Chapter 14
Viewers 118


Chapter 14

 

နေ့ရက်သစ်တစ်ရက်ကို အရသာရှိသော မနက်စာဖြင့် စတင်လိုက်၏။

 

အဒေါ်လျူက ရှဲ့ကျစ်ရှင်းသည် မနက် ခုနစ်နာရီကတည်းက ယွီလန်ယွမ်မှ ကုမ္ပဏီသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းပေးလိုက်သည်။ ဤနှစ်ဝက်အတွင်း သူသည် အလုပ်အားလုံးကို ရှဲ့မိသားစုအုပ်စုတွင် အာရုံစိုက်ထားပြီး၊ အနုပညာလုပ်ငန်းများကိုပင် တက်ရောက်ခြင်းမှာ ရှားပါးခဲ့သည်။

 

ရှချန်းချန်းကသည် ရှဲ့ကျစ်ရှင်း၏ ဤကဲ့သို့ ကြိုးစားပမ်းစားလုပ်ဆောင်ပုံကို အလွန်နှစ်သက်သည်။ သူသည် စည်းစိမ်ဥစ္စာ လွတ်လပ်မှု အလုံးစုံကို ရရှိထားပြီးဖြစ်သော်လည်း နေ့တိုင်းလိုလိုပင် ကမ္ဘာကြီးတစ်ခုလုံးကို ငြီးငွေ့နေသည့် ဟန်မျိုးဖြင့် နေထိုင်တတ်၏။

 

အမှန်စင်စစ်ပင်၊ သူ ယခုရှာဖွေနေသော ငွေကြေးတိုင်းသည် ဇနီးမောင်နှံ၏ ပိုင်ဆိုင်မှုများပင် ဖြစ်သည်။

 

စနစ်သည် ၎င်းအပေါ် ခနဲ့၍ ပြောလိုက်သည်- "လူတိုင်းကမင်းလို ဈေးဝယ်၊ ခွေးနဲ့ပတ်လျှောက်၊ ကြောင်ပွတ်သပ်ပြီးနေ့တိုင်း ဘာမှမလုပ်ဘဲ ငါးဆာနူးလေးလို့ နေနေတယ်လို့ထင်နေတာလား? လူတိုင်းမှာ အိပ်မက်တွေ ရှိရမှာပေါ့!"

 

"ငါလည်း အိမ်မက်ရှိတာပဲ!"

 

ရှချန်းချန်းသည် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်- "လူတိုင်းကို ဖရဲသီးစားခွင့်ပေးတာ ကျွန်မရဲ့ အိမ်မက်ပဲ!"

 

မနက်စာ စားပြီးလုနီးပါး ဖြစ်နေချိန်တွင် အဒေါ်လျူသည်မိတ်ကပ်ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဧည့်ခန်းသို့ ခေါ်လာခဲ့၏။

 

"သခင်မလေး၊ ခဏနေရင် 'ရှန်းကျွယ်' ရုပ်ရှင်ရိုက်ကွင်းကိုသွားမယ်လို့ ကြားတယ်။ ဒါက မစ္စတာက သခင်မလေးအတွက် ခေါ်ထားတဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ပါ"

 

အဒေါ်လျူသည် ပြင်းထန်သောရေစီးကဲ့သို့ ထိုမိတ်ကပ်ပညာရှင်အဖွဲ့ကို မရပ်မနားဘဲ မိတ်ဆက်ပေးနေသည်။ ထိုအဖွဲ့၏ ခေါင်းဆောင် မိတ်ကပ်ပညာရှင် အိုင်ဗီသည် နိုင်ငံတကာတွင် နာမည်ကြီးသော မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်ပြီး၊ သူတို့သည် နာမည်ကြီးကြယ်ပွင့်များအတွက်သာ နေ့စဉ် မိတ်ကပ်လိမ်းခြယ်ပေးလေ့ရှိသည်။

ယခုအကြိမ်မှာတော့ ရှဲ့ကျစ်ရှင်း၏ မျက်နှာကို ထောက်ကာရှချန်းချန်းအတွက် မိတ်ကပ်လိမ်းခြယ်ပေးရန် လာရောက်ခြင်း ဖြစ်၏။

 

စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ ရှဲ့ကျစ်ရှင်းသည် သူ၏ ဇနီးကို အလွန် ဂရုစိုက်သည်။

 

အဒေါ်လျူသည် မစ္စတာ နှင့် ဇနီးသည် အိမ်ထောင်ပြုပြီးနောက် ယွီလန်ယွမ်တွင် ပထမဆုံးအကြိမ် ညအိပ်ခဲ့ခြင်းဖြစ်ပြီး၊ အိပ်ရာခွဲအိပ်ခဲ့သည်ဖြစ်ရာ ၎င်းတို့အကြား နားလည်မှုလွဲမှားခြင်းများ ရှိနေသည်ဟု ထင်နေပုံရသည်။ ထို့ကြောင့် မနက်မိုးလင်းကတည်းကစ၍ ရှချန်းချန်း၏ နားနား ကပ်ကာရှဲ့ကျစ်ရှင်း၏ ကောင်းမွန်သော ဂုဏ်သတင်းများကို တတွတ်တွတ် ပြောဆိုနေတော့သည်။

