Chapter 07
“ပြဇာတ်”
အဘိုးကျောက် သက်ရှိထင်ရှားရှိစဥ်အခါက သူက တတိယသားကို အလွန်ချစ်မြတ်နိုးသော်လည်း သူ့သားထွေး၏အားထုတ်မှုနှင့် ရည်မှန်းချက်က အလွန်ကြီးမားတာကြောင့် သူ၏ဒုတိယသားဖြစ်သူ ကျောက်တာဟူက သူ့အချစ်ဆုံးဖြစ်လာခဲ့သည်။ ကျောက်တာဟူက သူနဲ့အရင်းနှီးဆုံးဖြစ်ပြီး လယ်ယာလုပ်ငန်းမှာ သူ့လိုပင် အလုပ်ကြိုးစားသည်။ ဒါကြောင့် ထိုအချိန်က ကျောက်တာနျိုသည် မိသားစုထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်ခဲ့သည်။ သူ့ညီက အလုပ်အများစုကို တာဝန်ယူပြီး သူ့ဘဝကို သက်တောင့်သက်သာရှိစေခဲ့လို့ ကျောက်တာနျိုက ပျော်ရွှင်ခဲ့သော်လည်း သူ့ဖခင်က သူ့ကို ကျောက်တာဟူနဲ့ အမြဲနှိုင်းယှဥ်ခဲ့တာကြောင့် သူက ကျောက်တာဟူကို အမြင်မကြည်ခဲ့ပေ။
ထို့ကြောင့် သူ့ဖခင်ဆုံးပါးသွားပြီးနောက် ကျောက်တာနျိုက ဝန်ထုပ်ဝန်ပိုးအားလုံးကို တစ်ယောက်တည်းတာဝန်ယူခဲ့သော ကျောက်တာဟူကို စိတ်ပြေနပြေကြည့်နေခဲ့သည်။ သူက သူ့ညီကို သဘောမကျသလို သူ့ဖခင်(ကော)ကလည်း သူ့သားလတ်ကို သဘောမကျကြောင်း သူသိသည်။ ကျောက်တာဟူက သူ့ဖေဖေ သဘောမကျသော ကောကို လက်ထပ်ခဲ့၍ သူ့အဆင့်က ပိုပြီးနိမ့်ပါးသွားခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူက သူ့ဖေဖေ၏စိတ်ကိုဖတ်တတ်သော ဇနီးလေးကို လက်ထပ်ပြီး အလိုက်သင့်ပြုမူခဲ့သည်။ သူ့ဖေဖေ လက်ထဲမှာ ကျောက်တာဟူ ဒုက္ခရောက်နေတာကို သူသဘောကျ၍ ကျောက်တာဟူမှာ ဦးနှောက်မရှိဘူးလို့လည်း လှောင်ပြောင်ခဲ့သေးသည်။ သူ့ဖခင်(ကော)က သူ့ကို တန်ဖိုးထားတယ်လို့ ထင်နေတာလား? သူအရမ်းကြိုးစားနေပေမယ့် အိမ်ကလူနှစ်ယောက်ရဲ့ အထင်သေးခံနေရတာကို သူမသိခဲ့ဘူးလား?
