Chapter : 7 ( ညီမလေးက အရုပ်ကလေးကို သယ်ထားတယ် [4] )
ယခုပွဲတွင် လူခုနစ်ယောက်ရှိ၏။ သေဆုံးသူကိုပါ ရေတွက်ပါက ရှာဖွေရန် အခန်းရှစ်ခန်းရှိသော်ငြား မည်သူမှ ကိုယ့်အခန်းကိုယ်ရှာဖွေခွင့်မရှိခဲ့ပေ။
ဟိုင်ရိသည် ရွှယ်ချွမ်း၏အခန်း၊ သို့မဟုတ် အိမ်ရှင်မ၏အခန်းကို ရှာဖွေခဲ့သည်။
ဟိုင်ရိ အခန်းထဲသို့ ခြေချလိုက်သည်နှင့် အခန်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် သင်းပျံ့သောရနံ့သည် သူ့နှာခေါင်းကို ရိုက်ခတ်လာပြီး နှာချေမိစေခဲ့သည်။ အဆိုပါရနံ့သည် ခြံထဲရှိ ချယ်ရီပင်ရနံ့နှင့် ဆင်တူသော်လည်း လွန်ကဲစွာ သင်းပျံ့လွန်းနေခဲ့၏။
ဟိုင်ရိသည် အခန်းထဲသို့ဝင်ကာ မော့ကြည့်လိုက်သည်။ အခန်း၏ဖွဲ့စည်းပုံသည် သူ၏အခန်းနှင့် အတူတူပင်ဖြစ်သော်လည်း အပိုအလှပြင်စားပွဲတစ်လုံး ထပ်မံရှိနေသည်။ မှန်သည် ကုတင်ခြေရင်း တည့်တည့်ဖြောင့်တန်းသောအနေအထားဖြင့် တည်ရှိနေ၏။
ဟိုင်ရိ : ?
ဤသို့ ထူးဆန်းသောခံစားမှုသည် မည်သည့်နေရာမှ ရနေပါသနည်း။
ဟိုင်ရိသည် အလှပြင်စားပွဲတွင် ထိုင်ကြည့်လိုက်သည်။ သူ၏မျက်နှာကို စိုက်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကာ ဆံပင်ကို သပ်ရပ်အောင် ပြင်ဆင်လိုက်၏။ သူ၏ခန့်ညားသော ရုပ်ရည်ကြောင့် သက်ပြင်းချမိသည့် ခံစားချက်ကို မထိန်းနိုင်ခဲ့ပေ။
ဘာအတွက်ကြောင့် ဒီလောက် ခန့်ညားနေရတာလဲ... ဒါက သင့်တော်ပါ့မလား...
သူသည် စစ်မှန်သော ' 0 ' တစ်ဦးဖြစ်သော်လည်း အလွန်ခန့်ညားလွန်းသောကြောင့် သူ၏နောက်ဆုံးရလဒ်မှာ ' 1 ' မရှိနေခြင်းပင် ဖြစ်သည်။ တကယ်ပင် ဤကမ္ဘာပေါ်ရှိ ကောင်းသောအရာတိုင်းတွင် အမြဲတမ်း ဆိုးကျိုးတစ်ခုခု ရှိနေတတ်၏။
သူဆံပင်သပ်နေစဉ် မှန်ထဲတွင် သူ၏နောက်ဘက်ရှိ ပြတင်းပေါက်ကို ရုတ်တရက် မြင်လိုက်ရသည်။
အလှပြင်စားပွဲ၏ ညာဘက်တွင် အံဆွဲတစ်ခုရှိသောကြောင့် လူတစ်ဦးသည် ဘယ်ဘက်သို့ ပိုမိုနီးကပ်သောနေရာတွင် ထိုင်ရမည်ဖြစ်သော်လည်း မှန်ကိုမူ အလယ်တွင် ထားရှိခဲ့သည်။ ဤသို့ ရုတ်တရက်တွေ့လိုက်ရသောပုံစံက ဟိုင်ရိအား ထူးဆန်းသောခံစားမှုကို သတိထားမိစေခဲ့၏။
သူသည် လိုက်ကာ ပြတင်းပေါက်များကို ဖွင့်လိုက်သောအခါ နေရောင်အောက်တွင် ကြီးမားသောချယ်ရီပင်သည် တောက်ပကာ ဖြူဖွေးသောအလင်းတန်းများ ဖြာထွက်နေသည်ကို တွေ့ရသည်။
ဟိုင်ရိ နောက်သို့ပြန်လှည့်လိုက်ရာ မှန်သည် သစ်ပင်ကို တည့်တည့်မျက်နှာမူလျက် ရှိနေခဲ့၏။