 

ရှချန်းချန်းသည် အဒေါ်လျူ၏ စကားလုံးများနောက်ကွယ်မှအဓိပ္ပာယ်ကို သတိမထားမိဘဲ စိတ်အားထက်သန်စွာဖြင့် အိုင်ဗီအား သူ့ကို မိတ်ကပ်လိမ်းခြယ်ခွင့် ပြုလိုက်၏။

 

သူမသည် မိတ်ကပ်လိမ်းခြယ်ရာတွင် ကျွမ်းကျင်သော်လည်းအများစုမှာ ဟန်ဆောင်ခြင်းနှင့် အသွင်ပြောင်းခြင်းအတွက်သာ ဖြစ်သည်။

 

သို့သော် အခြားတစ်ဖက်တွင် မိတ်ကပ်လိမ်းခြယ်ခြင်းမှာ ကွဲပြားခြားနားသော ပျော်ရွှင်မှုပေးသည့် အသွင်ကွဲတစ်ခုပင် ဖြစ်သည်။

 

အိုင်ဗီသည် အနည်းငယ် ဆေးခြယ်လိုက်ရာ ရှချန်းချန်း၏ မူလကပင် ထူးခြားလှသော မျက်နှာပြင်သည် ပို၍တောက်ပကာ ကျက်သရေရှိလာပြီး ပုံသွင်းထားသောကျောက်စိမ်းကဲ့သို့ ဖြစ်ကာ မျက်ခုံးနှင့် မျက်လုံးများမှာစွမ်းအားအပြည့်နှင့် လှုပ်ခါနေတော့သည်။

 

ထို့နောက် အိုင်ဗီသည် ရှချန်းချန်းကို H အိမ်တော်၏ ရာသီသစ်မှ နောက်ကျောပွင့်ဂါဝန်နှင့် သူမ၏ခါးကို သွယ်လျစေသော ပိုးသားအပြာရောင် စကတ်နှင့် ဆင်မြန်းပေးလိုက်သည်။ ရှဲ့မိသားစု၏ မြင့်မြတ်သော ကြယ်ပွင့်များ စီးရီးမှ ကျောက်မျက်ရတနာလည်ဆွဲတစ်ကုံးမှာ ရှချန်းချန်း၏ ဖြူဖွေးနူးညံ့သော လည်တိုင်ပေါ်တွင် တောက်ပနေပြီး၊ ရေထဲမှ ထွက်လာသော ရေသူမလေးတစ်ပါးနှယ် တူလှသည်။

 

လူတိုင်းမှာ မျက်တောင်မခတ်နိုင်ဘဲ ရှချန်းချန်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။

 

၎င်းမှာ လူ့ပြည်၏ အလှတစ်ရပ်ပင်ဖြစ်ရမည်။

 

အိုင်ဗီ၏ မိတ်ကပ်လိမ်းခြယ်ရေး စတူဒီယိုမှ ဝန်ထမ်းအချို့မှာ တီးတိုးပြောဆိုနေကြသည်-

 

"ရှချန်းချန်းက ဒီလောက် လှတာလား?"

 

မထင်ထားဘူးနော်! ယဲ့ရှီဝမ်နဲ့ သူ့ရဲ့ အလှအပြိုင် သတင်းတွေကို ခဏခဏတွေ့ဖူးတယ်၊ ယဲ့ရှီဝမ်က သူ့ထက် ပိုလှတယ်လို့ ပြောကြတာလေ ခုကြည့်တော့ ရှချန်းချန်း က ပိုလှတာရှင်းနေတာပဲ! နှစ်ယောက်သားက လုံးဝ တန်းမတူကြဘူး!”

 

"ပရိသတ်တွေက ကန်းနေကြတာလားပဲ! ဒီလောက်လှတဲ့ ကောင်မလေးကို တစ်နိုင်ငံလုံးက ဝိုင်းပြီး နာမည်ဖျက်နေကြတယ်ဆိုတော့... အဓိပ္ပာယ် လုံးဝမရှိဘူး!"

 

"ငါသာ ဟန်ကျားလင်းဆို ရှချန်းချန်း ကိုပဲ ရွေးမှာ သေချာတယ် သူက ယဲ့ရှီဝမ်ကိုကျ ကြိုက်ပြီး ရှချန်းချန်းကိုကျ မကြိုက်ဘူးဆိုတော့ သူ့ဦးနှောက်ကို အမြောက်ဆံ ထိထားလားမသိဘူး!"

 

 

ရှချန်းချန်းသည် မှန်ထဲတွင် ဆွဲဆောင်မှုရှိကာ ထူးခြားလှပနေသော သူ့ကိုယ်သူ ကြည့်၍ အလွန် ကျေနပ်နေတော့သည်။

 

ယခုမှာ ရုပ်ရှင်ရိုက်ကွင်းသို့ သွား၍ ဖျက်ဆီးမည့်ခရီးပင်၊ ထို့ကြောင့် သူသည် ကျိန်းသေပေါက် သူစိတ်ကျေနပ်သော ပုံစံဖြင့် သွားမည်ပင် !

