Chapter 15
"ရှန်းကျွယ်" ဇာတ်ကားအဖွဲ့သည်
အဓိကထုတ်လုပ်သူကို ယာယီပြောင်းလဲခဲ့ပြီး ကျိုးရှန်းနန်မှ အဖွဲ့ဝင်အားလုံးကို
နာရီဝက်နားရန်ခွင့်ပေးလိုက်သည်။
အလုပ်၌အားသွန်ခွန်စိုက်လုပ်ကိုင်နေသည့် အဖွဲ့သည်
ရုတ်တရက်နားချိန်ရသွားခဲ့သည်။ ရှချန်းချန်း ပေါ်ထွက်လာပြီးနောက် အဖွဲ့ဝင်အချို့သည်
ဤကိစ္စကို မတတ်သာဘဲ ဆွေးနွေးခဲ့ကြပေသည်။
"ရှချန်းချန်းက အထက်လူကြီးတွေနဲ့
အထူးဆက်ဆံရေးရှိတယ်လို့ထင်လား? ဘာလို့ ဒုတိယမင်းသမီးနေရာကို သူ့ကို
ပေးလိုက်ရတာလဲ"
"ဘယ်သူသိမှာလဲ? ငါကြားတာတော့
ရှချန်းချန်းရဲ့မိသားစုက အရမ်းချမ်းသာတယ်တဲ့ သူမရှိရင် ဒီရုပ်ရှင်လည်း
ရှိလာမှာမဟုတ်ဘူး"
"ဒါပေမဲ့ ရှချန်းချန်းက မိသားစုနဲ့
အဆင်မပြေဖြစ်နေတယ်လို့ ကြားတယ်။ မိသားစုက အထောက်အပံ့ မပေးဘဲ ဖြတ်ထားတယ်တဲ့။
ပြီးတော့ ကျွန်တော်တို့အဖွဲ့ကို ထျန်ရှန်း ကလာပြီး ရင်းနှီးမြှုပ်နှံထားတာမဟုတ်ဘူးလား။
ထျန်ရှန်း နဲ့ ရှချန်းချန်း တို့ကြား ဘယ်လိုများ ဆက်နွယ်နေလဲမသိဘူးနော်"
"ရှချန်းချန်းက မိသားစုနဲ့ အဆင်မပြေဖြစ်ပြီး
ထျန်ရှန်းရဲ့ အကြီးအကဲတစ်ဦးဆီကနေ စပွန်ဆာရှာနေတာရော မဖြစ်နိုင်ဘူးလား"
အဖွဲ့ဝင်များအားလုံး
အပြင်းအထန်ဆွေးနွေးကြသော်လည်း မည်သည့်ကောက်ချက်ချမှုမျှ ရေရေရာရာ မရရှိခဲ့ပေ။
ရှချန်းချန်းသည် သာမန်အမျိုးသမီးတစ်ယောက် မဟုတ်သည့်အကြောင်း ကောလာဟလများသာ
ပြောဆိုနိုင်ခဲ့ကြသည်။
စနစ်သည် ဖရဲသီးစားရန် ဇာတ်ကားအဖွဲ့၏
ကင်မရာစနစ်ထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်ရောက်လာကာ အဖွဲ့ဝင်များ၏စကားကို နားထောင်နေခဲ့သည်။
အလိုလေး! ဤအဖွဲ့မှာ အရည်အချင်းမရှိသော
ဖရဲသီးစားသူများပင်။ ထိုသူများသည် ဤကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော
ဖရဲသီးကိုထိမိနေကြောင်း မသိကြသည့်အပြင် ထိုနီနီရဲရဲ အရည်ရွှမ်းသောဖရဲသီးကို
ပစ်ပယ်ကာ ဘေးရှိ နှမ်းစေ့များကိုသာ စားနေကြသည်။
သူ၏ host မှာ
