Chapter 4
Viewers 2k

Chapter 4

 

 

ဘဝက မင်းကို ဘလာ ပေးလာခဲ့ရင်တောင် ဘလာ ဘလာ ပဲဖြစ်အောင် မလုပ်နဲ့။

 

(N/ E မှာကတည်းက blah လို့ ရေးခဲ့တာမလို့ ကိုယ်တောင် ဘာကြီးလဲဆိုပြီး အံ့ဩနေခဲ့တာပါ (⁠〒⁠﹏⁠〒⁠)

 

ယောလ်တစ်ယောက် သူ တစ်နေရာရာမှ ကြားဖူးခဲ့သော စကားများကို ပြန်လည်အမှတ်ရလိုက်၏။ ထိုစကားများမှာ သူ့အား သက်တောင့်သက်သာ မဖြစ်စေခဲ့သော်လည်း လက်ရှိဖြစ်ပျက်နေသည်များကို လက်ခံ၍ စိတ်ဓာတ်တက်ကြွအောင် ကြိုးစားလိုက်သည်။

 

ပြီးခဲ့သည့် ညက အမှန်ပင် အန္တရာယ်များလွန်းခဲ့သည်။ မိုက်ကီရယ်၏ အခန်းထဲတွင် အကျဉ်းချခံထားရသည့်အတွက် ယောလ်မှာ အလွန်ဗိုက်ဆာနေခဲ့ပြီး စပျစ်သီးအနည်းငယ်ကို ကောက်စားရန် ကြိုးစားခဲ့သော်လည်း မစားရသေးခင်လေးမှာပင် မိုက်ကီရယ်က သူ့အား မိသွားခဲ့လေသည်။

 

ယောလ်တစ်ယောက် စိတ်ထဲပေါ်လာသည့် ထိတ်လန့်စရာကောင်းသည့် အမှတ်ရစရာကြောင့် တုန်လှုပ်သွား၏။

 

ဟ့၊ အွတ်၊ ဟက်ခ်၊ ငါတော့… သေတော့မှာပဲ။

 

ယောလ်တစ်ယောက် စားပွဲပေါ်သို့ ရောက်လာပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း မှောက်လျက်လဲကျသွားသည်။ 

 

ခဏလောက် နားလိုက်ဦးမယ်၊ အင်း တကယ် ခဏလောက်လေးပဲ။

 

ထိုအချိန်လေးမှာပင်

 

"ဒါလေးက ဘာလို့ ဒီမှာ ရှိနေရတာလဲ"

 

အေးစက်စက် အသံတစ်ခုက ယောလ်၏နားထဲသို့ စူးရှစွာ ထိုးဖောက်ဝင်ရောက်လာသည်။ သူ့စိတ်ထဲတွင် အတွေးများဖြင့် ယောက်ယပ်ခတ်နေပြီး ဒီတစ်ခါတော့ အမှန်တကယ်သေပြီဟု တွေးလိုက်သည်။ ဤအခြေအား မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို သူမသိတော့ချေ။

 

"ငါ ဒါကို ဒီမှာထားခဲ့တာ ဟုတ်လို့လား၊ သေချာပေါက် အဲမှာ ထားခဲ့တာလေ"

 

မိုက်ကီရယ်တစ်ယောက် သူ့ဘာသာ တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ သူ့အသံမှာ ကြောက်ရွံ့မှုကြောင့်လား၊ မသေချာမှုကြောင့်လားမသိ အနည်းငယ်တုန်ယင်နေလေ၏။

 

သူသည် ဖြေးညှင်းစွာ လက်လှမ်း၍ ယောလ်ကို သတိထားကာ ကိုင်လိုက်သည်။

 

မိုက်ကီရယ်လက်ထဲရှိ ယောလ်မှာ ကောင်းကောင်းပင် အသက်မရှူနိုင်တော့ပေ။ သူ့နှလုံးသားမှာ ပေါက်ကွဲတော့မလို ခံစားနေရသည်။ အလင်းရောင်မရှိသည့် အခန်းထဲ၌ပင် သူ့အား ကြည့်နေသည့် မျက်လုံးအနီတောက်တောက်များမှာ လင်းလက်နေသည်။

 

"သူ့ဘာသာသူ ရွေ့သွားတာလား”

 

မသေချာသည့် စိတ်တစ်ခုက သံသယများနှင့် ရောထွေးနေသည့် မေးခွန်းထဲတွင် ဖုံးကွယ်မထားနိုင်အောင် ပေါ်လွင်နေသည်။ မိုက်ကီရယ်၏ မျက်လုံးများက သူ့အား တည့်တည့်စိုက်ကြည့်နေခြင်းကြောင့် သူ ပွင့်ပွင့်လင်းလင်း မပြသနိုင်ပေ။ သို့သော်လည်း ယောလ်၏ နှလုံးသားလေးမှာ သူ့တုံ့ပြန်မှုကြောင့် ရှုပ်ထွေးသွားသည်။

 

မိုက်ကီရယ်၊ ဒီခွေးစုတ်ခွေး‌နာကောင်ကြီး သူ သိသွားတာလား။

 

"မ-မဖြစ်နိုင်တာ ဟားဟား၊ ငါ တော်တော် ပင်ပန်းနေပြီထင်တယ်"

 

လန့်သွားတာပဲ ခွေးမသားလေးရဲ့!

