြစ်ကြောင်း သိနိုင်သည်။ စုံတွဲမဟုတ်လျှင်ပင် သူတို့သည် တစ်ဦးနှင့်တစ်ဦး သေချာပေါက် သိကျွမ်းကြသည်။ သူတို့၏ ပုံပန်းသဏ္ဍာန်များက အလွန်တူညီပြီး၊ သူတို့၏ နည်းဗျူဟာရွေးချယ်မှုပင် တူညီ၏ - နှစ်ဦးစလုံး တိတ်ဆိတ်စွာနေပြီး အကဲခတ်ရန် အပြင်းအထန်အားစိုက်နေကြသည်။


အမျိုးသမီးသည် ဆံပင်ရှည်၊ အသားဖြူ၊ ပိန်ပိန်ပါးပါးနှင့် ချောမောသူဖြစ်သည်။ အမျိုးသားဝတ်စုံကို ဝတ်ဆင်ထားသည့်အခါ အနည်းငယ်မျှသော လေပြင်းတိုက်ခတ်လျှင်ပင် လွင့်မြောသွားနိုင်မည့် ခံစားချက်ကို ပေး၏။ သူမ၏ ကာရိုက်တာမှာ ရှန့်ချန့်ယန် ( သို့မဟုတ် 'ရှင့်ဇီ' ) နှင့်စေ့စပ်ထားသူဖြစ်သည်။


ဟိုင်ရိသည် ရှန့်ချန့်ယန်ကို တစ်ချက်ကြည့်လိုက်သည်။


"မင်း အသက်ဘယ်လောက်ရှိပြီလဲ မင်းမှာ စေ့စပ်ထားသူ ရှိနေပြီလား"


ရှန့်ချန့်ယန်က စဉ်းစားပြီး ပြောလိုက်သည်။



"ကျွန်တော် ဆယ့်လေးနှစ် ရှိပြီထင်တယ်" 


"သေချာလား" ဟိုင်ရိက ပြောလိုက်သည်။


"အတင်းအဓမ္မ ထိမ်းမြားခြင်းလား ဒါမှမဟုတ် သဘောတူ ချစ်ကြိုက်တာလား"


ရှန့်ချန့်ယန်: "စကားများတာ ရပ်တော့။" 


အမျိုးသမီးသည် မကျေနပ်သော အမူအရာဖြင့် 


"စစ်ဆေးတာက သက်သေရှာပြီးမှ လုပ်လို့ရတယ်။ ဘာလို့ အခုလုပ်‌နေတာလဲ" 


"သူက ကျွန်တော့်ကို မေးနေတာ"


ရှန့်ချန့်ယန်က ဟိုင်ရိ ပါးစပ်မဖွင့်ခင် ကြားဖြတ် ပြောလိုက်သည်။ 


"ခင်ဗျားကို မဟုတ်ဘူး... ပြီးတော့ ကျွန်တော်ကလည်း သူမေးတာနဲ့ ပက်သက်ပြီး ဘာမှမဖြစ်ဘူး"


အမြဲတစေ တိတ်ဆိတ်နေတတ်သော လူငယ်က မေးလာသည်။ 


"ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလား" 


ထိုအခါမှ ဟိုင်ရိသည် သူတို့၏ ဆက်စပ်မှုကို ထုတ်ဖော်ခြင်းသည် သိပ်ကောင်းသော အကြံမဟုတ်ကြောင်း သဘောပေါက်သွား၏။ ဤအချက်သည် သူ၏စိတ်ထဲမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။ အရေးအကြီးဆုံးမှာ ရှန့်ချန့်ယန်ကလည်း သူ့ကို သတိမပေးခဲ့ခြင်းပင်။


ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါးပင်


"ဟုတ်တယ်၊ ပြဿနာ ရှိလို့လား" 


အမျိုးသားက ပြောလာသည်။ 


"တစ်ယောက်နဲ့တစ်ယောက် သိနေရက်နဲ့ အတူတူ လာခဲ့ကြတာလား ဒါဆိုရင် ဒီပွဲက ကစားလို့ မကောင်းတော့ဘူးပဲ"


ရှန့်ချန့်ယန်က အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်သည်။


"သူက မင်းရဲ့ ရည်းစားမဟုတ်ဘူးလား"


လူတိုင်း : ...