ထိုမျှရိုးရှင်းသူမဟုတ်ပေ။ ယခုအခါ သူမသည် ရွှေပေါင်လုံးကြီးပင်ဖြစ်နေပြီ ဖြစ်သည်။
သူတို့အနေဖြင့် host ကိုပို၍များများ ချီးကျုးပေးသင့်ပေသည်၊ မဟုတ်ပါက host
သည် သူတို့ကို အလုပ်ထုတ်လိုက်လိမ့်မည်။
အဖွဲ့ဝင်များ ဆွေးနွေးနေစဉ်
အဓိကအမျိုးသမီးဇာတ်ဆောင် ယဲ့ရှီးဝမ် သည် ဇာတ်ကားရိုက်ကွင်းသို့ ရောက်ရှိလာခဲ့သည်။
စနစ် ဘက်မလိုက်ဘဲ ပြောရလျှင် ယဲ့ရှီးဝမ်သည်
အမှန်တကယ်ကို အလွန်လှပသည့်အမျိုးသမီးဖြစ်သည်။ မဟုတ်ပါက သူသည် ဤဝတ္ထု၏
အဓိကဇာတ်ဆောင် ဖြစ်လာမည်မဟုတ်ပေ။
သူမသည် သာမန်အမျိုးသမီးများကြားတွင်
ပိုမိုထင်ရှားသော်လည်း မာန်မာနမရှိသည့် အိမ်နီးချင်းမိန်းကလေးတစ်ဦး၏ အသွင်သဏ္ဍာန်ရှိသည်။
သူ၏ host မှာအဓိကဇာတ်ကောင် မသင့်တော်ပေ။ သူမကဲ့သို့ လှပကာ ထင်ရှားသည့်
အပြင်အဆင်နှင့် စိတ်ထားပြင်းထန်မှုရှိသောသူသည် ဇာတ်လမ်းတွဲများတွင်
အထူးဧည့်သည်တစ်ဦးအဖြစ် ပါဝင်ရန်မှာ ပိုသင့်တော်သည်။ သူမ၏အလှမှာ
ဖျက်ခနဲမြင်ရုံမျှဖြင့်ပင် ကြည့်ရှုသူပရိသတ်အပေါင်းကို မမေ့နိုင်အောင်
ပြုလုပ်နိုင်သည်။
စနစ် မှတ်ချက်ပေးနေစဥ်တွင် ယဲ့ရှီးဝမ်သည်
လူအုပ်ရှေ့သို့ရောက်ရှိလာကာ အဖွဲ့ဝင်များ၏ တိုးတိုးပြောဆိုမှုများကို
ကြားနေရတော့သည်။
"အိုးမိုင်ဂေါ့... ရှီးဝမ်က အရမ်းလှတာပဲ"
"နာမည်ကြီးပထမတန်းစား မင်းသမီး၊
ငါတို့ရဲ့ဇာတ်ဆောင်မင်းသမီးပဲလေ လှတာပေါ့လို့"
"ယဲ့ရှီးဝမ်က တကယ့်ကိုပညာတတ် ချမ်းသာတဲ့
အမျိုးသမီးနော်!စိတ်သဘောထားလဲကောင်းတယ်! ရှချန်းချန်းလို အမျိုးသမီးတွေက
ရုတ်တရက်ချမ်းသာလာတဲ့သူမျိုးလေ"
ယဲ့ရှီးဝမ်သည် ဝန်ထမ်းများကို စိတ်အားထက်သန်စွာ
နှုတ်ဆက်ကာ မိန်းကလေးအချို့အား လက်မှတ်များ ရေးထိုးပေးခဲ့သည်။ သူမ၏အပြုံးသည်
ချိုမြိန်၍ ဘေးလူကိုကူးစက်စေကာ လူများကို စိတ်ရောကိုယ်ပါ ပျော်ရွှင်စေအောင်
ပြုလုပ်ပေးသည်။
အကူဒါရိုက်တာ ချန်းမင်ကျယ် သည် မြန်မြန်ဆန်ဆန်
ရောက်ရှိလာကာ ယဲ့ရှီးဝမ်ကို စတူဒီယိုသို့ ခေါ်ဆောင်သွားခဲ့သည်။
ယဲ့ရှီးဝမ်သည် ဝန်ထမ်းများကို နှုတ်ဆက်နေစဉ်
