Chapter 6.2
Viewers 488

Chapter 6.2


“ကျောက်မိသားစု အိမ်တံခါးဝ”

ကျောက်မိသားစုအိမ်သို့ သွားရာလမ်းတွင် အပျော်တမ်းပွဲကြည့်ဖို့ တစ်ခြားတစ်ယောက်၏အိမ်မှထွက်လာပြီး မူလပိုင်ရှင်နဲ့သိကျွမ်းသော ကောတစ်ယောက်နှင့်ဆုံခဲ့သည်။ အကြီးဆုံးအစ်ကိုကျောက်၏ ဇနီးဖြစ်သူ ဝမ်ချွန်းဟွာက ထန်ချွန်းမင်ကိုတွေ့တော့ အံ့အားသင့်သွားပြီး စကားမပြောခင် ထန်ချွန်းမင်၏ဗိုက်ကိုကြည့်လိုက်သည်။ “ညီလေး… မင်းရဲ့ကံကို ငါဘယ်လိုပြောရမလဲမသိတော့ဘူး။ အဲ့ဒါက မင်းဘိုးဘိုးအတွက် ခက်ခဲတယ်။ သူတို့က မင်းကို ချစ်တတ်တဲ့ယောကျာ်းတစ်ယောက်နဲ့ အိမ်ထောင်ချပေးချင်ရုံပါ။ ဒီတော့ မင်းဘိုးဘိုးကို တောင်းပန်ပြီး အမှားကိုဝန်ခံလိုက်။ မင်းဘိုးဘိုးက ဒီရက်ပိုင်း ဒေါသထွက်နေလို့ အိပ်ရာထဲလှဲနေရတယ်။”

ထန်ချွန်းမင်က ဝမ်ချွန်းဟွာကို လျစ်လျူရှုလိုက်ပြီး သူ့ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။ ဝမ်ချွန်းဟွာက မင်ကောကာနှင့် အများကြီး အဆက်ဆံမလုပ်ဖူးပေ။ ဝမ်ချွန်းဟွာက ဘိုးဘိုးကျောက်ရှေ့မှာ ဆိုးဆိုးရွားရွား ခံစားခဲ့ရတာကြောင့် သူနဲ့ လင်းကောအာ၏ အခြေအနေက ထိုအဘိုးကြီး၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု ဆိုနိုင်၏။ ယခု သူ အ​ခြေအနေကို ရှင်းလင်းပြီး ဘိုးဘိုးကျောက်ကို ထိန်းချုပ်ရမည်။

ထန်ချွန်းမင်က သူ့ကိုလျစ်လျူရှူလိုက်ပေမယ့် သူ့ဘေးက လူက ငြိမ်မနေပေ။ ချစ်တတ်တဲ့လူဆိုတာ ဘာကိုပြောတာလဲ… ဝမ်ချွန်းဟွာ…. မင်းဘာသာမင်း စမ်းကြည့်လိုက်ပါလား… ဤအဖြစ်အပျက်များက လွန်ခဲ့သည့်နှစ်ရက်သုံးရက်လောက်က ဖြစ်ခဲ့တာပင်။ ဤချစ်တတ်တယ်ဆိုသော အမျိုးသားက ခြေမသန်ရုံမကပဲ ကလေးဆိုးနှစ်ယောက်လည်းရှိ၏။ သူ့အရင်ဇနီးက သူ့ကိုသည်းမခံနိုင်တော့၍ မြစ်ထဲခုန်ချကာ သတ်သေသွားခဲ့သည်။ သူက အလုပ်မလုပ်ပဲ ရွာထဲမှာ ကြက်တွေနဲ့ အစားအသောက်တွေကို ဆက်တိုက်ခိုးနေခဲ့သည်။ ဘိုးဘိုးကျောက်က ထိုလူ့ပိုက်ဆံတွေကို မက်မောပြီး မင်ကောအာကို မီးတွင်းထဲတွန်းချနေတာ ဘယ်သူကမသိလို့လဲ…

ထိုထက်ပိုသည်မှာ ထိုလူစားမျိုးက ငွေအများကြီးတတ်နိုင်မှာမဟုတ်​ပေ။ မင်ကောအာကို လက်ထပ်ဖို့ ငွေချေးခဲ့တာဖြစ်ပေမည်။ သူတို့လက်ထပ်ပြီးရင် မင်ကောအာက အကြွေးဆပ်ပေးပြီး ဒုက္ခဆင်းရဲခံစားရမည်။ ဟာသပဲ….


