Chapter 3
Viewers 81

Chapter 3


လယ်ဗီဆို‌တဲ့ အမှိုက်လိုကောင်ကတော့  အိတ်တစ်လုံးပင် မပါဘဲ လျှောက်သွားနေ၏။ အနည်းဆုံးတော့ အရုပ်လေးကို စက္ကူအိတ်ထဲ ဒါမှမဟုတ် တစ်ခုခုထဲ ထည့်ပြီး ယူလာသင့်သည်။ သို့သော် သူက ယောလ်၏ ပန်းရောင်ဆံပင်ကို လက်ဗလာဖြင့် ဆွဲကိုင်ထားခဲ့သည်။ ယောလ်မှာတော့ သူ၏ဆံပင်များ ရုတ်တရက် ဆွဲဆောင့်ခံရသဖြင့် လယ်ဗီအပေါ် မကျေမနပ်ဖြစ်ကာ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

 

"မေမေ၊ ဒါ အန်နာဘဲလ် ရဲ့ သူငယ်ချင်းလေးလေ"

 

"ဟုတ်တယ်၊ အန်နာဘဲလ်လေး ရဲ့ သူငယ်ချင်းလေး"

 

"အီး၊‌ စောက်ကလေး ဘာတွေပြောနေတာလဲ?! မင်း ငါ့ကို အန်နာဘဲလ် ရဲ့ သူငယ်ချင်းလေးလို့ ခေါ်လိုက်တာလား? လုံးဝ မဟုတ်ဘူးနော်!"

 

ငါးနှစ်၊ ခြောက်နှစ်ခန့်ရှိပုံရသော ကလေးမလေးတစ်ဦးက သူ့အား လက်ညှိုးထိုးပြကာ ပြောလိုက်သည့် စကားကြောင့် ယောလ်မှာ အတွင်းစိတ်က အံ့အားသင့်သွားသည်။ ကလေးမလေး ပြောသော အန်နာဘဲလ်သည် ကြောက်မက်ဖွယ် ရုပ်ရှင်ထဲက အရုပ်မဟုတ်မှန်း သိသော်လည်း ကလေးမလေး ကိုင်ထားသော အရုပ်၏အမည်မှာ အန်နာဘဲလ် ဖြစ်သောကြောင့် သူ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

 

"အန်နာဘဲလ် ရဲ့ သူငယ်ချင်းလေးရေ၊ တာ့တာနော်!”

 

ထိုကလေးမလေးက အရုပ်၏လက်ကို ဝှေ့ယမ်းကာ သူ့အား နှုတ်ဆက်လိုက်၏။ ယောလ်ကလည်း မသိစိတ်ကပင် ထိုနှုတ်ဆက်မှုကို လက်ခံလုနီးပါး ဖြစ်သွားသည်။ တကယ်သာ လက်ခံလိုက်ပါက အန်နာဘဲလ် ၏ သူငယ်ချင်းအစစ်အမှန် ဖြစ်သွားမည်ကို စဉ်းစားမိသောအခါ ကြောက်မက်ဖွယ် အခြေအနေကြောင့် ယောလ်မှာ စိတ်ပြန်ထိန်းခဲ့လိုက်ရသည်။

 

တစ်ဖက်တွင်မူ လယ်ဗီက ယောလ်၏ ခေါင်းကို ဆက်ကိုင်ထားဆဲပင်။

 

"လွှတ်စမ်း အမှိုက်ကောင်ရဲ့ ငါ့ဆံပင်တွေတော့ အကုန်ကျွတ်ကုန်တော့မှာ‌ပဲ!"

 

ယောလ်၏ ဦးခေါင်းသည် အဝတ်စတစ်ခုတည်းဖြင့် ချုပ်ထားသော ဦးခေါင်းဖြစ်ပြီး ဆံပင်များ ကျွတ်စရာအကြောင်း မရှိချေ။ သို့သော်လည်း အရုပ်၏ ခန္ဓာကိုယ်နှင့် အသားမကျသေးသော ယောလ်မှာ ဆံပင်ကျွတ်မည်ကို အချိန်မတိုင်မီကပင် စိုးရိမ်ပူပန်နေတော့သည်။

 

"ဝိုး အမှိုက်လိုအကောင် က ယဉ်ကျေးမှုမရှိပါလား ဟူး ထားပါတော့ တတ်လည်း မတတ်နိုင်တော့ဘူး!"