 

ရယ်မောသံများကို ထိန်းချုပ်ရန် ယောလ်တစ်ယောက် သူ့သွားများကို တင်းတင်းစေ့လိုက်၏။ အစွဲအလမ်းကြီးသည့် အရူးတစ်ယောက်ပင် ကြောက်စရာတစ်ခုခု ရှိပုံရသည်။ အရုပ်တစ်ရုပ် သူ့ဘာသာသူ ရွေ့သွားခြင်းကို ကြောက်နေပုံရသည်။

 

အတွင်းစိတ်ထဲတွင် တတွတ်တွတ်ရယ်နေသော ယောလ်ကို မသိသည့် မိုက်ကီရယ်မှာမူ ယောလ်ကို အိပ်ရာ၏ အဝေးရှိ ကုလားထိုင်ပေါ်သို့ ပစ်ချလိုက်သည်။

 

အာရှီး ခွေးသူတောင်းစားလေး။ မင်း ငါ့ကို မြတ်နိုးတန်ဖိုးထားပါ့မယ်ဆို၊ ငါ့ကို နူးနူးညံ့ညံ့ ဆက်ဆံပါမယ်ဆို။

 

ပစ်ချခံလိုက်ရသော ယောလ်တစ်ယောက် ရင်ထဲမှ မကျေနပ်မှုများကို ဖွင့်ထုတ်လိုက်၏။ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ တိုက်ဆိုင်မှုဖြစ်စေ မိုက်ကီရယ်က နောက်ပြန်မကြည့်ဘဲ အိပ်ရာထံသို့ အလျင်အမြန် ပြန်သွားသည်။ ယောလ်ကို ကျောပေး၍ လဲလျောင်းနေသော မိုက်ကီရယ်သည် မလှုပ်မယှက် ငြိမ်သက်နေသည်။

 

ဗိုက်ဆာလိုက်တာနော်။

 

မိုက်ကီရယ်မှာ လှုပ်ရှားမှု မရှိတော့သောကြောင့် အိပ်ပျော်သွားပုံရသည်။ သို့သော် တစ်ကြိမ် ဖမ်းမိပြီးနောက် ထပ်မံလှုပ်ရှားလျှင် အန္တရာယ်အလွန်ရှိပေသည်။

 

ယောလ်တစ်ယောက် မျက်စိရှေ့မှ လတ်ဆတ်သော သစ်သီးများ ရှိနေသော်လည်း ဆာလောင်နေသည့် သူ့ဗိုက်ကလေးကိုသာ ပိုက်၍ အိပ်ရာဝင်ခဲ့ရသည်။

 

မိုက်ကီရယ် မနက်ပိုင်းတွင် အခန်းထဲမှ ထွက်ခွာသွားသောအခါ သူ ညက မစားခဲ့ရသော သစ်သီးကို စားရန် ကြိုးစားရမည်။ သို့သော် မိုက်ကီရယ် ထွက်သွားသည်နှင့် တပြိုင်နက် သူ့အိမ်တော်တွင် အလုပ်ခန့်ထားသော အိမ်အကူများက အခန်းကို သန့်ရှင်းရေးလုပ်ရင်းဖြင့် သစ်သီးခြင်းများကို ယူသွားသောကြောင့် ထိုနေ့တွင် ယောလ် သစ်သီးကို မြည်းစမ်းခွင့်ပင် မရလိုက်ချေ။

 

မိုက်ကီရယ်၊ ဒီသောက်ကောင်စုတ်။

 

အပြင်သို့ သယ်သွားသည့် သစ်သီးခြင်းအကြောင်းကို တွေးမိရင်းဖြင့် ယောလ်တစ်ယောက် အံကြိတ်လိုက်၏။

 

သူ့ဆန္ဒမပါဘဲနှင့် အရူးကောင် မြို့စားမင်း မိုက်ကီရယ်အိုလော့၏ လက်ထဲသို့ ကျရောက်ခဲ့ပြီး သူ့အခန်းထဲတွင် ပိတ်မိနေခဲ့သည်။ အစပိုင်းတွင် ယောလ်သည် ရုံးခန်းထဲ၌ အချိန်တိုင်း နေရမည်ဟု ထင်ခဲ့သော်လည်း ထိုအရူးကောင်ကြီးမှာ သူ့အား အမှန်တကယ် ချစ်ခင်လိုသည့်နှယ် သူ့အခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

