Chapter 1
Viewers 76

Chapter 1


Chapter - 1


“သေစမ်း... ချီးပဲ ပရော်ဖက်ဆာ၊ ငါ အဆင်ပြေတယ်လို့များ ထင်နေသလား!!”


ထိုအသံဟာဆိုရင် ဓာတ်ခွဲခန်းထဲတွင် ဆယ်ရက်ကျော်ကြာ ပိတ်ခံခဲ့ရပြီးမှ လွတ်မြောက်သွားခဲ့သည့် ဘွဲ့ကြိုကျောင်းသားတစ်ဦးရဲ့ အသံပင်ဖြစ်ပေသည်။


“ဘတ်ယောလ်... စိတ်လျော့ စိတ်လျော့!”


“ငါ အခု စိတ်လျော့နိုင်မယ်ထင်လို့လား?! ချီးပဲ... အဲ့ဒီပရော်ဖက်ဆာ ငါ့ကို ဘာပြောလိုက်သလဲဆိုတာ မင်း သိလား၊ ဒီလောက်ပုံတွေအများကြီးရှိတာတောင် သင့်တော်တဲ့ပုံမရှိဘူး ဆိုပြီးတော့ ငါ့ကို အသစ်ထပ်ဆွဲခိုင်းတယ်လေ၊ ရူးနေတဲ့လူအိုကြီး... ငါက အနုပညာကျောင်းသားမို့လို့လား၊ ငါက ပန်းချီကျောင်းသားမို့လို့လား!”


“ဟေး... အရူးကောင် ဖြေးဖြေးသောက်စမ်းပါ”


ယောလ်သည် ဒေါသတကြီးဖြင့် သူ့ဆံပင်ကို ဖွလိုက်ကာ သူ့အရှေ့ရှိ ဆိုဂျူပုလင်းကို တိုက်ရိုက်ပင် မော့သောက်လိုက်လေသည်။ အရောင်မဲ့နေသည့် ထိုအရည်သည် ယောလ်ပါးစပ်အတွင်းသို့ တိုက်ရိုက်ဝင်သွားခဲ့၏။


“ငါ ဒီနေ့တော့ သေတဲ့အထိ သောက်ပစ်မယ်”


“မင်း ငါ့ကို အရင်လတုန်းကလည်း အဲ့ဒီစကားပဲ ပြောခဲ့တာ”


“ငါ အဲ့အခေါက်တုန်းက နည်းနည်းပဲ သောက်ခဲ့မိလို့ ဒီနေ့တော့ သေတဲ့အထိကို ပိုသောက်ပစ်မယ်၊ ငါ ဘာလို့ အခုလိုတွေ ခံစားနေရတာလဲ၊ အရင်တစ်ခေါက်တုန်းက သေတဲ့အထိ မသောက်ခဲ့လို့များလား”


ယောလ်သည် တစ်လတစ်ခါ နောင်တရတတ်သည့်စိတ်ကို သရေစာများနှင့် ရောပြီး မျိုချလိုက်သည်။ သူ ပြည်ကြီးငါးခြောက်ကို စားနေရင်း စိတ်ဆုံးဖြတ်ချက်ချလိုက်၏။


“ငါ ဒီနေ့တော့ တကယ်ကို သေတဲ့အထိ သောက်ပစ်မယ်”


နှစ်နာရီကြာပြီးနောက်...

ယောလ်သည် ချန်ဟျွန်းအကူအညီဖြင့် အရက်ဆိုင်ထဲကနေ ထွက်လာခဲ့သည်။ ယောလ်ကိုကူညီကာ အရက်ဆိုင်ဒုတိယထပ်ကနေ ပထမထပ်ကို ဆင်းပြီးနောက်  ချန်ဟျွန်း အမောဖောက်သွားကာ ယောလ်ကို လွှတ်မိလိုက်သည်။ ယောလ်သည် မဝဘဲ ပိန်ပါးပေမဲ့ အရက်ကြောင့် သူ့ခန္ဓာကိုယ်က အလွန်ပင် လေးလံနေလေ၏။


“ဘာလို့ ငါ့ကို လွှတ်လိုက်တာလဲ? အား...! နာလိုက်တာ”


ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်ပြုတ်ကျသွားသည့် ယောလ်သည် မတ်တပ်ထရပ်ရန် မစဉ်းစားဘဲ ညည်းညူးလိုက်သည်။ သူရဲ့ အသိစိတ်က ပြတင်းပေါက်အပြင်ဘက်ဆီသို့ လွင့်စင်သွားတာ ကြာမြင့်လှပြီ။


