Chapter 3
လယ်ဗီဆိုတဲ့ အမှိုက်လိုကောင်ကတော့ အိတ်တစ်လုံးတောင် မပါပဲ ဒီအတိုင်း လျှောက်သွားနေတာလား။ အနည်းဆုံးတော့ အရုပ်လေးကို စက္ကူအိတ်ထဲ ဒါမှမဟုတ်ရင်လည်း တစ်ခုခုထဲ ထည့်ပြီး သယ်သင့်တာ မဟုတ်ဘူးလား။
သို့သော် ယခုမူ သူသည် ယောလ်၏ ပန်းရောင်ဆံပင်သေးသေးလေးများကို လက်ဖြင့် စု၍ ဆွဲကိုင်ထားခဲ့သည်။ ယောလ်မှာ သူ့ဆံပင်များ ရုတ်တရက် အဆွဲလိုက်ရသဖြင့် လယ်ဗီအပေါ် မကျေမနပ်ဖြစ်ကာ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
"မေမေ၊ ဒါ အန်နာဘဲလ် ရဲ့ သူငယ်ချင်းလေးလား"
"ဟုတ်တယ်၊ အန်နာဘဲလ်လေးရဲ့ သူငယ်ချင်းလေး"
အီး သောက်ကလေး ဘာတွေပြောနေတာလဲ။ မင်း ငါ့ကို အန်နာဘဲလ် ရဲ့ သူငယ်ချင်းလေးလို့ ခေါ်လိုက်တာလား။ လုံးဝ မဟုတ်ဘူးနော်။
ငါးနှစ်၊ ခြောက်နှစ်ခန့်ရှိပုံရသော ကလေးမလေးတစ်ဦးမှာ သူ့အား လက်ညှိုးထိုး၍ ပြောလိုက်သည့် စကားကြောင့် ယောလ်မှာ ထိတ်လန့်သွားရသည်။ ကလေးမလေး ပြောသော အန်နာဘဲလ်သည် horror ရုပ်ရှင်ထဲမှ အရုပ်မဟုတ်သည်ကို သိသော်လည်း ကလေးမလေး ကိုင်ထားသော အရုပ်၏အမည်မှာ အန်နာဘဲလ် ဖြစ်သောကြောင့် သူ အနည်းငယ် လန့်သွားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
"အန်နာဘဲလ် ရဲ့ သူငယ်ချင်းလေးရေ၊ တာ့တာနော်”
ထိုကလေးမလေးသည် သူမလက်ထဲရှိ အရုပ်၏လက်ကို ဝှေ့ယမ်းကာ သူ့အား နှုတ်ဆက်နေသည်။ ယောလ်မှာ မသိစိတ်မှ ထိုနှုတ်ဆက်မှုကို လက်ခံလုနီးပါး ဖြစ်သွားသည်။ လက်ခံလိုက်ပါက အန်နာဘဲလ်၏ သူငယ်ချင်းအစစ်အမှန် ဖြစ်သွားမည်ကို စဉ်းစားမိသောအခါ ကြောက်စရာကောင်းသည့် အခြေအနေကြောင့် ယောလ်မှာ စိတ်ပြန်ထိန်းလိုက်ရသည်။
တစ်ဖက်တွင်မူ လယ်ဗီသည် ယောလ်၏ ခေါင်းကို ဆက်ကိုင်ထားဆဲပင်ဖြစ်သည်။
လွှတ်စမ်း အမှိုက်ကောင်ရဲ့၊ ငါ့ဆံပင်တွေတော့ အကုန်ကျွတ်ကုန်တော့မှာပဲ။
ယောလ်၏ ဦးခေါင်းမှာ အဝတ်စတစ်ခုဖြင့် တစ်ဆက်တည်း ချုပ်ထားသော ဦးခေါင်းဖြစ်ပြီး ဆံပင်များ ကျွတ်စရာအကြောင်း မရှိချေ။ သို့သော်လည်း အရုပ်၏ ခန္ဓာကိုယ်နှင့် အသားမကျသေးသော ယောလ်မှာ ဆံပင်ကျွတ်မည်ကို အစောကတည်းကပင် စိုးရိမ်ပူပန်နေတော့သည်။
ဝိုး အမှိုက်လိုကောင်က ယဉ်ကျေးမှုမရှိပါ့လား။ ဟူး ထားပါတော့ တတ်နိုင်တာလည်း ရှိမှ မရှိတော့တာ။
