Chapter 2
ဘာတွေဖြစ်နေတာလဲ။
ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။
ထိုအတွေးတို့သည် သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါတွေးနေမိလေသည်။ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ သဲသဲကွဲကွဲ မသိနိုင်သော်လည်း လူသားတို့၏ အရင်းခံဗီဇများထဲမှ တစ်ခုဖြစ်သည့် "တစ်ခုခု တော့ ထူးဆန်းနေပြီ" ဟူသော ခံစားမှုလေးတော့ ခံစားနေခဲ့ရသည်။
စိတ်လျှော့ စိတ်လျှော့ ကိုယ့်ဘာသာ ဆွဲစိတ်ကြည့်တာတော့ နာလည်းမနာပါဘူး။ ဘုရားကို ကျေးဇူးတင်လိုက်တာနော်။ ငါ မူးမနေသေးဘူး….ခဏ၊ ဟင့်အင်း ကိုယ့်ဘာသာကိုယ် ဆွဲစိတ်လို့မရဘူးလေ။
စိတ်ငြိမ်သက်အောင် ကြိုးစားနေသော ယောလ်သည် သူ့ ပါးလေးကို ဆွဲစိတ်၍မရနိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူ့တွင် လက်ချောင်းများ မရှိသောကြောင့်ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားပြန်တော့သည်။
ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်သော်အခါတွင်လည်း သူနှင့်ဆင်တူသည့် ဂွမ်းရုပ်လေးများသာ တန်းစီထိုင်နေကြပြီး သူ သိရှိနိုင်မည့် သဲလွန်စတစ်ခုမျှ မရှိချေ။
ယောလ်သည် သူ့လက်ဗလာများကို အမှုအရာမဲ့စွာ ကြည့်နေခဲ့ရင်းဖြင့် သူထိုင်နေရာမှ ထလိုက်သည်။ သူ တစ်ခုခု လုပ်ရမည်။
မှန်ထဲမှာ သူ့ကိုယ်သူ ပြန်ကြည့်ရမလား ဒါမှမဟုတ် သူ ဘယ်ရောက်နေတာလဲဆိုတာ ရှာရမလား။
ဘာ… ဘာလို့ ဒီလောက်တောင် မြင့်နေရတာလဲ။
ယောလ်၏ လေဟုန်ဆန်သော ခြေလှမ်းများလှမ်းအပြီး ခဏအကြာတွင် ရပ်တန့်သွားသည်။ သူသည် သူ့ရှေ့ရှိ အရုပ်လေးများကဲ့သို့ စင်ပေါ်တွင် ရောက်နေကြောင်း သဘောပေါက်လိုက်သောကြောင့်ပင်ဖြစ်သည်။ စင်အစွန်းမှ ဆင်းရန် ကြိုးစားလိုက်သောအခါ မတ်စောက်သော ချောက်ကမ်းပါးပေါ် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
စဉ်းစားကြည့်လျှင် ကုလားထိုင်များနှင့် စားပွဲများသာမက အဝေးမှ မြင်နေရသော တံခါးများပင် ကြီးမားလွန်းနေသည်။
သူ ဧရာမလူကြီးတွေ နေတဲ့ နိုင်ငံကို ရောက်လာတာလား ဒါမှမဟုတ် သူကိုယ်တိုင် ကလေးလေး ဖြစ်သွားတာလား မသိဘူး။
မဖြစ်နိုင်တာ... လုံးဝ မဟုတ်ဘူးနော်။