 

အစပိုင်းတွင် ကောင်းကင်ပြိုကျသကဲ့သို့ ခံစားခဲ့ရသော်လည်း ယောလ်တစ်ယောက် ပြန်စဉ်းစားကြည့်သောအခါ ဤသည်မှာ အခွင့်အရေးပိုများကြောင်း တွေ့ရသည်။

 

အခန်းထဲ၌ ရက်အတော်ကြာ ပိတ်လှောင်ခံထားရပြီးနောက် မိုက်ကီရယ် အလွန်အလုပ်များနေသည်ကို သူ သတိထားမိခဲ့သည်။ ထို့ကြောင့် သူသည် အချိန်အတော်ကြာ အခန်းထဲတွင် ရှိမနေနိုင်ခဲ့ပေ။ ထိုအကြောင်းကြောင့် ယောလ်သည် အခန်းအကျယ်ကြီးထဲတွင် တစ်ယောက်တည်း နေနိုင်ခဲ့ခြင်း ဖြစ်သည်။

 

ယခုအချိန်ကဲ့သို့ပင်။

 

ငါ ခုချက်ချင်း ထွက်သွားသင့်တယ်။

 

ယောလ်တစ်ယောက် နှုတ်ခမ်းတစ်ဖက်ကို တွန့်၍ အသံသေးသေးလေးဖြင့် ရယ်မောလိုက်သည်။ ထိုရယ်မောနေသည့် အရုပ်သေးသေးလေးအား မြင်လိုက်ရသည့် မည်သူမဆို ချက်ချင်းပင် သန့်ရှင်းသော ရေ၊ ဆားနှင့် အခြားအရာများကို ဖြန်း၍ "ထွက်သွားစမ်း မကောင်းဆိုးဝါး!" ဟု အော်ဟစ်ကြပေလိမ့်မည်။ မိုက်ကီရယ် ပြန်မလာခင် သူ ထွက်သွားနိုင်ရန်သာ အရေးကြီးသည်။

 

မိုက်ကီရယ်၊ ဒီလူယုတ်မာက နေရာကောင်းကောင်းမှာနေ,နေတာပဲ။

 

ဝတ္ထု၏ ဇာတ်လမ်းနောက်ခံအရ မိုက်ကီရယ်၏ မိသားစုဖြစ်သည့် အိုလော့ မိသားစုသည် မည်သည့်အင်ပါယာကိုပင် တည်ထောင်ကြပါစေ မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့ များပြားသော ကြွယ်ဝချမ်းသာမှုကို စုဆောင်းခဲ့ကြသည်။ သူတို့သည် ငွေကြေးများစွာ ရှိခြင်းကို ထုတ်ပြတတ်သော မိသားစုဖြစ်ရုံသာမက တော်ဝင်မိသားစုထံမှ အာဏာကို ပေးနိုင်၊ ယူနိုင်သော အစွမ်းထက်သည့် မိသားစုအဖြစ်လည်း ဖော်ပြခံခဲ့ရသည်။

 

ထိုမျှ ကြီးကျယ်ခမ်းနားသော လူတစ်ယောက်၏ အခန်းတွင်းပိုင်းသည် အံ့မခန်း စုံလင်ပြီး ခမ်းနားထည်ဝါနေသည်။

 

နီညိုရောင်နောက်ခံပေါ်တွင် ရွှေရောင်ဒီဇိုင်းများပါသော နူးညံ့သည့် ကော်ဇောတစ်ချပ်သည် ကြမ်းပြင်တစ်လျှောက် ပြန့်ကျဲနေပြီး ရှေးဟောင်းပရိဘောဂများမှာလည်း ခမ်းနားလှပ ပေသည်။ 

 

အလှဆင်ပစ္စည်းများကို နေရာတိုင်းတွင် ထားရှိထားပြီး နံရံပေါ်ရှိ ပုံဘောင်များပင် လိုချင်စဖွယ် ရွှေရောင်များဖြင့် တောက်ပနေသည်။

 

အား ဒါဆို ငါ ဘယ်လို ထွက်ပြေးရမလဲ။ ဟင်၊ ဒါက..