ချန်းမင်ကျယ်ကို တီးတိုးပြောဆိုခဲ့သည်။ "ဒါရိုက်တာချန်း၊ ကျွန်မတို့အဖွဲ့
အလုပ်များနေတယ်လို့ ပြောတယ်မဟုတ်ဘူးလား? ဘာလို့
ရုတ်တရက်ကြီး ပေးနားလိုက်တာလဲ"
သူမသည် ချန်းမင်ကျယ် အနားသို့ ချဉ်းကပ်သွားခဲ့သည်။
ချန်းမင်ကျယ်သည် သူ၏နားထဲသို့ လေပူများစိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရကာ
နားများအဆက်မပြတ် ယားယံလာသည်မှာ နုလုံးသားပါယားယံလာသည်အထိပင်။
သို့သော် သူသည် သူ၏စိတ်လှုပ်ရှားမှုကို
အမြန်ဆုံးထိန်းချုပ်နိုင်ခဲ့သည်။
ချန်းမင်ကျယ်သည် ကျိုးရှန်းနန်၏အပြုအမူကို
နားမလည်နိုင်သဖြင့် "ရှချန်းချန်းက ဒါရိုက်တာကျိုးဆီကို
သွားတယ်။ဒီအမျိုးသမီးက ဘာလုပ်ချင်နေလဲဆိုတာ ကျွန်တော်လည်းမသိဘူး" ဟု တိုးတိုးလေးပြောဆိုလိုက်သည်။
ယဲ့ရှီးဝမ်သည် မျက်မှောင်ကြုပ်ပြီးနောက်
နားလည်သဘောပေါက်သွားကာ မျက်လုံးအရောင်တောက်သွားခဲ့သည်။
ရှချန်းချန်းသည် ရှမိသားစုထံသို့
ရက်သတ္တပတ်အတော်ကြာ မပြန်ခဲ့ပေ။ ရှယုံဒယ်သည် သူမ၏ငွေကြေးအထောက်အပံ့ကို
ဖြတ်တောက်ထားသောကြောင့် သူမတွင် ငွေကြေးမရှိဖြစ်နေသည်။ အချိန်အတော်ကြာကတည်းက
သူမသည် ခေါင်းငုံ့ရိုကျိုးကာ မိသားစုထံ ပြန်ခဲ့သင့်သည်။
ယခုအချိန်သည် သူမ၏ကျဆုံးချိန်ဖြစ်သင့်သည်။
သူမသည် ကျိုးရှန်းနန်ထံသွားကာ
လစာတိုးမြှင့်ပေးရန် ပြဿနာရှာခြင်းမှတစ်ပါး အခြားမည်သည့်ကောင်းသောအရာမျှ
လုပ်ဆောင်နိုင်မည်မဟုတ်ပါ။
ယဲ့ရှီးဝမ်သည် ထိုအခြေအနေကို အလွန်ကျေနပ်နေသည်။
ရှချန်းချန်း၏အခြေအနေ ပိုမိုဆိုးရွားလာလေလေ သူမ
ပိုမိုနှစ်သက်လာလေလေဖြစ်သည်။
ချန်းမင်ကျယ်နှင့်စကားပြောနေစဉ် ယဲ့ရှီးဝမ်သည်
ဒါရိုက်တာထိုင်ခုံတစ်လုံးကို ဆွဲယူထိုင်ရန် ကြိုးစားခဲ့သည်။ ချန်းမင်ကျယ်သည်လည်း
တူညီသော ထိုင်ခုံကိုဆွဲယူမိကာ သူတို့၏လက်ချောင်းများ မတော်တဆထိသွားခဲ့ကြသည်။
ချန်းမင်ကျယ်၏မျက်နှာမှာ
ချက်ချင်းနီမြန်းသွားပြီး လက်ကို ချက်ချင်းဖယ်ထုတ်ကာ "တောင်းပန်ပါတယ်..."