လယ်ဗီ သူ့ဆံပင်ကို မလွှတ်သေးသောကြောင့် ယောလ်မှာ အသံထွက်၍ ဆဲလုနီးပါးပင် ဖြစ်နေသည်။ သူ့စိတ်ထဲတွင် မကြားနိုင်သော ဆဲဆိုသံများဖြင့် ကျိန်ဆဲနေမည့်အစား ထိုအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းရှာခြင်းမှာ ပို၍လက်တွေ့ကျပေလိမ့်မည်။
သူ့တွင် ရွေးချယ်စရာ နှစ်ခု ရှိလေသည်။
(၁) သူသည် အရုပ်တစ်ရုပ်အဖြစ် ဟန်ဆောင်၍ အခွင့်အရေးရလျှင် ထွက်ပြေးမည်။
(၂) လယ်ဗီကို လန့်သွားစေရန် ထင်ထင်ရှားရှားပင် လှုပ်ရှားပြောဆိုကာ သူ့အား စွန့်ပစ်၍ ထွက်သွားစေမည်။
ယောလ်သည် ရွေးချယ်စရာ နှစ်ခုအား ရွေးချယ်ရန်အတွက် ဆုံးဖြတ်ချက်ချနေသော်လည်း လယ်ဗီ၏ လက်ထဲမှ သူ့ခေါင်းသေးသေးလေးမှာမူ လွတ်မြောက်ခြင်းမရှိသေးပေ။
နံပါတ် (၁) သည် ဘေးကင်းသော်လည်း ဤသေးငယ်လှသော ခြေတိုတိုလေးများဖြင့် တိတ်တဆိတ် ထွက်ပြေးရန် မလွယ်ကူလှချေ။
နံပါတ် (၂) မှာမူ ထွက်ပြေးရန် အားစိုက်ထုတ်ဖို့ရာ မလိုအပ်ပေ။ အကြောင်းမှာ လယ်ဗီဘက်မှစ၍ သူ့ကို အရင်ဆုံး စွန့်ပစ်လိုက်မည်ဖြစ်သော်လည်း ဆိုးကျိုးများ ရှိနိုင်သည်။
ဥပမာအားဖြင့် သူသည် နတ်ဆိုးဝိညာဥ်ပူးခံထားရသော အရုပ်တစ်ရုပ်ဟု အထင်မှားကာ အပနှင်ခြင်းကဲ့သို့သော ကိစ္စများ ဖြစ်လာနိုင်သည်။ သို့မဟုတ် အန်နာဘဲလ် အရုပ်ကဲ့သို့ ပြသခြင်းခံထားရပြီး ကံမကောင်းလျှင် ခေါင်းကို ဖြုတ်၍ မီးရှို့ခြင်းခံရနိုင်သည်။
မည်သို့ပင်ဖြစ်စေ သူ စိတ်ကူးယဉ်ကြည့်၍ပင် မရနိုင်သော ကြောက်မက်ဖွယ်ရာ ကိစ္စများ ဖြစ်လာနိုင်သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ယောလ်သည် အန္တရာယ်များသော (၂) ကို ချန်၍ (၁) ကိုသာ သဘာဝအတိုင်း ရွေးချယ်လိုက်သည်။
အိုကေ၊ ငါက သေးသေးလေးဆိုတော့ သူတို့ သတိထားမိမှာ မဟုတ်ဘူး၊ အဆင်ပြေတဲ့ အချိန်ရောက်တာနဲ့ ထွက်ပြေးပစ်မယ်။
အရုပ်အဖြစ် ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ယောလ်သည် သူ့ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ဆန့်ထုတ်လိုက်သည်။ မျက်လုံးထဲမှ စိတ်အားထက်သန်မှုများကို ဖျောက်ပြစ်လိုက်ကာ ပြီးပြည့်စုံသော အရုပ်တစ်ရုပ်အဖြစ် သရုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားတော့သည်။
ထို့နောက် လယ်ဗီသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လှည်းတစ်စီးမှာ သူ့အနီးသို့ ချဉ်းကပ်လာခဲ့သည်။ မြင်းခွာသံများ ပို၍ကျယ်လောင်လာပြီးနောက် သူ့ရှေ့တွင် ရပ်တန့်သွားတော့သည်။