ဘိုးဘိုးကျောက်၏ ဝေဒနာနဲ့ပတ်သက်၍ ရွာသားတချို့က ကျယ်ကျယ်မပြောရဲသော်လည်း သူတို့ရင်ထဲကနေ တီးတိုးပြောနေကြသည်။ ကျောက်အဘိုးကြီး ခံစားနေရသည်မှာ ရိုးသားသော သူ့ခင်ပွန်းတင်မကပဲ သူ့သားပါ ကွယ်လွန်သွားလို့ဖြစ်၏။ သို့သော် သူက အသက်ရှင်နေပြီး လူတွေကို အော်ဟစ်ကြိမ်းမောင်းနိုင်သေးသည်။ ယခု သူက မင်ကောအာကို နောက်အိမ်ထောင်ပြုဖို့ တွန်းအားပေးလို့မရတော့၍ လှည့်ကွက်သုံးကာ အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေသည်။

ထန်ချွန်းမင်က သူ့စကားတွေကို ပြန်မဖြေတော့ ဝမ်ချွန်းဟွာက အာစေးမိနေခဲ့သည်။ သို့ရာတွင် သူက အမြဲအရေထူလို့ ဘိုးဘိုးကျောက်ကို အားပေးလိုက်သည်။ “ငါတစ်ယောက်တည်း ဘိုးဘိုးကျောက်စကားကို နားထောင်ရမှာမဟုတ်ဘူး။ ကျောက်မိသားစုက လူအားလုံးနားထောင်ရမှာ။”

နောက်ကလျှောက်လာသော ကျန်းရှို့က ဝမ်ချွန်းဟွာ၏ စကားတွေကို ကြားသွားပြီး ချက်ချင်းအော်လိုက်သည်။ “အို.. မင်း.. မင်း​ဖေဖေရဲ့အိမ်မှာ ဒီလူအ​ကြောင်း စုံစမ်းပေးခဲ့တာလို့ ငါကြားတယ်။ ဝမ်ချွန်းဟွာ.. ဒီလူက မင်းဖေဖေရဲ့ မိသားစုကမဟုတ်ဘူးလား? မင်းက မင်ကောအာရဲ့ ဂုဏ်သိက္ခာကို နေ့စဥ်နေ့တိုင်းဖျက်စီးနေတာ ရွာထဲက ဘယ်သူကမသိလို့လဲ။ သူက လယ်လုပ်ရတာပျင်းလို့ အလုပ်မလုပ်ပဲ မိသားစုကို ဂရုမစိုက်ဘူးလို့ မင်းလိုက်ပြောနေတာ​လေ။ တာဟူအမဲလိုက်လာတဲ့ တောရိုင်းတိရစ္ဆာန်တွေက ဘယ်သူ့ဗိုက်ထဲဝင်သွားတာလဲ? မင်းကိုယ်မင်းနဲ့ မင်ကောအာနဲ့ ကလေးကို နှိုင်းယှဥ်ကြည့်။ မင်းက သူများကို ပျင်းတယ်လို့ပြောရဲ​သေးတယ်!”


လူအုပ်စု​က ကြည့်လိုက်တော့ ဝမ်ချွန်းဟွာက မင်ကောအာနှစ်ဆလောက်ရှိတာကို တွေ့ခဲ့ရသည်။ ဝမ်ချွန်းဟွာက ထိတ်လန့်သွားပြီး ထွက်ပြေးဖို့ ခြေလှမ်းပြင်ကာ ဆက်ပြောခဲ့သေးသည်။ “ငါအဲ့လိုပြောခဲ့တာမဟုတ်ဘူး။ ပြီးတော့ ကျောက်မိသားစုမှာ ငါဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။”