ဟု ပြောလိုက်သည်။
ယဲ့ရှီးဝမ်သည် နူးညံ့စွာပြုံးပြလျက်
"ဘာမှမဖြစ်ပါဘူး" ဟုသာ ပြန်ပြောလိုက်သည်။
ယဲ့ရှီးဝမ်သည် ချန်းမင်ကျယ်မှာ
သူမကိုနှစ်သက်ကြောင်း ကောင်းစွာသိထားသည်။ ယခင်ဘဝမှာလည်း ဤသို့ပင်ဖြစ်ခဲ့ပြီး
ယခုဘဝတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။
ထို့ကြောင့် ယဲ့ရှီးဝမ်သည်
ချန်းမင်ကျယ်၏ခံစားချက်ကို ကောင်းစွာအသုံးချခဲ့သည်။ သူမသည် ချန်းမင်ကျယ်
ထိုင်ခုံဆွဲထုတ်မည်ကို မြင်သောကြောင့် တမင်တကာလက်ကိုဆန့်ထုတ်ကာ နှစ်ယောက်သား
လက်ချင်းထိမိစေခဲ့ခြင်းဖြစ်သည်။
ဤသို့ဖြင့် အမျိုးသမီး၏အားသာချက်ကို
အပြည့်အဝအသုံးချနိုင်ခဲ့သည်။
ချန်းမင်ကျယ်၏စိတ်လှုပ်ရှားမှုသည် စိတ်ရှည်စွာ
ထိန်းချုပ်လိုက်သောကြောင့် အနည်ကျသွားသော်လည်း ယဲ့ရှီးဝမ်၏ မျက်နှာလေးကို
မြင်ချိန်တိုင်း နှလုံးခုန်နှုန်းမှာ ပြန်လည်မြန်ဆန်လာတော့သည်။
ချန်းမင်ကျယ်သည် ဇာတ်ညွှန်းပြင်ဆင်ရန်ဟု
အကြောင်းပြကာ ရိုက်ကွင်းမှ ခဏတာ ထွက်ခွာသွားခဲ့သည်။
ယဲ့ရှီးဝမ်သည် ဒါရိုက်တာထိုင်ခုံတွင်
တိတ်ဆိတ်စွာထိုင်နေစဉ် ဝန်ထမ်းများသည် အနားတွင် ဆွေးနွေးနေကြသည်။
နာရီဝက်ခန့် အနားယူချိန်သည် သူတို့အားလုံးကို
အတင်းအဖျင်းပြောရန် အခွင့်အရေးပေးလိုက်သလိုဖြစ်သွားခဲ့သည်။ သူတို့သည်
ကျိုးရှန်းနန်နှင့် ရှချန်းချန်းတို့ကြား ဖြစ်ပျက်ခဲ့သည်များ အထူးသဖြင့်
ကျိုးရှန်းနန် ရိုက်ကွင်းကိုနားရန် ရွေးချယ်လိုက်ရသော အကြောင်းအရင်းများကို
ပြောဆိုနေကြသည်။
ရှချန်းချန်း၏ မကောင်းသတင်းများကြောင့်
ဤနာရီဝက်ကို မကောင်းသော သင်္ကေတအဖြစ်မှတ်ယူကာ ယနေ့ အလုပ်ပိုလုပ်ရမည်ကို
စိုးရိမ်နေကြသည်။
ခေတ္တကြာပြီးနောက် ချန်းမင်ကျယ်ပြန်ရောက်လာကာ
"ရှချန်းချန်းကို အစားထိုးလိုက်ပြီ၊ ဒုတိယအမျိုးသမီးဇာတ်ဆောင်
မဟုတ်တော့ဘူး" ဟု တိုးတိုးပြောလိုက်သည်။
ယဲ့ရှီးဝမ်သည် စိတ်အတွင်းတွင်
အလွန်ဝမ်းသာသွားသော်လည်း စိတ်ပူပန်နေဟန်ဖြင့် "ဘာဖြစ်သွားတာလဲ? အရင်က ကျီကျင်းဟန်နဲ့ အကြီးအကျယ်ပြဿနာဖြစ်တုန်းကတောင်မှ
ဘယ်သူ့ကိုမှအစားမထိုးဘဲ အခုမှဘာလို့ ရုတ်တရက်ကြီး အစားထိုးလိုက်တာလဲ" ဟု
ဟန်ဆောင်မေးမြန်းလိုက်သည်။
"ကျွန်တော်လည်း သေချာမသိဘူး" ဟု
ချန်းမင်ကျယ်က ပြန်ဖြေသည်။ "ဒါပေမဲ့ သူမပါတာ ပိုကောင်းတယ်၊ အဲ့လိုမှမဟုတ်ရင်