ရှန့်ချန့်ယန်က ထိုသို့ တိုက်ရိုက်ပြောဆိုလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ထိုစုံတွဲသည် ငြင်းဆိုသင့်၊ မငြင်းဆိုသင့် မသေချာဘဲ တစ်ဦးကိုတစ်ဦး လျှို့ဝှက်စွာ ကြည့်လိုက်ကြသည်။ ထိုကဲ့သို့သော ကိစ္စရပ်ကို ချက်ချင်းမငြင်းဆိုပါက လေထုသည် ရှုပ်ထွေးသွားလိမ့်မည်ဖြစ်၏။ ကစားသမားများအား ဂိမ်းတွင် အတူတူ ပါဝင်ခြင်းကို တားမြစ်ထားသော ပုံသေစည်းမျဉ်းမရှိသောကြောင့် ကစားသမားများက မိမိတို့ကိုယ်ကို ဖုံးကွယ်ရန် ရွေးချယ်ပါက ၎င်းသည် သူတို့၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။


ရှန်းရှင့်ဟုခေါ်သော ကောင်မလေးသည် ရုတ်တရက် သူ့ခေါင်းသူပုတ်လိုက်ပြီးပြောလိုက်၏။ 


"ချန့်ယန်! ရှင်က ချန့်ယန်ပဲ! ဟုတ်တယ်မလား.."


ထို့နောက်ကောင်မလေးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။


"ကျွန်မ အတန်းဖော်ရဲ့ Moments ထဲမှာ ရှင့်ကို မြင်ဖူးတာ မှတ်မိတယ်။ လိင်တူကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့သူ.. အဲ့တာ ရှင်မလား?"


ဟိုင်ရိ၏ မျက်နှာသည် တစ်မဟုတ်ချင်း ခဲသွားသည်။ သူ တကယ်ကို ဒေါသထွက်နေခဲ့၏။ သူက အစွမ်းကုန်စိတ်ထိန်းလျှက် ယဉ်ကျေးစွာပင် ပြန်ပြောလိုက်သည်။


"မင်း အတော်လေးစကားပြောတတ်တာပဲ။"


ရှန်းရှင့်က မျက်တောင်မခတ်ဘဲ ကြည့်နေ၏။ ခဏအကြာတွင် "အာ..." ဟူသော အသံတစ်ခု ထွက်လာပြီးနောက် သူမက ပြောလိုက်သည်။ 


"လူတိုင်း သိကြတာပဲကို" 


ဟိုင်ရိ တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် ရှန့်ချန့်ယန်က တံခါးကို တွန်းဖွင့်လိုက်သည်။ ကွယ်လွန်သူသည် အပြင်တွင် မလှုပ်မယှက် ရပ်နေဆဲဖြစ်၏။

ရှန့်ချန့်ယန်က ခပ်မှိုင်းမှိုင်းဖြင့် ပြောလိုက်သည်။


"အဲ့တာ ငါဟုတ်တယ်။"


ထာဝရစောင့်ဆိုင်းခဲ့ရသကဲ့သို့ ကွယ်လွန်သူသည် တစ်လှမ်းတိုးလာသည်။ 


"ကောင်းကင်က မှောင်တော့မယ်။ ည ၈ နာရီနောက်ပိုင်းမှာ လှုပ်ရှားမှုအားလုံး ရပ်တန့်မယ်။ သက်သေတွေ ရှာပေးပါ။ အခန်းတံခါးကို ဖွင့်လို့ရသရွေ့ ရှာဖွေလို့ရတယ်။"


ရှန့်ချန့်ယန်က ဦးဆောင်ပြီး ထွက်သွားသည်။ ဟိုင်ရိသည် ရှန်းရှင့်ကို အကြည့်တစ်ချက် ပစ်လိုက်၏။ သူ၏ အေးစက်သော အမူအရာကြောင့် ရှန်းရှင့်မှာ တုန်လှုပ်သွားသည်။