ကျောက်မိသားစု၏ အငယ်ဆုံးသားက သူ့အစ်ကိုတွေကို အမြဲနှာခေါင်းရှုံ့ခဲ့သည်။ သူ ကျောင်းမှာပိုနေရလေ လယ်ကွင်းထဲမှာ အလုပ်လုပ်ရသည့် သူ့အစ်ကိုနှစ်ယောက်ကို ပိုအထင်သေးလေဖြစ်၏။ ကျောက်တာနျိုက သူ့ညီ သူ့ကိုဘယ်လိုတွေးလဲ ဂရုမစိုက်ပဲ အတူနေလို့ရသရွေ့ အနာဂတ်မှာ သူ့ကိုမှီခိုမှာဖြစ်၏။
ကျားကြီး၏ဇနီးက သူ့ဖခင်(ကော)၏အမြင်မှာ အထင်သေးခံရပြီး သူက သူ့ဖခင်ကို ဘယ်လိုဖားရမလဲဲမသိပေ။ သူ့ဖခင်က ညီငယ်၏ဇနီးကို ဆူပူကြိမ်းမောင်းနေလျှင် သူက အေးစက်စက်ထိုင်ကြည့်နေပြီး ထန်ချွန်းမင်ကတော့ တာဟူကို ပြန်မပြောရဲခဲ့ပေ။ သူ့ညီ၏ဇနီး ဘယ်လောက်ပျော့ညံ့ကြောင်းသိ၍ ယခုချိန်တွင် သူက ဝမ်ချွန်းဟွာ၏ စကားကိုမယုံပေ။ အိမ်မှာနေပြီး ဝမ်းနည်းပူဆွေးကာ ဝတ်ပြုဆုတောင်နေခြင်းက သူ့သဘောသဘာဝနှင့် ပိုကိုက်ညီပေမည်။
“ကျွန်တော် ခင်ဗျားကို လိမ်စရာလား? မိသားစုထဲက ဘယ်သူကမှ ခင်ဗျားကို အမြင်ကြည်တာမဟုတ်ဘူး။ ကျွန်တော် သားတစ်ယောက်ထပ်မမွေးပေးလို့ ခင်ဗျား ကျွန်တော့်ကို အမြင်မကြည်တာသိတယ်။ အခု ခင်ဗျားညီကလည်း ထွက်သွားပြီဆိုတာ… အွမ်း…” ဝမ်ချွန်းဟွာ၏ စကားမဆုံးလိုက်ပဲ သူ့ပါးစပ်အပိတ်ခံလိုက်ရသည်။ သူ့ခင်ပွန်းက သူ့ကိုယ်သူ ကာကွယ်ပြောဆိုလာသည်။ “မင်း ဒီလိုစကားတွေကို ဘယ်လိုပြောနိုင်ရတာလဲ… ငါမင်းကို ဘယ်တုန်းက မထီမဲ့မြင်ပြုဖူးလို့လဲ? ဒီအိမ်မှာ ငါမင်းစကားပဲနားထောင်ပြီး ပိုက်ဆံကိုလည်း မင်းလက်ထဲပဲ အပ်တာမဟုတ်ဘူးလား? မင်းက တံခါးမဖွင့်ခိုင်းတိုင်း ငါက မဖွင့်ရဘူးလား? ဖေဖေ ကြားသွားပြီး မင်းကိုဆူရင် ငါအပြစ်မတင်နဲ့။”
ကျောက်တာနျိုက သူ့ကိုချော့ဖို့ကြိုးစားနေ၍ ဝမ်ချွန်းဟွာက ကျေနပ်ကာ မြှောက်တက်သွားသည်။ ထန်ချွန်းမင်က အင်မတန်ကြည့်ကောင်းသော်လည်း သူက သူ့လူကို မထိန်းချုပ်နိုင်သလို သားတစ်ယောက်လည်း မမွေးပေးနိုင်ပေ။ သူက ဤရှုထောင့်အရ အမြဲဂုဏ်ယူနေခဲ့ပြီး ထန်ချွန်းမင်က ယနေ့မှာ ကမ္ဘာပြိုအောင် တကယ်လုပ်နိုင်မယ်လို့ မထင်ပေ။