သူသည် ပြတင်းပေါက်နားတွင် ရပ်ကာ အခန်းကို တစ်ခါပြန်စစ်ဆေးလိုက်သည်။ ကြီးမားသောချယ်ရီပင်သည် နေရောင်ခြည်အများစုကို ကွယ်နေသောကြောင့် အခန်းတစ်ခုလုံး မှောင်မိုက်နေခဲ့၏။ ဟိုင်ရိသည် သူ၏လက်ဖြင့် ကုတင်ကို စမ်းကြည့်ရာ အနည်းငယ်စိုစွတ်နေသည်ကို တွေ့လိုက်ရသည်။ ဤသို့သောအခန်းမျိုးတွင် နေထိုင်ရပါက စိုထိုင်းမှုသည် ရှောင်လွှဲ၍မရသော ကိစ္စတစ်ခုပင်ဖြစ်၏။
အခန်းတစ်ခုလုံးတွင် နှာခေါင်းဝသို့ ရိုက်ခတ်နေသောရနံ့သည် အလှပြင်စားပွဲပေါ်ရှိ အမျိုးသမီးသုံး ရေမွှေးဘူးထဲမှ လာခြင်းဖြစ်သည်။ ဟိုင်ရိသည် ပြန်ထိုင်လိုက်ရာ အံဆွဲသည် တင်းတင်းကြပ်ကြပ် ပိတ်ထားသည်ကို တွေ့လိုက်ရ၏။ စကားဝှက်ဖြင့် သော့ခတ်ထားသောကြောင့် ရှာဖွေ၍မရဘဲ အရာအားလုံးသည် ပွင့်လင်းစွာ ချထားခြင်းပင်ဖြစ်၏။
ပထမအကြိမ် သက်သေရှာဖွေမှုမှ ရရှိသော သဲလွန်စများသည် များစွာမရှိဘဲ ခန့်မှန်းခြေ တစ်ဝက်ခန့်သာ ရှိနေသေးသည်။ ကျန်ရှိသောသက်သေတစ်ဝက်ကိုမူ နောက်နေ့မှသာ စစ်ဆေးနိုင်တော့မည်ဖြစ်၏။
ဤသည်မှာ မည်သူပင်ဖြစ်စေ ဤညတွင် လူတစ်ဦးတော့ ထွက်သွားရမည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
စားပွဲပေါ်တွင် ရွှယ်ချွမ်း၏ ဘီး၊ ကျောက်စိမ်းဆံထိုးနှစ်ချောင်းနှင့် ပုလဲနားကပ်တစ်စုံပါသော သစ်သားရတနာသေတ္တာတစ်လုံး ရှိနေ၏။ အမျိုးသမီးတစ်ဦး၏ အလှပြင်စားပွဲအတွက်ဆိုလျှင် အလွန်သပ်ရပ်လွန်းနေသည်။
ဟိုင်ရိသည် အခန်းမှ မထွက်ခွာမီ ခဏမျှ ပတ်ပတ်လည် ထပ်မံကြည့်ရှုခဲ့သည်။
အခန်းတစ်ခန်းတွင် သဲလွန်စများစွာ မရှိပေ။ မိုဘိုင်းဂိမ်းများနှင့် နှိုင်းယှဉ်လျှင် ဤဂိမ်းတွင် သဲလွန်စများ အလွန်နည်းပါးသည်။ ဇာတ်လမ်းအတွင်း ဝှက်ထားသော နက်နဲသည့်သဲလွန်စများနှင့် ကစားသမားများ၏ သရုပ်ဆောင်မှုစွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ် ပိုမိုအာရုံစိုက်ထားခဲ့၏။
ဟိုင်ရိသည် သူမြင်တွေ့ရမည့်အရာအားလုံးကို ရှာဖွေပြီးစီးခဲ့သည်။ ထိုအရာများနောက်ကွယ်တွင် နက်ရှိုင်းသောအဓိပ္ပါယ်များ ရှိ၊ မရှိဆိုသည်မှာမူ မေးမြန်းစစ်ဆေးရန် လိုအပ်မည့် ကိစ္စတစ်ခုပင်ဖြစ်၏။
သူသည် ဧည့်ခန်းသို့ အရင်ဆုံးပြန်ရောက်လာသူဖြစ်သည်။ သေဆုံးသူသည် တာတာမီဖျာပေါ်တွင် ထိုင်နေပြီး သူမ၏ဆံပင်ရှည်များသည် ပုံမကျပန်းမကျ ဖြစ်နေ၏။ ဟိုင်ရိသည် ထိုင်လိုက်ပြီး မစဉ်းစားတော့ဘဲ တန်းမေးလိုက်သည်။
"မင်းဆံပင်က အမြဲတမ်း ဒီလောက်ရှည်နေတာလား?"