ဟိုင်ရိသည် အခြားသူများက ရှန့်ချန့်ယန်၏ သေဆုံးရခြင်းအကြောင်းကို စကားဝိုင်း၏ ခေါင်းစဉ်အဖြစ် ဆွဲတင်လာသည်ကို အလွန်မုန်းတီးသည်။ ၎င်းသည် သူ့အတွက်သာမက၊ ရှန့်ချန့်ယန်၏ ပရိသတ်များအားလုံးကပါ ၎င်းကို မုန်းတီးကြ၏။


ရှန့်ချန့်ယန် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်း၏ တစ်လအလိုနှင့် တစ်လအကြာတွင် လူထု၏ စိတ်ခံစားမှုသည် အင်တာနက်ပေါ်တွင် လွှမ်းမိုးသွားခဲ့သည်။ တကယ်တမ်းတွင် အင်တာနက်ပေါ်ရှိ အရာအားလုံးသည် ပျော်ရွှင်သောဆူညံသံများ ရှိနေပုံရပြီး၊ သူ၏ ပရိသတ်များသာ တိတ်ဆိတ်နေခဲ့ကြ၏။ ရှန့်ချန့်ယန် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမပြုမီ ညစ်ညမ်းသော စကားလုံးများ ပြောဆိုခဲ့ကြပြီး၊ သူသေဆုံးပြီးနောက်မှသာ သနားဂရုဏာသက်သော စကားများ ပြောဆိုခဲ့ကြသော လူများကို ဟိုင်ရိ ရွံရှာသည်။ ခေတ်သစ် ငရဲ၏ ခြေလှမ်းများမှာ အင်တာနက်ဝါယာကြိုးများဖြင့် တစ်လွှာချင်းစီ ပြုလုပ်ထားခြင်း ဖြစ်သည်။


ရှန့်ချန့်ယန်သာ သူမြင်ရသည့်အတိုင်း တကယ်ပင် လျစ်လျူရှုခဲ့ပါက ထိုစဉ်က သူ ကိုယ့်ကိုယ်ကိုယ် သတ်သေမည် မဟုတ်သလို၊ ယခုလည်း သေရန် စိတ်ပြင်းပြနေမည် မဟုတ်ပေ။


ဟိုင်ရိသည် ရှန်းရှင့်ထံ လျှောက်သွားပြီး ခေါင်းငုံ့ကာ သူ့ရင်ဘတ်အထိသာရှိသော ကောင်မလေးကို ပြောလိုက်သည်။


"မင်းရဲ့ပါးစပ်ကို ထိန်း၊ နားလည်လား... ညီမလေး၊ မင်း စကားမပြောတတ်ရင် ပါးစပ်ပိတ်ထား"


ဟိုင်ရိက ဆက်ပြောသည်။


"ရှန့်ချန့်ယန်နဲ့ ဝေးဝေးနေ"


ရှန်းရှင့်သည် ဟိုင်ရိကို မော့ကြည့်လိုက်သည်။ သူမ မကြောက်ဘူးဟု ဆိုလျှင် လိမ်ရာရောက်မည်ပင်။ ဟိုင်ရိသည် ထက်မြက်ပြီး အလွန်ရန်လိုသော အသွင်အပြင် ရှိသည့်အပြင် ထိုကဲ့သို့သော အမျိုးသားတစ်ဦးက သူမကို အလေးအနက် သတိပေးလိုက်သောအခါ သူမ၏ မျက်နှာတွင် ဖြူဖျော့သော သွေးရောင်ရှပ်ပြေးသွားသည်။ သူမ၏ ပါးစပ်ထောင့်များ လှုပ်ရှားသွားသည်။ အမှန်တရားမှာ သူမ မည်သည့်အမှား ပြောလိုက်သည်ကို မသိခြင်းပင်ဖြစ်သည်။


သူမကို ကြည့်ရင်း ဟိုင်ရိသည် အင်တာနက်ပေါ်ရှိ ထိုလူများကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည် - သူတို့၏ မသိစိတ်မှ ကြမ်းကြုတ်မှုသည် ရှန့်ချန့်ယန်ကို သေဆုံးခြင်းလမ်းသို့ တွန်းပို့ခဲ့သော်လည်း သူသေဆုံးပြီးနောက်တွင်မူ သူတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ပြုမူခဲ့ကြသည်။ သို့သော် ဟိုင်ရိ သူတို့ရှေ့တွင် ရပ်နေသောအခါ သူတို့ မည်သည့်စကားမှ ပြောရဲခြင်း မရှိကြပေ။