ပတ်ပတ်လည်ရှိ အရုပ်လေးများကို မြင်လိုက်ရသောအခါ ယောလ်သည် သူ၏ ကြောက်စရာကောင်းသော အတွေးပိစိလေးများကို ဖြေလျှော့လိုက်သည်။ သူသည် အရုပ်လေးများအထဲမှ အရုပ်တစ်ရုပ်အဖြစ်သို့ ပြောင်းလဲသွားကြောင်း တွေးလိုက်မိသောကြောင့်ပင်ဖြစ်သည်။
ဟုတ်တယ် မဖြစ်နိုင်ဘူး ဒီကနေ ဘယ်လိုဆင်းရမလဲဆိုတာ စဉ်းစားကြည့်ရအောင်။
ယောလ်သည် စင်အောက်ခြေသို့ ငုံ့ကြည့်ပြီး တံတွေးများ မျိုချလိုက်သည်။ ဒီစင်အစွန်းမှ တစ်ခါဆင်းပြီးလျှင် သူ တစ်ခုခု လုပ်ရတော့မည်။ သို့သော် တိုက်ရိုက်ခုန်ချလိုက်ပါက အနည်းဆုံးတော့ အရိုးကျိုးသွားနိုင်ပေသည်။
ယောလ် ခဏတာ ဒုက္ခရောက်နေခဲ့သော်လည်း သူ၏ မျက်လုံးလေးများက ပြန်လည် တောက်ပလာခဲ့သည်။
ဝူး... Fuck။ ခက်သားပဲနော်။
ယောလ်သည် နာကျင်ဟန် အသံလေးတစ်သံပြု၍ သူ့အရွယ်အစားလောက်ရှိသော အရုပ်တစ်ရုပ်ကို ဆွဲကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထိုအရုပ်သည် ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး သေးငယ်သည့် "ဒုန်း" ဟူသော အသံ ထွက်ပေါ်လာသည်။ ထိုအရာကို မြင်သောအခါ ယောလ်သည် ခေါင်းကို ပြတ်ပြတ်သားသား ငြိမ့်လိုက်သည်။
ဟုတ်ပြီကွ။
အရုပ်တစ်ရုပ်ကို ပစ်ချပြီးနောက် ယောလ်သည် နောက်ထပ်အရုပ်တစ်ရုပ်ကို ဆွဲယူလိုက်သည်။ သူသည် အရုပ်များကို အထပ်လိုက် စီကာ မွေ့ရာတစ်ခု ပြုလုပ်ရန် စဉ်းစားလိုက်ခြင်း ဖြစ်၏။ အရုပ်များမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသည်ထက် ဝါဂွမ်းပုံပေါ်သို့ ပြုတ်ကျခြင်းသည် အဆပေါင်းတစ်ရာ ပိုမိုကောင်းမွန်မည်ဟု သူ တွေးလိုက်မိသောကြောင့်ပင်ဖြစ်သည်။
တစ်၊ နှစ်၊ သုံး၊ လေး... တစ်ဆယ်... သူသည် အရုပ်များစွာကို စုပုံထားသဖြင့် ထပ်မံမရေတွက်နိုင်တော့ချေ။
စင်ပေါ်တွင် ကျန်ရှိနေသော နောက်ဆုံးအရုပ်ကို ပစ်ချပြီးနောက် ထူထဲပြီး လုံခြုံသည်ဟု ထင်ရသော အရုပ်မွေ့ယာတစ်ခု ပြီးစီးသွားခဲ့သည်။
ဟူး... ဘတ်ယောလ်၊ မင်း လုပ်နိုင်ပါတယ်။
လုံခြုံရေးကိရိယာကို ပြုလုပ်ပြီးစီးသော်လည်း စင်၏ အမြင့်မှာ အလွန်မြင့်မားဆဲပင်။ အရိုးကျိုးခြင်းကို ရှောင်လွှဲနိုင်ခဲ့သော်လည်း အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလှ၏။
ယောလ်သည် တဒိတ်ဒိတ်ခုန်နေသော သူ့နှလုံးသားပေါ်သို့ လက်လေးဖြင့် ပုတ်လိုက်သည်။
စိတ်အေးအေးထား နှလုံးသားလေး၊ အရမ်း စိတ်လှုပ်ရှားမနေနဲ့။
ကောင်းပြီ၊ ပြေး၊ တစ်၊ နှစ်၊ သုံး….