“သားကို ငွေဆယ်ပြားနဲ့ လဲလိုက်မယ်လို့ အကြီးဆုံးဦးလေးက ဘိုးဘိုးကိုပြောနေတာကို သားကြားခဲ့တယ်။” ကျောက်လင်းက သိပ်နားမလည်သော်လည်း သူ့မှာ သူ့စက္ခုအာရုံရှိပြီး အခြေအနေကို အကဲခတ်နိုင်သည်။ ဤနေရာတွင် လူအများကြီးရှိနေ၍ သူက ဝမ်ချွန်းဟွာကို ရဲရဲဝံ့ဝံ့ပြောလိုက်သည်။

ထွက်ပြေးသွားသော ဝမ်ချွန်းဟွာက နောက်လှည့်ကာ ကလေးကို ဆူဆဲပစ်လိုက်ချင်ခဲ့သည်။ အခြေအနေတွေက သူ့အတွက် အဆင်မပြေမှန်းသိ၍ သူက အမြန်ပြေးခဲ့ရလေသည်။ သူက ဘိုးဘိုးကျောက်၏အနောက်မှာ အမြဲပုန်းနေခဲ့ပြီး တစ်ခုခုဆိုလျှင် ဘိုးဘိုးကျောက်နောက်ကနေလိုက်ကာ အခွင့်ကောင်းယူလေ့ရှိသည်။

ထန်ချွန်းမင်က ရပ်လိုက်ပြီး သူ့လက်ထဲက ကလေးကိုကြည့်လိုက်သည်။ သူ ထိုနေ့က လင်းအာနဲ့အတူ ကျောက်မိသားစုကိုသွားခဲ့ပြီး သူမီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေစဥ် လင်းအာက ရုတ်တရက်ငိုပြီး ထွက်​ပြေးလာတာကို အမှတ်ရသွားသည်။ ဘိုးဘိုးကျောက်နဲ့ သူ့ဦးလေးက သူ့ကိုပေးလိုက်တော့မည့်အကြောင်း လင်းအာ ပြောပြခဲ့သည်။ ဤကိစ္စကြောင့် သူနဲ့ ဘိုးဘိုးကျောက်စကားများခဲ့ပေမယ့် လင်းအာကို ငွေနဲ့ရောင်းစားခဲ့မှန်း သူမသိခဲ့ပေ။ ဤအချက်ကြောင့် ထန်ချွန်းမင်က ကျောက်မိသားစုကို ပို၍ပင် မုန်းတီးလာခဲ့သည်!


“အားလင်… မင်းဦးလေးနဲ့ ဘိုးဘိုးက တကယ်ပြောခဲ့တာလား။ သူတို့က ငွေဆယ်ပြားလို့ပြောခဲ့လား?”


“ဖေဖေ… သူတို့အဲ့လိုပြောခဲ့တယ်။ သူတို့က သားကိုလည်း ဆူပြီး ပိုက်ဆံအရှုံးသမားလို့ ခေါ်ခဲ့တယ်**။” ကျောက်လင်းက ဝမ်းနည်းစွာပြောသည်။ 

(ပိုက်ဆံအရှုံးသမား- ခန်းဝင်ပစ္စည်းလိုတဲ့ ယောကျာ်း(ကော) အရှုံးသမား)

ထန်ချွန်းမင်၏မျက်လုံးက ကျဥ်းမြောင်းသွားပေမယ့် သူက ချော့လိုက်သေးသည်။ “သူတို့စကားနားမထောင်နဲ့။ အားလင်က ဖေဖေ့သားပဲ။ ဖေဖေက အားလင်ကို အချစ်ဆုံး။ ဘယ်သူမှ အားလင်ကိုခိုးသွားလို့မရဘူး။”

“အားလင်က လိမ္မာပါတယ်။ ဦးလေးလည်းရှိတယ်။ ဦးလေးက လင်းအာကို ကာကွယ်ပေးမှာ။” ထန်ချွန်းရုံက ဒေါသထွက်လွန်းလို့ မျက်လုံးတွေနီရဲလာသည်။

