Chapter 9
Viewers 120


Chapter 9

 

ထျန်ရှန်းဖျော်ဖြေရေးကုမ္ပဏီမှ ရှဲ့ကျစ်ရှင်းသည် ရုပ်ရှင်အသစ်အတွက် ကြော်ငြာဓာတ်ပုံရိုက်ခြင်းပြီးစီး၍ မိတ်ကပ်ခန်းသို့ပြန်ရောက်လာခဲ့၏။

 

ထိုအခါ မိတ်ကပ်ပညာရှင်သည် သူ၏မိတ်ကပ်များကိုစတင်ကူဖျက်ပေးတော့သည်။

 

ရှဲ့ကျစ်ရှင်း၏ မိတ်ကပ်များမှာ ပါးလွှာလွန်းလှပြီးသူ၏နှာတံမှာ ဓားကဲ့သို့ ထက်မြက်ကာ ပြတ်သားလှသည်။သူ၏ နှုတ်ခမ်းများသည် ပါးသော်လည်း ဆွဲဆောင်မှုရှိ၏။ ခန့်ညားသော အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားပြီး မီးရောင်အောက်တွင် သူ၏မျက်ခုံးနှင့် မျက်လုံးများမှာ သာမန်လူများနှင့်မတူဘဲ ထူးခြားစွာ ပေါ်လွင်နေသည်။

 

မိတ်ကပ်ပညာရှင်သည် မိတ်ကပ်များကို အလျင်အမြန်ဖျက်ပေးပြီးနောက် မိတ်ကပ်ခန်းမှ ဂရုတစိုက် ထွက်ခွာသွားသည်။ ထိုအခါ ကျုံးဆူသည် ရှဲ့ကျစ်ရှင်းအနားသို့ လျှောက်လာပြီး ကွာရှင်းစာချုပ်ကို သူ့လက်ထဲသို့ ထိုးပေးလိုက်၏။

 

"မစ္စတာ ရှဲ့ ဒါက ခင်ဗျားနဲ့ မဒမ်ရဲ့ ကွာရှင်းစာချုပ်ပါ မင်္ဂလာမဆောင်ခင်က သဘောတူညီထားတဲ့အတိုင်း ခင်ဗျားကမိခင်ရဲ့ပစ္စည်းတွေကို အမွေဆက်ခံပြီး၊ ခင်ဗျားဇနီးကလည်း မစ္စ ရှပိုင်လုရဲ့ အမွေတွေကို ဆက်ခံမှာပေါ့ ခင်ဗျားတောင်းဆိုထားတဲ့အတိုင်းပဲ ယွီလန်ယွမ် ကို လက်ဖွဲ့ပစ္စည်းအဖြစ်ခင်ဗျားဇနီးရဲ့ အမွေထဲ ထည့်ပေးခဲ့ပြီးပြီ အခုတော့ အဆင့်တွေ အားလုံး ပြီးသွားပြီဆိုတော့ ကွာရှင်းလို့ရပါပြီ"

 

ရှဲ့ကျစ်ရှင်းသည် ကျောမှီခုံပေါ်တွင် ထိုင်လျက်ပင်။ကျောကုန်းမှာ တည့်မတ်နေသော်လည်း အနည်းငယ် ပျင်းရိသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ သူသည်ကျုံးဆူ ပေးလာသော ကွာရှင်းစာချုပ်ကို ယူလိုက်သည်။စာချုပ်ပေါ်ရှိ ပါတီAသည် ရှဲ့ကျစ်ရှင်း ဖြစ်ပြီး Party B သည် ရှချန်းချန်းပင်။

 

သူ ဘယ်မှာလဲ?" ရှဲ့ကျစ်ရှင်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

 

"အန်တီလျူက  ယွီလန်ယွမ်မှာ ရှိတယ်လို့ ပြောပါတယ်ခင်ဗျားနဲ့အတူ အရပ်ဘက်ရေးရာရုံးကို သွားဖို့ စောင့်နေတာဖြစ်ပါလိမ့်မယ်"

 

"သွားရအောင်" ရှဲ့ကျစ်ရှင်းက ထရပ်လိုက်သည်။ "မဒမ်ကိုသွားခေါ်လိုက်ဦးမယ်"

 

ရှဲ့ကျစ်ရှင်းနှင့် ကျုံးဆူတို့ မိတ်ကပ်ခန်းမှ ထွက်ခွာသွားကြ၏။

 

ခဏအကြာတွင် ရှချန်းချန်းသည် မိတ်ကပ်ခန်းအပြင်ဘက်ရှိအပင်ကြီးတစ်ပင်နောက်မှ ခေါင်းပြူထွက်လာခဲ့၏။