 

ကုလားထိုင်ပေါ်တွင် ထိုင်နေသော ယောလ်တစ်ယောက် ထရပ်လိုက်ပြီး တစ်ခုခုကို သတိထားမိကာ ပါးစပ်ဖွင့်လိုက်၏။ ဘေးစားပွဲပေါ်တွင် အလွန်လှပသော ရတနာသေတ္တာတစ်လုံးရှိပြီး တစ်ဝက်ပွင့်နေသည့် ရတနာသေတ္တာထဲတွင် တောက်ပသော အရောင်အသွေးစုံလင်သည့် ကျောက်မျက်ရတနာများကို သူ မြင်တွေ့လိုက်ရသည်။

 

ဟုတ်သားပဲ မိုက်ကီရယ်ရဲ့ မွေးနေ့လက်ဆောင်စာရင်းထဲမှာ စိန်လက်စွပ်တစ်ကွင်း ရှိတယ်လို့ လယ်ဗီက ပြောခဲ့တာပဲ။

 

အမြင်အာရုံကို အစွဲဆောင်ဆုံးသော အရာများထဲတွင် ပွင့်လင်းမြင်သာပြီး အရွယ်အစားကြီးမားသော ကျောက်မျက်ရတနာတစ်ခု ပါဝင်သည်။ ထိုအရာသည် စိန်တစ်လုံးဖြစ်သည်ဟု ကြွားဝါနေသယောင်ဖြင့် တောင်ပနေသည်။ ယောလ်သည် မတူညီသော ကျောက်မျက်ရတနာအမျိုးအစားများကို မသိရှိသော်လည်း ထိုကျောက်သည် ရှင်းလင်းနေကာ မျက်နှာပြင်တိုင်းတွင် တောက်ပ၍ အလင်းပြန်နေသည့် စိန်တစ်လုံးဖြစ်သည်ကို သူ ပြောနိုင်သည်။

 

ယောလ်တစ်ယောက် သူ ခံစားခဲ့ရသော အရှက်ရမှုများကို ပြန်စဉ်းစားလိုက်၏။

 

သူ့ဆံပင်များကို တစ်စုံတစ်ယောက်၏ လက်ထဲတွင် ဆုပ်ကိုင်ထားလျက် အစွဲအလမ်းကြီးသော အရူးကောင်၏ အိမ်တော်သို့ ခေါ်ဆောင်လာခြင်းခံခဲ့ရသည်။ မိုက်ကီရယ်က သူ့ပါးကို မညှာမတာဖြင့် တို့ထိခဲ့ပြီး နောက်ဆုံးတွင် သူ မိုက်ကီရယ်၏ လက်ထဲသို့ ကျရောက်သွားကာ ဤအခန်းထဲတွင် အကျဉ်းချခံခဲ့ရသည်။

 

သူသည် များစွာသော ဆင်းရဲဒုက္ခများကို ဖြတ်သန်းခဲ့ရပြီး မည်သည့်လျော်ကြေးမှ မပါပဲနှင့် ပြန်သွားရန်မှာ အဓိပ္ပာယ်မရှိပေ။ တိုတိုပြောရလျှင် မိုက်ကီရယ်သည် ချမ်းသာကြွယ်ဝသူများထဲတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သူ့ခြေရင်း၌ ရွှေများ၊ ရတနာများ ပေါကြွယ်ဝစွာ ရှိသည်။ စိန်လက်စွပ်တစ်ကွင်း ပျောက်ဆုံးခြင်းမှာ ကြီးမားသည့် ကိစ္စမဟုတ်ပေ။

 

ထို့အပြင် ဝတ္ထုထဲရှိ မိုက်ကီရယ်၏ စရိုက်ကို ထည့်သွင်းစဉ်းစားပါက စိန်လက်စွပ် ပျောက်ဆုံးခြင်း ရှိ၊မရှိကိုပင် သူ သိချင်မှ သိပေလိမ့်မည်။

 

အဘယ်ကြောင့်ဆိုသော် မိုက်ကီရယ်သည် လယ်ဗီမှလွဲ၍ မည်သည့်အရာကိုမျှ ဂရုမစိုက်သောကြောင့်ပင်။

 

ငါ ပြန်တော့မယ်နော်၊ မိုက်ကီရယ်လေးရေ လက်ဆောင်လှလှ‌လေးတစ်ခုလည်း ယူသွားမယ်နော်။

 

ယောလ်မှာ တစ်ယောက်တည်း တီးတိုးရေရွတ်ရင်းဖြင့် သူ၏ ခြေထောက်နှင့် လက်တိုတိုလေးများကို ဆန့်ထုတ်၍ လိမ်ယှက်လိုက်သည်။ သူ၏ အနည်းငယ် ဖောင်းကြွနေသော အရုပ်ခန္ဓာကိုယ်လေးမှာ ပျော့ပြောင်းသွားပြီဟု ခံစားလိုက်ရသဖြင့် ယောလ်သည် တတ်နိုင်သမျှ ကုလားထိုင်၏ နောက်ဆုံးနေရာအထိ မှီချလိုက်သည်။ ဤသည်မှာ အဝေးသို့ ပြေးရန် အရှိန်ယူနေခြင်း ဖြစ်သည်။ 

 

အား!!