“အား... ငါ သေတော့မှာပဲ၊ အားလုံးပဲ ကြည့်ကြပါအုံး ဒီဆင်းရဲတဲ့ကျောင်းသားလေးက နောက်ဆုံးတော့ သေရတော့မယ်၊ အိုး... ဟိုမှာ အရုပ်ကောက်စက်ပဲ သွားကစားကြရအောင်”


“အယ် ဒီအကောင်စုတ်တော့ အသိစိတ်လွတ်နေတဲ့ကြားက ဘယ်လိုလုပ် အရုပ်ကောက်စက်ကို ရှာတွေ့သွားရပြန်တာလဲ မသိဘူး”


ယောလ်၏အရက်မူးလျှင် လုပ်လေ့လုပ်ထရှိသော အကျင့်သည် အရုပ်ကောက်စက်နဲ့ ကစားခြင်းပင်ဖြစ်၏။ ချန်ဟျွန်းတောင် သေချာမတ်တပ်မရပ်နိုင်ပေမဲ့ ယောလ်ကတော့ သရဲတစ်ကောင်လိုမျိုး အရုပ်ကောက်စက်ကို ရှာတွေ့သွားခဲ့သည်။


သောကြာနေ့ည ညလယ်ခေါင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့ပွားနေပေမဲ့ လူထုကတော့ စည်ကားနေလျက်ရှိ၏။ ထိုလူထုကြားထဲမှာမှ ယောလ်နှင့် ချန်ဟျွန်းကတော့ ဆူညံဆူညံ ဖြစ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။


“အာ.. ဒီကောင် ထပ်ပြီး အရက်မူးနေပြန်ပြီ”


“ငါ အရက်မမူးဘူး၊ ဒီမှာကြည့် ငါ သေချာလမ်းလျှောက်နိုင်သေးတယ်၊ လမ်းကို ဖြောင့်ဖြောင့်ကို လျှောက်နိုင်သေးတယ်”


“ဟုတ်ပါတယ်.. မင်း ဖြောင့်ဖြောင့်သွားနေတာပါ၊ လေးဖက်ထောက်ပြီးတော့ကို ဖြောင့်ဖြောင့်ကြီး သွားနေတာ”


ချန်ဟျွန်း လျှာခလုတ်တိုက်သွားခဲ့သည်။ ဘတ်ယောလ်... ဒီကောင်က အရက်မူးလာတိုင်း ခွေးတစ်ကောင်အတိုင်းကို ဖြစ်သွားတော့တာပဲ။ သူက လေးဖက်ထောက်ပြီး ခွေးလို ဟောင်တာမျိုး မဟုတ်ဘဲ အရုပ်ကောက်စက်ကို တွယ်တက်ကာ ကစားကြမယ်ဆိုပြီး ဖြစ်သွားတော့တာပဲ ဖြစ်သည်။ သူ အရက်မူးလာတိုင်း အမြဲပေါက်ကရတွေ အရမ်းလုပ်တတ်၏။


“ငါက အရုပ်ကောက်တဲ့နေရာမှာ တကယ်တော်တယ်၊ စောက်ရမ်းကို တော်တာ၊ အယ်... အဲ့တာက ဒီနေ့ခေတ် ကလေးတွေ ပြောကြတဲ့စကားမှတ်လား၊ ဒီနေ့ခေတ် ဆယ်ကျော်သက်ကလေးတွေ ပြောတဲ့စကားကို ငါ လိုက်လို့ကို မမှီတော့ဘူး”


“ဒီနေ့ခေတ်မှာ သူတို့တွေ အဲ့လိုစကားလုံးကို မသုံးတော့ဘူး လူအိုကြီးရဲ့ ၊ တိတ်တိတ်ဆိတ်ဆိတ်နေပြီး မြန်မြန်ထလာလိုက်တော့”


အရက်သောက်ပြီး တောင်ရောက်မြောက်ရောက် စကားတွေဆိုနေတယ် ဆိုကတည်းက သူ အရက်မူးနေတာ သေချာသည်။ တကယ်တော့ သူ လမ်းလည်ခေါင်မှာ လေးဖက်ထောက်ပြီး လျှောက်နေပြီဆိုကတည်းက လူတိုင်း ဒီလူ အရက်တော်တော်မူးနေပြီဆိုတာကို သိနေကြပြီဖြစ်၏။