သေဆုံးသူသည် မျက်ခွံများကို ကြွကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏လှုပ်ရှားမှုများသည် အလွန်နှေးကွေးပြီး ထိုပုံစံသည် ရုတ်တရက် ပြောင်းလဲသွားကာ ရူးသွပ်စွာ တွားသွားတော့မည်ဟုပင် သံသယဝင်စေနိုင်၏။ ရဲရင့်သော ဟိုင်ရိမှာမူ ၎င်းအား စိုးရိမ်ပူပန်မှုများ မရှိခဲ့ပေ။
ဟိုင်ရိ : "ထမင်းစားချိန်က ဘယ်တော့လဲ"
သေဆုံးသူ : ''ရှင်ရှာပြီးပြီလား?"
ဟိုင်ရိ : "အာ... ငါ မင်းကို အခုရှာမယ်။"
သေဆုံးသူသည် မတ်တပ်ရပ်ကာ ဟိုင်ရိ၏ရှေ့တွင် အဝတ်များကို ချွတ်လိုက်တော့သည်။
သေဆုံးသူ အဝတ်ချွတ်နေသည်ကို ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသောဟိုင်ရိ မြင်တွေ့ရသောအခါ တစ်ခုခုမမှန်ကြောင်း ခံစားလိုက်ရသည်။ သူတားဆီးရန် ပြင်ဆင်နေစဉ်တွင် တံခါးသည် ရုတ်တရက် ပွင့်လာပြီး လူအုပ်ကြီးတစ်စု ရပ်နေသည်ကို မြင်လိုက်ရ၏။
ဟိုင်ရိနှင့် သေဆုံးသူသည် တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြရာ လူတိုင်း၏ တောင့်ခဲနေသော မျက်နှာများကို မြင်လိုက်ရသည်။
ဟိုင်ရိ : ....
"ဘာလဲ"
ဟိုင်ရိက ပြောလိုက်သည်။
"ငါဘာလုပ်နေလဲဆိုတာ မသိချင်ယောင်ဆောင်နေကြတာလား"
( TN - ဟိုင်ရိက သေဆုံးသူကို စစ်ဆေးဖို့ လုပ်ပေမယ့် အင်္ကျီချွတ်လိုက်တဲ့အချိန် မြင်သွားတော့ စစ်ဆေးဖို့မှန်း သိကြပေမယ့် အထင်လွဲစရာတွေ မြင်လိုက်ရသလို တုံ့ပြန်နေလို့ပါ )
ဖျင်ကျယ့်လို့ခေါ်တဲ့ အလယ်ပိုင်းအရွယ် အမျိုးသားကြီးက နောက်ပြောင်စွာ ပြုံးလိုက်သည်။
"ဒီညီလေးမှာ ဒီလို စိတ်ဝင်စားမှုရှိတာ မသိခဲ့ဘူးနော်"
ဟိုင်ရိက ရှန့်ချန့်ယန် သူတို့နှင့်အတူဝင်လာတာကို လှမ်းကြည့်လိုက်၏။
"ရှာပြီးသွားပြီလား"
သို့ပေမယ့် ပြန်ဖြေလိုက်သူကတော့ ဖျင်ကျယ့်ဖြစ်သည်။
"ပြီးပြီ၊ သေဆုံးသူကို ရှာကြစို့... လာ၊ ဆက်ပြီး အဝတ်ချွတ်လိုက်"
"မလိုဘူး"
ဟိုင်ရိက ထရပ်လိုက်သည်။
"အပြင်ထွက်ကြရအောင်၊ သူတို့သုံးယောက် ရှာပါစေ"
ဒီတစ်ခါမှာတော့ မိန်းကလေး သုံးယောက်ရှိပြီး လူခုနစ်ယောက်ထဲမှာ လူသတ်သမား တစ်ယောက်ပဲရှိသည်ကြောင့် ဘာမှ အတုအယောင်လုပ်မှာကို ကြောက်စရာမလိုခဲ့ပေ။ သုံးယောက်ထဲမှာ အနည်းဆုံး လူကောင်းနှစ်ယောက်တော့ရှိမှာဖြစ်သောကြောင့် သူတို့ကို ရှာခိုင်းခြင်းက ပိုပြီးသင့်လျော်ပေသည်။