ကလင်~
သူ "အဆင်သင့်" ဟု ပြောတော့မည့်အချိန်တွင် ခေါင်းလောင်းသံ ခပ်တိုးတိုးဖြင့် တံခါးသည် ပွင့်လာခဲ့သည်။ အံ့သြသွားသော ယောလ်သည် ရေခဲရုပ်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
“ဒီမှာ ဘာဖြစ်ခဲ့တာလဲ၊ ဦးလေး … ဦးလေးဗန်ဒါ”
တံခါးကို ဖွင့်လိုက်သူမှာ ခန့်ညားသော လူငယ်တစ်ဦးဖြစ်ပြီး အနီရောင်ညိုရောင်ဆံပင်၊ ဖြူဖျော့သော အသားအရေနှင့် တောက်ပသော အစိမ်းရောင်မျက်လုံးများ ရှိလေသည်။
ထို့အပြင် သူသည် အလွန်ကြီးမားလှသည်။ သို့မဟုတ် ယောလ်နှင့် နှိုင်းယှဉ်လျှင် အလွန်ကြီးမားနေခြင်း ဖြစ်ပေမည်။
ကြီးမားသည်ဟု ထင်ရသော ကုလားထိုင်များနှင့် စားပွဲများသည်လည်း သူ့အတွက် အံဝင်ခွင်ကျပင် ဖြစ်ဟန်တူသည်။
ကြီးမားလှသော ထိုလူကို မြင်လိုက်ရသောအခါ ယောလ်သည် ရုတ်တရက်ပင် မလှုပ်ရှားသင့်ကြောင်း ခံစားလိုက်ရသည်။ ကောင်းသောအရာတစ်ခုမှ ဖြစ်လာမည် မထင်ရပေ။
"ဦးလေး ဗန်ဒါ အထဲမှာ ရှိလား၊ ညက ငလျင်လှုပ်သွားတာလား ဟင်"
မဖြစ်ဘူး!
ထိုလူသည် ယောလ် ကြိုးစားစုဆောင်းထားသည့် ခွန်အားများကို စုစည်းပြီး စင်ပေါ်မှ ပြုတ်ကျနေသော အရုပ်များကို တစ်ရုပ်ပြီးတစ်ရုပ် ကောက်ယူ၍ စင်ပေါ်တွင် ပြန်တင်လိုက်သည်။ ယောလ်သည် ထိုအခြေအနေကို မြင်သော် ဝမ်းနည်းပူဆွေးသွားရသည်။ သို့သော် ကံကောင်းစွာပင် သူ့ခန္ဓာကိုယ်ထက် ဆယ်ဆကြီးမားသော လူတစ်ဦးရှေ့တွင် အော်ဟစ်ခြင်းကဲ့သို့သော မိုက်မဲသည့် လုပ်ရပ်ကို သူ မလုပ်ခဲ့ပေ။
"လယ်ဗီ၊ မင်း ရောက်နေတာလား"
"ဟုတ်ကဲ့ ဦးလေး ဗန်ဒါ၊ အရုပ်လေးတွေ ပြုတ်ကျနေလို့ ဘာလို့လဲမသိဘူးနော်”
"ဘာ မဟုတ်တာ၊ ဘာဖြစ်တာလဲ"
"ဒါကိုပဲ ကျွန်တော် မေးနေတာလေ”
မျက်နှာချင်းဆိုင်စင်အတွင်းရှိ တံခါးပွင့်လာပြီး အသက်အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။ လယ်ဗီနှင့်ဆင်တူသော နီညိုရောင်ဆံပင်ကောက်ကောက်ရှိပြီး အသက်ငါးဆယ်နှောင်းပိုင်းအရွယ် ဖြစ်ဟန်တူသည်။ လယ်ဗီကဲ့သို့ပင် ဗန်ဒါသည် ကိုရီးယားလူမျိုး မဟုတ်ဟန်တူပေ။
ဗန်ဒါ၊ လယ်ဗီ။ အလွန်ထူးဆန်းသော အမည်များသည် ယောလ်၏ စိတ်ထဲသို့ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေသည်။
လယ်ဗီ… လယ်ဗီ ထိုအမည်သည် တစ်နေရာမျှ ရင်းနှီးမှုမရှိသော နာမည်တစ်ခုပင်ဖြစ်သည်။ ယောလ်သည် မျက်မှောင်ကြုတ်လိုက်ပြီး အတွေးထဲသို့ နစ်မြုပ်သွားတော့သည်။
လယ်ဗီ.. ဒီနာမည်ကို ဘယ်မှာများ ကြားဖူးပါလိမ့်။