ချန်ဟျွန်း သူ့လျှာကို ကိုက်လိုက်ကာ သူ့သူငယ်ချင်းဟောင်းဖြစ်သူ ယောလ်ကို သနားသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။ သူ စစ်တပ်ထဲကနေ ထွက်လာတာတောင် ဘယ်အချိန်မှ အရွယ်ရောက်မလဲဆိုတာကို သူ(ချန်ဟျွန်း) မပြောတတ်တော့ပေ။


ကြည့်ရတာ တစ်နေရာရာကနေ မူလီလွတ်နေတဲ့ပုံပဲ။ လူဖြစ်နေတာတောင်မှ အရက်မူးလာတာနဲ့ ခွေးတစ်ကောင်ကဲ့သို့  သူ(ယောလ်) ဖြစ်သွားသည်။


“အာ~ အရုပ်ကောက်စက် ကစားကြရအောင်လို့ ငါပြောနေတယ်လေ”


“သိပြီ သိပြီ ထတော့”


“တကယ်လား?”


“တကယ်ပေါ့”


“အာ~ ငါ့ကို ထူပေးအုံးလေ”


“မင်းကတော့ အကုန်ခိုင်းနေတော့တာပဲ”


“မဟုတ်ဘူး”


“အဲ့ဒါဆို ဘာလဲ”


“ငါက ခရမ်းသီး မဟုတ်ဘူး၊ အဲ့ဒါက အရသာ မရှိဘူး၊ ငါက သခွားသီး၊ ငါက သခွားသီးပဲဖြစ်ချင်တာ သခွားသီး...”


“ဟ... ငါ ဒီအရူးကောင်နဲ့ ဘာဆက်လုပ်ရတော့မလဲ မသိဘူး”


“သခွားသီး သခွားသီး~”


ချန်ဟျွန်း အံ့ကြိတ်လိုက်ကာ လည်ချောင်းထဲထိ ဆန်တက်လာသည့် ကျိန်ဆဲသံများကို မြိုချလိုက်သည်။ သူ အရက်မူးနေတဲ့ကောင်ကို ကျိန်ဆဲရင် သူ့လည်ချောင်းနာရုံပဲ ရှိမှာပင်။ မည်သို့ပင်ဆိုစေကာမှု အရက်မူးနေသည့် ယောလ်သည် ချန်ဟျွန်း၏အကူအညီဖြင့် မတ်တပ်ရပ်နိုင်ခဲ့၏။


ယောလ်သည် မွေးကာစသစ်ကုလားအုတ်လေးကဲ့သို့ တုန်ယင်နေကာ မတ်တပ်ရပ်နိုင်သည်နှင့် တစ်ပြိုင်နက် သူ့ရှေ့တည့်တည့်ရှိ အရုပ်ကောက်စက်ဆီသို့ လျှောက်သွားခဲ့သည်။


“ဟေး... ငါ အဲ့ဒါလည်းလိုချင်တယ် အဲ့ဒါကိုရောပဲ”


“တော်ပြီ”


“ကောင်းပြီလေ ဒါဆိုလည်း ငါ ဒီတစ်ခုကိုပဲ ယူတော့မယ်”


“မင်း မနက်ဖြန်မနက်ကျမှ ငါ တစ်ခါမှ မယူဖူးသေးတဲ့အရုပ် ငါ့ဘေးရောက်နေတယ်ဆိုပြီး ပြောရင် မင်းကို သတ်ပစ်မယ်”


“ဟုတ်ပြီ ဟုတ်ပြီ၊ ငါ့ကို ယုံပါ”


ယုံသင့် မယုံသင့် စဉ်းစားနေချိန်မှာပင် နီရဲနေသောမျက်နှာဖြင့် ယောလ်သည် သူ့ရင်ဘတ်ကို သူ ထုလိုက်ကာ “နာလိုက်တာ” ဟု အလွန်နာကျင်နေသည့်အသံ ထွက်ပေါ်လာခဲ့သည်။


ချန်ဟျွန်းသည် သူ့ကိုကြည့်လိုက်ကာ အတိတ်ဘဝတုန်းက ဘယ်လိုအရှုပ်အထွေးများ လုပ်ခဲ့မိလို့ ဒီလိုသူငယ်ချင်းမျိုးနဲ့ လာတွေ့ရတာလဲဟု တွေးမိသွားခဲ့၏။


“အာ... ဘာလို့ အရုပ်မကောက်သေးတာလဲ”