ဟိုင်ရိရဲ့ သတိပေးစကားကို ကြားပြီးနောက် ရှန့်ရှင့်က မျက်လုံးချင်းဆိုင်ဖို့ မဝံ့ရဲခဲ့ပေ။ ဟိုင်ရိက ပြုံးကာ ခေါင်းညိတ်ပြနေသော ရွှယ်ချွမ်းကို ကြည့်လိုက်သည်။
"အဆင်ပြေမယ်ဆိုရင် ဒါကို ကျွန်မတို့ကိုပဲ အပ်လိုက်ပါ"
ဖျင်ကျယ့် တစ်ခဏတာ တွေဝေသွားသည်။ သူ့ကို ဂရုမစိုက်ဘဲ ဟိုင်ရိက ရှန့်ချန့်ယန်ကို ကြည့်လိုက်သည်။ ရှန့်ချန့်ယန်က ထရပ်ပြီး သူ့ဘောင်းဘီကို ခါကာ အပြင်ထွက်သွား၏။
မကြာခင်မှာ ဖျင်ကျယ့်နှင့်ကျန်တဲ့သူများလည်း အပြင်ထွက်သွားကြသည်။
ဖျင်ကျယ့်က သူတို့တစ်ယောက်စီကို ဆေးလိပ်တစ်လိပ်စီ ပေးလိုက်၏။ ဆေးလိပ်က ရှန့်ချန့်ယန်ရဲ့ လက်ထဲရောက်လာမည့်အချိန်မှာပင် သူ ငြင်းဆိုလိုက်သည်။
"ကျွန်တော် ဘယ်လိုသောက်ရမှန်း မသိဘူး"
ဖျင်ကျယ့် ရယ်မိသွား၏။
"အိုး အိုး၊ ငါနားလည်ပြီ။ မင်းက နောက်ဆုံးတော့ နာမည်ကြီးပဲကိုး"
ရှန့်ချန့်ယန်ရဲ့ မျက်ခုံးတွေ အနည်းငယ် တွန့်ကွေးသွားသော်လည်း ဘာမှမပြောခဲ့ပေ။
ဖျင်ကျယ့်က ဟိုင်ရိကို ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်၏။ ဟိုင်ရိက လက်ခံလိုက်သော်လည်း မီးမညှိခဲ့ပေ။
အမျိုးသားလေးယောက် စင်္ကြံတစ်လျှောက် ရပ်နေကြသည်။ ဖျင်ကျယ့်က မေးခွန်းတစ်ခု စမေးလိုက်၏။
"ညီလေးတို့ မင်းတို့ ဘယ်လိုသေခဲ့တာလဲ"
ဟိုင်ရိက ပြန်ဖြေသည်။
"အသက်ရှူကျပ်ပြီး"
ဖျင်ကျယ့် : "ရေနစ်တာလား"
"မဟုတ်ဘူး။ ကျွန်တော့်ခေါင်းကို ပလက်စတစ်အိတ်နဲ့ အုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသက်ရှူကျပ်အောင် လုပ်ပြီး သေခဲ့တာ"
ဟိုင်ရိက ရှင်းပြသည်။
"နည်းနည်းတော့ တုံးတယ်ဟုတ်"
ဖျင်ကျယ့်က ခပ်တိုးတိုး ရယ်လိုက်သည်။
"ဒီလိုသေဆုံးနည်းမျိုး မကြားဖူးဘူး"
ဟိုင်ရိ : "တော်တော်လေး ဆိုးသွမ်းတယ်နော်"
စိတ်ကြည်နေသော ရှန့်ချန့်ယန်က ဟိုင်ရိကို တစ်ချက်ကြည့်လိုက်၏။
ဖျင်ကျယ့် : "မင်းက အရမ်းချောတာကို ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလဲ"
ဟိုင်ရိက ရှန့်ချန့်ယန်ကို လက်ညှိုးထိုးပြသည်။
"သူက ကျွန်တော့်ထက် မချောဘူးလား"
"မင်းတို့နှစ်ယောက်လုံး ချောပါတယ်"
"သူက နာမည်ကြီးတစ်ယောက်ပဲ.. ဖိအားများတာ နားလည်ပါတယ်"