 

အာ့အားအား

 

(Note- အားယူတဲ့ အသံပါ)

 

သူ့ခြေထောက်သေးသေးလေးများမှာ ကုလားထိုင်အနောက်သို့ အလျင်အမြန်ပြေးသွားပြီး သူ၏ရှေ့မှ ခုံပုပေါ်သို့ အားကုန်လှမ်းခုန်လိုက်သည်။ ယောလ်၏ ခန္ဓာကိုယ်သေးသေးလေးမှာ လှိမ့်ကျကာ အိစက်ပျော့ပျောင်းသော အခင်းများဖြင့် ခင်းထားသည့် ခုံပုလေးပေါ်သို့ လဲကျသွားသည်။

 

အာ့!

 

သူ ခုံပုလေးအောက်သို့ ကျလုနီးပါးပင်။ ခုံ၏ အစွန်းကို မနည်းဆွဲကိုင်၍ ဖမ်းဆုပ်ထားရင်းဖြင့် ယောလ်တစ်ယောက် ညည်းတွားရင်း ခုံပေါ်သို့ ပြန်တက်လိုက်သည်။

 

ဤအရာအားလုံးသည် သူ့၏ သာမန်ထက် ကြီးနေသည့် ဦးခေါင်းကြောင့်ပင် ဖြစ်သည်။ ယောလ်မှာ နမ်ဆန်းတောင်လောက် ကြီးမားသော သူ့ခေါင်း အရွယ်အစားကို ညည်းညူနေသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားကာ လျင်မြန်စွာ လှုပ်ရှားနိုင်ခြင်းအတွက် သူ့ကိုယ်သူ ချီးကျူးလိုက်သည်။

 

ယောလ်၏ ပန်းတိုင်ဖြစ်သည့် ဘေးစားပွဲသည် အကွာအဝေးအရ ခုံပုလေးနှင့် နီးကပ်သော်လည်း ပို၍ မြင့်နေသည်။ ပန်းတိုင်သို့ ရောက်ရန်အတွက် သူသည် ခုံပုလေးမှ ဘေးစားပွဲသို့ ခုန်၍ ထိုစားပွဲကို တွဲခိုကာ တံတားကဲ့သို့ တက်ရမည်ပင်။

 

သာမန်လူ့ခန္ဓာကိုယ်ဖြင့် ၁၀ စက္ကန့်ပင် မကြာမည့် အလုပ်တစ်ခုသည် သေးငယ်လှသော အရုပ်ခန္ဓာကိုယ်ကြောင့် အချိန်အကြာကြီး ဒုက္ခခံနေရသည်။

 

ဤကား အရုပ်တစ်ရုပ် ဖြစ်ရခြင်း၏ ဝမ်းသာစရာနှင့် ဝမ်းနည်းစရာများပင် ဖြစ်သည်။

 

ယောလ်မှာ အရက်မူးပြီး အရုပ်ကောက်စက်ထဲရှိ အရုပ်များကို ပေါ့ပေါ့ဆဆ ဆွဲထုတ်ကာ နိုးလာသည်နှင့် တပြိုင်နက် ပြန်လည်ရောင်းချသည့် ဝက်ဘ်ဆိုက်ပေါ် တင်ခဲ့သည့် သူ့လုပ်ရပ်များကို စိတ်ရင်းမှန်ဖြင့် ပြန်လည်သုံးသပ်လိုက်၏။

 

အရုပ်များရဲ့ ဘုရားသခင် ကျွန်တော် လူပြန်ဖြစ်ခဲ့မယ်ဆိုရင် အနာဂတ်မှာ အဲလိုဘယ်တော့မှ မလုပ်တော့ပါဘူး၊ အဲဒါကြောင့် ကူညီပေးပါနော် ကျွန်တော် ကောင်းကောင်းမွန်မွန် နေထိုင်ပါ့မယ်။

 

သူ တစ်ခါမျှ မကြားဖူး၊ မသိဖူးသော အရုပ်များ၏ ဘုရားသခင်ထံသို့ စိတ်ပါလက်ပါ ဆုတောင်းပြီးနောက် ယောလ်တစ်ယောက် သူ့ရှေ့မှ ချောမွေ့ရှည်လျားသော ဘေးစားပွဲ၏ ခြေထောက်ကို ကြည့်လိုက်သည်။

 

စိတ်ပိုင်းဖြတ်ထားသည့် အမူအရာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ယောလ်သည် အရှိန်ပြင်းပြင်းဖြင့် ပြေးလိုက်၏။ ပြေးလိုက်ခြင်းကြောင့် ခန္ဓာကိုယ်မှာ အရှိန်ရသွားသောကြောင့် ခုန်တက်ကာ ဘေးစားပွဲခြေထောက်များကို တွဲခိုလိုက်သည်။

 

အာ့!