 

သူမ၏လည်ပင်းတွင် နားထောင်ကိရိယာတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့ရသည်။

 

ငါးမိနစ်ခန့်အကြာတွင် သူမသည် အလုပ်သမားအဝတ်အစားကို ပြောင်းလဲဝတ်ဆင်ကာ ထျန်ရှန်းဖျော်ဖြေရေးကုမ္ပဏီသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။ ထိုနောက်ရှဲ့ကျစ်ရှင်းရှိရာ မိတ်ကပ်ခန်းကို ရှာတွေ့ခဲ့သော်လည်း သူမသည်ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပေ။ နားထောင်ကိရိယာဖြင့်သာ ခဏတာ နားထောင်နိုင်ခဲ့သည်။

 

"မဒမ်ကို သွားခေါ်လိုက်ဦးမယ်" ဟူသော စကားကို သူမ အတိအကျ ကြားလိုက်ရခြင်းပင်။

 

"တွေ့လား ငါ ခန့်မှန်းတာ မမှားဘူး"

 

ရှချန်းချန်းသည် ခါးကို မတ်မတ်ထားပြီး မျက်ခုံးများကို ပင့်ကာ ပြောလိုက်၏။ "ရှဲ့ကျစ်ရှင်းက တကယ် လက်ထပ်ထားတာပဲ!"

 

စနစ်သည် တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

 

ရှချန်းချန်းထက် သူ၏လုပ်ဆောင်ချက်များက ပိုမိုမြန်ဆန်လှသည်။ ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ လျှို့ဝှက်ချက်များကိုစတင်ပြောဆိုသည်နှင့်တစ်ပြိုင်နက် သူသည် ရှဲ့မိသားစုကုမ္ပဏီ၏ ကွန်ရက်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။ ကျုံးဆူ၏ကွန်ပျူတာထဲတွင် "လက်မထပ်မီ သဘောတူညီချက်" နှင့် "ကွာရှင်းစာချုပ်" တို့ကို တွေ့လိုက်ရ၏။

 

ကယ်ကြပါဦး!!!

 

ဒါ ဘာအခြေအနေကြီးလဲ!!!

 

စနစ်သည် ရှချန်းချန်းကို အမှန်တရားကို ပြောပြသင့်၊ မပြောပြသင့် ဝန်လေးနေသည်။

ပြောပြလိုက်လျှင် သူ၏အရန်စနစ်စည်းကမ်းနှင့် မကိုက်ညီပေ။ မပြောပြလျှင်လည်း မတရားဘူးဟု ခံစားရ၏။

 

အချိန်အတော်ကြာ တွေးတောပြီးနောက် စနစ်သည်ဆုံးဖြတ်ချက်ချလိုက်သည်။

 

စနစ်၏ စည်းမျဉ်းတွင် ဤသို့ ဖော်ပြထားသည်-

 

Host ကို မထိခိုက်သော စနစ်သည် ကောင်းသောစနစ် မဟုတ်ချေ!

 

သူသည် ကောင်းသောစနစ်တစ်ခုဖြစ်သင့်သည်!

 

တရားမျှတမှုဆိုသည်မှာ သူ့အတွက် အရေးမကြီးဘူးပေ...

 

ထို့ကြောင့် စနစ်သည် ဖရဲသီးအား ပေါက်ကွဲထွက်လုမတတ်ဖြစ်နေသော စိတ်ခံစားချက်များကို အားတင်း ထိန်းချုပ်ကာ တည်ငြိမ်စွာဖြင့် ပါးစပ်ပိတ်၍ ဖရဲသီးအား တိတ်တိတ်ဆိတ်ဆိတ် စားလိုက်၏။

 

ရှချန်းချန်းသည် ယနေ့တွင် စနစ်သည် အဘယ်ကြောင့်ဤမျှ တိတ်ဆိတ်နေကြောင်းကို သံသယဝင်နေသော်လည်းသူမ၏လက်များက Beetle ကားကို မောင်းနှင်နေပြီး ရှဲ့ကျစ်ရှင်း၏ Rolls-Royce ကားနောက်သို့ လိုက်နေသည်။

 

သူမ၏ ကားမောင်းကျွမ်းကျင်မှုမှာ သိပ်မကောင်းသောကြောင့် အဝေးမှနေ၍သာ လိုက်ပါနေရသည်။

 

