ငါတော့ ငတ်သေတော့မှာပဲ။ ပူပူနွေးနွေးဟင်းတစ်ခွက် မပြောနဲ့ ရေတစ်ခွက်လေးတောင် မသောက်ရတာ ရက်တော်တော် ကြာနေပြီ။ဒီလိုသာ ဆက်သွားနေရင် သူတော့ ငတ်သေမှာ သေချာသည်။
ချာချာလည်အောင် မူးေ၀နေသည့် ခေါင်းကြောင့် ယောလ်အလွန်အားနည်းနေသည်။
စားပွဲပေါ်ရှိ သစ်သီးခြင်းတောင်းကိုကြည့်ရင်း သူသရေယိုလာသည်။ရက်တော်တော်ကြာအောင် ငတ်ပြတ်နေခဲ့သည့်အတွက် စားကြွင်းစားကျန် သို့မဟုတ် ညစ်ပတ်နေသည့် အစားအစာဆိုလျှင်တောင် သူငြင်းပယ်လိမ့်မည် မဟုတ်ပေ။အခုလို ပုပ်နေတာမဟုတ်ဘဲ လတ်ဆက်သော အသီးအနှံများ ဖြစ်နေသောကြောင့် ပို၍ပင် စိတ်မထိန်းနိုင်တော့ချေ။
သစ်သီးတင်ထားည့် စားပွဲနှင့် ခန့်မှန်းခြေ
နှစ်မီတာလောက် ကွာဟနေသည်။ အကယ်၍ပုံမှန်သူ တစ်ယောက်သာဆိုလျှင် သုံးလေးလှမ်းခန့် လျှောက်ရုံဖြင့် ရောက်နေပြီဖြစ်သော်လည်းထိုအရာသည် ပုံမှန်လူတစ်ယောက်အတွက်သာ ဖြစ်သည်။
ပြဿနာကတော့ ယောလ်ဟာ သာမာန်သူတစ်ယောက် ဟုတ်မနေပေ။သူသည် နှစ်ဆယ်စင်တီမီတာခန့်သာရှိပြီး ခေါင်းပိုင်းနှင့် ခန္ဓာကိုယ် နှစ်ခုခွဲ၍ လူပုံသဏ္ဍာန် ထိုးထားသော ချည်အရုပ် လေးသာဖြစ်သည်။
ဟုတ်တာပေါ့ အစတုန်းကတော့ သူအရုပ်လေးမဟုတ်ပေ။ထိုအကြောင်းကိုတော့ နောက်မှဆက်ပြောကြတာပေါ့။
ယောလ်နာကျင်စွာဖြင့် လက်ချောင်းသာသာ သူ့ခြေထောက်လေးတွေကို စင်အစွန်းနားသို့ ရွှေ့လိုက်သည်။စင်၏အမြင့်သည် လူတစ်ယောက်အနေနှင့် ကြည့်လျှင် ခါးစောင်းသာသာ သာရှိသော်လည်း ၂၀စင်တီမီတာသာရှိသည့် ချည်အရုပ်လေးအနေဖြင့်ကြည့်လျှင် ချေက်နက်ကြီးကဲ့သို့ ဖြစ်နေလေသည်။
“ငါ င့ါတကယ်လုပ်နိုင်ပါ့မလား ဒီလောက်အမြင့်ကနေ တကယ် ထွက်ပြေးနိုင်ပါ့မလား”
“ဟင်း”
စိုးရိမ်စိတ်ကြောင့်အပြင်သို့ထုတ်ပြောနေမိသော ယောလ်သည် လူတစ်ယောက်၏အသံကြောင့် သူ့ပါးစပ်ကို လက်ဖြင့် ချက်ချင်းလှမ်းပိတ်လိုက်သည်။ပါးစပ်ကလေးမှာ လက်သန်းအရွယ်သာ ရှိသဖြင့် သူ၏လက်ဖောင်းဖောင်းလေးနှင့် အပြည့်အ၀ ဖုံးအုပ်နိုင်ပေသည်။
အိပ်ပျော်နေသော ထိုလူသည် တစ်ဖက်သို့ လှည့်ပြီးနောက် လုံးလုံးငြိမ်သက်သွားလေသည်။ထိုသူ၏ လှုပ်ရှားမှုတွေ ငြိမ်သက်သွားတာတောင်မှု ယောလ်တစ်ယောက် ရင်တုန်နေဆဲပင်။
ထိုသူဟာ အက်ရှ်မြို့စား မီကာရယ် အိုလော့ဖြစ်ကာ ယောလ်မထင်မှတ်ဘဲ ရောက်လာသည့် ဒီနန်းတော်၏ပိုင်ရှင်ဖြစ်သည်။