 

လယ်ဗီက သူ့ဆံပင်ကို မလွှတ်ချင်သေးသောကြောင့် ‌‌ေယာလ်မှာ လက်လျှော့လုနီးပါး ဖြစ်နေသည်။ သူ့စိတ်ထဲမှ မကြားနိုင်သော ဆဲဆိုသံများဖြင့် ကျိန်ဆဲနေမည့်အစား ထိုအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းရှာခြင်းက ပို၍လက်တွေ့ကျပေလိမ့်မည်။

 

သူ၌ ရွေးချယ်စရာ နှစ်ခု ရှိ၏။

 

(၁) သူသည် အရုပ်တစ်ရုပ်အဖြစ် ဟန်ဆောင်ပြီး အခွင့်အရေးရလျှင် ထွက်ပြေးမည်။

 

(၂) လယ်ဗီကို လန့်သွားစေရန် ပွင့်လင်းစွာ လှုပ်ရှားပြောဆိုကာ သူ့အား စွန့်ပစ်သွားစေမည်။

 

ယောလ်သည် ရွေးချယ်စရာ နှစ်ခုကို သေချာစွာ စဉ်းစားရင်း လယ်ဗီ၏ လက်ထဲတွင် ဦးခေါင်းက ပါသွားခဲ့သည်။

 

(၁) သည် ဘေးကင်းသော်လည်း ထိုသေးငယ်သော ခြေလက်များနှင့် တိတ်တဆိတ် ထွက်ပြေးရန် မလွယ်ကူပေ။

 

(၂) ကတော့ ခက်ခဲစွာ ထွက်ပြေးရန် မလိုပေ။ အကြောင်းမှာ လယ်ဗီက သူ့ကို အရင်ဆုံး စွန့်ပစ်လိုက်မည် ဖြစ်သော်လည်း ဆိုးကျိုးများ ရှိနိုင်သည်။

 

ဥပမာအားဖြင့်၊ သူသည် နတ်ဆိုးဝင်နေသော အရုပ်တစ်ရုပ်ဟု အထင်မှားပြီး နတ်ဆိုးထုတ်ခြင်းကို ခံရနိုင်သည်။ သို့မဟုတ် အန်နာဘဲလ် အရုပ်ကဲ့သို့ ပြသခြင်းခံရပြီး ကံမကောင်းလျှင် ဦးခေါင်းကို ဖြုတ်ကာ မီးရှို့ခြင်းခံရနိုင်သည်။

 

မည်သို့ပင်ဖြစ်စေ၊ သူ စိတ်ကူးပင်မယဉ်နိုင်သော ကြောက်မက်ဖွယ်ရာများ ဖြစ်လာနိုင်သည်။

 

အကြာကြီး စဉ်းစားပြီးနောက် ယောလ်သည် အန္တရာယ်ကြီးမားသော (၂) ကို ချန်လှပ်၍ (၁) ကို သဘာဝအတိုင်း ရွေးချယ်လိုက်သည်။

 

"အိုကေ ငါက သေးသေးလေးဆိုတော့ သူတို့ သတိထားမိမှာ မဟုတ်ဘူး အချိန်ကိုက်ရောက်တာနဲ့  ထွက်ပြေးပစ်မယ်"

 

အရုပ်အဖြစ် ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ယောလ်သည် သူ့ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ဆန့်ထုတ်လိုက်သည်။ မျက်လုံးထဲမှ စိတ်အားထက်သန်မှုများကို ဖျောက်ဖျက်လိုက်၏။ ပြီးပြည့်စုံသော အရုပ်တစ်ရုပ်အဖြစ် သရုပ်ဆောင်ရန် သူ ကြိုးစားတော့မည်။

 

ထို့နောက် လယ်ဗီသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လှည်းတစ်စီး သူ့အနီးသို့ ချဉ်းကပ်လာခဲ့သည်။ မြင်းခွာသံများ ပို၍ကျယ်လောင်လာပြီးနောက် သူ့ရှေ့တွင် ရပ်တန့်သွားတော့သည်။

 