Rolls-Royce ယာဉ်မောင်းသည် နောက်ကြည့်မှန်မှ Beetle ကားကို မြင်လိုက်ရပြီး အနည်းငယ် တုန်လှုပ်သွားသည်။"မစ္စတာရှဲ့၊ နောက်မှာ ကားတစ်စီး လိုက်လာတယ် ပုံစံက... မဒမ်ရဲ့ကားနဲ့ တူနေတယ်"

 

ရှဲ့ကျစ်ရှင်းသည် မျက်ခုံးပင့်လိုက်သည်။

 

ကျုံးဆူသည် နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ကာ"မဒမ်က ယွီလန်ယွမ်မှာ မဟုတ်ဘူးလား? ဘယ်လိုလုပ် နောက်မှာ ရှိနေတာလဲ။ မြန်မြန်မောင်း မဒမ် စောင့်နေရမှာ ဆိုးတယ်"

 

Rolls-Royce ယာဉ်ပေါ်ရှိ ကင်မရာစနစ်ထဲသို့ ဝင်ရောက်လာသော စနစ်သည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

 

နာရီဝက်ခန့်ကြာပြီးနောက် Rolls-Royce ကားသည် ယွီလန်ယွမ်သို့ မောင်းဝင်လာခဲ့၏။

နောက်မှ လိုက်လာသော ရှချန်းချန်းသည် အံ့ဩသွားတော့သည်။

 

"ရှဲကျစ်ရှင်းရဲ့ဇနီးလည်း ယွီလန်ယွမ်မှာ နေတာလား။ ဟုတ်တာပေါ့၊ ယွီလန်ယွမ်က ရှဲ့မိသားစုကုမ္ပဏီက တည်ဆောက်ထားတဲ့ အိမ်ရာပဲလေ သူ့ဇနီး ဒီမှာနေတာ မထူးဆန်းပါဘူး"

 

စနစ်- "......"

 

သူသည် သူ၏Host ရှဲ့ကျစ်ရှင်းနှင့် တွေ့ဆုံပြီးနောက် ဉာဏ်ရည်က အနည်းငယ် ကျဆင်းသွားသည်ဟု သံသယရှိမိသည်။

 

သို့သော်လည်း ဝတ္ထုထဲမှ ရှဲ့ကျစ်ရှင်းနှင့် မူလဇာတ်ဆောင်သည် လုံးဝမသက်ဆိုင်ပေ။ Hostအနေဖြင့် အမှန်တရားကို ခန့်မှန်းရန်မှာလည်း ခက်ခဲလှသည်။

 

နောက်ဆုံးတွင် Rolls-Royce ကားသည် ယွီလန်ယွမ် အမှတ် ၁၈ ၌ ရပ်တန့်လိုက်သည်။

 

ရှချန်းချန်းသည် Rolls-Royce ကား ဆက်လက်မောင်းနှင်မည်ဟုထင်မှတ်ထားကာ သူမလည်း နောက်က လိုက်လာခဲ့၏။ရလဒ်အနေဖြင့် တူညီသောအိမ်ရာဝန်းတံခါးဝတွင်မမျှော်မှန်းထားဘဲ တွေ့ဆုံရတော့သည်။

 

သူမ၏ ဦးနှောက်ထဲတွင် မေးခွန်းများ ပြည့်နှက်နေပြီး ခေါင်းထောင်ကြည့်လိုက်ရာ လှပသော ဗီလာအိမ်ကြီးကို မြင်လိုက်ရသည်။

 

ရှချန်းချန်း- "......?"

 

ရှချန်းချန်း- "စနစ်၊ ဒါက ငါ့အိမ် မဟုတ်ဘူးလား?"

 

ထားလိုက်ပါ အရေးမကြီးဘူး အရေးကြီးဆုံးက ဖရဲသီးကိုဓာတ်ပုံရိုက်ဖို့ပဲ

 

သူမသည် မိမိကိုယ်တိုင်ကပင် အဓိကဇာတ်ကောင်၏ဖမ်းဆီးခြင်းကို ခံရမည်ကို ဂရုမစိုက်တော့ဘဲ အသစ်ဝယ်ယူထားသော Canon R3 ကင်မရာကို ချက်ချင်းထုတ်ကာ Rolls-Royce ကားကို အဆက်မပြတ် ဓာတ်ပုံရိုက်တော့သည်။

 

တစ်ဖက်တွင် ကျုံးဆူသည် ကားပေါ်မှ ဆင်းလာပြီး နောက်မှ တစိုက်မတ်မတ် လိုက်ပါလာသော ကားကို သတိပြုမိကာမျက်ခုံးပင့်လိုက်၏။

 

"ဘယ်သူလဲ?!"