ဟိုင်ရိ : "ကျွန်တော်လည်း ဖိအားများတယ်လို့ ခံစားရတာပါပဲ... အစ်ကိုတို့က ချောမောခြင်းရဲ့ ဖိအားတွေကို နားမလည်ဘူး... ကျွန်တော့်ကို လိုက်နေတဲ့သူတွေ အရမ်းများတယ်၊ ကျွန်တော့်ကို လက်မထပ်သေးဖို့ အတင်းကို ပြောနေကြတာလေ သူတို့က အသည်းအသန်ပဲ၊ သူတို့ထဲက တစ်ယောက်ယောက်ကို စိတ်ဆိုးအောင်လုပ်တာက ကောင်းတဲ့အကြံမဟုတ်ဘူး၊ အချိန်ကြာလာတော့ ကျွန်တော် လူအများကြီးကို စိတ်ပျက်အောင် လုပ်မိတယ်၊ ကျွန်တော့် စိတ်အခြေအနေလည်း ပုံပျက်သွားတယ်လေ"
ဖျင်ကျယ့် : ...
ခဏတာတော့ ဖျင်ကျယ့်က သူရိုးသားစွာ ပြောနေခြင်းလား၊ ဒါမှမဟုတ် အဓိပ္ပာယ်မရှိသည်ကို ပြောနေခြင်းလားဆိုတာ မသိခဲ့ပေ။ ရယ်ရမလား၊ သို့မဟုတ် နည်းနည်းပိုပြီး လေးနက်ရမလားဆိုတာလည်း မသိနေခဲ့။ တကယ်လို့ ထိုအရာသာအမှန်ဆိုရင်ပါက... ဤကိစ္စကို ရယ်ခြင်းက အရမ်းရိုင်းရာကျလိမ့်မည်ဖြစ်၏။
'ဒါပေမယ့် ဒါကိုနားထောင်တဲ့ ဘယ်သူမဆို အဓိပ္ပာယ်မရှိဘူးလို့ ယူဆမှာပဲလေ... ဟုတ်တယ်မလား'
ရှန့်ချန့်ယန် မရယ်ဘဲ မနေနိုင်ခဲ့ပေ။
ရှန့်ချန့်ယန် ရယ်လိုက်သည်နှင့် ဖျင်ကျယ့်၏ ဒွိဟက ပြေလည်သွားပြီး သူလည်း ရယ်မောလိုက်သည်။
"မင်းက တကယ်ကို ရယ်စရာကောင်းတာပဲ"
"ကျွန်တော် အရင်က talk show တွေမှာ ပါဝင်ခဲ့ဖူးတယ်"
ဟိုင်ရိက ပြောလိုက်သည်။
"ကျွန်တော့်မှာ ပါရမီနည်းနည်းတော့ ရှိတယ်မလား ကျွန်တော်က ဆယ်လီအသေးစားလေး တစ်ယောက်ပေါ့ဗျာ ဖိအားတွေကတော့ အရမ်းများတယ်"
ဖျင်ကျယ့် သံသယဝင်နေ၏။ သူသည် မျက်နှာအမူအရာသိပ်မရှိသော ဟိုင်ရိကို တစ်ချက်ကြည့်လိုက်၏။
'သူထပ်ပြီး ရုပ်တည်ကြီးနဲ့ လျှောက်ပြောနေပြန်ပြီ... ဒါပေမယ့် ဒီတစ်ခါ ရှန့်ချန့်ယန်က ဘာမှမပြောတော့တာမလို့ ဒါက အမှန်ဖြစ်နိုင်လောက်လား'
ဖျင်ကျယ့် : "ဖြစ်ချင်တော့ မင်းတို့နှစ်ယောက်လုံး ငါ့ထက်ပိုသန်မာတာပဲ မင်းတို့တွေက ပြန်မသွားချင်ကြတာ ဒါပေမယ့် ငါ့အတွက်ကတော့ ပြန်လို့မရတာ"
ဟိုင်ရိက အခွင့်အရေးကို ဖမ်းဆုပ်ပြီး မေးလိုက်သည်။
"ဘာလို့လဲ ပြောလို့မရတာတွေ ရှိနေတာလား"
ဖျင်ကျယ့် : "ငါ ပိုက်ဆံအကြွေးတင်နေတယ်လေ ဒီအသက်အရွယ်တောင်ရောက်နေပြီ သားတစ်ယောက်၊ သမီးတစ်ယောက်လည်း ရှိတယ်။ အိတ်ထဲမှာ အကြွေတွေပဲ ရှိနေတာ မဟုတ်ရင် ဘယ်သူက ကိုယ့်ကိုယ်ကိုယ် သတ်သေမလဲ"