ခမ်းနားထည်ဝါသော ရထားလုံးထဲမှ လူသည် သူ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်ပြီး လယ်ဗီသည်လည်း ရိုးရှင်းစွာ ပြန်ဖြေရင်းဖြင့် ရထားလုံးပေါ်သို့ တက်လိုက်သောကြောင့် ယောလ်လည်း ရထားလုံးထဲသို့ အတူလိုက်ပါလာရလေသည်။
လယ်ဗီသည် ယောလ်အား ထိုင်ခုံ၏ ထောင့်စွန်းနားလေး၌ ချထားလိုက်သည်။ ထိုအချိန်တွင် သူ၏ ခေါင်းသေးသေးမှာ လွတ်လပ်ခွင့်ရသွားသဖြင့် ယောလ်မှာ ဝမ်းသာနေသည်။ ဤအရှက်ရစရာအတွက် တစ်နေ့တွင် လယ်ဗီ့အား လက်စားချေမည်ဟု သူ ကြိမ်းဝါးလိုက်သည်။
"ဆရာ၊ ဘယ်ကိုသွားမှာလဲဗျ”
"မြို့စားကြီးအိုလော့ရဲ့ အိမ်တော်ကို မောင်းပေးပါ"
လယ်ဗီ စကားကြောင့် ယောလ်၏ မေးရိုးများမှာ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
သွားရမဲ့နေရာက မြို့စားကြီး အိုလော့ ၏ အိမ်တော်တဲ့။ ဘာလို့များ ဒီရူးကြောင်ကြောင်ကောင်နေတဲ့နေရာကို ခေါ်သွားရတာလဲ။ ဘာလို့လဲ။
သူ အသံထွက်၍ မပြောနိုင်သောကြောင့် စကားလုံးများမှာ လည်ချောင်းဝတွင် တဝဲဝဲလည်လည်နှင့် ရှိနေပြီး စကားသံမထွက်မိစေရန် ပြောချင်သည်များကို ပြန်မြိုချထားရသည်။
မြို့စားကြီးအိုလော့၏ အိမ်တော်သို့ ဦးတည်နေခြင်းကြောင့် မသက်မသာ ဖြစ်နေသော်လည်း ယောလ်တစ်ယောက် သူ့စိတ်ကို တည်ငြိမ်စေရန် ကြိုးစားနေရရှာသည်။ ရူးသွပ်သော မြို့စားကြီးသည် အရုပ်အပေါ် စိတ်ဝင်စားစရာ အကြောင်းမရှိသဖြင့် သူ့အား မည်သည့်အရာမျှ လုပ်လိမ့်မည်မဟုတ်ဟု ဖြေသိမ့်နေခဲ့သည်။
….
မြို့စားကြီး အိမ်တော်၌….
မြို့စားကြီးမှာ သူ့ခံစားချက်များကို သတိမပြုမိခင်ကပင် မြို့စားကြီး၏ အာရုံစိုက်မှုသည် လယ်ဗီတစ်ဦးတည်း အပေါ်၌သာ ရှိနေခဲ့သည်။
မဟုတ်ဘူး ဒီလိုပဲ မဖြစ်ရဘူးလေ၊ ဘာလို့ ဒီရူးကြောင်ကြောင်မြို့စား က ငါ့ကို စိတ်ဝင်စားရတာလဲ ဘာလို့လဲ။
ယောလ်သည် မီးလျှံကဲ့သို့ တောက်လောင်နေသည့် မျက်လုံးနီနီများမှာ သူ့အား ကြည့်နေသည်ကို မြင်လိုက်ရပြီး တိတ်ဆိတ်စွာ အော်ဟစ်လိုက်မိ၏။
သွေးနီရောင် မျက်လုံးပိုင်ရှင်မှာ မိုက်ကီရယ်အိုလော့ ဖြစ်သည်။ သူသည် "သွေးနီရောင် ထောင်" ဝတ္ထုထဲမှ ရူးသွပ်သော လူယုတ်မာကောင်ဖြစ်သည်။
သွေးနီရောင် မျက်လုံးများမှာ သူ့ထံသို့ အကြည့်ရောက်လာသောအခါ နေရာကျဥ်းကျဥ်းလေးတွင် ယောလ်သည် မျက်လုံးများကို တင်းတင်းမှိတ်လိုက်ပြီး ပြီးပြည့်စုံသော အရုပ်အဖြစ် သရုပ်ဆောင်မည်ဟူသော ကတိကို မေ့သွားခဲ့သည်။