ခမ်းနားထည်ဝါသော ရထားလုံးစီးသူက သူ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်ပြီး လယ်ဗီလည်း ရိုးရင်းစွာ အဖြေပေးရင်း ရထားလုံးပေါ်သို့ တက်လိုက်သည်။ ဤသည်ကြောင့် ယောလ်လည်း ရထားလုံးထဲသို့ ဝင်လာရ၏။

 

လယ်ဗီက ယောလ်အား ထိုင်ခုံ၏ ထောင့်စွန်းနားလေး၌ ချလိုက်သည်။ ထိုအချိန်တွင် ‌ယောလ်၏ ဦးခေါင်းမှာ လွတ်လပ်ခွင့်ရသွားသဖြင့် ဝမ်းသာနေသည်။ ဤအရှက်ရစရာအတွက် လယ်ဗီကို တစ်နေ့တွင် လက်စားချေမည်ဟု သူ ကြိမ်းဝါးလိုက်သည်။

 

"ဆရာ၊ ဘယ်ကိုသွားမှာလဲဗျ?"

 

"မြို့စားကြီး အိုလော့ရဲ့ အိမ်တော်ကို မောင်းပေးပါ"

 

လယ်ဗီ၏ စကားကြောင့် ယောလ်၏ မေးရိုးမှာ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သွားရမည့်နေရာက မြို့စားကြီး အိုလော့ ၏ အိမ်တော်တဲ့။ ဘာလို့များ ဒီရူးကြောင်ကြောင်ကောင်နေတဲ့နေရာကို ခေါ်သွားရတာလဲ၊ ဘာလို့လဲ! သူ အသံထွက်မပြောနိုင်သော စကားလုံးများက လည်ချောင်းထဲတွင် တဝဲဝဲ လည်နေခဲ့သည်။

 

မြို့စားကြီး အိုလော့ ၏ အိမ်တော်သို့ ဦးတည်နေခြင်းကြောင့် သူ မသက်မသာ ဖြစ်နေသော်လည်း သူ့စိတ်ကို ငြိမ်သက်စေရန် ယောလ်က ကြိုးစားခဲ့သည်။ ရူးသွပ်သော မြို့စားကြီးသည် အရုပ်အပေါ် စိတ်ဝင်စားစရာ အကြောင်းမရှိသဖြင့် သူ့ကို ဘာမှလုပ်လိမ့်မည်မဟုတ်ဟု ထင်ခဲ့သည်။

မြို့စားကြီးက သူ့ခံစားချက်များကို သတိမထားမိခင်ကပင် မြို့စားကြီး၏ အာရုံစိုက်မှုသည် လယ်ဗီအပေါ်တွင်သာ ရှိနေခဲ့သည်။

 

"...မဟုတ်ဘူး၊ ဒီလိုပဲ ဖြစ်ရမယ်! ဘာလို့များ ဒီရူးကြောင်ကြောင်မြို့စား က ငါ့ကို စိတ်ဝင်စားရတာလဲ?! ဘာလို့လဲ!”

 

ယောလ်သည် သူ့အား ဦးတည်ထားသော တောက်ပသော မျက်လုံးနီနီများ မီးလျှံကဲ့သို့ တောက်လောင်နေသည်ကို မြင်လိုက်ရပြီး တိတ်ဆိတ်စွာ အော်ဟစ်လိုက်မိ၏။

 

သွေးနီရောင် မျက်လုံးပိုင်ရှင်မှာ မိုက်ကီရယ် အိုလော့ ဖြစ်သည်။ သူသည် "သွေးနီရောင် ထောင်" ဝတ္ထုထဲမှ ရူးသွပ်သော လူယုတ်မာကောင်ဖြစ်သည်။

 

သွေးနီရောင် မျက်လုံးများ သူ့နှာခေါင်းနားသို့ ချဉ်းကပ်လာသောအခါ ကျဉ်းမြောင်းသော လမ်းကြားတွင် ယောလ်သည် မျက်လုံးများကို တင်းတင်းမှိတ်လိုက်ပြီး ပြီးပြည့်စုံသော အရုပ်အဖြစ် သရုပ်ဆောင်မည်ဟူသော ကတိကို မေ့သွားသည်။

 

ကံကောင်းထောက်မစွာပင်၊ သူသည် ကျန်ရှိနေသေးသော ဆင်ခြင်တုံတရားဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ကြိုးစားခုခံလိုက်၏။ သို့သော် သူ့နှလုံးသားက တဆတ်ဆတ် ခုန်နေခဲ့သည်။

 

"အာာာာာ့! ဘာလို့ လာတို့နေတာလဲ? ဘာလို့လဲ! မထိနဲ့နော်၊ စောက်ရူးကြီး!”