 

ကျုံးဆူသည် အလွန်အံ့အားသင့်သွားပြီး ဓာတ်ပုံရိုက်ခြင်းမှတားဆီးရန် ပြင်ဆင်နေစဉ် ရှချန်းချန်းကို မြင်လိုက်ရကြောင့်သူ ရပ်တန့်သွားတော့သည်။

 

"မဒမ်လား?"

 

ရှချန်းချန်းသည်လည်း အံ့အားသင့်သွားသည်။

 

"မဒမ်?"

 

သူမ တစ်ခုခုကို သတိပြုမိလိုက်ပြီး ချက်ချင်းပင် Rolls-Royce ဘက်သို့ လှည့်ကြည့်လိုက်၏။

 

ရှဲ့ကျစ်ရှင်းသည် Rolls-Royce ပေါ်မှ ဆင်းလာသည်။

 

နေ့လယ်ခင်း၏ နေရောင်ခြည်သည် ရှဲ့ကျစ်ရှင်း၏ ခန့်ညားသောခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေ၏။ သူ၏ မျက်နှာသွင်ပြင်များမှာ အလွန်ပင် ချောမောလှပပြီး ဂုဏ်ယူဖွယ်ကောင်းသော၊ ပြေပြစ်သော၊ မြင့်မြတ်သော ရုပ်ရည်မျိုး ရှိသည်။

 

သူ၏ ဝတ်စုံအပေါ်ထပ်မှာ မည်သည့်အချိန်ကတည်းက ချွတ်ထားသည်မသိပေ။ အတွင်းတွင် အနက်ရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ထည်နှင့် လိုက်ဖက်ညီစွာ ချုပ်လုပ်ထားသည်။ ခန္ဓာကိုယ်မှာ ရှည်လျားပြီး သွယ်လျကာကော်လာအနားသတ်က အနည်းငယ် ပွင့်ဟနေပြီး ညှပ်ရိုးများနှင့် လည်ပင်းအောက်ရှိ ကြွက်သားများ ပေါ်လွင်နေသည်။နူးညံ့သိမ်မွေ့နေပုံပေါက်သော်လည်း လူကြီးလူကောင်းတစ်ယောက်၏ မာန်ပါသောဟန်ကိုလည်း သူ့တွင် တွေ့ရသည်။

 

"စနစ်......"

 

ရှချန်းချန်းသည် မသိစိတ်က အံ့ဩသင့်သွားကာ " ကျွန်မယောက်ျား ဒီလောက်ချောတာကို ရှင်ဘာလို့မပြောပြတာလဲ?"

 

စနစ်- "???"

 

စနစ်- "ဝေး ဝေး ဝေး! မင်းက ရှဲ့ကျစ်ရှင်းရဲ့ဇနီးဆိုတာကို ဒီလောက် မြန်မြန် လက်ခံလိုက်တာလား?"

 

တစ်ဖက်တွင် ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို ကြည့်နေပြီးလည်ပင်း အနည်းငယ် လှုပ်ရှားသွားသည်။

 

သူသည် ဤ "မဒမ်" ကို သိပ်မရင်းနှီးပေ။

 

သူသည် ရှချန်းချန်းကို နှစ်ကြိမ်သာ တွေ့ဆုံဖူးသည်။

 

ပထမအကြိမ်မှာ သူကိုယ်တိုင်ပင် ရှချန်းချန်းအား လက်ထပ်စာချုပ်ချုပ်ရန် တောင်းဆိုခဲ့ခြင်းပင်ဖြစ်သည်။ ရှချန်းချန်းသည် တစ်လျှောက်လုံး ဟန်ကျားလင်းအကြောင်းသာ ပြောနေခဲ့ပြီး ရှဲ့ကျစ်ရှင်းကို လက်ထပ်ခဲ့လျှင်တောင်သူမ၏နှလုံးသားမှာ ဟန်ကျားလင်းအတွက်သာဖြစ်သည်ဟု ပြောခဲ့သည်။

 

သူမသည် အချစ်စိတ်များစွာရှိသော အမျိုးသမီးတစ်ဦးပင်။

 

ချစ်ရသူကို လွန်စွာ ချစ်တတ်သော သူတစ်ဦးပင်။

 

ဒုတိယအကြိမ် တွေ့ဆုံခြင်းမှာ ယနေ့ ကွာရှင်းစာချုပ် ယူရန်ပြင်ဆင်နေချိန်ပင်ဖြစ်သည်။

 

အဘယ်ကြောင့်မှန်းမသိ....။ Beetle ကားထဲမှ ရှချန်းချန်းကိုကြည့်ခြင်းဖြင့် ရှဲ့ကျစ်ရှင်းသည် စိတ်ဝိဉာဉ်မတူကြောင်းခံစားရသည်။