ထပ်ပေါင်းပြောရမည်ဆိုလျှင် ထိုသူသည် သွေးအေးရက်စက်ပြီး မာနကြီးလွန်းသည့် လူယုတ်မာတစ်ယောက်ဖြစ်သည်။ အနာဂတ်တွင် သူ့လက်ထောက်ဖြစ်သူ လယ်ဗီ ဘိုင်းရန့်ကို စွဲလန်းလွန်းပြီး လက်၀ါးကြီး အုပ်ထားလိုသူ ဖြစ်လာခဲ့သည်။
ဒီလူယုတ်မာရှေ့မှာ ငါ့အထောက်အထားကို လုံး၀ဖော်ပြမှာ မဟုတ်ဘူး။
သူရှာတွေ့သွားတာနဲ့ တစ်ပြိုင်နက် သူ့ခြေလက်တွေ တစ်စစီ ဆွဲဖြုတ်ခံရကာ အထဲရှိဂွမ်းစတွေလည်း နေရာအနှံ့ပျံ့ကြဲသွားပေလိမ့်မည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့် သေခြင်းတစ်ရားမျိုး လုံး၀ဖြစ်လာလို့ မရပေ။
တုန်ယင်နေသော သူ့နှလုံးသားလေး ငြိမ်သက်သွားသည်နှင့် တစ်ပြိုင်နက် အခန်းလည်း တစ်ဖန် ငြိမ်သက်သွားကာ အက်ရှ်မြို့စားသည်လည်း ပြန်အိပ်မောကျသွားခဲ့သည်။
ယောလ်သည် အရောင်အသွေးစုံလင်လှသော သစ်သီးခြင်းတောင်းနှင့် အိပ်မောကျနေသော လူကိုကြည့်ကာ စိတ်ထဲ ထင့်နေလေသည်။
ရက်အတော်ကြာစောင့်ကြည့်ပြီးနောက် မီကာရယ်အိုလော့သည် သူ့ဇာတ်ရုပ်နှင့် ကိုက်ညီစွာ အခန်းထဲ၌ မည်သည့်အစားအစာမှ မထားတတ်ကြောင်း သူသိပေသည်။
ကံကောင်းစွာဖြင့် ဒီနေ့တွင်တော့ အနာဂတ်၌ မီကာရယ်၏ စွဲလမ်းသူဖြစ်လာမည့် သူ့လက်ထောက်ဖြစ်သူ လယ်ဗီ သစ်သီးခြင်းတောင်းယူလာခဲ့သည့် အခန်းထဲ၌ စားစရာ ရှိနေခြင်းဖြစ်သည်။
ဒီနေ့မှာသာ မစားလိုက်ရလျှင် အနာဂတ်၌ စားရဖို့ဆိုတာ မသေချာတော့ပေ။ထို့ကြောင့် သူဒီနေ့မှာ စားရမှ ဖြစ်မည်။
ယောလ် မတော်တဆအော်မိမည်ကို တားဆီးရန် မျက်စိကိုမှိတ်ထားကာ သူ့လက်လေးဖြင့်လည်း ပါးစပ်ကို ကာထားသေးသည်။ထို့နောက် သူ၏ ချည်ခန္ဓာကိုယ်ကို ယုံကြည်၍ စင်ပေါ်ကနေ ခုန်ခချလိုက်လေသည်။
ထို့နောက် ချည်ဘောလုံးလေး ပြုတ်ကျသည့်အသံ မြည်သွားလေသည်။ယောလ် ထုတ်အော်မိတော့မတတ်ဖြစ်သွားပေမယ့် သူ၏ အလွန့်အလွန် တည်ငြိမ်နိုင်စွမ်းကြောင့် သည်းခံနိုင်ခဲ့လေသည်။
သူ့ခြေထောက်ပိစိလေးများကို မြန်မြန် လှုပ်ရှားကာ စားပွဲနားသို့ သွားသည့်အရှိန်ကို မြှင့်တင်လိုက်သည်။စားပွဲနားသို့ ရောက်သွားသည့်အခါ ယောလ် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
“ငါ ဒီအပေါ်ကို ဘယ်လိုထပ်တက်ရပါ့မလဲ”