နောက်ပိုင်းမှာ မင်းကို ဘယ်လို အနှောင့်အယှက်ပေးမလဲတောင် မသိဘူး"
ယဲ့ရှီးဝမ်သည် ဆက်မမေးဘဲ ဝမ်းနည်းသည့်အမူအရာဖြင့်
သက်ပြင်းချလိုက်သည်။
ရှချန်းချန်း ဒုတိယအမျိုးသမီးဇာတ်ဆောင်
အဖြစ်သရုပ်မဆောင်သည်မှာ အကောင်းဆုံးပင်။
ယဲ့ရှီးဝမ်သည် ယခင်ဘဝတွင် "ရှန်းကျွယ်"
ဇာတ်ကားသည် ရုပ်ရှင်ရုံများတွင် သန်းပေါင်း ၅၀၀၀ ကျော်ထိရရှိခဲ့ကြောင်း၊
ထိုနှစ်အတွက် အကြီးဆုံးသော အောင်မြင်မှုရသည့် ဇာတ်ကားဖြစ်ကြောင်းကိုလည်း
ကောင်းစွာမှတ်မိနေသည်။ စီးပွားရေးတန်ဖိုးအလွန်မြင့်သည်သာမက
ဆုအမျိုးမျိုးကိုရရှိကာ နောင်နှစ် ရုပ်ရှင်ပွဲတော်တွင်လည်း ဆန်ကာတင်ဝင်ခဲ့သည်။
အနုပညာတန်ဖိုးသည်လည်း တိုင်းတာ၍မရသော ဇာတ်ကားဖြစ်သည်။
ထို့ကြောင့် ယဲ့ရှီးဝမ်သည် ချန်းမင်ကျယ်ကို
အသုံးချကာ မည်သည့်နည်းနှင့်မဆို အဓိကဇာတ်ဆောင်ကိုရရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
မူလတွင် ရှချန်းချန်း ပါဝင်မည်ဆိုပါက
"ရှန်းကျွယ်" ၏အောင်မြင်မှုမှ အကျိုးကျေးဇူးရရှိမည်ဖြစ်ပြီး “ဝူဟွမ်း”ဇာတ်ရုပ်ဖြင့်
သူမ၏သတင်းဆိုးများ ပျောက်ကွယ်သွားနိုင်ခြေရှိသည်။
သို့သော် ယခု ရှချန်းချန်းမှာ မပါဝင်တော့သဖြင့်
"ရှန်းကျွယ်" ၏ အနာဂတ်အောင်မြင်မှုများသည် သူမနှင့်မသက်ဆိုင်တော့ပေ။
ချန်းမင်ကျယ်သည် ရှချန်းချန်း
အလုပ်မှထွက်ရသည့်အကြောင်းကို ဆက်လက်ပြောနေစဉ် အနားရှိ ဝန်ထမ်းတစ်ဦးက
"ဒါရိုက်တာကြီး၊ နာရီဝက်ကျော်သွားပြီ၊ ဘာလို့မရိုက်ကြသေးတာလဲ" ဟု
မေးလိုက်သည်။
ချန်းမင်ကျယ်သည် မနှစ်မြို့စွာဖြင့်
"ရှချန်းချန်းကြောင့်လေ၊ ဒါရိုက်တာကြီးက ဒုတိယအမျိုးသမီးဇာတ်ဆောင်ကို
အစားထိုးချင်တယ်၊ သူမက လက်မခံဘူးထင်တယ်၊ ရုံးခန်းထဲမှာ ဒါရိုက်တာကြီးကို
ဖိအားပေးနေမှာပဲ" ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားရသည်နှင့် လူတိုင်း
အလွန်အံ့အားသင့်သွားကြသည်။
"ရှန်းကျွယ်"
ဇာတ်ကား၏ရင်းနှီးမြှုပ်နှံမှုအားလုံးသည် ရှချန်းချန်းကြောင့်ဟု ယူဆထားကြသော်လည်း
ယခုအခါ သူမအလုပ်မှ ထွက်ရမည်ဆိုသည်ကို မည်သည်မျှမျှော်လင့်မထားကြပေ။
ဒါရိုက်တာကျိုးပင် ရှချန်းချန်းကို
မခံနိုင်တော့ကြောင်း အားလုံးက နားလည်သွားကြသည်။
ရိုက်ကွင်းရှိ ဝန်ထမ်းအနည်းစုသည် ရှချန်းချန်းကို