ဟိုင်ရိ : "ဘယ်လောက်အကြွေးတင်တာလဲ"
"သန်းတစ်ရာလား၊ နှစ်ရာလားပဲ"
ဖျင်ကျယ့်က ဖြေလိုက်သည်။
"အတိအကျတော့ သိပ်မမှတ်မိဘူး၊ ဒါပေမယ့် သန်းသုံးရာတော့ မပြည့်ဘူး"
ဟိုင်ရိ : ...
ဟိုင်ရိထိတ်လန့်သွား၏။
"အစ်ကိုကြီး ခင်ဗျားက ဘာလုပ်တာလဲ"
ဖျင်ကျယ့် : "ရှယ်ယာနဲ့ စတော့ရှယ်ယာတွေ၊ ရှင်အန်းဘဏ္ဍာရေးလေ ကြားဖူးလား"
ဟိုင်ရိက ထိုနာမည်ကို အရင်က ကြားဖူးသလိုလို မှတ်မိနေသည်။ သူတို့သည် သန်းပေါင်းများစွာသော အရှုံးများကို ခဏလေးနှင့် ဖြေရှင်းတတ်ကြ၏။ အလွန် စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။ ဟိုင်ရိ၏ မိသားစုသည်လည်း ချမ်းသာသော်ငြား ဤမျှလောက်တော့ မဟုတ်ပေ၊ သူတို့သည် လုံးဝကို မတူညီသောအဆင့်တို့တွင်ရှိကြ၏။
"ခင်ဗျားက သူဌေးလား"
ဖျင်ကျယ့် : "မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူဌေးရဲ့အောက်က ပုရွက်ဆိတ်သေးသေးလေးပဲ"
"အဲဒါက အရင်တုန်းကပါ။ အခု ငါ့မိသားစုက ပြိုကွဲနေပြီ၊ ငါ့မိန်းမလည်း ကလေးတွေနဲ့ အမေရိကကို ထွက်ပြေးသွားပြီ။ ငါကတော့ ထွက်သွားလို့မရဘူးလေ ဒီတော့ ငါ သတ်သေဖို့ပဲ တတ်နိုင်တယ်။ ငါမသေဘူးဆိုရင် ငါထောင်ထဲမှာ နေရလိမ့်မယ်။ ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဟိုင်ရိ ခဏတာ စကားမပြောနိုင်ဖြစ်သွားသည်။
ဖျင်ကျယ့်က ဆက်ပြော၏။
"ဒီတာဝန်ပြီးရင်တော့ ငါဒီနေရာကနေ ထွက်သွားနိုင်ပြီ။ သေဆုံးခြင်းက ဘာဖြစ်စေမလဲဆိုတာတော့ ငါမသိဘူး၊ ငါစိတ်လည်းမဝင်စားဘူး။ လူဖြစ်ရတာ အရမ်းပင်ပန်းတယ်၊ နောက်ဘဝမှာ လူမဖြစ်တော့ဘူးလို့ မျှော်လင့်မိတယ်"
ဟိုင်ရိ စကားမပြောဘဲ ပြုံးလိုက်သည်။
သန်းနှစ်ရာ သုံးရာဆိုသည်မှာ ပမာဏကြီးမားသော ပိုက်ဆံပေ။ သူသေပြီးသည်နှင့် သူ့အတွက် လွယ်သွားသော်ငြား မည်သူက ဤအကြွေးများကို ရှင်းပေးမည်နည်း။
ဖျင််ကျယ့်က ရှန့်ချန့်ယန်ကို ကြည့်လိုက်သည်။
"မင်းကကော.. ကောင်ချောလေး"
ဟိုင်ရိ၏ စိတ်ဝင်စားမှုက မြင့်တက်လာ၏။
"သူ့အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းကြည့်ပါဦး"
ဖျင်ကျယ့်က သူ့ကို ဂရုတစိုက် ကြည့်လိုက်သည်။
"အသက်နှစ်ဆယ်လား နှစ်ဆယ်မပြည့်သေးဘူးထင်တယ်"
ဟိုင်ရိ ခေါင်းညိတ်လိုက်သည်။
"ဒီနှစ် ဆယ့်ကိုးနှစ်ပြည့်မှာ"
ရှန့်ချန့်ယန် : ...