 

သူ့ခန္ဓာကိုယ်မှာ ဝါဂွမ်းဖြင့် ပြုလုပ်ထားသောကြောင့် ထိခိုက်မှု နည်းသော်လည်း အိပ်ရာဘေးစားပွဲ၏ သစ်သားတံတားကို အရှိန်အပြင်းဆုံးဖြင့် တိုက်မိသောအခါ သူ့နဖူးက ကျင်တက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသည်။ သို့တိုင် သူသည် သူ၏တိုလွန်းသော ခြေလက်လေးများဖြင့် ဘေးစားပွဲကို အားကုန်ဖက်တွယ်ရန် မမေ့ခဲ့ပေ။ ထို့ကြောင့် ယောလ်သည် အိပ်ရာဘေးစားပွဲခြေထောက်အား သစ်ပင်တစ်ပင်တွင် တွယ်ကပ်နေသော ပိုးကောင်းလေးတစ်ကောင်ကဲ့သို့ တွဲခိုနိုင်ခဲ့သည်။

 

“လုပ်နိုင်ခဲ့ပြီ၊ နည်းနည်းလေးပဲ နောက်ထပ် နည်းနည်းလေး အားထည့်လိုက်ရင်…”

 

ယောလ်သည် နားထောင်သူမရှိဘဲ သူ့ကိုယ်သူ စကားပြောရင်းဖြင့် အားပေးလိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချောမွေ့သော အဝတ်စဖြစ်ပြုလုပ်ထားသောကြောင့် လျှောကျရန်နှင့် ပြုတ်ကျရန် လွယ်ကူသည်။ ဤနေရာတွင် ပြုတ်ကျခဲ့လျှင် သူ့ကြိုးစားအားထုတ်ထားရသည့် အရာအားလုံး အလဟဿ ဖြစ်သွားလိမ့်မည်။ ယောလ်မှာ သူ့ခြေလက်‌သေးသေးလေးများကို အားစိုက်ထုတ်ကာ ဖြည်းဖြည်းချင်း အပေါ်သို့ ရွှေ့လိုက်သည်။

 

မဟုတ်သေးပါဘူး ငါ ဘာလို့ အရုပ်ဖြစ်နေရတာလဲ။ ဒါတောင် သေးသေးလေးဖြစ်ရတယ်လို့ကွာ။

 

သူ စုဆောင်းထားသည့် ခွန်အားကို မြှင့်တင်ကာ အိပ်ရာဘေးစားပွဲ၏ တံတားကို တက်နေသော ယောလ်တစ်ယောက် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်၏။

 

စာအုပ်တစ်အုပ်ထဲသို့ ဆွဲသွင်းခြင်းခံရခြင်းကို သူ ခံနိုင်ရည်ရှိသည်။ BL ဝတ္ထု “လှပသောဘဝ”ဟု အဓိပ္ပာယ်နေရင်တောင် သူ မနှစ်သက်ဘူး။ ဟုတ်ပြီ၊ သူ နားလည်နိုင်တယ်။

 

ဒါပေမဲ့ ဘာလို့ အရုပ်ဖြစ်ရတာလဲ။ သာမန် ဖြတ်လျှောက် အပိုဇာတ်ကောင် တစ် ဖြစ်ခဲ့ရင်တောင် အများကြီး ပိုကောင်းဦးမယ်။ ပထမဆုံး လူသားတစ်ယောက်အနေနဲ့ သူ့ခြေလက်တွေက အခုထက် အဆနှစ်ဆယ် ပိုရှည်နေမယ်။ လူတစ်ယောက်ရဲ့ ခေါင်းက ကိုယ်လုံးထက်ကြီးနေတာမျိုးက မဟုတ်ဘူးလေ။ လူတစ်ယောက် လူတစ်ယောက်ကလေ။

 

ထွက်ပေါ်လာသော ဒေါသကို အားအဖြစ် အသုံးပြုကာ ခန္ဓာကိုယ်တစ်ခုလုံး၏ ခွန်အားကို မြှင့်တင်လိုက်သော ယောလ်သည် အိပ်ရာဘေးခြေထောက်ကို ယခင်ကထက် ပိုမြန်မြန် တက်သွားသည်။

 

နောက်ဆုံးတွင် အပေါ်ရောက်သွားပြီးနောက် ယောလ်မှာ မောဟိုက်စွာ အသက်ပြင်းပြင်း ရှူလိုက်၏။

 

သဲကန္တာရထဲတွင် ရှိသော အိုအေစစ်ကဲ့သို့ ပုံစံရှိသည့် ရတနာသေတ္တာမှာ သူ့လက်တစ်ကမ်းအကွာမှာ ရှိနေသည်။ မဟုတ်ဘူး ဒီခန္ဓာကိုယ်နဲ့ဆို နောက်ထပ် ဆယ်လှမ်းလောက် လမ်းလျှောက်ရတော့မယ် ထင်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုနီးလာခဲ့ပြီ။

 