 

မိတ်ကပ်လိမ်းခြယ်မှု ပြီးဆုံးသော် ကိုးနာရီခွဲပင် ရှိနေပြီ ဖြစ်သည်။

 

ရှချန်းချန်းသည် ကွမ်ကျုံးယောက်ကျူကို နှုတ်ဆက်ပြီးသူမ၏ ပန်းရောင် Ferrari ဖြင့် ယွီလန်ယွမ်မှ လျင်မြန်စွာထွက်ခွာသွားတော့သည်။

 

ဒါရိုက်တာကျိုးရှန်းနန်၏ စတူဒီယို

စတူဒီယိုအတွင်း၌ ယောက်ယက်ခတ်သည်အထိ အလုပ်များနေကြသည်။

 

"ရှန်းကျွယ်" သည် ကျိုးရှန်းနန် သုံးနှစ်အကြာက တွေ့ခဲ့သော ဇာတ်ညွှန်းဖြစ်ပြီး၊ ဇာတ်ညွှန်းဖတ်ပြီးနောက် ကျိုးရှန်းနန် က ၎င်းသည် စီးပွားရေးနှင့် အနုပညာနှစ်ရပ်လုံးကိုပေါင်းစပ်ထားသော လက်ရာမြောက်သည့် ရုပ်ရှင်ဖြစ်ပြီး၊ ရိုက်ကူးနိုင်ခဲ့လျှင် အလွန်အောင်မြင်မည်ဟု ယုံကြည်ခဲ့သည်!

 

ထို့အတွက် ကျုံးရှန်းနန်သည် သုံးနှစ်ကြာ ရင်းနှီးမြှုပ်နှံမှုများကို ဟိုဟိိုဒီဒီ ရှာဖွေခဲ့သော်လည်း အခက်အခဲများနှင့်သာကြုံတွေ့ခဲ့ရသည်။

 

တစ်ပတ်အကြာတွင် ထျန်ရှန်း ဖျော်ဖြေရေးကုမ္ပဏီမှ ကျိုးရှန်းနန် ကို ဆက်သွယ်လာပြီး၊ ရင်းနှီးမြှုပ်နှံမှု အပြည့်အဝပြုလုပ်လိုကြောင်း ဖော်ပြခဲ့သည်။ သို့သော် ကျိုးရှန်းနန်အားတစ်လအတွင်း ရိုက်ကူးရေး စတင်ရန်၊ နှစ်လအတွင်း ရိုက်ကူးပြီးစီးရန်နှင့် ခြောက်လအတွင်း ရုပ်ရှင်ရုံတင်နိုင်ရန် တောင်းဆိုခဲ့သည်!

 

ထို့အပြင် ရှချန်းချန်းသည် အနည်းဆုံး ဒုတိယ အမျိုးသမီးဇာတ်ဆောင် ဖြစ်ရမည်ပင်!

 

ကျိုးရှန်းနန်သည် ထိုအကြောင်းကြောင့် အလုပ်ရှုပ်နေလေသည်။ သာမန်အားဖြင့် ရုပ်ရှင်တစ်ကားကို ရိုက်ကူးရန် အနည်းဆုံး နှစ်လခန့် ပြင်ဆင်အချိန်ယူရသည်။ နေရာရွေးချယ်ခြင်းမှစ၍ ဇာတ်ညွှန်းပြင်ဆင်ခြင်းအထိ အချိန်ယူရသည်။ သို့သော် ယခုအခါ ကျိုးရှန်းနန်သည် အချိန်မရှိတော့သောကြောင့် အသေးစိတ် ပြင်ဆင်မှုများပင် မပြုလုပ်နိုင်တော့ပေ။

 

ကျိုးရှန်းနန်၏ စိတ်ထဲတွင် မကျေနပ်မှုများ ရှိနေသည်။ သူသည် ဤအမြန်နှုန်းဖြင့် ရိုက်ကူးရမည့် ရုပ်ရှင်ကိုပင် မရိုက်ကူးချင်တော့ပေ။

 

သို့သော် ထျန်ရှန်းသည် ရှချန်းချန်းကို ထည့်သွင်းခြင်းနှင့် အရှိန်မြှင့်ခြင်းမှလွဲ၍ အခြား မည်သည့် ပြဿနာမျှ မရှာခဲ့ပေ။

 

ဤကဲ့သို့ ရင်းနှီးမြှုပ်နှံသူမျိုးကို စက်မှုလုပ်ငန်းတွင် မီးထွန်းရှာဖွေလျှင်ပင် တွေ့နိုင်မည် မဟုတ်ပေ!

