Chapter 14
Viewers 2k

နောက်နေ့မနက်မှာ ငါ စာသင်ခန်းကို ရောက်လာတယ်။ 


System ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် ဒီဂိမ်းထဲမှာ ကစားသမားတွေကလွဲလို့ ငါမြင်နေရတဲ့လူအားလုံးဟာ NPC တွေဖြစ်တယ်ဆိုတာ ငါ သိလိုက်ရတယ်။


ဒါပေမယ့် ဒီမှာတော့ NPC တွေက နေ့ဘက်မှာ သာမန်လူတွေလိုပဲ၊ ညဘက်မှ ကြောက်ဖို့ကောင်းတဲ့ NPC တွေအဖြစ် ပြောင်းသွားတာ။


ငါ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ ကြိုးစားခဲ့တယ်။


ပုံမှန်ပဲ နေ၊ သူတို့ကို သာမန်အတန်းဖော်တွေလိုပဲ သဘောထားလို့ရပါတယ်။


ငါ ထိုင်ခုံပြောင်းချင်တယ်။ 


ဒါပေမယ့် အတန်းဖော်တစ်ယောက်က ပြောတယ်။


"ဆရာမရဲ့ ခွင့်ပြုချက်မပါဘဲ ထိုင်ခုံပြောင်းလို့ မရဘူး" 


ငါ ဆရာမဆီ သွားမေးတော့လည်း ခွင့်မပြုဘူး။ 


မတတ်နိုင်တော့ဘူး၊ ခြောက်ခြားစရာ Final Boss ဘေးမှာပဲ ဆက်ထိုင်နေရတယ်။ 


အတန်းထဲမှာ ရှန်မော့က ငါ့ဘေးမှာ ထိုင်နေတယ်။ 


သူ့ဆီက သံပရာနံ့ သဲ့သဲ့လေး ထွက်နေတယ်။ 


"ငါ့နို့ ဘယ်မှာလဲ" 


သူ လက်လှမ်းလိုက်တယ်။


ငါ မှင်တက်သွားတယ်။ 


ပုံမှန်ဆို ဒီအချိန်ဆို ငါ သူ့ကို ကျေနပ်အောင် မုန့်တွေ၊ နို့တွေ အများကြီး ပြင်ဆင်ထားလေ့ရှိတယ်။ 


ဒါပေမယ့် ဒီနေ့တော့ ငါ ရှန်မော့ကို မနှောင့်ယှက်တော့ဖို့ ဆုံးဖြတ်ထားတာ။ 


ဘာလို့ သူ့ကို လိုက်ရမှာလဲ။


"ငါ... ငါ ဝယ်ဖို့ မေ့သွားတယ်... မနက်ဖြန် ဝယ်ခဲ့ပေးမယ်" 


"အင်း"


ငါက သူ့ကို ရွှေရောင်သော့ကို ပေးလိုက်ပြီး တမင်တကာ စမ်းသပ်လိုက်တယ်။


"ဒီမှာ၊ ဒါကို မင်း ပြန်ယူထားသင့်တယ်" 


သူက အဓိပ္ပာယ်ပါပါ ပြောလိုက်တယ်။


"ငါ မင်းကို ပေးလိုက်တာ.. မင်းပဲ သိမ်းထား... တခြားဘယ်သူ့ကိုမှ မပေးနဲ့.. မင်းလုပ်သင့်တာကို သွားလုပ်..." 


ငါ ခေါင်းညိတ်လိုက်တယ်။


ငါ သေချာသွားပြီ။


သူ တကယ်ပဲ ငါ့ကို မြန်မြန် သေတ္တာဖွင့်ပြီး သေဖို့ တိုက်တွန်းနေတာပဲ။


ငါ သော့သုံးချောင်းလုံးကို ဂရုတစိုက် သိမ်းထားတယ်။ 


ပစ်မချချင်ဘူး။ 


System က ငါ့ကို ပြောတယ်။


စည်းကမ်းတွေအရ ဂိမ်းထဲကနေ သော့တွေကို ယူသွားနိုင်ရင် သော့သုံးချောင်းကို သုံးသန်းနဲ့ လဲလှယ်နိုင်တယ်တဲ့။ 


ဒါပေမယ့် ခုထိတော့ ဘယ်သူမှ သော့သုံးချောင်းကို ဂိမ်းထဲကနေ ယူသွားနိုင်ခြင်း မရှိသေးဘူး။


နေ့လည်စာစားချိန်မှာ ငါ ရှန်မော့ကို တမင်တကာ ရှောင်လိုက်တယ်။ 


အရင်ကလို အမြီးနှံ့ပြီး လိုက်မနေရဲတော့ဘူး။


တစ်ပတ်အကြာ...


တစ်ပတ်အကြာမှာ ငါ စာသင်ခန်းထဲ ဝင်တော့မလို့ လုပ်တုန်း ရှန်မော့က ငါ့ကို တားလိုက်တယ်။ 


ကြွက်တစ်ကောင်ကို ဖမ်းမိသလိုမျိုး သူ့မျက်နှာအမူအရာက ရှုံ့မဲ့နေတယ်။


"မင်း အခုရက်ပိုင်း ငါနဲ့ နေ့လည်စာ မစားဘူးလား မင်း နည်းနည်း ထူးဆန်းနေသလိုပဲ" 


သူ တစ်ခုခု ထူးခြားနေတာကို သတိထားမိတာများလား။ ငါ့ကို စမ်းသပ်နေတာလား။ 


"ငါ Diet လုပ်နေတာ... နေ့လည်စာ မစားချင်ဘူး" 


