Chapter 17
Viewers 2k

ညက မှောင်လာပြီး... ၇ နာရီ အချိန်မှာ...


ရှန်မော့ မျက်လုံးတွေလည်း သွေးရောင်နီရဲနေပြီ။ 


သူ ငါ့ကို ထိလိုက်တယ်။


သူ့လက်ဖဝါးက အဖြူရောင်အလင်း ထွက်လာပြီး ငါ့ကိုယ်ခန္ဓာတစ်ခုလုံးကို ဖုံးအုပ်ထားတယ်။


" System သူ ဘာလုပ်နေတာလဲ " 


[ သခင်လေးကို ပြန်ကုဖို့ ကြိုးစားနေတာ... လွယ်လွယ်ပြောရရင် သူ မင်းကို ကယ်ဖို့ ကြိုးစားနေတာ.. ဒါပေမယ့် အသုံးမဝင်ဘူး၊ ဒီလောကမှာ သခင်လေးရဲ့ခန္ဓာကိုယ်က သေနေပြီ ] 


ငါ system ကို ပြောလိုက်တယ်။ 


" ငါတို့ မှားနေတာလား... သူ ငါ့ကို သေစေချင်တာ မဟုတ်ဘူး " 


[ ကျွန်တော်လည်း အဲလိုပဲ ထင်တယ် ] 


"ဒါပေမယ့် ဘာလို့ ငါ့ကို သော့သုံးချောင်း ပေးတာလဲ" 


System ကလည်း ပြန်ပြောပါတယ်။ 


[ မသိဘူးလေ ]


အဲဒီအချိန်မှာ ရှန်မော့ရဲ့ လက်ချောင်းတွေက ငါ့နှုတ်ခမ်းတွေကို ပွတ်သပ်လိုက်တယ်။


နောက်တစ်စက္ကန့်မှာ သူ ကိုယ်ကို ကိုင်းညွတ်ပြီး ငါ့နှုတ်ခမ်းတွေကို ညင်သာစွာ နမ်းလိုက်တယ်။


ငါ မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။ 


ရှန်မော့က ငါ့နှုတ်ခမ်းတွေကို နမ်းလိုက်တာ... 


ပြီးတော့ ရှန်မော့က ငါ့ကိုယ်ခန္ဓာကို ချထားပြီး စောင်နဲ့ခြုံပေးလိုက်တယ်။ 


"လိမ္မာတယ်... ငါ့ကို စောင့်နေနော် မင်းအတွက် လက်စားချေပေးမယ်" 


ဒီလိုပြောပြီး သူ ငါ့ အဆောင်ကနေ ထွက်သွားတယ်။ 


ငါ သူ့နောက်ကို အမြန်လိုက်သွားတယ်။ 


ရှန်မော့ ကျောင်းအုပ်ရုံးခန်းထဲ ဝင်သွားတာကို တွေ့လိုက်ရတယ်။ 


ရွှီကျစ်လန်ကို ချည်နှောင်ထားတယ်။ 


သူ့ဆံပင်တွေက ရှုပ်ပွနေတယ်။ 


သူ့မျက်နှာက မျှော်လင့်ချက်မဲ့စွာနဲ့ တွန့်လိမ်နေတယ်။ 


သူ ရူးသွပ်စွာ ရေရွတ်နေတယ်။


"ဘယ်လိုဖြစ်နိုင်မှာလဲ... ဘာလို့ ကျောက်မျက်ရတနာမရှိဘဲ စာရွက်တစ်ရွက်ပဲ ရှိရတာလဲ" 


အဖန်တလဲလဲ ပြောနေတယ်။ 


ပြီးတော့ သူ့ဘေးမှာ ရပ်နေတဲ့ ကျောင်းအုပ်ကြီးရဲ့ နောက်ကျောမှာ အနက်ရောင်အတောင်ပံတွေ ရှိနေတယ်။ 


သူ့မျက်နှာတစ်ခြမ်းက ပုံမှန်အတိုင်းရှိပြီး ကျန်တစ်ခြမ်းကတော့ သွေးတွေနဲ့ နစ်နေပြီး ပျက်စီးနေတယ်။


ကျောင်းအုပ်ကြီးက ဖွင့်ထားပြီးသား သေတ္တာကို ကိုင်ထားပြီး လေးစားတဲ့အမူအရာနဲ့ ရှန်မော့ကို ပေးလိုက်တယ်။ 