ကံကောင်းထောက်မစွာပင် သူသည် ကျန်ရှိနေသေးသော ဆင်ခြင်တုံတရားဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ကြိုးစားခုခံလိုက်၏။ သို့သော် သူ့နှလုံးသားမှာ တဆတ်ဆတ် ခုန်နေခဲ့သည်။
အားး ဘာလို့ လာတို့နေတာလဲ၊ ဘာလို့လဲ မထိနဲ့လို့ အရူးကောင်ကြီးရဲ့။
မြို့စားကြီးသည် ယောလ်၏ မျက်နှာသေးသေးလေးအား သူ၏ ရှည်လျားသောလက်ညှိုးဖြင့် ပိုင်စိုးပိုင်နင်းဖြင့် တို့ထိလိုက်သောအခါ ယောလ်သည် မသိစိတ်မှ အော်ဟစ်မိမည်စိုး၍ သွားများကို တင်းတင်းစေ့ထားလိုက်သည်။ ကံကောင်းစွာပင် မြို့စားမင်းအိုလော့သည် မကြာမီမှာပင် သူ့အကြည့်ကို ယောလ်ထံမှ လယ်ဗီထံသို့ ပြောင်းလိုက်သည်။
ထိုအခိုက်အတန့်တွင် ယောလ်သည် သက်ပြင်းချလိုက်ပြီး မြို့စားမင်းအိုလော့ကို စားပွဲပေါ်တွင် ပက်လက်လှဲအိပ်နေသည်ကို တိတ်တဆိတ် ခိုးကြည့်နေလိုက်သည်။
နက်မှောင်နေသည့် သူ့ဆံပင်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ဖြူဖြူဖျော့ဖျော့အသားအရည်၊ တောက်ပသော မျက်လုံးနီနီများအား ကြည့်ခြင်းဖြင့် မြင်တွေ့ရသလောက် သူ၏ ရုပ်ရည်မှာ လက်တွေ့မဆန်လောက်အောင်ပင် ချောမောလွန်းလေသည်။
ထိုလူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိထားပါက သူ့မျက်နှာအား ကိုက်ချင်၊ နမ်းချင်၊ လျက်ချင်စိတ်များ ပေါက်သည်အထိ စွဲဆောင်မှုရှိသောမျက်နှာကို ပိုင်ဆိုင်ထားသူပင်ဖြစ်သည်။
သို့သော် နောင်တွင် သူမည်မျှ အမှိုက်ဆန်သည့် လုပ်ရပ်များကို ကျူးလွန်မည်ကို သိထားသော ယောလ်အတွက်မူ သူ၏ ချောမောသော မျက်နှာသည် ကြောက်မက်ဖွယ်ရာသာ ဖြစ်သည်။
"လယ်ဗီ၊ ဒါ ဘာလဲ”
"အရုပ် တစ်ရုပ်လေ"
မြို့စားမင်းအိုလော့၏ မေးခွန်းအား လယ်ဗီသည် သူကြည့်နေသော စာရွက်စာတမ်းများပေါ်မှ မျက်လုံး မခွာပဲ ပြန်ဖြေလိုက်သည်။
ဝတ္ထုထဲတွင် လယ်ဗီသည် မြို့စားမင်းအပေါ် အလွန်ဂရု လျစ်လျူရှုထားတတ်သော ဇာတ်ကောင်အဖြစ် ပုံဖော်ထားသည်။ ဝတ္ထုထဲတွင် ဖော်ပြထားသည့်အတိုင်း လယ်ဗီသည် မြို့စားမင်း နှင့် သူ့ထက်မြင့်သော အဆင့်အတန်းမြင့်သူများ ပြောဆိုနေသည်ကိုပင် ဂရုမစိုက်ပေ။
"ဟုတ်တယ်၊ ဒါ အရုပ်လေး တစ်ရုပ်ပဲ”
လယ်ဗီ၏ တိုတောင်းပြီး ခပ်အေးအေး တုံ့ပြန်မှုအပေါ် မြို့စားမင်းက ကြက်တူရွေးတစ်ကောင်ကဲ့သို့ နောက်မှလိုက်ပြောကာ တီးတိုးရေရွတ်လိုက်သည်။