ယခုကိစ္စ၏အမှန်တရားကို ဘယ်သူမှသံသယမဖြစ်ပေ။ တစ်ခါတစ်လေ ကလေးတွေရဲ့စကားက အမှန်ဆုံးပင်ဖြစ်၏။ ထို့အပြင် မင်ကောအာ၏စကားအရ သူ့ကလေး ငွေဖြင့်ရောင်းစားခံရမှန်းပင် သူမသိခဲ့ပေ။ ကျောက်မိသားစုကို ရှုတ်ချသောအသံများက ပို၍ပင် ကျယ်လောင်လာခဲ့သည်။


လူအုပ်ကြီးတစ်စုက ကျောက်အိမ်တော်ကို ခရီးဆက်ခဲ့ကြသည်။ ကျန်းရှို့က အခြေအနေကောင်းတာကို မြင်တာကြောင့် ထောင့်တစ်ခုမှကွေ့ကာ ရွာသူကြီးအိမ်ကို အမြန်လျှောက်သွားခဲ့သည်။ ဝမ်ယင်က ထိုအုပ်စုနောက်မှလိုက်ကာ ရှေ့မှာလမ်းလျှောက်နေသော ထန်ချွန်းမင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ ရှုပ်ထွေးမှုများရှိနေသည်။ သူ့လင်ပါသားက တကယ်ပြောင်းလဲသွားပြီလား? အတိတ်မှာ သူက ယခုလိုလုပ်ရဲမှာမဟုတ်ပေ။ သူက သူ၏အတိတ်က အကျင့်စရိုက်ကို သဘောမကျပေမယ့် နှစ်အတော်ကြာအောင် အတူနေလာခဲ့ရ၍ သူ့လင်ပါသားကို နားလည်နိုင်သည်။ 

မင်း မင်းရဲ့စိတ်ထားကို တကယ်ပြောင်းလဲလိုက်ရင်တော့ အားရုံအတွက် ကောင်းတဲ့အရာဖြစ်လိမ့်မည်။

ဝမ်ချွန်းဟွာ အိမ်ကိုရောက်လာနဲ့ ခြံတံခါးကိုပိတ်ပြီး သူ့အခန်းထဲကို ပြေးသွားသည်။ မိသားစု၏ အကြီးဆုံးသားက သူ့ဇနီး စောစောပြန်ရောက်လာလို့ အံ့အားသင့်နေသည်။ အကြောင်းမှာ သူက ညစာစားချိန်မှ အိမ်ပြန်လာလေ့ရှိလို့ပင်။ ဘိုးဘိုးကျောက်နှင့် ကျောက်ဖျင်ချွမ်က စာဖတ်ခန်းအဖြစ် သီးသန့်ထားရှိသော အခန်းမှာထိုင်နေ၏။ ထန်ချွန်းမင်ဦးဆောင်သော လူအုပ်စုကြီးက သူတို့ဆီကို လာနေမှန်း သတိမထားမိခဲ့ပေ။


တစ်နှစ်တာ၏ ယခုလိုအချိန်မျိုးမှာ လူတွေက ငြီးငွေ့နေ၍ လူအများစု​က အားလပ်နေကြသည်။ ထိုကဲ့သို့ ကိစ္စကြီးရှိနေ၍ လူတိုင်းက ပါဝင်လိုကြသည်။ ထို့အပြင် ဘိုးဘိုးကျောက်နှင့် ကျောက်မိသားစု၏ အကြီးဆုံးချွေးမကို လူတိုင်းက သဘောမကျပေ။ တစ်ယောက်က ယုတ်မာပြီး နောက်တစ်ယောက်က ပြဿနာရှာရတာသဘောကျသည်။ အတိတ်မှာ တာဟူက ရိုးသားပြီး ကျောက်မိသားစုမှာ ထုံရှန့်တစ်ယောက်ရှိ၍ လူအများက ဝင်မစွက်ဖက်ချင်ခဲ့ပေ။

ကျောက်မိသားစု၏ ခြံရှေ့ရောက်တော့ သူတို့က ခြံတံခါးပိတ်ထားတာကို တွေ့လိုက်ရသည်။ လူတစ်ယောက်က ရုတ်တရက်အော်ပြောလိုက်သည်။ “ဝမ်ချွန်းဟွာ ပြန်မရောက်သေးဘူးလား? သူ မလုံမလဲဖြစ်နေတာနဲ့တူတယ်။ မင်ကောအာ… ငါတို့မင်းအတွက် တံခါးခေါက်ပေးရမလား?”