သူက သူ့ယောက္ခထီး ဘယ်လောက်အာဏာရှိလဲ သတိမပြုမိစရာလား? ဘိုးဘိုးကျောက်က ရှေ့ထွက်ပြီး မီးတိုက်လိုက်ရင် ထန်ချွန်းမင်က နောက်ဆုတ်သွားလိမ့်မည်။ ယင်းက သူ့ဗိုက်ထဲက မကောင်းဆိုးဝါးကိုလည်း နှင်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သူနောက်အိမ်ထောင်ပြုဖို့လည်း ငြင်းလို့မရလောက်ပေ။ ဒါကြောင့် ဝမ်ချွန်းဟွာက ဘိုးဘိုးကျောက်ကို ရှေ့ထွက်စေပြီး အကြိမ်အနည်းငယ်လောက် အော်ခွင့်ပြုလိုက်မည်။ သူက ကျောက်တာနျို၏နားထဲမှာ တီးတိုးပြောလိုက်ပြီး ကျောက်တာနျိုက သဘောတူသလို ခေါင်းညိတ်လိုက်သည်။ သူ့ခင်ပွန်းက တကယ်ကို ဂရုစိုက်တတ်ပြီး သူ့ကို အမြဲထည့်တွေးပေးသည်။
ကျောက်ဖျင်ချွမ်က မနက်အစောကြီး စာဖတ်ခန်းထဲမှာ စာကြိုးစားနေ၏။ သူက သူ့စာမေးပွဲကို အင်မတန် အလေးနက်ထားပြီး သူသင်ယူခဲ့တာကို တခြားသူတွေအထင်ကြီးစေရန် ကြွားဖို့အခွင့်အရေးစောင့်နေ၏။
သို့သော် ယခုချိန်တွင် ခြံဝင်းနှင့် တံခါးအပြင်ဘက်၍ ဆူညံသံများ ဆက်တိုက်ထွက်ပေါ်နေသဖြင့် သူ့ကို အနှောင့်အယှက်ဖြစ်စေသည်။ သူ့ဖေဖေ… အင်း…သူဖခင်ကို အတန်းဖော်တွေနဲ့ မိတ်ဆက်ပေးရမှာ ရှက်တာကြောင့် သူက သူတို့ကို စီရင်စု သို့မဟုတ် မြို့ထဲမှာပဲ ဧည့်ခံလေ့ရှိသည်။
ကျောက်ဖျင်ချွမ်က သူ့လက်ထဲကစာအုပ်ကို စားပွဲပေါ်မှာ ဘန်းကနဲပစ်ချလိုက်ပြီး မတ်တပ်ရပ်ကာ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားရင်း သူ့အစ်ကိုကြီးနေသော အိမ်ဘက်ကို လှမ်းအော်လိုက်သည်။ “ဒီဆူညံသံက ဘာတွေလဲ?” သူ့ဖခင်(ကော)က မကောင်းသော်လည်း သားတစ်ယောက်အနေနဲ့ သူဘာမှပြောလို့မရပေ။ သူ့အစ်ကိုကြီးနဲ့ပတ်သက်ရင် သူက အမြင်မကြည်ပေ။ သူတို့က အနာဂတ်မှာ သူ့ကိုမှီခိုလာမှာမို့ပင်။
ဘိုးဘိုးကျောက်က ထိုစကားကြားတော့ သူက တခြားသူတွေကိုဆူဖို့ အာရုံစိုက်လိုက်ပြီး သူ့သားငယ်လေး အိမ်မှာစာဖတ်နေတာကို မေ့သွားခဲ့သည်။ သူက သူ့လက်ထဲက အပ်နှင့်ချည်ကိုချကာ အပြုံးတစ်ခုဖြင့် ထွက်လာသည်။ “ဖျင်ချွမ်… အဲ့ဒါမင်းဖေဖေရဲ့အပြစ်ပါ။ မင်းအစ်ကိုကြီးရဲ့ကောက ငပျင်းလေ။ အားမိန်…ဒီကောင် ဘယ်သွားသေနေတာလဲ။ ဖျင်ချွမ် စာလေ့လာနေတာကို အနှောင့်ယှက်ဖြစ်သွားပြီ။ ငါဖြေရှင်းပေးပါ့မယ်။ ဖျင်ချွမ်… မင်းအခန်းထဲပြန်ပြီး စာသွားလုပ်ပါ။ ငါ ဘယ်သူလဲသွားကြည့်လိုက်မယ်။ ဆူညံသံတွေကို လျစ်လျူရှုလိုက်။”