ယောလ် သူ့ကိုကြည့်လိုက်သောအခါ မကောင်းစိုးဝါးနှင့်တူသည့်စိတ်ရှိသော လူတစ်ယောက်မှာ လယ်ဗီကို အဘယ်ကြောင့် ရူးသွပ်လောက်အောင်ပင် စိတ်ဝင်စားနေရခြင်းအား အနည်းငယ် နားလည်လာခဲ့သည်။
မြို့စားမင်း ကို ဒီလိုမျိုး ဆက်ဆံတဲ့သူက လယ်ဗီတစ်ယောက်တည်းပဲ ရှိလို့ သူ့ဆီက အတန်းရှင်းကို ရတာပဲ နေလိမ့်မယ်။
တစ်ဖက်တွင် လယ်ဗီသည် မြို့စားမင်း ကို တစ်ချက်ကလေးမျှပင် ကြည့်မနေခဲ့ပေ။ မြို့စားမင်းသည် လယ်ဗီ၏ စားပွဲပေါ်တွင် ထိုင်နေသော်လည်း သူ ဂရုမစိုက်ပေ။
အိုး လယ်ဗီ၊ မင်း တကယ် တော်တယ်နော် ဟုတ်တယ်ဟုတ်။
ပထမတွင် "သွေးနီရောင် ထောင်" ဝတ္ထုထဲမှ အရုပ်တစ်ရုပ် ဖြစ်ရသည်မှာ စိတ်ပျက်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။ သို့သော် ဇာတ်လိုက်များအား အစစ်အမှန်အဖြစ် မြင်နေရသည်မှာ အတော်လေး ပျော်စရာကောင်းလှ၏။
ထိုအချိန်တွင် ယောလ်သည် ပထမတန်းထိုင်ခုံတွင် ထိုင်၍ ဖျော်ဖြေပွဲတစ်ခုကို ကြည့်ရှုနေသကဲ့သို့ စိတ်နှစ်ရန် ကြိုးစားရင်းဖြင့် လူနှစ်ယောက်ကြားမှ စကားဝိုင်းကို နားထောင်နေလေသည်။
"ဒါနဲ့ လယ်ဗီ မင်းဘာလို့ ဒီအရုပ်ကို ယူလာတာလဲ၊ မင်း ဒီလိုပစ္စည်းမျိုးတွေကို ကြိုက်တာလား"
"အာ၊ ဒါ မြို့စားမင်း အတွက် မွေးနေ့လက်ဆောင်လေ"
"...”
လယ်ဗီ၏ စကားကြောင့် မျက်လုံးလေးလုံးသည် သူ့ထံသို့ လှည့်ကြည့်လာသည်။ နှစ်လုံးမှာ အချိန်တိုင်း သူ့ကို စောင့်ကြည့်နေသော မြို့စားမင်း၏ မျက်လုံးများဖြစ်ပြီး နောက်ထပ်နှစ်လုံးမှာမူ ယောလ်၏ မျက်လုံးဝိုင်းဝိုင်းလေးများသာဖြစ်သည်။ မူလကတည်းက ကြီးမားကာ ဝိုင်းစက်နေသည့်မျက်လုံးပြာများမှာ ယခုတွင်မူ အရှေ့သို့ပြုတ်ကျတော့မတတ် ပို၍ကြီးလာခဲ့၏။
ရား ငါ့ကောင်ရာ၊ မင်းဂေါက်နေတာလား ဒါမဟုတ်ဘူးလို့ ပြောစမ်းပါ နောက်နေတာလို့ ပြောလို့။
"ယူလိုက်လေ"
ယောလ်၏ ဆန္ဒကို ဂရုမစိုက်ဘဲ လယ်ဗီသည် အရုပ်ကလေးကို မြို့စားမင်း ထံသို့ လွှဲပြောင်းပေးလိုက်သည်။
ယောလ်သည် စိုးရိမ်နေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မြို့စားမင်း ထံသို့ လှည့်ကြည့်လိုက်သည်။
ဟင့်အင်းလို့ပြော၊ မယူချင်ဘူးလို့ ပြောလိုက်စမ်းပါကွာ။
"မွေးနေ့လက်ဆောင်ကို အရုပ်ပေးတာက အရမ်းလွန်တယ်မထင်ဘူးလား"
ဟုတ်တယ်၊ တော်လိုက်တာ ကောင်းတယ်။