ငါ ချက်ချင်း အကြောင်းပြချက် တစ်ခုခု ပေးလိုက်တယ်။ 


သူ့မျက်ခုံးတွေ နက်ရှိုင်းစွာ တွန့်ချိုးသွားတယ်။


"မင်း Diet လုပ်ဖို့ မလိုဘူး.... ကျန်းမာရေးအတွက် မကောင်းဘူး"


ပြောပြီးတော့ ရှန်‌မော့ ထွက်သွားတယ်။ အတန်းမစခင်လေးမှာ သူပြန်လာတယ်။ 


သူက မုန့်တွေ၊ ပေါင်မုန့်တွေ၊ နို့တွေ အများကြီးပါတဲ့ အိတ်ကြီးတစ်လုံးကို ကိုင်လာပြီး ငါ့စားပွဲပေါ် တင်ပေးလိုက်တယ်။ 


"စား အဆာမခံနဲ့ " 


ငါ အစားအသောက်ကြောင့် အံ့သြသွားတယ်။ 


အရင်ကဆို ရှန်မော့ အတွက် ငါကပဲ မုန့်တွေ ယူလာလေ့ရှိတာ။ ဒါပေမယ့် ဒီတစ်ခါတော့ သူက ငါ့ကို မုန့်တွေ ကမ်းလှမ်းနေတာ။ 


ငါ နည်းနည်း ပျော်ရွှင်မိတယ်။ ငါ ရှန်မော့ကို အမြဲမပြတ် မုန့်တွေ ပေးခဲ့တာ တကယ်ပဲ အကျိုးသက်ရောက်မှု ရှိခဲ့တာပဲ။ 


ခြောက်ခြားစရာ Boss က ငါ့ကို မုန့်တွေ ပြန်ပေးတာ... ဒါကို အပေးအယူဆက်ဆံရေးလို့ ခေါ်တာပေါ့။


မုန့်တွေစားနေတုန်း ရှန်မော့ရဲ့ အကြည့်က ငါ့ပေါ်မှာပဲ ရှိနေတယ်။


သူ့အကြည့်က အရမ်းပြင်းထန်လို့ ငါ လျစ်လျူရှုလို့ မရဘူး။


"မင်း အခုတလော ငါ့ကို လိုက်နေတာ ရပ်လိုက်ပြီလား" 


ငါ့ နှလုံးခုန်နှုန်း ခဏရပ်သွားတယ်။ ပြီးတော့ ငါ တောင့်တင်းစွာ ပြောလိုက်တယ်။ 


"ငါ တွေးမိတာက ငါက မင်းကို အချိန်တိုင်း နှောင့်ယှက်နေခဲ့တာလေ ငါ မင်းကို ထပ်ပြီး မတွယ်ကပ်တော့ပါဘူး" 


ရှန်မော့ရဲ့ မျက်နှာအမူအရာက အေးစက်လာတယ်။


"ဒါဆို မင်း ငါ့ကို မလိုက်တော့ဘူးလား" 


ငါ ခေါင်းညိတ်လိုက်တယ်။ 


"ဟုတ်တယ်" 


ရှန်မော့ရဲ့ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှုတွေ လှိုင်းထန်နေပြီး သူက ညင်သာစွာ ရယ်မောလိုက်တယ်။


"ကောင်းပြီ... မင်း ငါ့ကို ထပ်လိုက်ဖို့ မလိုတော့ဘူး"


သူ ဘာကိုဆိုလိုတာလဲဆိုတာ ငါ နားမလည်နိုင်ဖြစ်နေတုန်း သူဆက်ပြောတယ်။


"မင်း သော့သုံးချောင်းလုံး ရှိနေပြီကို ဘာလို့ သေတ္တာကို မဖွင့်သေးတာလဲ" 


ငါ မျက်လုံးတွေ ပြူးသွားတယ်။ သူ တိုက်ရိုက်ကြီး ပြောလိုက်တာပဲ။


သူက ငါ့ကို တွန်းအားပေးလာတယ်။


"မင်း ငါနဲ့ မခွဲနိုင်လို့လား" 


ငါ ခေါင်းညိတ်ဖို့ပဲ တတ်နိုင်တာပေါ့။ သူပြောတာမှန်သမျှ အမှန်တွေပဲ! 


သူက ငါ့ကို ကြည့်တယ်။


သူ့နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးတစ်ခု ‌ပေါ်လာတယ်။ 


"စိတ်မပူပါနဲ့... သေတ္တာကို သွားဖွင့်လိုက်၊ သေတ္တာက အဆောင် ၂၀၆ မှာ၊ မင်းရဲ့ အဆောင်အခန်းထဲမှာ"


သူက ငါ့ကို အတင်းဖွင့်ခိုင်းနေတာပဲ!


ကံကောင်းတာက system နဲ့ ငါက ညနေ ၆:၃၀ မှာ ဒီခြောက်ခြားစရာ ဂိမ်းကနေ ထွက်ဖို့ စီစဉ်ထားပြီးသား။ 


"အင်း" 


ငါ အချိန်ဆွဲဖို့ စီစဉ်ထားတာ။


သေတ္တာကို ဖွင့်ဖို့ ရည်ရွယ်ချက်မရှိဘူး။ 


သူက ငါ့ ကို နက်နက်ရှိုင်းရှိုင်း ကြည့်ပြီး ပြောတယ်။


"အင်း... ဒီညတွေ့ကြမယ်" 


ငါ့လက်ချောင်းတွေ နည်းနည်း တုန်ယင်လာတယ်။ 


ကြက်သီးမွေးညင်းတွေ ထသွားပြီး နှလုံးကို ထိုးစိုက်လိုက်သလိုပဲ။ 


သူ ငါ့ကို သတ်ဖို့ မစောင့်နိုင်တော့ဘူးပဲ!


---