 

မြို့စားကြီး က ယောလ်၏ မျက်နှာကို သူ၏ လက်ညှိုးရှည်ဖြင့် ရက်ရက်စက်စက် တို့ထိလိုက်သောအခါ ယောလ်သည် မသိစိတ်ဖြင့် အော်ဟစ်မိမည်စိုး၍ သွားများကို တင်းတင်းကြိတ်ထားလိုက်သည်။ ကံကောင်းစွာပင် မြို့စားမင်း အိုလော့ သည် မကြာမီမှာပင် သူ့အကြည့်ကို ယောလ်ထံမှ လယ်ဗီထံသို့ ပြောင်းလိုက်သည်။

 

ထိုအခိုက်အတန့်တွင် ယောလ်သည် သက်ပြင်းချလိုက်ပြီး မြို့စားမင်း အိုလော့ကို စားပွဲပေါ်တွင် ပက်လက်လှဲအိပ်နေသည်ကို တိတ်တဆိတ် ခိုးကြည့်နေလိုက်သည်။

 

သူ့ဆံပင်နက်မှောင်မှောင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် အသားဖြူဖျော့ဖျော့နှင့် တောက်ပသော မျက်လုံးနီနီများ၊

 

သူ့ရုပ်ရည်သွင်ပြင်အားဖြင့်ပင် သူသည် လက်တွေ့မဆန်လောက်အောင် ချောမောလှပသည်။

 

သူမည်သူမည်ဝါဖြစ်သည်ကို မသိပါက ကိုက်ချင်၊ စုပ်ချင်၊ သူ၏ မျက်နှာအား လျှာဖြင့်လျက်ချင်စိတ် ပေါက်လောက်အောင် လှပသော ရုပ်ရည်ပုံပန်းသဏ္ဍာန်ပင်။

 

သို့သော် နောင်တွင် သူမည်မျှ အမှိုက်ဆန်သည့် လုပ်ရပ်များကို ကျူးလွန်မည်ကို သိထားသော ယောလ်အတွက်မူ သူ့ချောမောသော မျက်နှာသည် ကြောက်မက်ဖွယ်ရာသာ ဖြစ်သည်။

 

"လယ်ဗီ၊ ဒါ ဘာလဲ?”

 

"အရုပ်လေး တစ်ရုပ်လေ"

 

မြို့စားမင်း အိုလော့၏ မေးခွန်းကို လယ်ဗီသည် သူကြည့်နေသော စာရွက်စာတမ်းပေါ်မှ မျက်လုံးကို မခွာဘဲ ပြန်ဖြေလိုက်သည်။

 

ဝတ္ထုထဲတွင်ပင် လယ်ဗီကို မြို့စားမင်းအပေါ် အလွန်ဂရုမစိုက်သော ဇာတ်ကောင်အဖြစ် ပုံဖော်ထားသည်။ ဝတ္ထုထဲတွင် ဖော်ပြထားသည့်အတိုင်း လယ်ဗီသည် မြို့စားမင်း နှင့် သူ့ထက်မြင့်သော အဆင့်အတန်းမြင့်သူများ ပြောဆိုနေသည်ကိုပင် ဂရုမစိုက်ပေ။

 

"ဟုတ်တယ်၊ ဒါ အရုပ်လေး တစ်ရုပ်ပဲ။"

 

လယ်ဗီ၏ တိုတောင်းပြီး ခပ်အေးအေး တုံ့ပြန်မှုအပေါ်  မြို့စားမင်းက ကြက်တူရွေးတစ်ကောင်ကဲ့သို့ လိုက်ပြောပြီး တီးတိုးရေရွတ်လိုက်သည်။

 