 

သူမသည် Beetle ကားပြတင်းပေါက်ကိုမှီနေပြီး ရှင်းလင်းတောက်ပသော မျက်လုံးများတွင် ပေါ့ပါးဖျတ်လတ်မှုများအနည်းငယ် ပေါ်နေသည်။ ပန်းနု ရောင်သန်းကာ ဖြူဖွေးနေသော ပါးပြင်ဖြူဖြူလေးနှင့် မက်မွန်ပွင့်ရောင် မျက်လုံးများက စကားပြောနေသကဲ့သို့ပင်။

 

ရှဲ့ကျစ်ရှင်းသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ နှစ်ကြိမ်တိုင်တိုင် ထပ်ကြည့်မိသည်။

 

တစ်ချိန်တည်းမှာပင် ရှချန်းချန်းသည်လည်း ရှဲ့ကျစ်ရှင်းကိုရူးသွပ်စွာ စိုက်ကြည့်နေသည်။

 

သူမသည် ရှဲ့ကျစ်ရှင်း၏ ရုပ်ရည်ကို မနက်မိုးလင်းကတည်းကရှာဖွေကြည့်ရှုထားပြီး ဓာတ်ပုံများကို မြင်သည်နှင့် တိုင်းပြည်ကို လှုပ်ခတ်စေမည့် မျက်နှာမျိုးဟု ခံစားခဲ့ရသည်။

 

သို့သော် လက်တွေ့ဘဝတွင် ဓာတ်ပုံထက် ပိုမိုချောမောနေမည်ဟု မမျှော်လင့်ခဲ့ပေ။

 

အရမ်းချောတာပဲ!

 

ချောလိုက်တဲ့ ရှောင်ကောကော!

 

ရှချန်းချန်းက သူမသည် ရုပ်ရည်ကို အဓိကထားသောသူ ဖြစ်ကြောင်း ဝန်ခံလိုက်သည်။

 

လောကတွင် ကောင်ချောလေးများကို မနှစ်သက်သောလူ အဘယ်မှာရှိမည်နည်း?

 

ထို့အပြင် ဤလူချောလေး ရှောင်ကောကောသည်သူမ၏ယောက်ျားပင် မဟုတ်လော?

 

ရှချန်းချန်းသည် ယခုအကြိမ် ခရီးသည် ပို၍ ကောင်းလာသည်ဟု ချက်ချင်းခံစားလိုက်ရသည်။ အထူးသဖြင့် ယောက်ျားဖြစ်သူနှင့် ဗီလာအိမ်ကြီးကို အတူတူတွဲမြင်လိုက်ရသော မြင်ကွင်းမှာ မည်သည့်နေရာမှကြည့်ကြည့် ကြည့်ကောင်းနေသည်ပင်။

 

စနစ်- "......"

 

ဪ မိန်းမ မိန်းမ!

 

မိန်းမတွေက အပေါ်ယံပါလား!

 

စနစ်က  "မင်း ဘာလို့ ရှဲ့ကျစ်ရှင်းရဲ့ဇနီး ဖြစ်သွားရတာလဲဆိုတာ မသိချင်ဘူးလား?"

 

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းဆီသို့ လျှောက်လာသည်။

 

ရှချန်းချန်း၏ ရင်ထဲတွင် တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရသည်။

 

ဝူးဝူးဝူး….ဒီလိုချောမောခန့်ညားတဲ့ အမျိုးသားလေးက သူမဆီ လျှောက်လာနေပြီ။

 

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏အရှေ့တွင် ရပ်တန့်လိုက်ပြီးအေးဆေးတည်ငြိမ်စွာပင် မေးလိုက်သည်။ "အဆင်သင့်ဖြစ်ပြီလား? အဆင်သင့်ဖြစ်ရင် အရပ်ဘက်ရေးရာရုံးကို သွားကြစို့"

 

ရှချန်းချန်းသည် မျက်လုံးများကို လှန်ကြည့်လိုက်သည်။သူမသည် ချက်ချင်းပင် တစ်ခုခုကို သတိပြုမိလိုက်ပြီးမျက်နှာထား ပြောင်းလဲသွားရတော့သည်။ ရှဲ့ကျစ်ရှင်း၏စကားမဆုံးသေးခင်မှာပင် ခရီးသည်ထိုင်ခုံမှ ခုန်ဆင်းကာထွက်ပြေးသွားတော့သည်။

 

ရှဲ့ကျစ်ရှင်း- " ??"

 

ကျုံးဆူ- " ??"

 

စနစ်- "???”