 

ရုပ်ရှင်နှင့် ရုပ်သံလောကတွင် ဝင်ခွင့်အတားအဆီးများအလွန်နည်းပါးလွန်းသဖြင့် လူတိုင်း ပါဝင်လိုကြသည်။ အထူးသဖြင့် မည်သည်ကိုမျှ နားမလည်သော ရင်းနှီးမြှုပ်နှံသူများသည် အကြံဉာဏ်ပေးရုံဖြင့် သူတို့၏တန်ဖိုးကို သက်သေပြရာရောက်သည်ဟု အမြဲ ထင်နေတတ်ကြသည်။

သို့သော် ရုပ်ရှင်နှင့် ရုပ်သံလောကတွင် ဝင်ခွင့်အတားအဆီးများမှာ အမှန်တကယ်တွင် အလွန်မြင့်မားသည်။ အမှန်တကယ် နားလည်တတ်ကျွမ်းသူများသာ လက်ရာကောင်းများကို ထုတ်လုပ်နိုင်ပေသည်။

 

ကျိုးရှန်းနန်သည် ၎င်းကို နားလည်သည်။ ထျန်ရှန်းသည် "ရှန်းကျွယ်" ကို အသုံးပြု၍ ရှချန်းချန်းကို နာမည်ကြီးအောင် လုပ်ချင်သည်။ ဇာတ်ညွှန်းထဲရှိ ဝူဟွမ်း ဇာတ်ကောင်သည် ပရိသတ်ကို ဆွဲဆောင်နိုင်သော ဇာတ်ကောင်တစ်ခု ဖြစ်သည်။

 

ရှချန်းချန်း၏ သရုပ်ဆောင်စွမ်းရည်မှာ မဆိုးပေ။ သူမသည်ရုပ်ရည်လှပပြီး၊ သင်ပေးလျှင်လည်း သင်ယူလွယ်ကာ၊ ပြိုင်ဘက်ကင်း အလှကို ပိုင်ဆိုင်ထားသည်။

 

ကျိုးရှန်းနန်သည် သူ၏စိတ်ထဲရှိ အနုပညာနှင့် စီးပွားရေးတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုတွင် သရုပ်ဆောင်ပိုင်းအတွက် အလျှော့ပေးလိုက်သည်။

 

ထို့ကြောင့် ကျိုးရှန်းနန် သဘောတူလိုက်သည်ပင်။

 

သူသည် "ရှန်းကျွယ်" မှာ အဆင်ပြေချောမွေ့စွာ ပြီးစီးပါစေ၊ အင်တာနက်တစ်ခုလုံး၏ အဆဲခံနေရသော ရှချန်းချန်းမှာရုပ်ရှင်မပြသမီ မည်သည့်ပြဿနာမျှ မရှာပါစေနှင့်ဟုသာဆုတောင်းနိုင်တော့သည်။

 

အပြင်ဘက်မှ "ဒေါက် ဒေါက် ဒေါက်" ဟူသော ဒေါက်ဖိနပ်သံများမှာ တံခါးခေါက်သံနှင့်အတူ အသံပြတ်သားစွာ ထွက်ပေါ်လာသည်။

 

"ဝင်—"

 

တံခါးကို တွန်းဖွင့်လိုက်သော် မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ အပြာရောင် ဂါဝန်ဖြစ်သည်။ ဂါဝန်စမှာ လေထဲတွင် လွှင့်နေကာ ဂါဝန်ပိုင်ရှင်၏ မျက်နှာမှာ ဖြူဖွေးလှပသည်။ သူမ၏ ပုလဲလည်ဆွဲသည် သူမ၏ မျက်နှာကို ပို၍ပင် တောက်ပစေသည်။

 

ကျိုးရှန်းနန် ခေတ္တမျှ အံ့အားသင့်သွားသည်။ လည်ပင်းသည် တင်းကျပ်သွားကာ၊ လက်ငင်းပင် စကားပြောနိုင်စွမ်း ဆုံးရှုံးသွားတော့သည်။

 

အံ့အားသင့်ခြင်းပင်။

 

ဝူဟွမ်း ပထမဆုံးအကြိမ် လူအများရှေ့ ပေါ်လာသကဲ့သို့ အံ့အားသင့်ခြင်းပင်။

 

ကျိုးရှန်းနန်သည် အနုပညာနယ်ပယ်တွင် နှစ်ပေါင်းများစွာလှုပ်ရှားခဲ့သောကြောင့် အမျိုးမျိုးသော အလှပဂေးများကိုတွေ့ဖူးသည်။ သူသည် မည်သည့် ရုပ်ရည်လှပသူကိုမဆို ခုခံနိုင်စွမ်း ရှိသည်။

 

သို့သော် ရှချန်းချန်းကို မြင်လိုက်ရသည့် ထိုခေတ္တမျှကြာချိန်တွင် သူသည် ဝူဟွမ်းကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

 

ကျိုးရှန်းနန် ရုတ်တရက် ခံစားလိုက်ရသည်မှာ ရှချန်းချန်း ဝူဟွမ်းနေရာသရုပ်ဆောင်ရသည်မှာ ဖြစ်သင့်သည်ဟူ၍ပင်!