အားမိန်က ကျောက်တာနျို၏ အကြီးဆုံးကလေး ကောတစ်ယောက်ဖြစ်၏။ သူက ပုံမှန်ဆိုရင် အိမ်မှာအလုပ်ရှုပ်နေပြီး တံခါးဖွင့်ပေးလေ့ရှိသည်။ သို့ရာတွင် ယခုချိန်မှာ သူက အဝတ်လျှော်ဖို့ မြစ်ကိုသွားခဲ့သည်။ သူတို့မြေးကတော့ ဘယ်မှာ သွားကစားနေလည်း မသိပါပေ။
“ကောင်းပြီ။” ကျောက်ဖျင်ချွမ်က အေးစက်စက်ပြောလိုက်ပြီး သူက သူ့ဖခင်ကို စိတ်မရှည်ဖြစ်နေ၏။ “တာနျိုရဲ့ခြံထဲမှာ ဆူညံသံမရှိဘူး။ ကျွန်တော် တံခါးဖွင့်ပြီး ဘယ်သူက ရုတ်ရုတ်သဲသဲလုပ်နေလဲ သွားကြည့်လိုက်မယ်။” ကြက်နဲ့ဝက်တွေက သူတို့ခြံထဲမှာ အော်နေတာကြောင့် ကျောက်ဖျင်ချွမ်က မြို့ထဲပြောင်းသင့်တယ်လို့ ခံစားလိုက်ရသည်။ သူက သူ့ပတ်ဝန်းကျင်ကို သည်းမခံနိုင်တော့ပဲ နောက်မှ မြို့ထဲတွင် အိမ်ငှားပေးဖို့ သူ့ဖေဖေကို တောင်းဆိုရမည်။ စာသင်ရာတွင် အာရုံစိုက်နိုင်ဖို့ သူက ခရိုင်မြို့ထဲမှာ အခြေချမှအဆင်ပြေမည်။
“ကောင်းပြီ…ကောင်းပြီ… ဖျင်ချွမ်… ဖေဖေ မင်းအတွက် အရသာရှိတဲ့အစားအစာတွေ ပြင်ပေးမယ်။ မင်းရဲ့ခန္ဓာကိုယ်ကိုကြည့်ပါဦး ပိန်ပါးနေလိုက်တာ။” ဘိုးဘိုးကျောက်က စိုးရိမ်တကြီးပြောလိုက်၏။
ကျောက်ဖျင်ချွမ်က ယခုနှစ်တွင် အသက်ဆယ့်ခုနှစ်နှစ်ပြည့်ပြီး ပုံမှန်အားဖြင့် အိမ်ထောင်ပြုရမည့်အရွယ်ဖြစ်၏။ သို့သော် သူက ဤကျေးလက်ဒေသမှာ ပိတ်မိနေမှာစိုးသဖြင့် အနှေးနဲ့အမြန် ဤလှောင်အိမ်ထဲမှထွက်ပြေးရမယ်လို့ တွေးလိုက်သည်။ သူက သူ့အစ်ကိုတွေလို အဆင့်နိမ့်တဲ့ ကျေးလက်က ကောတစ်ယောက်ကို လက်မထပ်ချင်ပေ။ ထုံရှန့်တစ်ယောက်၏ ကလေးဖြစ်သော သူ့အစ်ကို၏ဇနီးက ဉာဏ်နည်းလွန်းသဖြင့် သူဒုတိယအစ်ကိုကို လက်ထပ်ခဲ့သည်။ သူက သူ၏ပညာအရည်အချင်းကို တကယ်ဖြုန်းတီးပစ်ခဲ့၏။
မမျှော်လင့်ထားစွာပင် တံခါးပွင့်သွားသောအခါ လက်မြှောက်ပြီး တံခါးခေါက်နေသူမှာ သူ့အတွေးထဲက ကောဖြစ်၏။ ထိုလူက သူ့အစ်ကိုနဲ့ အကြာကြီး အတူနေထိုင်ပြီးနောက် သူ၏ပညာအရည်အချင်း ပျောက်ဆုံးသွားပုံပေါ်သည်။ သူက ယခုဆိုလျှင် အဆင့်နိမ့်သည့် ကျေးလက်သား ကောတစ်ယောက်ဖြစ်၏။ ကျောက်ဖျင်ချွမ်က မှုပ်ကုပ်ကုပ် ပြောလိုက်၏။ “ခင်ဗျားဒီမှာဘာလုပ်နေတာလဲ?”
ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရသည့် မုဆိုးဖိုက အိမ်မှာပူဆွေးမနေပဲ ကျက်သရေမရှိ အပြင်ထွက်လာသည်။ ကျောက်ဖျင်ချွမ်၏ ထန်ချွန်းမင်အပေါ် အမြင်က မျှော်လင့်ချက်ကြီးမားလေ စိတ်ပျက်လေဖြစ်၏။ သူ ငယ်ငယ်တုန်းက ထန်ချွန်းမင်က သူစိတ်ကူးယဥ်ဖူးသည့် အိမ်ထောင်ဖက်ကောတစ်ယောက်နှင့်တူ၍ ထိုအချိန်က သူသည် သူ့အစ်ကိုကို မကျေနပ်ဖြစ်ခဲ့သည်။ သူက တစ်နေ့မှာ ဆင်းရဲဒုက္ခပင်လယ်မှ ထန်ချွန်းမင်ကို ကယ်ထုတ်ရန် စာကြိုးစားဖို့ ဆုံးဖြတ်ခဲ့သည်။ သူက ထန်ချွန်းမင်အတွက် ကြိုးစားနေသော်လည်း ထန်ချွန်းမင်က မူရင်းအသွင်အပြင်ပျောက်သွားပြီး ကျေးလက်ရှိ တခြားကောများနှင့် တူလာခဲ့သဖြင့် သူက စိိတ်ပျက်သွားခဲ့သည်။ ကျောက်ဖျင်ချွမ်က ထန်ချွန်းမင်ကို အပြီးပိုင်စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ယခင်ကြိုက်နှစ်သက်မှုက ရွံစရာအဖြစ်ပြောင်းလဲသွားခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ထန်ချွန်းမင်က ထိုလူကိုတွေ့တော့ ဝမ်းသာသွားသည်။ ဒီလူက သူစောင့်နေတဲ့သူမဟုတ်လား.. ယခုသူက အနှီလူထွက်လာအောင် အားထုတ်စရာမလိုတော့ပေ။ သူက သူ့သားကို ဘေးချကာ ဒူးကိုကွေးပြီး ဒူးထောက်ချလိုက်သည်။ ကျောက်ဖျင်ချွမ်၊ ထန်ချွန်းရုံနှင့် သူ့နောက်လိုက်လာသော တခြားသူများက အံ့အားသင့်သွားသည်။ ဒါဘာအတွက်လဲ?
ထန်ချွန်းမင်က ကျေးလက်မှာ ကြီးပြင်းလာပြီး သူ့အဖေက သူ့ကိုဂရုစိုက်ဖို့ အချိန်သိပ်မပေးနိုင်ခဲ့ပေ။ သူက တုတ်တစ်ချောင်းဖြင့်သာ ဆုံးမခံရတာကြောင့် သူက ကျေးလက်ရှိ အမျိုးသမီးများ ငြင်းခုံရန်ဖြစ်တာကို မမြင်ခဲ့ရပေ။ သိုသော် သူက သရုပ်ဆောင်တာတော်သည်။ ယခုနေ မသင်ယူနိုင်တောင် အနည်းဆုံးတော့ စိတ်ကူးထဲတွင် ပုံဖော်နိုင်လိမ့်မည်။
ထို့ကြောင့် ထန်ချွန်းမင်က သူ့ကိုဆွဲထူဖို့ လက်ကမ်းပေးနေသည့် ထန်ချွန်းရုံ၏ လက်ကို မယူခဲ့ပေ။ သူက ဇဝေဇဝါဖြစ်နေသော ကျောက်ဖျင်ချွမ်ကို မျက်ရည်ခြူလိုက်သည်။ “ဦးလေးငယ်.. ဒီနေ့မင်းကို အသနားခံဖို့ မင်းရဲ့တူလေးကို ခေါ်လာတယ်။ ဒီနှစ်တွေမှာ တာဟူရှာသမျှပိုက်ဆံတွေက မင်းအတွက် ကုန်ကျခဲ့တာပါ။ အခုသူထွက်သွားပြီဆိုတော့ မင်း ငါနဲ့မင်းတူလေးကို အသက်ရှူပေါက်လေးပေးပါဦး။ အားလင်ကို မရောင်းဖို့ ဘိုးဘိုးကျောက်ကိုပြောပေးပါ။ မင်းငွေဘယ်လောက်လိုချင်လဲ? ငါအိမ်နဲ့မြေကို ချက်ချင်းရောင်းပြီး မင်းကိုပိုက်ဆံပေးပါ့မယ်။ ငါတို့ အပြင်မှာ တောင်းစားနေရရင်တောင် ဒီမီးပုံထဲတော့ မခုန်ချချင်ဘူး။ ဦးလေးငယ်….”