"လက်မှတ်ရဖို့ မေ့လိုက်တော့" 


ဟိုင်ရိက သူမကို ပြောလိုက်သည်။ 


"ဒီပွဲပြီးရင် မင်း ပြန်သွားပြီး အသက်ရှင်ရမလား ဘယ်သူသိမှာလဲ မင်း လိုချင်ရင်တောင် ယူသွားနိုင်မှာ မဟုတ်ဘူး။"


ဟိုင်ရိသည် လှည့်ပြီး ကျန်ရှိသူများအား အရာအားလုံး အဆင်ပြေကြောင်း  ပြောလိုက်သည်။


"ကျွန်တော်တို့ ညနေ ၆ နာရီခွဲမှာ ဒီမှာ ပြန်စုပြီး သက်သေတွေကို စစ်ဆေးကြမယ်၊ ရတယ်မလား"


လူတိုင်းသည် သူ့ဒေါသပေါက်ကွဲပြီးနောက် တိတ်ဆိတ်စွာ ကြည့်နေကြရုံသာ တတ်နိုင်ကြသည်။ အလယ်အလတ်အရွယ် ဖျင်ကျယ့်က ပြန်ဖြေ၏။


"သေချာတာပေါ့။ နာရီဝက်ပဲ ကျန်တော့တယ်။ ကောင်းပြီ။ ညမမှောင်ခင် စုံစမ်းစစ်ဆေးမှု တစ်ခေါက်လုပ်ကြရအောင်။"


ဟိုင်ရိက ခေါင်းညိတ်လိုက်သည်။ သူသည် တံခါးပိတ်ဆို့နေသော ကွယ်လွန်သူအား အမိန့်ပေးလိုက်သည်။ 


"ငါ့ကို ဖြတ်ခွင့်ပေး" 


လူတိုင်း : ...


ကွယ်လွန်သူသည် ဖြည်းဖြည်းချင်း ဖြတ်သွားစေခဲ့သည်။ ဟိုင်ရိသည် ထွက်ခွာသွားပြီး သူထောင့်ချိုးကိုကွေ့လိုက်သောအခါ စင်္ကြံတစ်လျှောက် တံခါးနားတွင် ရပ်နေသော ရှန့်ချန့်ယန်ကို တွေ့လိုက်ရသည်။ ရှန့်ချန့်ယန်က အပြင်ဘက်ရှိ ချယ်ရီပန်းပင်ကို စိုက်ကြည့်နေ၏။


သူ၏အဝတ်အစားများသည် နေရောင်အောက်တွင် ထိုးဖောက်မြင်နေရသည်ကို မြင်သောအခါ ဟိုင်ရိသည် ၎င်းကို လက်မခံနိုင်သေးသလို ခံစားလိုက်ရသည်။


တစ်ဝက်မျှသာရှည်သော စကတ်သည် ရှန့်ချန့်ယန်၏ ဒူးအလယ်နားအထိသာ ရောက်နေသည်။


ဟိုင်ရိက မေးလိုက်၏။


"အသက်ရှူကျပ်သလို မခံစားရဘူးလား"


"မခံစားရပါဘူး" 


ရှန့်ချန့်ယန်က ပြန်ဖြေသည်။ 


"ကျန်ခဲ့တဲ့ သက်သေတွေကို စစ်ဆေးပြီးတာနဲ့ ကျွန်တော် အဝတ်အစားပြောင်းလိုက်လို့ရပါတယ်။"


ဟိုင်ရိသည် သက်ပြင်းချလိုက်ပြီး သက်သာရာရသွားသည်။


ရှန့်ချန့်ယန်က သူ့ကိုယ်သူ ကြည့်ရင်း ရယ်လိုက်၏။


"မဟုတ်သေးပါဘူး၊ ဒါ အတော်မျက်စိနောက်စရာကြီးဖြစ်နေတာလား"