 

ဤမျှ မြင့်မားသော ရုပ်ရည်ရှိနေလျှင်ပင် ကြည့်ရှုသူများကို တုန်လှုပ်စေနိုင်သည်! သူမကို ရိုက်ကူးရေး မစမီ တစ်လခွဲအတန်းတက်ခိုင်းလိုက်လျှင် သူမသည် ပြိုင်ဘက်ကင်း ဝူဟွမ်းကို သရုပ်ဆောင်နိုင်မည်မှာ သေချာသည်!

 

ကျိုးရှန်းနန်သည် သူ၏ ပြီးပြည့်စုံသော အိပ်မက်ထဲတွင် နစ်မြုပ်နေဆဲပင်၊ သို့သော် ရှချန်းချန်း၏ အသံမှာ သူ့ကိုလှုပ်နိုးလိုက်သည်။

 

"ဒါရိုက်တာ ကျိုး ကျွန်မ စာချုပ်ဖျက်သိမ်းဖို့ လာခဲ့တာပါ"

 

ကျိုးရှန်းနန်- "......?"

 

ကျိုးရှန်းနန်သည် သူ၏ နားများ ပြဿနာရှိနေသည်ဟု ထင်လိုက်သည်။

 

"ဒုတိယဇာတ်ဆောင်ရဲ့ ဇာတ်ကွက်တွေက နည်းတယ်လို့ ထင်တယ်ဆိုရင် ထပ်ပြီး ထည့်ပေးလို့ရပါတယ်!” ကောင်းမွန်သော သရုပ်ဆောင်တစ်ယောက်ကို ရှာတွေ့ရန်မှာခက်လှသည်။ ထို့ကြောင့်  ကျိုးရှန်းနန်သည် ဘာမျှ မစဉ်းစားတော့ဘဲ ပြောလိုက်သည်။

 

"မလိုပါဘူး"

 

ရှချန်းချန်းသည် ပြုံးလိုက်ကာ ကုလားထိုင်တစ်လုံးကို ဆွဲယူ၍ ထိုင်လိုက်သည်- "ကျွန်မ ဆိုလိုတာက ကျွန်မသရုပ်ဆောင်ချင်တော့ဘူး စာချုပ်ဖျက်သိမ်းကြေးဘယ်လောက်ကျမလဲဆိုတာ တွက်ကြည့်ပါဦး"

 

ရှချန်းချန်း၏ ထိုတည်ကြည်သော ပုံစံကို ကြည့်လိုက်သောအချိန်မှ ကျိုးရှန်းနန်သည် နှစ်စဉ် အင်တာနက်ပေါ်တွင် သတင်းဆိုးများဖြင့် ထိပ်ဆုံးရောက်နေသော သခင်မလေးသည် အမှန်တကယ်ပင် အတည်ပြောနေသည်ကို သဘောပေါက်လိုက်သည်။

 

သူ့စိတ်ထဲတွင် "ကလစ်" ဟု မြည်သံ ထွက်ပေါ်လာပြီး၊ စာချုပ်ချုပ်စဉ်က ထျန်ရှန်း၏ တောင်းဆိုချက်များကို ပြန်သတိရလိုက်သည်။

 

ပထမ၊ ရှချန်းချန်းသည် အနည်းဆုံး ဒုတိယ အမျိုးသမီး ဇာတ်ဆောင် ဖြစ်ရမည်။

 

ဒုတိယ၊ အမြန်ဆုံး ရိုက်ကူးရေး စတင်ရမည်၊ မြန်လေကောင်းလေပင်။

 

"မစ္စစ် ရှ! မင်း သရုပ်မဆောင်လို့ မရဘူး!"

 

နောက်တစ်စက္ကန့်တွင် ကျိုးရှန်းနန်သည် "ဒုန်း" ခနဲ ဒူးထောက်လိုက်ပြီး ရှချန်းချန်း၏ ပေါင်ကို ဖက်တွယ်လိုက်သည်။ မျက်ရည်များ စီးကျလာကာ သနားစရာကောင်းလွန်းလှ၏။

 

ရှချန်းချန်း- "......?"

 

ဒါရိုက်တာ၊ ရှင် မျက်နှာပြောင်းတာကလည်း မြန်လိုက်တာ!

 

ကျိုးရှန်းနန်သည် သူ၏အသက်ကို ဖမ်းဆုပ်ခံထားရသကဲ့သို့ပင်။ ဒါရိုက်တာ၏ ဂုဏ်သိက္ခာများကိုပင် လုံးဝ ဂရုမစိုက်တော့ပေ။ "မင်းသာ သရုပ်မဆောင်ဘူးဆိုရင် ဒီဇာတ်ကားက သံထဲရေသွန်ဖြစ်သွားလိမ့်မယ်! မစ္စစ် ရှ၊ ထပ်စဉ်းစားကြည့်ပါဦး! ဘယ်လို တောင်းဆိုချက်မျိုးကိုမဆို ကျွန်တော်တို့ ဆွေးနွေးလို့ ရတယ်!"