(**သူတို့က ယောက်ဖကို ဦးလေးငယ်လို့လည်းခေါ်ပါတယ်)
ကျောက်လင်းလေးက သူ့ဖေဖေငိုနေတာတွေ့တော့ ရုတ်တရက် ထငိုသည်။ “သား ဘိုးဘိုးရောင်းတာမခံချင်ဘူး။ သားက မေမေ၊ ဦးလေးနဲ့ပဲနေချင်တာ။ ဦးလေးငယ် ငွေဆယ်ပြားလိုချင်ရင် အားလင်ကြီးလာမှ ရှာပေးပါ့မယ်…ဝူး.ဝူး…ဝူးး”
ပြဇာတ်ကို အစစ်နဲ့ပိုတူစေရန် ထန်ချွန်းမင်က သူ့ဦးနှောက်ကိုသုံးလိုက်သည်။ သူက သူ့အင်္ကျီလက်ဖျားမှာ ဂျင်းရည်သုတ်လာခဲ့ပြီး ငိုနေရင်း မျက်ရည်သုတ်လိုက်သောအခါ မျက်ရည်တွေက ရေလိုစီးကျလာ၏။ သူက သူ့သားကိုဖက်ကာ ငိုနေပြီး ကျောက်မီးသွေးလို မဲမှောင်နေသော ကျောက်ဖျင်ချွမ်၏မျက်နှာကို ခိုးကြည့်လိုက်သည်။
အဲ့ဒီမှာခံလိုက်! လူတွေကိုအနိုင်ကျင့်ဖို့ မင်းနဲ့မင်းဖေဖေကို ဘယ်သူက ပြောလို့လဲ။ ဒီနေ့မင်းကို ငါမသတ်နိုင်ရင် ငါ့မျိုးရိုးက ထန်မဟုတ်တော့ဘူး!
ပြီးပြည့်စုံသောဇာတ်ဝင်ခန်းအတွက် သူက သူ့အဖိုးတန်သားလေးကို ပြောလိုက်သေးသည်။ “သား..ဒါနောက်ဆုံးအကြိမ်ပဲ။ မင်းဖေဖေက မင်းကို ဘယ်တော့မှ မတရားမှုထပ်ပြီး ခံစားခွင့်မပေးတော့ဘူး။” သူ့မျက်ရည်က အတုပေမယ့် သူ့သားက တကယ်ငိုနေတာဖြစ်၏။
ထိုထက်ပိုသည်မှာ သူ့သားပြောတာတွေက ထိရောက်၍ သူ့ဦးလေးငယ်ကို ဓားနဲ့ထိုးလိုက်သလိုပင်!
လူအုပ်နောက်မှာရပ်နေသော ဝမ်ယင်က ထိုမြင်ကွင်းကြောင့် ပါးစပ်ပွင့်အာနေသည်။ သူက သူ့မျက်လုံးကိုပွတ်လိုက်ပေမယ့် ဘာအမှားမှရှာမတွေ့ပေ။ ဒါ သူ့လင်ပါသားရောဟုတ်ရဲ့လား? အိမ်ထောင်ပြုခြင်းက လူတစ်ယောက်ကို အလုံးစုံပြောင်းလဲသွားစေတာလား? သူ့လင်ပါသားက အရှက်ကွဲမှာကို အကြောက်ဆုံးဖြစ်သည်။ သူမပြောင်းလဲသွားဘူးဆိုရင်တောင် အရှက်မရှိငိုဖို့ဆိုတာ မဖြစ်နိုင်ပေ။
သို့ရာတွင် သူ ကျောက်မိသားစု၏ တတိယသားကို မော့ကြည့်လိုက်တော့ သူ့လင်ပါသား ဘာလုပ်ဖို့ကြိုးစားနေလဲ နားလည်သွားသည်။ ယခုတစ်ကြိမ် သူတကယ်ကို နည်းလမ်းကောင်းရှာတွေ့ခဲ့တာဖြစ်မည်။ ဘိုးဘိုးကျောက်က ဘယ်လိုကစားရမလဲသိပေမယ့်လည်း ယခုတစ်ကြိမ် သူ့လင်ပါသားက အဘိုးကြီးကို ဘယ်လိုကိုင်တွယ်ရမလဲ သိနေခဲ့သည်။ ဘိုးဘိုးကျောက်က ယနေ့ ကိစ္စကို မဖြေရှင်းပါက ကျောက်မိသားစု၏ တတိယသား ဘယ်သောအခါမှ ပညာသင်ကြားလို့ရမည် မဟုတ်တော့ပေ။ ပညာရှင်တစ်ယောက်၏ အရေးကြီးဆုံးအရာမှာ ဂုဏ်သတင်းဖြစ်သည်။
လူတွေက အားနည်းသူကို အမြဲသနားညှာတာသည်။ ထို့်ပြင် ကျောက်မိသားစုနှင့်ယှဥ်လျှင် မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်ပြီး ငိုနေသည့် သနားစရာသားအဖက သူတို့၏ စာနာမှုကို ရရှိခဲ့သည်။ တချို့လူတွေက ကျောက်မိသားစုနဲ့ ကျောက်မိသားစု၏ အငယ်ဆုံးသားကို ဝေဖန်တာမရပ်တော့ပေ။
“ကျောက်လောင်စန်း… မင်း အစ်ကိုမရှိတော့ပေမယ့် မင်ကောအာက မင်းမရီးဖြစ်နေတုန်းပဲ။ လင်းအာကလည်း မင်းတူလေးမဟုတ်ဘူးလား.. မင်းဘာလို့ သူတို့ကို အတင်းအကျပ်လုပ်ရတာလဲ!”