ခဏလေးအတွင်းမှာပဲ ယောလ်သည် သူ့လက်ထဲရှိ တစ်ထောင်တန်ကို ဖြုန်းတီးလိုက်ပြီးပြီ ဖြစ်၏။ မက်စ်က မျက်နှာတစ်ဝက် ဖုံးနေတာကိုပဲ ကျေးဇူးတင်ရမည်။ မျက်လုံးလေးပဲ ပေါ်တာတောင်မှ သူ့ရဲ့  စိတ်တိုနေသည့်အမူအရာကို ရှင်းရှင်းလင်းလင်းပင် ပေါ်လွင်စေသည်။


ယောလ်၏မျက်နှာကတော့ မိုးရေစိုနေသည့်ခွေးလေးတစ်ကောင်နှင့်ပင် တူလှပေသည်။ ချန်ဟျွန်းသည် ထိုသို့သနားစဖွယ်ကောင်းသည့် မျက်နှာလေးဖြင့် အရူးလုပ်မခံသင့်ကြောင်း တွေးနေပါသော်လည်း သူ့အိတ်ကိုဖွင့်ကာ တစ်ထောင်တန်အရွက်များကို ထပ်ထုတ်ပေးလိုက်၏။


“မင်း ပြန်လည်မွေးဖွားလာခဲ့ရင် အရုပ်ဖြစ်ပါစေလို့ ငါ ဆုတောင်းပေးတယ်၊ အဲ့ဒီတော့မှ ဆွဲထုတ်ခံရလို့ နာကျင်တဲ့ခံစားချက်ကို မင်းသိမှာ”


“ဟီးဟီး... အဲ့ဒါဆိုလည်း ကျေးဇူးတင်ပါတယ်၊ ငါ အရုပ်ဆွဲထုတ်ပြီးရင် မင်းကိုပေးမယ်”


ချန်ဟျွန်း ကျိန်ဆဲနေပါသော်လည်း ယောလ်က ရီမောကာ ချန်ဟျွန်းလက်ထဲမှ ပိုက်ဆံကို ယူလိုက်ပြီးနောက် အရုပ်ကောက်စက်ထဲသို့ ထည့်လိုက်၏။ အရက်မူးနေသော ယောလ်သည် ပစ်မှတ်ကို တည့်တည့်ကြည့်ပြီးနောက် ငြိမ်သက်သွားခဲ့သည်။ သူရဲ့ စူးရှရှအကြည့်သည် ပန်းရောင်ခေါင်းနှင့် လူပုံသဏ္ဍာန်အသွင်ရှိသည့် အရုပ်ဆီသို့ ဦးတည်နေခဲ့၏။


လူတော်တော်များများ ကြိုးစားပြီးပြီ ဖြစ်သောကြောင့် အရုပ်သည် ဖမ်းယူရန် လွယ်ကူသည့် အနေအထားတွင် ရှိနေခဲ့သည်။ ပန်းရောင်ခေါင်းဝိုင်းဝိုင်းလေးက “ငါ့ကိုရွေးပါ” ဟု ပြောနေသကဲ့သို့ပင်။ ထိုအချင်းအရာကြောင့် ယောလ် အချိန်တော်တော်များများ ကျရှုံးပြီးတာတောင်မှ ထိုအရုပ်ကိုပဲ ဦးတည်နေတာပင် ဖြစ်၏။


“အား... ရှက်စရာကောင်းလိုက်တာကွာ”


ထိုအရုပ်ကို စက်မှ ဖမ်းယူမိကာ ထွက်ပေါက်နေရာသို့ ရောက်လာပါသော်လည်း ထွက်ပေါက်ရှေ့မှာတွင် ပြုတ်ကျသွားခဲ့သည်။ ယောလ် နှမျောတသဖြစ်သွားကာ စိတ်တိုမှုကြောင့် လေထဲသို့ လက်သီးဖြင့် လှမ်းထိုးလိုက်သေး၏။


“ဟေး... မင်း မရနိုင်တော့ပါဘူးကွာ၊ အခု သွားကြစို့”


“မသွားသေးဘူး၊ အခွင့်အရေးတစ်ကြိမ်ကျန်သေးတယ်”


ချန်ဟျွန်း၏တိုက်တွန်းသံများကို လျစ်လျူရှုကာ ယောလ် နောက်ဆုံးလက်ကျန် တစ်ထောင်တန်ကို အရုပ်ကောက်စက်ထဲသို့ ထည့်လိုက်သည်။