သူ့ကိုကြည့်လိုက်သောအခါ ယောလ်သည် တစ်ဝက်တစ်ပျက် စိတ်ဓာတ်ရှိသော လူတစ်ယောက်က လယ်ဗီကို ဘာလို့ ရူးသွပ်လောက်အောင် စိတ်ဝင်စားရတာလဲဆိုတာ နည်းနည်း နားလည်သွားသည်။ မြို့စားမင်း ကို ဒီလိုမျိုး ဆက်ဆံတဲ့သူက လယ်ဗီတစ်ယောက်တည်းသာ ရှိတာကြောင့် သူ့အာရုံကို ဖမ်းစားချင်တာ ဖြစ်လိမ့်မည်။

 

တစ်ဖက်တွင် လယ်ဗီသည် မြို့စားမင်း ကို တစ်ချက်ကလေးမျှပင် ကြည့်မနေခဲ့ပေ။ မြို့စားမင်း က လယ်ဗီ၏ စားပွဲပေါ်တွင်ပင် ထိုင်နေသော်လည်း သူ ဂရုမစိုက်ပေ။

 

"အိုး၊ လယ်ဗီ၊ မင်း တကယ် တော်တယ်နော်! ဟုတ်တယ်ဟုတ်?"

 

ပထမတော့ "သွေးနီရောင် ထောင်" ဝတ္ထုထဲက အရုပ်တစ်ရုပ် ပိုင်ဆိုင်ရတာ စိတ်ပျက်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။ သို့သော် ဇာတ်လိုက်များကို တကယ်မြင်ရသည်မှာ အတော်လေး ပျော်စရာကောင်းလှ၏။

 

ထိုအချိန်တွင် ယောလ်သည် ပထမတန်းမှ ဖျော်ဖြေပွဲတစ်ခုကို ကြည့်ရှုနေသကဲ့သို့ နစ်မြုပ်နေအောင် ကြိုးစားရင်း လူနှစ်ယောက်ကြား စကားပြောဆိုမှုများကို နားထောင်နေသည်။

 

"ဒါနဲ့ လယ်ဗီ၊ မင်းဘာလို့ ဒီအရုပ်ကို ယူလာတာလဲ? မင်း ဒီလိုပစ္စည်းမျိုးတွေကို ကြိုက်တာလား?"

 

"အာ၊ ဒါ မြို့စားမင်း အတွက် မွေးနေ့လက်ဆောင်လေ"

 

"...?!”

 

လယ်ဗီ၏ စကားကြောင့် မျက်လုံးလေးလုံးက သူ့ထံသို့ လှည့်ကြည့်လာသည်။ နှစ်လုံးက အချိန်တိုင်း သူ့ကို စောင့်ကြည့်နေသော မြို့စားမင်း ၏ မျက်လုံးများဖြစ်ပြီး နောက်ထပ်နှစ်လုံးကတော့ ယောလ်၏ မျက်လုံးများဖြစ်သည်။ ကြီးမားသော၊ ဝိုင်းစက်သော၊ မျက်လုံးပြာများမှာ ပြုတ်ကျတော့မတတ် ပို၍ကြီးလာခဲ့၏။

 

"ရား၊ ငါ့ကောင်ရာ၊ မင်းဂေါက်နေတာလား?! ဒါမဟုတ်ဘူးလို့ ပြောစမ်းပါ နောက်နေတာလို့ ပြောလို့!"

 

"ယူလိုက်လေ"

 

ယောလ်၏ လေးနက်သော ဆန္ဒကို ဂရုမစိုက်ဘဲ လယ်ဗီသည် ယောလ်၏ ပိုင်ဆိုင်မှုကို မြို့စားမင်း ထံသို့ လွှဲပြောင်းပေးလိုက်သည်။

 

ယောလ်သည် သူ့စိုးရိမ်သော မျက်လုံးများကို မြို့စားမင်း ထံသို့ လှည့်ကြည့်လိုက်သည်။

 

ဟင့်အင်းလို့ပြော မယူချင်ဘူးလို့ ပြောလိုက်စမ်းပါကွာ!

 

"မွေးနေ့လက်ဆောင်ကို အရုပ်ပေးတာ အရမ်းလွန်တယ်မထင်ဘူးလား?"

 

ဟုတ်တယ်၊ တော်လိုက်တာ! ကောင်းတယ်!