ရတနာသေတ္တာထဲမှ စိန်လက်စွပ်ကို ကြည့်နေသော ယောလ်၏ မျက်လုံးပြာလေးများသည် အရုပ်တစ်ရုပ် ဖြစ်ရခြင်း၏ လက်တွေ့ဘဝအပေါ် ဒေါသတကြီးဖြင့်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို စိန်ခေါ်ရာတွင် ခက်ခဲသောကြောင့်လည်းကောင်း ရူးသွပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

 

တောက်ပသော မျက်လုံးများ အတိအကျပြောရသော် အရုပ်မျက်လုံးများကို ချည်မျှင်ဖြင့် ချုပ်ထားသောကြောင့် ဖိအားမရှိသော်လည်း မည်သို့ပင်ဆိုစေ ထိုမျက်ဝန်းတို့သည် သာမန်အရုပ်မျက်လုံးများ မဟုတ်ပေ။

 

ယောလ်သည် တောက်ပနေသော စိန်လက်စွပ်ကို ကြည့်ရင်းဖြင့် သူ့တံတွေးကို မျိုချလိုက်ပြီး လက်စွပ်ထွသို့ သူ့လက်မောင်းများကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

 

ဂိုလ်လမ်က လက်စွပ်ကို မြင်တဲ့အခါ ဘာလို့ ရူးသွပ်သွားရတာလဲဆိုတာ သူ သဘောပေါက်သွားသည်။ ဒီလက်စွပ်လေးက အမှန်တကယ်ကို လူရူးစေလောက်အောင် တန်ဖိုးရှိလှတာကိုး။ ဒီလို ရှာဖွေရခက်ခဲတဲ့ ပစ္စည်းမျိုးဆိုတော့ သာမန်လူတစ်ယောက်တောင် စိတ်မတည်မငြိမ် ဖြစ်သွားနိုင်တာ သဘာဝပဲ။

 

ယောလ်တစ်ယောက် စိန်လက်စွပ်လေးကို ဂရုတစိုက်ကောက်ယူပြီးနောက် သူ့ညာဘက်လက်ကောက်ဝတ်လေးတွင် ဝတ်ဆင်လိုက်သည်။ လက်စွပ်ဆိုသော်ညား သူ့ခန္ဓာကိုယ်လေးတွင်မူ လက်ကောက်အဖြင့် အံဝင်ခွင်ကျ ဖြစ်နေသည်။ သူမှာ လက်ချောင်းများ မရှိသောကြောင့် တခြားရွေးချယ်စရာလည်း မရှိပေ။

 

ဒီနေရာမှာ လက်လျှော့ရတာ နှမြောတော့နှမြောစရာပဲ ဒါပေမဲ့ ငါ ဘာမှ လုပ်နိုင်တာမှ မရှိတာ ကဲ၊ အခုပဲ ထွက်ပြေးရအောင်။

 

မရေမရာ ကျောက်မျက်ရတနာမျိုးစုံက မျက်စိထဲ ဆွဲဆောင်နေခဲ့သည်။ သို့သော် ယောလ်သည် လောဘမကြီးရန် ဆုံးဖြတ်လိုက်သည်။ 

 

ဒီခန္ဓာကိုယ်သေးသေးလေးနဲ့လည်း ထပ်ပြီး သယ်သွားဖို့က မဖြစ်နိုင်ဘူးလေ။

 

စိန်၏ အရွယ်အစားကို ကြည့်လိုက်ရုံနှင့်တင် ပျမ်းမျှလူတစ်ယောက်၏ လက်မလောက် ရှိသောကြောင့် ဤတစ်ခုတည်းနှင့်တင် သူ ကြိုးစားခဲ့ရသည့် အဖိုးအခနှင့် တန်ပေသည်။

 

ယောလ်တစ်ယောက် စိတ်ပိုင်းဖြတ်ပြီးသည်နှင့် နူးညံ့သော ကော်ဇောခင်းထားသည့် ကြမ်းပြင်ပေါ်သို့ ခုန်ချလိုက်သည်။

 

အူး... နာလိုက်တာ။

 

အရုပ်ခန္ဓာကိုယ်လေး ဖြစ်ပါလျက်နှင့် ဘာကြောင့်များ နာကျင်ရတာပါလိမ့်။

 

မတရားမှုကို ပွစိပွစိ ရေရွတ်ရင်းဖြင့် ယောလ်၏ ခြေထောက်ပိစိလေးများမှာ အလျင်စလို လှုပ်ရှားနေခဲ့သည်။ ယောလ်ဦးတည်နေသည့် နေရာမှာ အိပ်ခန်းတံခါးပင်ဖြစ်ပြီး ပြတင်းပေါက်မှ ထွက်ပြေးရန် သူ စဉ်းစားခဲ့သေးသည်။ သိူ့သော် ဤနေရာ၏ အမြင့်ကိုကြည့်လိုက်စဉ် ပြတင်းပေါက်မှ ထွက်ပြေးခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေတာနှင့် ဘာမှမထူးခြားလှပေ။