ယောလ်သည် ဇွဲရှိရှိဖြင့် “ဒီတစ်ကြိမ်တော့ ငါ သေချာပေါက် အောင်မြင်တော့မှာ” ဟု တွေးကာ အရုပ်ကောက်စက်ထဲသို့ ဝမ်တစ်ထောင်တန် ထပ်ထည့်လိုက်သည်။ သေချာတာပေါ့ သူ့မျက်လုံးတွေကတော့ ပွင့်နေပေမဲ့ မျက်နှာကတော့ နီရဲနေသည့်အတွက် သိပ်မယုံရပေ။


“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ပန်းရောင်လေးရေ အိမ်ပြန်ကြရအောင်၊ အိမ်ကို တူတူပြန်ကြရအောင် ဟုတ်ပြီလား”


ယောလ် အရုပ်ကောက်စက်ကို တွယ်ကပ်ကာ သူ့ဘာသာသူ ပေးထားသည့် နာမည်ပြောင်လေးဖြင့် ပြောလိုက်၏။


“ရတော့မယ် ရတော့မယ်၊ ငါ အခု ခံစားမိနေပြီ အခုပဲ”


နဂိုကတည်းက သူတို့ကိုယ်သူတို့ စကားပြန်ပြောတတ်သည့်အရူးကောင်တွေသည် ကြောက်စရာအကောင်းဆုံးသူတွေဟု ပြောကြသည့်အတွက် သူ့ကိုယ်သူ စကားပြန်ပြောနေသည့် ယောလ်ကို ကြည့်ကာ ချန်ဟျွန်း စိတ်ပျက်သည့်အကြည့်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။


ထိုအခိုက်အတန့် ၌ ယောလ် အရုပ်ကောက်သည့်ခလုတ်ကို နှိပ်လိုက်ကာ အရုပ်ညှပ်တဲ့စက်သည် ပန်းရောင်လေးရှိရာဆီသို့  ဦးတည်ကာ သွားလေသည်။


“အိုး... ရတော့မယ် ရတော့မယ်”


နောက်ဆုံးတော့ ယောလ်ကို တစ်ချိန်လုံးဆွဲဆောင်နေခဲ့သည့် ပန်းရောင်လေးကို ယောလ် ရသွားခဲ့၏။ ယောလ် ပန်းရောင်လေး ပြုတ်ကျလာတာ မြင်တော့ ယောလ် ပျော်ရွှင်မှုအပြည့်ဖြင့် ထခုန်လိုက်သည်။ တစ်စုံတစ်ယောက် ခိုးသွားမှာကို စိုးရိမ်သည့်အတိုင်း အရုပ်လေးထွက်လာတာနှင့်တစ်ပြိုင်နက် သူ ချက်ချင်း ပန်းရောင်လေးကို ဆွဲယူလိုက်ကာ သူ့လက်မောင်းကြားထဲ ထည့်လိုက်၏။


“နောက်ဆုံးတော့ ငါက အရုပ်ကောက်တဲ့ နတ်ဘုရားပဲ”


“ဟေး... မင်း ဝမ်ခုနစ်ထောင်တောင် ကုန်အောင် သုံးခဲ့တာလေ”


“ရှူး... အဲ့စကားကို မပြောနဲ့”


ယောလ်သည် မျက်လုံးပြူးပြကာ ချန်ဟျွန်း၏စကားကို ဖြတ်လိုက်သည်။ တကယ်တော့လည်း သူ့မျက်လုံးထဲတွင် ချိန်းခြောက်မှု တစ်စုံတစ်ရာမှ မပါခဲ့ပေ။


“ပန်းရောင်လေး ပန်းရောင်လေး... ငါ မင်းကို ကောင်းကောင်းဂရုစိုက်ပေးမယ်”


“မင်း တကယ့်ကို ရူးနေတာပဲ”


ချန်ဟျွန်းရဲ့ ဆူပူကြိမ်းမောင်းသံကို ကြားသော်လည်း ယောလ်ကတော့ ရီနေတုန်းမျှသာ။ 


“တွေ့တယ်မလား.. မင်း တွေ့ပြီမလား လူကြီးလူကောင်းကြီးရဲ့ ၊ ဒီဟာက ဝိုး!”