“ကျွန်တော်လုပ်လိုက်မယ်။ ကျွန်တော့်ကိစ္စပါ။ ခင်ဗျားတို့က ကျွန်တော့်ကိုမျက်နှာသာပေးပြီး သက်သေလာလုပ်ပေးခဲ့တာပါ။ လူတိုင်းကို အသေးအဖွဲလေးအတွက် အနှောင့်ယှက်မဖြစ်စေချင်ဘူး။” ထန်ချွန်းမင်က မတ်မတ်ရပ်ကာ လင်းအာကို လက်တစ်ဖက်ကကိုင်ထားရင်း နောက်တစ်ဖက်က တံခါးကို ကြမ်းကြမ်းတမ်းတမ်း ခေါက်လိုက်၏။


၁၂စက္ကန့်အပြီးမှာ အသံတစ်ခုထွက်ပေါ်လာသည်။ “နေ့ဘက်ကြီး ဘယ်သူက တံခါးပိတ်ထားတာလဲ? သားကြီး..အကြီးဆုံးချွေးမ…အပြင်မှာဘယ်သူရောက်နေလဲ အမြန်သွားကြည့်? ဒါက မင်းညီ စာလုပ်နေတာကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်။” အသံတိုးသွားတာနဲ့ သူတို့က ဆူပူသံများကြားလိုက်ရသည်။


ကျောက်မိသားစု၏ အကြီးဆုံးသားက မတ်တပ်ရပ်ပြီး တံခါးဖွင့်ဖို့ အပြင်ထွက်သွားခဲ့သည်။ သူက ဝမ်ချွန်းဟွာပြန်လာတော့ ဘာလို့တံခါးပိတ်လိုက်တာလဲ စဥ်းစားနေသည်။ နေ့ခင်းကြောင်တောင် တံခါးပိတ်ထားတာရှားသည်။ သို့ပေသိ ဝမ်ချွန်းဟွာက သူ့ကိုတားပြီး တီးတိုးပြောလာခဲ့သည်။ “အပြင်မထွက်နဲ့။ ခင်ဗျားညီရဲ့ဇနီးက ကျွန်တော်တို့နဲ့ စာရင်းရှင်းဖို့ လူအုပ်ကြီးကို ခေါ်လာတယ်။ ခင်ဗျားအပြင်ထွက်ရင် သူတို့ခင်ဗျားကို လက်ညိုးထိုးပြီး အပြစ်တင်လိမ့်မယ်။”


“မဖွင့်ပါဘူး။” အကြီးဆုံးသားက ကျောက်တာနျို**ဖြစ်၏။ သူ့ဖခင်အသက်ရှိနေစဥ်က လိမ်ညာကောက်ကျစ်သည့် သူ့သားကြီးကို သဘောမကျခဲ့ပေ။ သူက သူ့ကို တာနျို့ဆိုသည့် နာမည်နဲ့မလိုက်ဖူးလို့ပြောလေ့ရှိသည်။ ကျောက်တာနျိုက ကြီးလာတာနဲ့အမျှ ​အပျင်းထူလာခဲ့သည်။ သူ့ဖခင်ဆုံးသွားတော့ ဒုတိယကလေးမွေးပြီး အိမ်မှာ ရာထူးမြင့်လာသော ဝမ်ချွန်းဟွာကို သူမှီခိုခဲ့သည်။ ဒုတိယကလေးကြောင့် ဘိုးဘိုးကျောက်က ဝမ်ချွန်းဟွာကို တန်ဖိုးထားခဲ့သည်။ 

(**တာနျို=နွားကြီး) (**ဝမ်ချွန်းဟွာမှာ ကလေးနှစ်ယောက်ရှိပြီး အကြီးလေးက ကောဖြစ်ပြီး အငယ်လေးက အမျိုးသားတစ်ယော​က်ဖြစ်၍ သူတို့မိသားစု၏ တစ်ဦးတည်းသောမြေးအဖြစ် သတ်မှတ်ခံရသည်။)