နှစ်သက်ကြသည့်အတွက် သူမအတွက် အနည်းငယ်စိတ်မကောင်းဖြစ်ကြသည်။ သူတို့သည်
ရှချန်းချန်းက ပြဿနာကို ထပ်ခါတလဲလဲရှာကာ ရိုက်ကူးရေးကို နှောင့်နှေးစေသည်ကိုသာ
စိတ်အနှောင့်အယှက်ဖြစ်ကြခြင်း ဖြစ်သည်။ ဤညတွင် သူတို့ အလုပ်ပိုလုပ်ရတော့မည် ။
သူတို့၏ ရှချန်းချန်းအပေါ် မနှစ်မြို့မှုမှာ
မသိလိုက်ခင်မှာပင် အနည်းငယ် ပိုမိုများပြားလာခဲ့သည်။
ဤအခြေအနေကိုမြင်သော ယဲ့ရှီးဝမ်သည် ဝန်ထမ်းများ
ရှေ့သို့ထွက်လာကာ ကိုယ်ကိုကိုင်းလျက် "တောင်းပန်ပါတယ်၊ ကျွန်မရဲ့ အစ်မက
နည်းနည်းမရင့်ကျက်သေးလို့ပါ၊ အရင်ကလည်း ပြဿနာအများကြီးဖြစ်ခဲ့တယ်၊ အခုလည်း
မိတ်ကပ်ဓာတ်ပုံရိုက်ဖို့နောက်ကျနေပြီမို့လို့ သူ့အစား ကျွန်မကပဲ အားလုံးကို
တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
၎င်းမှာ ယဲ့ရှီးဝမ်၏ ပုံမှန်နည်းလမ်းဖြစ်သည်။
ရှချန်းချန်း တည့်တိုးဆန်စွာ တကျည်ကျည်ပြောဆိုတိုင်း ယဲ့ရှီးဝမ်သည်
သနားစရာကောင်းစွာ တောင်းပန်လေ့ရှိသည်။ သူမ၏ရိုးသားမှုသည်
ရှချန်းချန်း၏မောက်မာမှုနှင့် ထင်ရှားစွာကွဲပြားနေသည်။ အဆုံးတွင်
လူမှုအသိုင်းအဝိုင်း၌ ရိုးသားတည်ငြိမ်သူများကို ပိုနှစ်သက်ကြပြီး
ဟိတ်ဟန်ကြီးသူများကို မကြိုက်ကြသည်ပင်။
ယဲ့ရှီးဝမ်၏ စကားပြောပုံကြောင့်
လူအများ၏သဘောထားမှာ သိသိသာသာပြောင်းလဲသွားသည်။ သူမသည် အမှန်တကယ်ကိုပညာတတ်၍ လှပကာ
ချမ်းသာသည့်အမျိုးသမီးဖြစ်ပြီး ရှချန်းချန်း ကဲ့သို့ စိတ်ကြီးဝင်ကာ
အပေါ်စီးကပြောဆိုသော လူချမ်းသာမိန်းကလေးမျိုးနှင့် လုံးဝကွဲပြားနေသည်။
"ယဲ့ရှီးဝမ်၊ ငါတို့မှာ ဘာဆက်ဆံရေးမှမရှိဘူး၊
ငါ့အတွက် တောင်းပန်ပေးစရာမလိုဘူး" ဟု မောက်မာစွာပြောဆိုသည့်အသံတစ်ခု
စင်္ကြလမ်းမှ ထွက်ပေါ်လာကာ ရှချန်းချန်း နှင့် ကျိုးရှန်းနန်တို့ စတူဒီယိုထဲသို့
ဝင်ရောက်လာသည်။
ရှချန်းချန်းမှာ ပေါ်လာသည်နှင့်
လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
အပြာရောင်ပိုးသားစကတ်ကို ဝတ်ဆင်ထားသော
ရှချန်းချန်း၏ကိုယ်ခန္ဓာသည် အလွန်လှပသည့်ဟန်ပေါ်နေသည်။ သူမ၏မျက်နှာသည် တောက်ပကာ
ထူးခြားလှသည့်အလှမျိုးပိုင်ဆိုင်လို့ထားသည်။
သူမ ယဲ့ရှီးဝမ်နှင့် ယှဥ်ရပ်လိုက်သော်
ယဲ့ရှီးဝမ်၏ ဖြူစင်သောမျက်နှာထက် သူမ၏အလှမှာ ပိုမိုထင်ရှားလို့နေသည်။
"ရှချန်းချန်း၊ ယဲ့ရှီးဝမ်က မင်းအစ်မလေ!