 

ရှချန်းချန်းသည် ကျိုးရှန်းနန်ကို သံသယဖြင့် ကြည့်လိုက်သည်။

 

ကျုံးရှန်းနန် ခေတ္တမျှ စဉ်းစားပြီးနောက် အဆုံးတွင် ပြောလိုက်သည်- "ဒီဇာတ်ကားကို ထျန်ရှန်းက ရင်းနှီးမြှုပ်နှံထားတာ... သူတို့က မင်းကို အနည်းဆုံး ဒုတိယ အမျိုးသမီး ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခိုင်းတာ"

 

ရှချန်းချန်း အံ့အားသင့်သွားသည်။

 

အပြင်လူများ၏ မျက်လုံးထဲတွင် ထျန်ရှန်းသည် ဝါရင့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုပင်။ သို့သော် ရှချန်းချန်းသည် ထျန်ရှန်းကို ရှဲ့ကျစ်ရှင်း ယခင်ကတည်းက ဝယ်ယူထားသည်ကို သိထားသည်။

 

ရှချန်းချန်း၏ သတင်းဆိုးများ ပျံ့နှံ့နေချိန်မှာပင် "ရှန်းကျွယ်" သည် သူမကို ဒုတိယအမျိုးသမီး ဇာတ်ဆောင် အဖြစ် ထိပ်ဆုံးမှ ရွေးချယ်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ရှချန်းချန်းသည် ၎င်း၏နောက်ကွယ်မှ လှည့်ကွက်များကို ချက်ချင်းနားလည်သွားသည်။ "ရှန်းကျွယ်" သည် ရှဲ့ကျစ်ရှင်း မူလဇာတ်ဆောင်ကို ပေးရန် ကတိပြုထားသော အရင်းအမြစ်တစ်ခုဖြစ်ပုံရ၏။

 

၎င်း၏ နောက်ကွယ်မှ ရှုပ်ထွေးမှုများကို နားလည်ပြီးနောက် ရှချန်းချန်းသည် ကျိုးရှန်းနန်ကို မခက်ခဲစေတော့ဘဲ တည်ငြိမ်စွာသူ့ကို ထူလိုက်ကာ စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။ ပြီးနောက် ရှဲ့ကျစ်ရှင်းကို ဖုန်းခေါ်လိုက်သည်။

 

တစ်ဖက်တွင် ရှဲ့မိသားစုအုပ်စု။

 

ရှဲ့ကျစ်ရှင်း၏ ဖုန်းမြည်လာသောအခိုက်အတန့်တွင်အစည်းအဝေးခန်းမအတွင်း ရုတ်တရက် တိတ်ဆိတ်သွားကာလူတိုင်းသည် ရှဲ့ကျစ်ရှင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။

 

အမှန်စင်စစ်၊ သူဌေးကြီးမှလွဲ၍ မည်သူမျှ အစည်းအဝေးတွင် ဖုန်းမြည်သံကို မဖွင့်ထားရဲကြပေ။

 

သို့သော် ဤအကြီးတန်း အရာရှိများသည် ရှဲ့ကျစ်ရှင်း၏ အကျင့်စရိုက်ကို နားလည်ကြသည်။ ရှဲ့ကျစ်ရှင်းသည် အစည်းအဝေးတွင် ဖုန်းကို ဘယ်သောအခါမှ ကိုင်လေ့မရှိပေ။ တစ်သက်တာလုံး အနုပညာတွင် ပျော်မွေ့နေပုံရသော ဤသူသည် သူ့မိသားစုအုပ်စုအပေါ် အလွန် အလေးအနက်ထားသည်။

 

သို့သော် ယနေ့မှာမူ မျှော်လင့်မထားသည်မှာ ရှဲ့ကျစ်ရှင်းသည် မျက်ခုံးပင့်ကာ ဖုန်းကို ကြည့်၍ ဖုန်းချမပစ်ဘဲ "ဆယ်မိနစ် နားကြမယ်" ဟုပြောပြီးနောက် အပြင်ဘက်စင်္ကြံသို့ လျှောက်သွားကာ ဖုန်းကို ကိုင်လိုက်သည်။

 

"မစ္စတာရှဲ့၊ ကျွန်မ 'ရှန်းကျွယ်' မှာ သရုပ်မဆောင်ချင်တော့ဘူး" ဟု ဖုန်းတစ်ဖက်မှ ရှချန်းချန်း၏ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာ၏။ မိန်းကလေးသည် တည့်တိုးပင် သူ၏ဆန္ဒကို ဖွင့်ဟလိုက်သည်။

ရှဲ့ကျစ်ရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

 

အာ၊ သူမက ဘာလို့ သရုပ်မဆောင်တော့တာလဲ? သူ့ဘေးမှာတစ်ယောက်ယောက် ရှိနေလို့လား?