 

"သွေးနီရောင် ထောင်" ကို ဖတ်ဖူးပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် သူသည် မြို့စားမင်း အိုလော့ ကို ထောက်ခံလိုက်သည်။

 

သူသည် ထိုလူ၏ လက်ထဲသို့ ကျရောက်လိုခြင်း မရှိပေ။ မြို့စားမင်း အိုလော့သည် အရုပ်များကို စိတ်ဝင်စားပြီး ယောလ်နှင့် ကစားမည်ဆိုသည်မှာ မဖြစ်နိုင်မှန်း သိသော်လည်း ယောလ်၏ အမြင်အရ ထိုသို့သော ရူးသွပ်သူတစ်ဦး၏ လက်ထဲသို့ ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ရာပင်။

 

"ဘာက လွန်တာလဲ?"

 

"ဒါက စိတ်ရင်းနဲ့ပေးတာ မဟုတ်ဘူး မလား? လယ်ဗီရဲ့ မွေးနေ့အတွက်ဆိုပြီး ကိုယ် ပိုပြီး ဂရုတစိုက် လက်ဆောင်တွေ ပြင်ဆင်ခဲ့တာလေ"

 

"စိန်လက်စွပ်တွေ၊ ပတ္တမြားဆွဲသီးတွေ၊ မြင်းနက်တွေ၊ ပုလဲတွေ၊ ရေမွှေးတွေ၊ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ သံချပ်ကာတွေ၊ ဓားတွေ၊ ရွှေတွေ၊ အရည်အသွေးမြင့် ကလောင်အစုံတွေနဲ့ မှင်တွေ၊ စာအုပ်အမျိုးမျိုး၊ ကော်ဇောတွေ စသည်ဖြင့်ပေါ့။ ဒီနှစ်မှာ မြို့စားမင်း က တော်ဝင်မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းကနေ လက်ဆောင်တွေ အများကြီး ရရှိခဲ့တာ"

 

"...ဟုတ်သားနော်"

 

"ဒီအရုပ်လေးက ကျွန်တော့်ဘက်က ပေးနိုင်တဲ့ တစ်ခုတည်းသော လက်ဆောင်ပါ တခြားလက်ဆောင်တွေနဲ့  တူမနေတော့ဘူးပေါ့”

 

စာရွက်စာတမ်းများကို မျက်လုံးမခွာဘဲ လက်ဆောင်စာရင်းကို ဖတ်နေသော လယ်ဗီ၏ အကြည့်က မြို့စားမင်း ဆီသို့ ပထမဆုံးအကြိမ် လှည့်လာသည်။ ထို့နောက် မြို့စားမင်း အိုလော့သည် ယောလ်နှင့် လယ်ဗီကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်သည်။ ထိုအပြုံးကြောင့် မကောင်းသော ခံစားမှုရရှိခဲ့သော ယောလ်သည် သူ့ကို စိုးရိမ်တကြီး မော့ကြည့်လိုက်သည်။

 

"မပြောနဲ့နော် မဖြစ်နိုင်ဘူး အဲ့လို စကားချိုချိုလေးတွေကို မယုံနဲ့လေ! ခွေးမသား လယ်ဗီ!"

 

"ကောင်းပြီလေ လယ်ဗီက ကိုယ့်အတွက်  ဒီလိုတွေးတဲ့ တစ်ယောက်တည်းသောသူပဲ။"

 

"အားးးးးးးးးးးးးးးး၊ စောက်ခွေးမသားကြီး!"

 

ဒီတစ်ခါလည်း ယောလ်၏ ပါးစပ်ထဲတွင် အော်ဟစ်ရန် မတတ်နိုင်သော အော်သံများ တဝဲဝဲ လည်နေခဲ့သည်။ ယောလ်၏ စိတ်နှလုံးကို နားမလည်သော မြို့စားမင်း က ကျေနပ်စွာ ပြုံးပြရင်း ယောလ်ကို ကောက်ယူလိုက်သည်။

 

"ကိုယ် အမြတ်တနိုး တန်ဖိုး ထားပါ့မယ်။"

 

သူသည် မျှော်လင့်ချက်မဲ့နေသော ယောလ်၏ ရင်ထဲသို့ နောက်တစ်ကြိမ် ထပ်မံရိုက်ခတ်စေရန် ထိုစကားများကို ပြောဖို့ မမေ့ခဲ့ပေ။