"သွေးနီရောင် ထောင်"အား စဖတ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် သူသည် မြို့စားမင်းအိုလော့ ကို ထောက်ခံလိုက်သည်။
သူသည် ထိုလူ၏ လက်ထဲတွင် နေချင်စိတ် မရှိပေ။ မြို့စားမင်း အိုလော့သည် အရုပ်များကို စိတ်ဝင်စားပြီး ယောလ်နှင့် ကစားမည်ဆိုသည်မှာ မဖြစ်နိုင်သည်ကို သိသော်လည်း ယောလ်၏ အမြင်အရ အရူးတစ်ယောက်၏ လက်ထဲသို့ ကျရောက်ခြင်းသည် ကြောက်စရာကောင်းလွန်းသည်။
"ဘာက လွန်တာလဲ"
"ဒါက စိတ်ရင်းနဲ့ပေးတာ မဟုတ်ဘူး မလား၊ လယ်ဗီရဲ့ မွေးနေ့အတွက်ဆိုရင် ကိုယ် ပိုပြီး ဂရုတစိုက် လက်ဆောင်တွေ ပြင်ဆင်ခဲ့တာလေ"
"စိန်လက်စွပ်တွေ၊ ပတ္တမြားဆွဲသီးတွေ၊ မြင်းနက်တွေ၊ ပုလဲတွေ၊ ရေမွှေးတွေ၊ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ သံချပ်ကာတွေ၊ ဓားတွေ၊ ရွှေတွေ၊ အရည်အသွေးမြင့် ကလောင်အစုံတွေနဲ့ မှင်တွေ၊ စာအုပ်ပုံစံမျိုးစုံ၊ ကော်ဇောတွေ အဲတာတွေပေါ့၊ ဒီနှစ်မှာ မြို့စားမင်း က တော်ဝင်မိသားစုနဲ့ အခြားမိတ်ဆွေတွေဆီကနေ လက်ဆောင်တွေ အများကြီး ရခဲ့တာလေ"
"ဟုတ်သားနော်"
"ဒီအရုပ်လေးက ကျွန်တော့်ဘက်က ပေးနိုင်တဲ့ တစ်ခုတည်းသော လက်ဆောင်ပါ၊ တခြားလက်ဆောင်တွေနဲ့ တူမနေတော့ဘူးပေါ့”
စာရွက်စာတမ်းများအား မျက်လုံးမခွာပဲ လက်ဆောင်စာရင်းကို ဖတ်နေသည့် လယ်ဗီ၏ အကြည့်မှာ မြို့စားမင်း ထံသို့ ပထမဆုံးအကြိမ် လှည့်လာသည်။ ထို့နောက် မြို့စားမင်း အိုလော့သည် ယောလ်နှင့် လယ်ဗီကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်များကို မြှင့်တတ်သွားသည်။ ထိုအပြုံးကြောင့် မကောင်းသော ခံစားချက်များနေသော ယောလ်သည် သူ့ကို စိုးရိမ်တကြီး မော့ကြည့်လိုက်သည်။
မပြောနဲ့နော် မဖြစ်နိုင်ဘူး အဲလို စကားချိုချိုလေးတွေကို မယုံနဲ့လေ၊ ခွေးမသား လယ်ဗီ။
"ကောင်းပြီလေ၊ လယ်ဗီက ကိုယ့်အတွက် ဒီလိုတွေးပေးတဲ့ တစ်ယောက်တည်းသောသူပဲ”
အား….စောက်ခွေးမသားကြီး။
ဤတစ်ခါတွင်လည်း ယောလ်၏ လည်ချောင်းထဲတွင် အော်ဟစ်ရန် မတတ်နိုင်သော အော်သံများ တဝဲဝဲ လည်နေခဲ့သည်။ ယောလ် ဖြစ်ပျက်နေသည်ကို နားမလည်သော မြို့စားမင်းသည် ကျေနပ်စွာ ပြုံးပြ၍ ယောလ်ကို ကောက်ယူလိုက်သည်။
"ကိုယ် အမြတ်တနိုး တန်ဖိုး ထားပါ့မယ်”
သူသည် မျှော်လင့်ချက်မဲ့နေသော ယောလ်၏ ရင်ထဲသို့ နောက်တစ်ကြိမ် ထပ်မံရိုက်ခတ်စေရန် ထိုစကားများကို ပြောရန် မမေ့ခဲ့ပေ။
…….
LOGIN