ယောလ်သည် စစ်ပွဲကို နိုင်လာသည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ ပျော်ရွှင်မှုအပြည့်ဖြင့် အရုပ်လေးကို ပစ်မြှောက်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို ဟန်ချက်မထိန်းနိုင်တော့ဘဲ နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်မိကာ လဲကျသွားခဲ့သည်။


အရက်မူးနေသည့်အတွက်ကြောင့် သူ့ခန္ဓာကိုယ် လဲကျသွားပြီး သူ့ ဦးခေါင်းနှင့် ကြမ်းပြင် ရိုက်ခတ်မိသွားတာကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။


“ဟေး ဟေး! ဘတ်ယောလ်! ဘတ်ယောလ် မင်းအဆင်ပြေရဲ့လား၊ မျက်လုံးဖွင့်ကြည့်ပါအုံး”


သူ့သူငယ်ချင်း ချန်ဟျွန်း၏အသံသည် တဖြေးဖြေး တိုးသွားခဲ့သည်။ ယောလ် ခုခံနိုင်စွမ်း မရှိတော့ဘဲ သူ့မျက်ခွံတွေ တဖြေးဖြေး မှိတ်သွားခဲ့၏။

-------------------


“အာ့....”


ယောလ် မျက်လုံးပြန်မဖွင့်ခင် အရက်ဒဏ်ကို ခံစားလိုက်ရ၏။ သူ မနေ့က အရက်ကို အရူးအမူး သောက်ခဲ့လို့ဖြစ်မည်။ ခဏခဏ မဟုတ်ရင်တောင် တစ်လကို တစ်ကြိမ်တော့ အရမ်းဆိုးဝါးတဲ့ အရက်နာကျခြင်းနှင့် နောင်တတရားကို အမြဲခံစားရလေသည်။


ရူးနေတဲ့ကောင်... ငါ ထပ်ပြီးတော့ လုပ်မိပြန်ပြီ...


ယောလ် အရူးတစ်ယောက်လို အရက်သောက်မိတဲ့အတွက် လတိုင်း အမြဲလိုလို နောင်တတရားများဖြင့် နိုးထခဲ့ရသည်။


“အာ... မင်းက ဘယ်သူလဲ၊ မနေ့ညက ငါ ကောက်လာမိတဲ့ သူငယ်ချင်းလေးလား”


သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ ပထမဆုံး မြင်မိတာက သူ အရင်က တစ်ခါမှ မမြင်ခဲ့ဖူးသည့် အရုပ်လေးဖြစ်နေသည်။ ထိုအရုပ်လေးသည် ပန်းရောင်ဆံပင်နှင့် ကြယ်ကဲ့သို့ အပြာရောင်မျက်လုံးများ ရှိသော လူပုံသဏ္ဍာန်အရုပ်ပိစိလေးဖြစ်၏။


သူ အရက်မူးလာတိုင်း အရုပ်ကောက်စက်နှင့် ကစားတတ်သည့်အတွက် သူ မနေ့ညက တစ်ခုခုလုပ်မိတာပဲ ဖြစ်မည်ဟု တွေးကာ ပြုံးလိုက်မိသော်လည်း တစ်ခုခု ထူးဆန်းနေတာကို သတိပြုမိသွားခဲ့သည်။


“ခဏနေပါအုံး... ဘာလို့ အများကြီးလဲ”


အရုပ်ပေါင်းဒါဇင်နဲ့ချီတဲ့ အရုပ်ပေါင်းများစွာဟာ သူ့ဘေးနားမှာ ရှိနေခဲ့၏။ သူ အရုပ်ကိုသာ အာရုံစိုက်မိနေသည့်အတွက်ကြောင့် အစက သတိမပြုမိခဲ့ပါသော်လည်း သေချာကြည့်လိုက်တော့မှ ထိုအရုပ်ပေါင်းများစွာ ရှိသည့်နေရာသည် သူ့အခန်းနှင့်မတူပေ။ ကြည့်ရတာ ဒီအခန်းတစ်ခုလုံးက သူ့အခန်း မဟုတ်သကဲ့သို့ပင်။


ယောလ် သူ့မျက်လုံးကို ပွတ်သပ်လိုက်သည့်အခါ တစ်ခုခု မှားနေကြောင်းကို သတိပြုမိသွားသည့်အတွက် ရပ်တန့်လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် နူးညံ့သည့် အထိအတွေ့ကြောင့်ပင် ဖြစ်သည်။


ယောလ် သူ့လက်ကိုကြည့်ကာ အံ့ဩစွာဖြင့် အော်လိုက်မိသည်။


“ဘ.. ဘာ.. ဘာကြီးလဲ?”


လက်ဆယ်ချောင်းရှိနေရမည့်အစား နူးညံ့သည့် ဝါဂွမ်းလုံးလေး နှစ်လုံးသာ ရှိနေခဲ့ခြင်းပင် ဖြစ်သည်။