 

ဤအခန်းမှာ ဘယ်နှလွှာတွင် ရှိမှန်းသည်ကိုတော့ သူ အတိအကျမသိသော်လည်း မိုက်ကီရယ်မှာ သူ့ကို အဝိုင်းလှေကားအတိုင်း အကြာကြီး ခေါ်လာခဲ့ခြင်း ဖြစ်သည်။ အဆောက်အဦးသည် သာမန်လူခန္ဓာကိုယ်နှင့်ပင် သေလောက်အောင် မြင့်ပုံပေါ်နေ၏။ အရုပ်ခန္ဓာကိုယ်ဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။

 

ဟုတ်သည်။ တံခါးဖွင့်၍ ထွက်ပြေးသည့်အခါ လူများ သတိထားမိနိုင်ခြေတော့ ရှိသည်။ သို့သော် သူ့ခန္ဓာကိုယ်လေးမှာ သေးလွန်းသောကြောင့် ဤနေရာမှာပဲ ပုန်းနေလိုက်လျှင် အဆင်ပြေမည်ဟု သူ ထင်ခဲ့သည်။

 

ဒါနဲ့ ဒီတံခါးကို ငါ ဘယ်လိုဖွင့်ရမှာလဲ။

 

တံခါးဝရောက်သည်အထိ အရာရာတိုင်းမှာ အဆင်ပြေခဲ့သည်။ လျှောတံခါးကြီး နှစ်ချပ်ရှေ့တွင် ယောလ် သက်ပြင်းချလိုက်သည်။ တံခါးလက်ကိုင်သည် အတော်လေး မြင့်မားသည့် နေရာတွင် ရှိနေသည်။ တံခါးပေါ်တွင် အလှဆင်ထားသော ပုံဖော်ထားသည့် ကနုတ်ပန်းများအား ဆွဲ၍ တက်ကြည့်သော်လည်း တစ်ခုနှင့်တစ်ခု အလှမ်းဝေးသောကြောင့် သူ လက်လှမ်းမမီနိုင်ခဲ့ပေ။

 

ပြ…ပြတင်းပေါက်ကို သွားကြည့်လိုက်ရမလား။

 

တံခါးလက်ကိုင်ထံသို့ နှစ်ကြိမ်မျှ တတ်ကြည့်လိုက်ပြီးနောက် ယောလ်တစ်ယောက် သူ၏ ဗျူဟာကို အလျင်အမြန် ပြန်ပြင်ဆင်လိုက်သည်။

 

ပြတင်းပေါက်မှ ထွက်ပြေးခြင်းသည် အလွန်အန္တရာယ်များသောကြောင့် ဖြစ်နိုင်လျှင် ထိုကဲ့သို့ ထွက်မပြေးချင်ပေ။ သို့သော် ဤအခြေအနေတွင် အခန်းတံခါးအား ဖွင့်မရသောကြောင့် သူ့တွင် ရွေးချယ်စရာ မရှိချေ။

 

ဝရံတာနှင့် ဆက်သွယ်ထားသည့် တံခါးထံသို့ သူ ခဏ ခဏ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည့် အချိန်တွင် ရုတ်တရက် အသံတစ်ခုသည် တံခါး၏ တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာခဲ့သည်။ ယောလ်မှာ လန့်သွားပြီး ပုန်းရန်အတွက် ပတ်ပတ်လည်တွင် သင့်လျော်သည့် နေရာရှိမရှိ ကြည့်လိုက်သည်။ သို့သော် အနားပတ်လည်တွင် ရှင်းလင်းနေပြီး ယောလ်၏ ကိုယ်လုံးသေးသေး ပုန်းရန်အတွက်ပင် နေရာမရှိပေ။

 

ယောလ်မှာ တုန်ယင်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ ဖြစ်နေချိန်တွင် အခန်းတံခါးမှာ ရုတ်တရက်ပွင့်လာခဲ့ပြီး မိုက်ကီရယ်၏ အနီရောင်မျက်ဝန်းတစ်စုံနှင့် ယောလ်၏ အပြာရောင် မျက်လုံးဝိုင်းဝိုင်း‌လေးတစ်စုံမှာ အကြည့်ချင်းဆုံသွားကြလေသည်။

 

ရုတ်တရက် ယောလ်လေးမှာ တောင့်တင်းသွားပြီး အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်မိသည်။

 

" ဒါ ဘာကြီးလဲ"

 

မိုက်ကီရယ်၏ နှုတ်မှ ရှုပ်ထွေးနေကာ တစ်ယောက်တည်းသာ ကြားနိုင်သည့် ခပ်တိုးတိုး စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။