“ဒါနဲ့ လယ်ဗီ၊ အခုရက်ပိုင်း မြို့စားကြီးကြောင့် မင်း အလုပ်များနေတယ်လို့ ကြားမိတယ်၊ နေကောင်းရဲ့လား"
ယောလ်၏ မျက်ခုံးများသည် ဗန်ဒါ၏ စကားများကြောင့် ပိုမိုနက်ရှိုင်းလာသည်။ သူသည် လယ်ဗီနှင့်အတူ ပြုတ်ကျခဲ့သော အရုပ်များကို သန့်ရှင်းရေးလုပ်နေဆဲပင်ဖြစ်သည်။ လယ်ဗီ နှင့် မြို့စားကြီး။ ထိုဝေါဟာရအားလုံးသည် ရင်းနှီးမှုမရှိသော အရာများတော့ မဟုတ်ပေ။
ဤသည်မှာ အလွန်ထူးဆန်းသည်။ သူ စိတ်ကူးယဉ်ဝတ္ထုများတွင်သာ မြင်ဖူးခဲ့ခြင်း ရှိမရှိ မသိသော်လည်း လက်တွေ့ဘဝတွင်မူ သူ မမှတ်မိပေ။
"မေးမနေပါနဲ့တော့ဗျာ၊ ညတိုင်း အိပ်ခါနီးရင် မနက်ဖြန် မရောက်ပါစေနဲ့လို့ ဆုတောင်းနေရတာ”
"ဒါပေမဲ့ မင်း အချိန် ဘယ်လိုရလဲ၊ ဒီအထိ တကူးတက လာခဲ့ရတာ မဟုတ်လား"
"ဒီနေ့ ကျွန်တော် မြို့စားကြီးကြောင့် ဒီကို ရောက်လာတာ”
"မြို့စားကြီးက အရုပ်တွေကို စိတ်ဝင်စားလို့လား”
"သူ့လိုလူက ဘာကိုများ စိတ်ဝင်စားမှာလဲ”
လယ်ဗီသည် ဗန်ဒါကို ပေါ့ပေါ့ပါးပါး ပခုံးတွန့်ပြပြီး ရယ်မောနေသော ဗန်ဒါကို လှမ်းကြည့်လိုက်သည်။
"အင်း၊ မြို့စားကြီး အိုလော့က က ဘာကိုမှ စိတ်မဝင်စားဘူးထင်ပါတယ်ဗျာ"
မြို့စားကြီးအိုလော့ တဲ့လား။
သူ ထိုအမည်ကို ကြားလိုက်သည်နှင့် ယောလ်၏ မျက်လုံးလေးများ ပြူးကျယ်သွားသည်။
လယ်ဗီ၊ မြို့ကြီးအိုလော့။
ထိုအမည်နှစ်ခုကို အတူတကွ မှတ်မိလိုက်သည်နှင့် မေ့လျော့နေသော မှတ်ဉာဏ်တစ်ခု စိတ်ထဲသို့ ရောက်ရှိလာသည်။
ယောလ်သည် ဘွဲ့ရကျောင်းသားဘဝ၌ Walking Dead မဖြစ်ခင် ကောလိပ်ကျောင်းသားဘဝတွင် အားလပ်ချိန်များစွာ ရှိခဲ့သည်။ ထိုအချိန်တွင် သူသည် စိတ်ကူးယဉ်ဝတ္ထုများစွာကို ဖတ်ရှုခဲ့သူတစ်ဦး ဖြစ်ပေသည်။ ထို့အပြင် အကြောင်းအရာမျိုးစုံ ဖတ်ရှုတတ်သော စိတ်ကူးယဉ်ဝတ္ထုဖတ်ရှုသူတစ်ဦးဖြစ်သည့် သူသည် "သွေးနီရောင် ထောင်" ဟု အမည်ရသော ရူးသွပ်စရာကောင်းသည့် ဝတ္ထုတစ်အုပ်ကို ဖတ်ဖြစ်ခဲ့သည်။
၎င်းတွင် 19+ အညွှန်းပါရှိသော်လည်း သူသည် စိတ်ကူးယဉ်ဝတ္ထုမျိုးစုံနှင့် 19+ စိတ်ကူးယဉ်ဝတ္ထုများကို ဖတ်ဖူးပြီးဖြစ်ရာ မျှော်လင့်ချက်များစွာဖြင့် စတင်ဖတ်ရှုခဲ့ပေသည်။
သို့သော် ထိုဝတ္ထုသည် အမျိုးသားနှစ်ဦးတို့ သာမန်မဟုတ်သော ဆက်ဆံရေးရှိသည့် ဝတ္ထုတစ်အုပ်ပင် ဖြစ်သည်။