ဟိုင်ရိ၏ လေသံကား သူ့ကလေးအား ကြွားဝါနေသည့် မိဘတစ်ယောက်လိုပင်။ သူသည် ဖျင်ကျယ့်ကို မိတ်ဆက်ပေးလိုက်သည်။
"သူက အဆိုတော်တစ်ယောက်လေ၊ ခင်ဗျား မယုံနိုင်ဘူးမလား သူက ဂီတမှာ တော်တော်လေး ပါရမီရှိတယ်၊ ခုနစ်နှစ်သားအရွယ်မှာ သီချင်းစာသားနဲ့ သံစဉ်တွေကို ရေးစပ်နိုင်ပြီး သီချင်းတွေလည်း ရေးနိုင်ခဲ့တယ်လေ၊ လော့ပင်းဝမ်လို လေးနှစ်သားအရွယ်ကတည်းက ကဗျာရေးတဲ့သူနဲ့ ယှဉ်ရင်တော့ ကိစ္စသေးသေးလေးပဲပေါ့"
ရှန့်ချန့်ယန် : ...
"အဲတာ လုံလောက်ပြီမလား....."
ဖျင်ကျယ့် : "အဲလောက် အထင်ကြီးစရာကောင်းတာလား သူက ဘယ်တက္ကသိုလ်ကလဲ"
ဟိုင်ရိ နောက်တစ်ခဏမှာ တုံ့ဆိုင်းသွားသည်။ သူ၏ တုံ့ဆိုင်းမှုက စက်ဘီးချိန်းကြိုးပြတ်သွားသလိုပင်၊ သူ အကြိမ်ပေါင်းများစွာ နင်းခဲ့ပြီးမှ အချည်းနှီးဖြစ်စွာ သူ၏မူလနေရာတွင် ရပ်တန့်သွား၏။
ရှန့်ချန့်ယန်က လှောင်ရယ်လိုက်သည်။ ဟိုင်ရိကို ကြည့်လိုက်ပြီး သူက ပြောလိုက်သည်။
"ကျွန်တော် တက္ကသိုလ်မတက်ခဲ့ဘူး"
ဖျင်ကျယ့် : "အမ်... စာမေးပွဲမဖြေခဲ့ဘူးလား"
"မတက်ခဲ့တာ"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
မေမေဟိုင်ရိ၏ စိတ်နှလုံးထဲမှ နာကျင်စရာ အချက်တစ်ခုမှာ ရှန့်ချန့်ယန် တက္ကသိုလ်မတက်ခဲ့ခြင်းပင် ဖြစ်၏။ စာမေးပွဲဖြေဆိုသည့်နှစ်တွင် ရှန့်ချန့်ယန်သည် အစီအစဉ်တစ်ခု၌ ပါဝင်ရန်ရှိသဖြင့် ဝင်ခွင့်စာမေးပွဲကို မဖြေဆိုခဲ့ပေ။ မူလအစီအစဉ်မှာ နောက်နှစ်တွင် ဖြေဆိုရန်ဖြစ်သော်လည်း သူစတင်ပွဲထွက်ပြီးနောက် ကုမ္ပဏီက ထိုကိစ္စကို ထပ်မံပြောဆိုခြင်း မရှိတော့ပေ။
ရှန့်ချန့်ယန်သည် ငယ်စဉ်ကတည်းက ဖျော်ဖြေရေးလုပ်ငန်းနှင့် ထိတွေ့ခဲ့ရပြီး သူ၏ပညာရေးတွင် အများကြီး နောက်ကျကျန်ခဲ့သည်။ ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ ဝင်ရောက်ရန် မလွယ်ကူသော်လည်း အနုပညာကျောင်းတစ်ခုသို့ ဝင်ရောက်ခြင်းမှာ ပြဿနာမရှိခဲ့ပေ။ သူသည် တက္ကသိုလ်မတက်ခဲ့ခြင်း၊ စာမေးပွဲမဖြေခဲ့ခြင်းတစ်ခုတည်းကြောင့် သူ၏ကလေးဘဝက ရပ်တန့်သွားသလို ဖြစ်နေခဲ့၏။