လေးလေးစားစားပြော!" ဟု ချန်းမင်ကျယ်က ဒေါသထွက်စွာပြောလိုက်သည်။ သူသည်
မည်သူ့ကိုမျှ ယဲ့ရှီးဝမ်အပေါ် မကောင်းပြောခွင့်မပြုပေ။
"အိုး... သူ့အမေက အမြှောင်မယားမို့လို့ သူကလည်း
ကျွန်မအစ်မဖြစ်သွားတာလား" ဟု ရှချန်းချန်းသည် လှပစွာပြုံးရယ်ကာ ပြောလိုက်သည်။
သူမ၏အသံမှာ ငွေဆည်းလည်းလေးကဲ့သို့ သာယာသော်လည်း စကားမှာ ထက်ရှနေသည်။
ချက်ချင်းပင် စတူဒီယိုတစ်ခုလုံး
တိတ်ဆိတ်သွားတော့သည်။
ရှချန်းချန်း နှင့် ယဲ့ရှီးဝမ်တို့ အဖေတူအမေကွဲညီအစ်မများ
ဖြစ်သည်မှာ သိပ်အရေးပါလှသည့် သတင်းမဟုတ်တော့သော်လည်း ယဲ့ရှီးဝမ်၏ ၏မိခင်သည်
အမြှောင်မယားဖြစ်နေသည်မှာတော့ ကြီးမားသည့်သတင်းဖြစ်လို့နေသည်။
ရှချန်းချန်းသည် ယဲ့ရှီးဝမ်နှင့်
အမြဲမသင့်မြတ်ရခြင်း၏ အကြောင်းရင်းကို လူတိုင်းနားလည်သွားကြသည်။
ထိုကဲ့သို့ဆက်ဆံရေးရှိပါက မည်သူမဆို နှစ်သက်ကြမည်မဟုတ်ပေ။
ဝန်ထမ်းများသည် ရှချန်းချန်းအပေါ်
ရုတ်တရက်စာနာစိတ်ဖြစ်လာကြသည်။
ယဲ့ရှီးဝမ်သည် အံကြိတ်ကာ လက်သည်းများမှာ
လက်ဖဝါးကို ထိုးဖောက်လုနီးပါးဖြစ်နေသည်။
သူမသည် ရှချန်းချန်း ပြောသည့်အချက်မှာ
မှန်ကန်ကြောင်း ကောင်းစွာသိသည်။ သူမက ရှယုံဒယ်၏သမီးရင်း ဖြစ်နေခြင်းသည်
ရဲ့လျူဖန်းမှာ အမြှောင်မယားဖြစ်သည်ကို သက်သေပြနေသည်။ ကံကောင်းထောက်မစွာ
ရှချန်းချန်းသည် ဤအချက်ကို မသိသေးပေ။ သူမသည် ရဲ့လျူဖန်းမှာ
အမြှောင်မယားဖြစ်သည်ဟုသာ ထင်ခြင်းဖြစ်သည်။
ယဲ့ရှီးဝမ်သည် သူမ၏ပုံမှန်ကြာပန်းဖြူ အပြုံးဖြင့်
ရှချန်းချန်း ထံသို့ချဉ်းကပ်ကာ "ချန်းချန်း၊ ‘ဝူဟွမ်း' ဇာတ်ရုပ်ဆုံးရှုံးသွားလို့
မကျေမနပ်ဖြစ်နေတာသိပါတယ်၊ အစ်မက စိတ်ထဲမထားပါဘူး" ဟု ပြောလိုက်သည်။
ရှချန်းချန်းသည် မျက်ခုံးပင့်ကာ
"ဒုတိယအမျိုးသမီးဇာတ်ဆောင် နေရာကိုဆုံးရှုံးတယ်၊ ဟုတ်လား? ယဲ့ရှီးဝမ်၊ နင့်ရဲ့ အတင်းအဖျင်းက မတိကျဘူး"
ဟု ပြန်ပြောလိုက်သည်။
ယဲ့ရှီးဝမ်သည် တုန်လှုပ်သွားပြီး ရှချန်းချန်း
ဘာကိုဆိုလိုသည်ကို နားမလည်နိုင်ခဲ့ပေ။
ရှချန်းချန် ဤမျှအေးဆေးစွာ နေနိုင်သည်မှာ
အဘယ်ကြောင့်နည်း။ သူမသည် လူကြိုက်များသည့် ဇာတ်ကားတွင် ဒုတိယအမျိုးသမီးဇာတ်ဆောင်
နေရာကိုဆုံးရှုံးသွားသည်။ ထို့ကြောင့် သူမ အလွန်ဒေါသထွက်သင့်သည် မဟုတ်လော။
ရှချန်းချန်းသည် ပိုကောင်းသည့်ဇာတ်ရုပ်ကို
ရရှိထားသည်မဟုတ်သဖြင့် ဤမျှအေးဆေးနေနိုင်သည်မှာ မဖြစ်နိုင်ပေ။