"Boss ဒါက Boss ရဲ့ ပစ္စည်းပါ" 


ရှန်မော့က အသည်းပုံစတစ်ကာနဲ့ တံဆိပ်ခတ်ထားတဲ့ စာတစ်စောင်ကို သေတ္တာထဲကနေ တိတ်တိတ်ဆိတ်ဆိတ် ထုတ်လိုက်တယ်။ 


စာရွက်ပေါ်မှာ ရေးထားတာကို ငါ မြင်လိုက်တယ်။ 


[ မင်းရဲ့ချစ်သူဖြစ်ဖို့ ငါ သဘောတူတယ်၊ မင်းကို ငါချစ်မိသွားပြီ ]


ငါ အဲဒီမှာ မှင်တက်သွားတယ်။


သူက သေတ္တာထဲက ကျောက်မျက်ရတနာပစ္စည်းကို ရည်းစားစာနဲ့ လဲထားတာပဲ။ 


ငါ့ကို မြန်မြန်သေတ္တာဖွင့်ပြီး ရည်းစားစာကို ကြည့်ဖို့ တိုက်တွန်းခဲ့တာ.... ငါ့ကို ဖွင့်ပြောဖို့ပေါ့။


ငါ မှတ်မိတယ်။


တစ်ခါက ငါ အတန်းဖော်မိန်းကလေးတစ်ယောက် ရည်းစားစာရတာ တွေ့ဖူးတယ်။ 


အဲဒီတုန်းက ငါ သက်ပြင်းချပြီး မနာလိုစွာ ပြောခဲ့တယ်။ 


"လူငယ်ဘဝက အံ့သြစရာပဲ... ငါ တစ်ခါမှ ရည်းစားစာ မရခဲ့ဖူးဘူး"


ပြီးတော့ ရှန်မော့က ငါ့ဘေးမှာ ထိုင်နေခဲ့တာ။ 


သူ တကယ်ပဲ ဒါကို အလေးအနက်ထားခဲ့ပြီး မှတ်မိနေခဲ့တာပဲ။


ရွှီကျစ်လန်ရဲ့ မျက်လုံးတွေ ပြုတ်ထွက်မလို ဖြစ်နေတယ်။ 


"မင်း... ရှန်မော့... မင်းက Final Boss လား" 


ရှန်မော့က လူ့လောကမှာ အကြောက်ဆုံးသရဲလိုမျိုး ရွှီကျစ်လန်ကို မျက်နှာသေနဲ့ ကြည့်လိုက်တယ်။ 


သူ့မျက်လုံးတွေထဲမှာ လူသတ်ချင်စိတ်တွေ စီးဆင်းနေတယ်။ 


သူ့ရဲ့ အရှိန်အဝါက အရိုးအဆစ်ထိ ထုံကျဉ်အောင် အေးစိမ့်နေတယ်။


"မင်း သူ့ကို မထိသင့်ဘူး" 


ရွှီကျစ်လန်က ကြောက်လန့်တကြား ဒူးထောက်ပြီး သနားခံတယ်။ ခါးခါးသီးသီး ငိုကြွေးပြီးတော့ပေါ့။


ဒါပေမယ့် မကြာခင်မှာပဲ သူ သွေးအိုင်ထဲမှာ လဲလျောင်းနေပြီ။ 


ပြီးတော့ ဒီဂိမ်းကမ္ဘာမှာ ငါ့ရဲ့ အချိန်လည်း ကုန်ဆုံးသွားပြီ။ 


ညဘက်မှာ တစ်ယောက်တည်း ရပ်နေတဲ့ အထီးကျန်ဆန်တဲ့ ရှန်မော့ကို ကြည့်နေရင်း သူ့ကို ထိဖို့ ပုံမှန်လိုပဲ လက်လှမ်းလိုက်တယ်။


ဒါပေမယ့် သူ့ကို မထိခင်မှာပဲ ငါ ပျောက်ကွယ်သွားတယ်။ 


ငါ system ရဲ့အသံကို ကြားလိုက်ရတယ်။ 


[ သခင်လေး... သခင်လေးက ခြောက်ခြားစရာဂိမ်းကနေ ထွက်လာပါပြီ... အထူးကြေညာချက် - ကျွန်တော့်ရဲ့ စစ်ဆေးချက်အရ Final Boss က သခင်လေး အပေါ် ချစ်ခင်မှုအမှတ် ၁၀၀ အပြည့်အဝ ရထားတယ် ]


---