ဟိုင်ရိ : "ငါလက်မခံနိုင်ဘူး၊ မင်း ဒီလိုမျိုးနဲ့ သဘာဝအရင်းအမြစ်တွေကို ဖြုန်းတီးနေတာ မဟုတ်ဘူးလား"


ရှန့်ချန့်ယန်က ဟိုင်ရိ နောက်နေသည်ဟု ထင်လိုက်သည်။


"ကျွန်တော်က ရုပ်တည်ကြီးနဲ့ ပေါတောတောလုပ်နေလို့လား"


"ဘယ်သူက မင်းနဲ့ လိုက်ပေါချင်လို့တုန်း" 


ဟိုင်ရိက ပြန်ပြောလိုက်သည်။ 


"ငါ အတည်ပြောနေတာ။ ဘာတွေကြည့်နေတာလဲ"


ရှန့်ချန့်ယန် : "ဒီမှာ အသက်ရှင်သန်ဖို့ စည်းမျဉ်းကို ခင်များသိလား?"


"ဘာလဲ"


"အခြားသူတွေနဲ့ ရန်သူမဖြစ်စေနဲ့" ဟုဆိုကာ ရှန့်ချန့်ယန်က နောက်သို့ လှည့်ကြည့်လိုက်သည်။


"ဟိုကောင်မလေး သေတော့မယ်။"


ဟိုင်ရိသည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရှန်းရှင့်၏ အရိပ်ကို တွေ့လိုက်ရသည်။ သူမသည် ဗိုလ်ချုပ်၏ အခန်းထဲသို့ သက်သေများ ရှာဖွေရန် ဝင်ရောက်သွားပုံရ၏။


"ဘာကိုဆိုလိုတာလဲ.. သူ(မ)ဒီည သေတော့မှာလား" 


ဟိုင်ရိက မေးလိုက်သည်။ 


"တစ်ယောက်ယောက်က ငါ့ကို ထောင်ချောက်ဆင်တော့မှာလား"


ရှန့်ချန့်ယန်က တည်ငြိမ်စွာပင် 


"မဟုတ်ဘူး။ ကျွန်တော်က လူသတ်သမား၊ ဒီည သူ့ကို သတ်မယ်။" 


ဟိုင်ရိ : ...


ဟိုင်ရိသည် ဆေးလိပ်သောက်ချင်စိတ် အနည်းငယ် ပေါ်လာသည်။ သူသည် ဆေးလိပ်တစ်လိပ် လိုအပ်နေပြီဖြစ်၏။


သူတို့နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ ခဏအကြာတွင် ရှန့်ချန့်ယန်သည် ခါးကုန်း၍ ဟိုင်ရိ၏ ပခုံးပေါ်တွင် လက်တင်လိုက်ပြီး ဝမ်းဗိုက်ကို ဖိကာ ရယ်မောလိုက်၏။ ထိုအခါမှ ဟိုင်ရိသည် သူ(ရှန့်ချန့်ယန်)က သူ့ကို စနောက်နေခဲ့ကြောင်း သဘောပေါက်သွားသည်။ ဤကလေးကို ထိုးနှက်ရန် စိတ်ကူးမှာ သူ့စိတ်ထဲတွင် တစ်ခဏတာ ဖြတ်ပြေးသွားပေ၏။


ဟိုင်ရိ : "ကြောက်လို့ သေမလိုပဲ။"


ရှန့်ချန့်ယန်၏ ပျော်ရွှင်မှုသည် အချိန်ကြာမြင့်စွာ တည်ရှိခဲ့ပြီး နောက်ဆုံးတွင် ဟိုင်ရိ၏ ရယ်သံကိုပါ လှုံ့ဆော်နိုင်ခဲ့၏။ ရှန့်ချန့်ယန်က ဟိုင်ရိနား၊နား ကပ်၍ တီးတိုးပြောလိုက်သည်။


"ညဘက် တံခါးကို သေချာပိတ်ထား၊ ဘာပဲဖြစ်ဖြစ် အပြင်မထွက်နဲ့"


🌟🌟🌟