ယဲ့ရှီးဝမ်သည် ရှချန်းချန်းဘေးရှိ
ကျိုးရှန်းနန်ကို လျင်မြန်စွာကြည့်လိုက်သော်လည်း ကျိုးရှန်းနန်က
မည်သည့်အကြောင်းအရာမျှ ကြေညာသေးမည့်ပုံ မရပေ။
"ရှန်းကျွယ်" တွင် ပိုကောင်းသည့်ဇာတ်ရုပ်မှာ
အဓိကဇာတ်ဆောင်သာဖြစ်ပြီး ရှချန်းချန်းသည် သူမကို
အစားထိုးနိုင်မည်မဟုတ်ပေ။အဘယ်ကြောင့် သူမ ဤမျှတည်ငြိမ်နေရသနည်း။
"အိုး... နင်နဲ့အဓိပ္ပာယ်မရှိတာတွေပြောပြီး
အချိန်ဖြုန်းရမှာ ငြီးငွေ့နေပြီ"
ရှချန်းချန်းသည် ယဲ့ရှီးဝမ် စိတ်ထဲတွင်
မည်သည့်အရာမျှ ခန့်မှန်းနိုင်မည် မဟုတ်သည်ကို သိသည့်အတွက် စတူဒီယိုအတွင်းသို့
ဝင်လာပြီး "အားလုံးကို စောင့်ဆိုင်းစေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်၊
နေ့လည်စာအတွက် ကျွန်မ အားလုံးကိုဖိတ်ပါတယ်" ဟု ပြောလိုက်သည်။
အစားအစာတင်ကားများ စတူဒီယိုဘေးရှိ
လွတ်နေသောနေရာသို့ ဝင်ရောက်လာသည်။ ကားပေါ်တွင် အသီးဖျော်ရည်များနှင့်
ကိတ်မုန့်များ ပြည့်နှက်နေသည်။
ဝန်ထမ်းများသည် မိန်းမောနေကြကာ
စိတ်ရှုပ်ထွေးနေကြသည်။ မူလက အနားယူပြီးနောက် အလုပ်ပိုလုပ်ရမည်ဟု ထင်ခဲ့ကြသော်လည်း
ယခုအခါ မည်သည့်အချိန်ထိ အလုပ်ပိုလုပ်ရမည်ကို မသိတော့ပေ။
ကျိုးရှန်းနန်သည် လူတိုင်းရဲ့
စိုးရိမ်ပူပန်မှုတွေကို တွေ့မြင်ခဲ့သည်။ သူသည် ဇာတ်ကားအဖွဲ့၏ အုပ်စုထဲတွင်
အချိန်ပိုလုပ်ရသည်နှင့် ပတ်သက်၍ မကျေနပ်သံများ ရှိနေသည်ကိုလည်း သိသည့်အတွက်
ချက်ချင်းရှေ့သို့ထွက်လာပြီး "အရင်ဆုံး နေ့လည်ပိုင်းလက်ဖက်ရည် သောက်ကြရအောင်။
ဒီနေ့ အလုပ်ကလည်း များများစားစား မဟုတ်ပါဘူး။ ဇာတ်ဆောင်တွေရဲ့
မိတ်ကပ်ဓာတ်ပုံတွေနဲ့ ဇာတ်ကောင်ဗီဒီယိုတွေကိုပဲ ရိုက်ကြရမှာ။ စရိုက်မယ့်ရက်ကိုလည်း
နှစ်ပတ်လောက် ရွှေ့ပေးလိုက်မယ်" ဟု ပြောလိုက်သည်။
လူတိုင်းဟာ ချက်ချင်းဆိုသလို
ဝမ်းသာသြဘာသံပေးကြသည်။
ရုံးအလုပ် လုပ်နေကြသူများအတွက်
အချိန်ပိုမလုပ်ရခြင်းထက် ပိုကောင်းသည့် သတင်းရှိမည်လော? ၎င်းမှာ
ယနေ့ သူတို့ကြားဖူးသမျှထဲတွင် အကောင်းဆုံးသတင်းပင် ဖြစ်သည်!
ကျိုးရှန်းနန်သည် ဒုတိယအရေးပါသော သတင်းကိုလည်း
ကြေညာလိုက်သည်"အခုချိန်ကစပြီး ရှချန်းချန်းက ဒုတိယအမျိုးသမီးဇာတ်ဆောင်
‘ဝူဟွမ်း’ဇာတ်ကောင်ကနေ ရပ်နားသွားပါပြီ။ သူမက ကျွန်တော်တို့ ဇာတ်ကားအဖွဲ့ရဲ့
အဓိကတာဝန်ခံထုတ်လုပ်သူ ဖြစ်လာမှာဖြစ်ပါတယ်! အားလုံးပဲ ကြိုဆိုလိုက်ကြပါစို့!"