ဟိုင်ရိသည် ရှန့်ချန့်ယန်ကို ပိုမိုမြင့်မားသောနေရာတွင် ထားခြင်းဖြင့် အထင်ကြီးအောင် ကြိုးစားခဲ့သည်။
"တက္ကသိုလ်တက်ခဲ့တာ မတက်ခဲ့တာက ကြီးကျယ်တဲ့ ပြဿနာမဟုတ်ပါဘူး၊ တကယ်လို့ သူတက်ခဲ့ရင်လည်း ဂီတမှာပဲ အထူးပြုလိမ့်မယ်၊ သူကျောင်းမှာ သင်တဲ့ စာတွေအားလုံးကို သိပြီးသားလေ"
သူပြောသည့်ပုံစံကို ကြားသောအခါ ဖျင်ကျယ့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းက သူ့ရဲ့...."
'အမေ' ဟု ဟိုင်ရိ စိတ်ထဲက ပြောလိုက်၏။
"သူငယ်ချင်းပါ"
ရှန့်ချန့်ယန်က သူ့ကို ရှင်းပြပေးလိုက်သည်။
"ဒါပေမယ့် အမေလုပ်ရတာက သူ့ဝါသနာတစ်ခုပဲ"
ဟိုင်ရိနှင့် ရှန့်ချန့်ယန် နှစ်ဦးစလုံး တဟားဟားရယ်ကြသည်။ သူတို့နှစ်ယောက်သည် တစ်နေ့တာ၏ တစ်ဝက်ခန့် ရယ်မောနေကြချိန်တွင် သူတို့ဘေးမှ လူများကမူ မျက်နှာများတွင် အံ့သြရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ထိုအချိန်၌ပင် သူတို့နောက်မှ တံခါးပွင့်လာသည်။ ရွှယ်ချွမ်းက ပြောလိုက်သည်။
"ဝင်လာခဲ့ပါ၊ ရှာလို့ပြီးပြီ"
ကွယ်လွန်သူသည် တာတာမီဖျာပေါ်တွင် အဝတ်အစားများ သပ်သပ်ရပ်ရပ်နှင့် ထိုင်နေ၏။
"စားပွဲမှာ စကားပြောကြပါ"
ဤအချိန်မှာ သူတို့စားသောက်ချိန်ဖြစ်သလို သူတို့ရင်ဆိုင်ရမည့်အချိန်လည်း ဖြစ်သည်။
ကွယ်လွန်သူသည် ပန်းကန်ခုနစ်ချပ်ကို စားပွဲပေါ်တင်ပြီး သူတို့ရှေ့တွင် ချပေးကာ ခေါင်းညွှတ်၍ နောက်ဆုတ်သွားသည်။
သူမသည် အခန်းထဲမှ ထွက်သွားပြီး သူတို့အတွက် နေရာပေးခဲ့သည်။
ပတ်ဝန်းကျင်သည် ရုတ်တရက် လေးလံအေးစက်သွား၏။ နောက်ဆက်ဖြစ်လာမည့်အရာမှာ တကယ့်ဂိမ်းဖြစ်ပြီး ထိုအချိန်မှစ၍ လုပ်ဆောင်မှုအားလုံး စတင်တော့မည် ဖြစ်သည်။
ဟိုင်ရိသည် သူ၏ဖုန်းကို ကြည့်လိုက်သည်။ ယခုသည်ညနေ ၆ နာရီခွဲပြီ ဖြစ်ပြီး မီးပိတ်ရန်နှင့် လုပ်ဆောင်မှုအားလုံး ရပ်တန့်ရန် တစ်နာရီခွဲ လိုသေးသည်ဖြစ်၏။
🌟🌟🌟