 

"အိုကေ" ဟု ရှဲ့ကျစ်ရှင်း ပြန်ဖြေလိုက်သည်။

 

မူလတွင် "ရှန်းကျွယ်" သည် စီးပွားရေးနှင့် အနုပညာတန်ဖိုးနှစ်ခုလုံးကို ပေါင်းစပ်ထားသော ရုပ်ရှင်ဖြစ်ပြီး၊ ထျန်ရှန်းဖျော်ဖြေရေး၏ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွင် ပါဝင်သည်။ ရှချန်းချန်း မသရုပ်ဆောင်လျှင်ပင် သူတို့ ဆက်လက် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

 

"သရုပ်တော့ မဆောင်ဘူး၊ ဒါပေမဲ့ ခေါင်းဆောင်ထုတ်လုပ်သူ

လုပ်ချင်တယ်" ဟု ရှချန်းချန်းက ထပ်ပြောလိုက်သည်။ 

 

ဤအလှည့်အပြောင်းသည် ရှဲ့ကျစ်ရှင်းကို အံ့အားသင့်စေခဲ့သည်။

 

ခေါင်းဆောင်ထုတ်လုပ်သူသည် ရုပ်ရှင်အဖွဲ့၏ အရှင်သခင်ဖြစ်ပြီး၊ သင့်လျော်သော ဝန်ထမ်းများကို ငှားရမ်းရန် အခွင့်အာဏာရှိသကဲ့သို့ အဖွဲ့ဝင်များကို ထုတ်ပယ်ရန်လည်း အခွင့်အာဏာ ရှိသည်။ ရုပ်ရှင်တစ်ကား ဖြစ်မြောက်ရေးမှစ၍ကုမ္ပဏီ၏ အဓိကလုပ်ငန်းအထိ သူတို့သည် အဓိကနေရာတွင် ရှိသည်။ ရုပ်ရှင်နှင့် ရုပ်သံကုမ္ပဏီအချို့၏ သူဌေးများသို့မဟုတ် ရင်းနှီးမြှုပ်နှံသူများသည် ရုပ်ရှင်နှင့် ရုပ်သံလောကတွင် နာမည်ကြီး အထွေထွေထုတ်လုပ်သူများအဖြစ် တာဝန်ယူလေ့ရှိသည်။ [မှတ်ချက် ၁]

 

ထျန်ရှန်းသည် "ရှန်းကျွယ်" ဇာတ်ညွှန်းကို ဖတ်ဖူး၍ ဤဇာတ်ညွှန်းအပေါ် အလွန် အဆင့်အတန်းမြင့်မားစွာအကဲဖြတ်ထားသည်။ ထို့အပြင် ထျန်ရှန်းသည် ကျိုးရှန်းနန်ကို အလွန် အလေးထားသည်၊ ထိုသူမှာ ကောင်းမွန်သောဒါရိုက်တာတစ်ဦးဖြစ်ကာ ဇာတ်လမ်းနှင့် ရိုက်ကူးမှုကိုထိန်းချုပ်နိုင်စွမ်း အလွန်မြင့်မားသူတစ်ဦးပင်။ ၎င်းတို့၏ "ရှန်းကျွယ်" အတွက် မူလစီမံကိန်းသည် ကျိုးရှန်းနန်ကို အပြည့်အဝ တာဝန်ယူခိုင်းရန်ပင်။ တစ်လအတွင်း ရိုက်ကူးရေးစတင်ပြီး နှစ်လအတွင်း ရိုက်ကူးပြီးစီးကာ ခြောက်လအတွင်းရုပ်ရှင်ရုံတင်ရန်မှာ မဖြစ်နိုင်သကဲ့သို့ ထင်ရသော်လည်း ထိုသူမှာ တွက်ချက်ပြီးသားပင်ဖြစ်သည်။ မဟုတ်လျှင် သူသည်သဘောတူမည် မဟုတ်ပေ။

 

ထို့အပြင် "ရှန်းကျွယ်" ရိုက်ကူးပြီးစီးပါက ထျန်ရှန်းသည် ရုပ်ရှင်နောက်ပိုင်း ထုတ်ကုန်များကို အကောင်းဆုံး အထူးပြုလုပ်ချက်အဖွဲ့ဖြင့် ပြုလုပ်ရန်ပင် ရည်ရွယ်ထားသည်။

 

"ရှန်းကျွယ်" သည် နောက်နှစ်ဝက်တွင် ပေါက်နိုင်ချေရှိသောရုပ်ရှင်ဇာတ်ကားတစ်ကားပင်  ဖြစ်သည်!

 

သို့သော် ရှချန်းချန်းကို ခေါင်းဆောင်ထုတ်လုပ်သူအဖြစ် ခန့်ထားပါက... သူမ ပါဝင်လာပြီး ကျိုးရှန်းနန်ကို သြဇာလွှမ်းမိုးကာ အနှောင့်အယှက်ပေးလာပါက ဤရုပ်ရှင်မှာ ပေါက်နိုင်ပါတော့မည်လားဆိုသည်မှာ အတိအကျ မပြောနိုင်တော့ပေ။

 

ရှချန်းချန်း၏ ဤစကားကို ထျန်ရှန်း၏ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတွင် ထုတ်ပြောလိုက်ပါက လုံးဝ ကန့်ကွက်ခံရမည် ဖြစ်သည်။