ထိုသူနှစ်ဦးထဲမှ တစ်ဦးမှာ စိတ်လွတ်နေသော လူဆိုးတစ်ဦးဖြစ်သည်။ ထို့ကြောင့် မြို့စားကြီးအိုလော့သည် ထိုရူးသွပ်သော လူဆိုးပင် ဖြစ်သည်။ ယောလ်သည် ထိုကဲ့သို့သော လူဆိုးကို “Yandere" ဟု ခေါ်ကြောင်း နောက်မှ သိရှိခဲ့ရသည်။
မြို့စားကြီးအိုလော့သည် အစကတည်းက ရူးသွပ်သူတစ်ဦး မဟုတ်ခဲ့သည်မှာ သေချာပေသည်။ သူ၏ အကူအညီပေးသူမှာ အလုပ်မှ နုတ်ထွက်တော့မည်ဟု ပြောသောအခါ၌ သူသည် အနည်းငယ် အေးစက်ပြီး စကားများလာကာ ရူးသွပ်သည့် လက္ခဏာများ ပြသလာခဲ့သည်။ ထိုအခါမှ သူသည် သူ၏ အကူအညီပေးသူကို ကြိုက်နှစ်သက်ကြောင်း သဘောပေါက်သွားပြီး ရက်စက်ကြမ်းကြုတ်သော ရူးသွပ်သူတစ်ဦး ဖြစ်လာခဲ့သည်။
တစ်ဖက်လူ၏ ကျန်းမာသန်စွမ်းသော ခြေကျင်းဝတ်ကို ချိုးပြီး ကြိုးတုပ်ကာ သူ့ကို ချုပ်ထားရုံသာမက အစာရေစာပါ အငတ်ထားသည်အထိ လုပ်ခဲ့သည်။ မြို့စားကြီးအိုလော့ထံမှ ထွက်ပြေးရန် အားထုတ်ပြီးနောက် သမိုင်းတွင် ပုံမှန်အားဖြင့် သူ့ကို တန်ဖိုးထားခဲ့သော ဧကရာဇ်ထံသို့ သွားရောက်ကာ ပုန်ကန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအချစ်ရေးထဲသို့ ပါဝင်ပက်သက်နေသူမှာ ယောလ်၏ ရှေ့မှ လူ လယ်ဗီပင် ဖြစ်သည်။ ဆိုလိုသည်မှာ ယောလ်ရောက်ရှိနေသော ဤကမ္ဘာသည် "သွေးနီရောင် ထောင်" ဝတ္ထုပင်ဖြစ်ပေသည်။
သူသည် စိတ်ကူးယဉ်ဝတ္ထုများစွာတွင် ဖတ်ဖူးခဲ့သောကြောင့် ဒိုင်မင်းရှင်း ပြောင်းလဲမှု (Dimensional Shift) ကို လက်တွေ့ကျကျ လက်ခံနိုင်ခဲ့သည်။
လက်တွေ့ကို သိရှိပြီးနောက် သူသည် ရှုပ်ထွေးမှု အနည်းငယ်သာ ရှိတော့သည်။ အနည်းဆုံးတော့ သူသည် ဤကမ္ဘာမှာ မည်သို့သော ကမ္ဘာမျိုးဖြစ်သည်ကို သိရှိရခြင်းအတွက် ကံကောင်းလှသည်ဟု တွေးမိသည်။
ပထမဆုံးအနေဖြင့် သူသည် အဓိက ဇာတ်ဆောင်နှစ်ဦးဖြစ်သော မြို့စားကြီး အိုလော့နှင့် လယ်ဗီတို့နှင့် မပတ်သက်သင့်ပေ။ လယ်ဗီ၏ မျက်နှာကို ကြည့်လိုက်သောအခါ မြို့စားကြီးသည် သူ၏ နှလုံးသားကို သဘောမပေါက်သေးကြောင်း ထင်ရှားလှသည်။
သူ့အပေါ် မမျှတခြင်းများ ဖြစ်ခဲ့သောကြောင့် လယ်ဗီအတွက် စိတ်မကောင်းပေ။ သို့သော် သူသည် မူလ ကတည်းက ကြေကွဲဖွယ်ရာ ဇာတ်ကောင်တစ်ဦးအဖြစ် ဖန်တီးခံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယောလ်သည် ဝထ္ထုရေးသားသူအား စိတ်နာပြီး သူ၏ မူလကမ္ဘာသို့ ပြန်နိုင်ရန်နည်းလမ်းကို ရှာဖွေရုံသာ တတ်နိုင်ခဲ့သည်။
"အချိန်ပြည့်တော့မယ် ဦးလေးဗန်ဒါ၊ ဒါလေးကို ကျွန်တော်ယူသွားလိုက်မယ်နော်"
"ဟုတ်ပြီ"
ဟင်!