“ကျောက်မိသားစုက ရွာရဲ့ပထမတန်းစားမိသားစုပဲ။ မုဆိုးဖိုတစ်ယောက်နဲ့ မိဘမဲ့ကလေးကို မင်းအတွက် စာမေးပွဲကြေး ပေးခိုင်းနေတာလား? ငါ့မိသားစုမှာ ဒီလိုပညာတတ်မျိုးမရှိတာပဲကောင်းတယ်။ စာတတ်ပြီး အသိဉာဏ်ပျောက်သွားတာပဲ။”
“ဟုတ်တယ်… ဘိုးဘိုးကျောက်က သူ့သားကို တစ်ရွာလုံးပတ်ကြွားနေတာ။ ကျောက်တာဟူကလည်း သူ့သားမဟုတ်ဘူးလား? လင်းအာက ကောတစ်ယောက်ဖြစ်ပေမယ့် သူ့ခန္ဓာကိုယ်မှာ ကျောက်မိသားစုရဲ့ သွေးတွေစီးဆင်းနေတာလေ။”
“ဒါက အရမ်းရက်စက်တာပဲ။ သူတို့လူမဟုတ်ဘူးလား?”
…
ကျောက်ဖျင်ချွမ်က မျက်လွှာပင့်ကာ တံခါးနားက လူတစ်စုကို ကြည့်လိုက်သည်။ လူအများစု၏အကြည့်မှာ မထီမဲ့မြင်ပြုခြင်းနှင့် အထင်သေးခြင်းဖြစ်ပြီး သူတို့က ဒူးထောက်ငိုနေသည့် သားအဖေကို စာနာသနားနေသည်။ ရုတ်တရက် ကျောက်ဖျင်ချွမ်၏ ခန္ဓာကိုယ်က ဒေါသတကြီးတုန်လှုပ်သွားပြီး ယခုချိန်တွင် သူက ထန်ချွန်းမင်ကို လည်ပင်းညှစ်သတ်ချင်နေ၏။ သူ ဘယ်တုန်းက သူတို့ကို ဖိအားပေးလို့လဲ? သူ့ဖေဖေနဲ့ သူ့အစ်ကိုကပဲ သူ့ကို အမြဲဖိအားပေးခဲ့တာမဟုတ်ဘူးလား? ရှက်စရာကောင်းလိုက်တာ…!
&&&
ကျန်းရှို့က ရွာသူကြီးအိမ်ကို အမြန်သွားခဲ့သည်။ ရွာသူကြီးနှင့် သူ့ဇနီးက မျိုးရိုးနာမည်လီဖြစ်သည်။ လီမိသားစုက ဖျင်ရှန်ရွာရှိ မိသားစုကြီးတစ်ခုလည်းဖြစ်သည်။ လီမိသားစုက ရွာရှိ တစ်ခုတည်းသော ဘိုးဘွားပိုင်ခန်းမကို ပိုင်ဆိုင်သည်။ သို့သော် အများစုက စစ်ပွဲမှ ထွက်ပြေးလာ၍ ဖျင်ရှန်ရွာက မျိုးရိုးအမည်များစွာရှိသော တောင်ပေါ်ရွာဖြစ်လာခဲ့သည်။ သို့သော် မျိုးရိုးနာမည်လီက ရွာ၏ မိသားစုကြီးဖြစ်နေဆဲပင်။ ရွာ၏ခေါင်းဆောင်အားလုံးကလည်း လီမိသားစုကဖြစ်၏။