 

သို့သော် ဤအချိန်တွင် သူမသည် "ရှန်းကျွယ်" ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ရှဲ့ကျစ်ရှင်းကိုသာ ပြောဆိုနေခြင်း ဖြစ်သည်။

 

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ဆိုလိုရင်းကို နားလည်သည်။ သူမသည် ခေါင်းဆောင်ထုတ်လုပ်သူ၏ ဂုဏ်ပုဒ်ကိုသာ ယူပြီးဇာတ်ကောင်ရွေးချယ်မှုကို အနည်းငယ်သာ ဝင်ရောက်စွက်ဖက်မည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် သူ မေးခွန်းများစွာ မမေးတော့ဘဲ တည်ငြိမ်စွာပင် "အင်း၊ သိပြီ"

 

ရှချန်းချန်း ဖုန်းချလိုက်ချိန် တစ်ချိန်တည်းမှာပင် ကျိုးရှန်းနန်သည်လည်း ထျန်ရှန်း၏ တာဝန်ခံထံမှ ခေါင်းဆောင်ထုတ်လုပ်သူ ပြောင်းလဲသွားကြောင်း သိရှိခဲ့ရသည်။

 

ကျိုးရှန်းနန် - "???"

 

"ရှန်းကျွယ်" ၏ ခေါင်းဆောင်ထုတ်လုပ်သူမှာ ဟန်တျန်းမှ ဇာတ်ပို့မင်းသမီးလေးသည်လော? ပြောလိုက်သည်နှင့် ပြောင်းလို့ရသည်လော?

 

ထို့အပြင် ကျိုးရှန်းနန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ ထျန်ရှန်းသည် ကျုံးရှန်းနန်ကို တာဝန် အပြည့်အဝယူခွင့်ပြုကာကုမ္ပဏီမှ ငွေကြေး ထောက်ပံ့ရုံသာ ဖြစ်သော်လည်း ယခုတွင်တော့…

 

ကျုံးရှန်းနန်သည် ရှချန်းချန်းကို ကြည့်၍ တံတွေးမျိုချလိုက်၏။

 

ရှချန်းချန်းမှာ အချိန်မရွေး ပြဿနာရှာတတ်သော မျက်နှာပေါက်နေသည်ဟု သူ အမြဲ ထင်နေခဲ့သည်။

 

မဟုတ်ဘူး! ဒါက ဆွဲဆောင်မှုရှိ၍ ငွေကို ကြိုက်သော မျက်နှာပင်! သူမသာ မည်သည်ကိုမျှ မလုပ်ပါက တိုင်းပြည်ကိုဖျက်ဆီးမည့် အလှပဂေး မျက်နှာနှင့် လိုက်ဖက်တော့မည်ပင် မဟုတ်ပေ!

 

မဖြစ်ပေ! ဤအတိုင်းဆို သူ့ရုပ်ရှင်သည် ပျက်စီးတော့မည်ပင်!

 

ကျုံးရှန်းနန်သည် ရှချန်းချန်းနှင့် မည်သို့ ဆွေးနွေးကာ၊ သူမကို ပါဝင်စွပ်ဖက်မှု နည်းပါးအောင် မည်သို့ လုပ်ရမည်ဟု တွေးတောနေစဉ် မမျှော်လင့်ဘဲ ရှချန်းချန်းက ဖွင့်ဟပြောလိုက်သည်- "ဒါရိုက်တာ ကျိုး၊ ကျွန်မ ရိုက်ကူးရေးအဖွဲ့ ကို အရမ်းကြီး ဝင်မစွက်ဖက်ပါဘူး။ ဘယ်လိုရိုက်မလဲဆိုတာကအဓိက ဒါရိုက်တာဖြစ်တဲ့ ရှင့်သဘောထားအတိုင်းပါပဲ ကျွန်မကတော့ အကြံဉာဏ်ပေးရုံသက်သက်ပါ။

ဒါပေမဲ့ အခု ရိုက်ကူးရေးအဖွဲ့ က အရမ်းကို အလျင်လိုနေပုံရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က လောစရာမလိုပါဘူးဒါရိုက်တာအနေနဲ့ အရှိန်ကို လျှော့ပြီး သေချာပြင်ဆင်လို့ရပါတယ်။ နောက်ပြီး ဒုတိယ အမျိုးသမီး ဇာတ်ဆောင်ကိုလည်းပြန်ရွေးရဦးမယ်"

 

ကျိုးရှန်းနန် တုန်လှုပ်သွားပြီး ခဏတာ ဆွံ့အသွားသည်။

 

ရုပ်ရှင်အဖွဲ့ကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်း မပြုသကဲ့သို့ လုပ်ငန်းစဉ်ကိုလည်း နှေးကွေးစေသည်။ ဤသူကားတိုင်းပြည်ကို ဖျက်ဆီးမည့် အလှပဂေး မဟုတ်ပေ၊ သူကားကောင်းကင်ဘုံမှ သက်ဆင်းလာသော နတ်သမီးစင်စစ်ပင်တကား!