ရား၊ ဒီကောင်ကတော့။
အဓိက ဇာတ်ဆောင်နှစ်ဦးနှင့် ပတ်သက်ခြင်းမပြုရန် ကတိပြုထားသော်လည်း လယ်ဗီမှ ယောလ်ကို ရုတ်တရက် ကောက်ကိုင်လိုက်သည်။ ထိုတစ်ခဏတွင် ယောလ်သည် သူ့လက်ထဲမှ ရုန်းကန်နေခဲ့ရသည်။
" ဦးလေးဗန်ဒါ၊ ဒါလေး ခုနက လှုပ်သွားတာ မဟုတ်လား”
"ဟမ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ လယ်ဗီ မင်း ပင်ပန်းနေပြီ ထင်တယ်၊ အရုပ်က ဘယ်လိုလုပ် လှုပ်ရှားနိုင်မှာလဲ”
"ဟုတ်သားနော် အရုပ်က မလှုပ်ရှားနိုင်ဘူးပဲ၊ ကျွန်တော် အမြင်မှားတာပဲ ဖြစ်ရမယ်"
သူတို့သည် ယောလ်ကို "အရုပ်" ဟု နှစ်ကြိမ်တိုင်တိုင် ခေါ်ဆိုခဲ့ကြသည်။
အရုပ်များစွာ ဝန်းရံထားခြင်း၊ သူ့လက်များမှာ ဝါဂွမ်းနုနုလုံးများ ဖြစ်နေခြင်းတို့ကြောင့် သူသည် သူ့ကိုယ်သူ အရုပ်တစ်ရုပ် ဖြစ်လာခဲ့သည်ဟု ဝိုးတဝါး သံသယဝင်မိသည်။ သူသည် ဤဖြစ်တည်မှုကို လက်မခံချင်သောကြောင့် မတွေးရန် ကြိုးစားခဲ့ရသည်။
သို့သော် ယခုမူ သူသည် အမှန်တရားကို ဝန်ခံရတော့မည်။
သူက "သွေးနီရောင် ထောင်" ဆိုတဲ့ ကျက်သရေမရှိတဲ့ ဝတ္ထုထဲက ဂွမ်းရုပ်လေးတစ်ရုပ် ဖြစ်နေတယ်ဆိုတာကိုပေါ့။
ငါက အရုပ် ဟုတ်လား ပြီးတော့ yandere ဇာတ်လိုက်ပါတဲ့ ဝတ္ထုထဲက အရုပ်တစ်ရုပ်။
သူ့ သူငယ်ချင်း ချန်ဟျွန်း၏ ကျိန်ဆဲခဲ့သော စကားများသည် သတိပေးနေသကဲ့သို့ပင် နားထဲကြားယောင်လာလေသည်။
"မင်း ပြန်ပြီး မွေးဖွားလာရင် အရုပ်တစ်ရုပ်ဖြစ်ပါစေလို့ ငါ ဆုတောင်းပေးမယ်၊ အဲဒါမှမင်း အဆွဲခံရတဲ့ ဒဏ်ကို ခံစားရမှာ”