စင်ထက်တော့ နိမ့်ပေမယ့် ယောလ်၏ရှုထောင့်မှဆိုလျှင် စားပွဲကအလွန်မြင့်နေသေးပေသည်။ယောလ် သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ့ထက်သုံးလေးဆလောက် မြင့်နေသည့် စားပွဲခြေထောက်များကို ကြည့်ကာ ငြီးငြူလိုက်သည်။
ဘာလို့ လက်တစ်၀ါးသာသာ ချည်အရုပ်လေးဖြစ်လာပြီး ဒီလိုအခက်အခဲတွေ ကြုံတွေ့နေရတာလဲ လောကကြီးက မမျှတလိုက်တာ။
သူ စိတ်ဆိုးမာန်ဆိုးဖြင့် တိုးတိုးလေးငြီးငြူလိုက်သည်။အမှန်တော့ သူအပြင်သို့ ထုတ်အော်ပြီး မငြီးငြူရဲသဖြင့် ကြိတ်၍ငြီးငြူလိုက်ခြင်းဖြစ်သည်။
“ထားပါတော့ အသက်ရှင်ဖို့အတွက် အစာစားမှရမယ် မတော်တဆ ငတ်သေသွားရင် ဘယ်လိုလုပ်မလဲ”
ယောလ်ဒေါ်သများကို သက်ပြင်းနှင့်အတူ ရှိုက်ထုတ်လိုက်ရင်း အသက်ပြင်းပြင်းရှုကာ စားပွဲခြေထောက်များကို ဖက်လိုက်လေသည်။
ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် လုပ်ကြတာပေါ့။
သူ၏ ခြေတိုလက်တိုလေးများမှတစ်ဆင့် မရှိမဲ့ ရှိမဲ့ ခွန်အားများကို ညှစ်ထုတ်လိုက်ကာ စားပွဲကို စတင်တက်တော့သည်။အခြားသူတွေရဲ့ အမြင်မှာတော့ ရွေ့နေလား လှိမ့်နေလားဆိုတာ သူမသိပေမယ့် သူ့အမြင်မှာတော့ တစ်ဖြေးဖြေး အပေါ်တက်နေတာကို ခံစားမိသည်။ တစ်နည်းအားဖြင့်ဆိုရသော် ထိုအရာသည် ယောလ်အရမ်းသေးငယ်သည်ဟု ဆိုခြင်းဖြစ်သည်။
ပျော့ပြောင်းသည့်ချည်စများဖြင့် စားပွဲခြေထောက်ဖက်၍ တက်ရခြင်းမှာ အလွန်ခက်ခဲလှသည်။ စားပွဲပေါ်သို့ ရောက်သွားချိန်တွင် ယောလ်သေတော့ မလိုပင်။
အလွန်မောပန်းလွန်းသည့် အတွက် ယောလ်ခဏအနားယူတော့မည့် အချိန်တွင် ချောမွေ့လွန်းသော သူခန္ဓာကိုယ်ကြောင့် ပြန်ပြုတ်ကျတော့မလို ဖြစ်သွားခဲ့သည်။ ၅စင်တီမီတာလောက် ပြန်ချော်ကျသွားခဲ့ပေမယ့် ချက်ချင်းဆိုသလို ရှိသမျှ ခွန်အားအကုန် ညှစ်ထုတ်ပြီး ပြန်တွယ် တက်လိုက်သည်။ အမောဖြေနေရင်း သူစုဆောင်းထားသမျှ ခွန်အားအကုန် ကုန်ဆုံးသွားကြောင်း သတိပြုမိသွားခဲ့သည်။
“ငါတော့ သေတော့မှာပဲ”
ယောလ်သည် အနက်ရောင်ရေချိုး၀တ်စုံ ၀တ်ဆင်ထားသည့် လူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် မတွေ့ရသေးခင် အသက်ပြင်းပြင်းရှုကာ လဲကျသွားခဲ့ခြင်း ဖြစ်သည်။
ခဏလောက် အနားယူကြရအောင် ခဏလောက်လေးပဲ
ထိုအချိန်၌
“ဘာလို့ ဒီအရုပ်က ဒီကို ရောက်နေရတာလဲ”
အေးစက်သည့် လေသံတစ်ခုက ယောလ်၏ နားစည်အတွင်းသို့ ထိုးဖောက်၀င်ရောက်သွားခဲ့သည်။
ချီးတဲ့မှ ငါတော့သေပြီ။