Chapter 6.1
Viewers 503

Chapter 6.1


“ကျောက်မိသားစု အိမ်တံခါးဝ”


မင်ကောအာက ယုံကြည်အားကိုးလို့ရသော ယောကျာ်းတစ်ယောက်ကိုရှာဖို့ နောက်နှစ်အနည်းငယ်လောက် အချိန်ယူမယ်လို့ ကျန်းရှို့ထင်ခဲ့သည်။ ဤအရာ​က ဘိုးဘိုးကျောက် ပိုက်ဆံအတွက် ကြုံရာလူနဲ့ပေးစားတာထက် ပိုပြီး ကောင်းလိမ့်မည်။ ထိုအကြောင်းတွေးပြီးတော့ ကျန်းရှို့၏နှလုံးသားက စိတ်သက်သာရာရသွားပြီး သူက အနာဂတ်မှာ မင်ကောအာ အမြင်ရှိလာအောင် ကူညီပေးမယ်လို့ ဆုံးဖြတ်လိုက်သည်။

ကျန်းရှို့က ကမန်းကတန်းပြောလိုက်သည်။ “ဝမ်အားမော့… ကျွန်တော် မင်ကောအာ လူရှာဖို့ကူညီပေးမယ်။ ခြေတစ်လှမ်းနောက်ကျလို့မဖြစ်ဘူး။ ကျောက်မိသားစုက မင်ကောအာကို ဘယ်လိုအနိုင်ကျင့်မလဲ မသိဘူး။”

ဝမ်ယင်က နောက်လှည့်ကာ လွတ်နေသော ခြံကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ နောက်ဆုံးမှာ သူ ရက်စက်ခဲ့တယ်လို့ ခံစားမိခဲ့သည်။ အားရုံမလာရင် သူ့လင်ပါသားက သူမတွေ့နိုင်သောနေရာမှာ သေအောင်အနိုင်ကျင့်ခံရလိမ့်မည်။ သူက အနိုင်ကျင့်ခံရင်တောင် မျက်ရည်ကျမယ့်လူမဟုတ်ပေ။ သို့သော် အားရုံကလည်း ဝင်ပါနေ၍ ဝမ်ယင်က သူ့လင်ပါသားကို မရှိသလို သတ်မှတ်လို့မရချေ။

သူက မျက်မှောင်ကြုတ်ကာ သူကြားခဲ့သော စကားတွေကို စဥ်းစားနေသည်။ ကျောက်မိသားစုမှ လူတိုင်းက အတွင်းပုပ်တွေဖြစ်၍ သူစိတ်မအေးနိုင်ပေ။ သူ့မှာသားတစ်ယောက်ပဲရှိတော့ သူ့သားအတွက် အစီအစဥ်တွေဆွဲထား၏။ ဘာပဲဖြစ်ဖြစ် ကျောက်မိသားစု သူ့သားကိုအနိုင်ကျင့်ဖို့ ခွင့်မပြုနိုင်ပေ။ ထိုအကြောင်းစဥ်းစားပြီး ဝမ်ယင်​က ခြံထဲကထွက်ကာ ကျောက်မိသားစု၏ အိမ်သို့ ဦးတည်လိုက်သည်။

&&&

ထန်ချွန်းမင်က သူ ကျန်းရှို့၏ အထင်လွဲခံနေရတာကိုမသိပေ။ သို့သော် သူအထင်လွဲခံရရင်တောင် သူ ဤအခက်အခဲကို ကျော်ဖြတ်ရပေမည်။

သူ့သားကိုချီကာ သူက လမ်းတစ်ပေါ်တွင် တခြားရွာသားများနဲ့ မလွဲမသွေဆုံခဲ့ရသည်။ ဘိုးဘိုးကျောက် မင်ကောအာ၏ အိမ်မှာ အကြီးအကျယ်သောင်းကျန်းသွားတာကို သူတို့တွေ့ခဲ့ရသည်။ အတင်းအဖျင်းပြောရတာကြိုက်သော တချို့ရွာသားများက မင်ကောအာ ဘာလုပ်မှာလဲ သိချင်နေ၏။

ထန်ချွန်းမင်က ပွဲကြည့်ဖို့ ရောက်လာသော လူနည်းနေမှာကို စိုးရိမ်တာကြောင့် မျက်ခုံးပင့်ကာ ပြောလိုက်၏။ “လင်းအာရဲ့ဘိုးဘိုးက အရင်ရက်အနည်းငယ်က ကျွန်တော့်ကို နောက်အိမ်ထောင်ပြုဖို့ပြောခဲ့တယ်။ သူက ကျွန်တော့်ရဲ့သားကို ကလေးသတို့သမီး*လုပ်ခိုင်းမယ်လို့ ပြောခဲ့တယ်။ ကျွန်တော် အဲ့ဒါကို တွေးတောင်မတွေးချင်ဘူး။ လင်းအာက သူ့ဘိုးဘိုးနဲ့ ဦးလေးတွေဆီက သကြားလုံးတစ်လုံးတောင် မစားဖူးဘူး။ ကျွန်တော်တို့ သားအဖက သူတို့စကားကို ဘာလို့နားထောင်ရမှာလဲ? ကျွန်တော့်ရဲ့ ကောအာလေးကို ဒုက္ခတွင်းထဲမပို့ချင်ဘူး။ နေ့ရက်တွေက ဘယ်လောက်ပဲခက်ခဲနေပါစေ ဒါကိုတော့ လုံးဝသည်းမခံနိုင်ဘူး။”

(**child bride - ဆယ့်ရှစ်အောက် ကလေးငယ်ငယ်လေးများကို အတင်းအကျပ်လက်ထပ်ပေးခြင်း၊ ငယ်ငယ်တည်းက (အထူးသဖြင့် အသက်ကြီးသောလူကြီး)နှင့် စေ့စပ်ပေးခြင်း၊ ပုံမှန်အားဖြင့် အကြမ်းဖက်ခြင်းနှင့် ရောင်းစားခြင်းဖြစ်ပါတယ်။)

 “သား ဖေဖေနဲ့မခွဲချင်ဘူး။ ဖေဖေ… သား သူများအိမ်ကို မသွားချင်ဘူး။” ကျောက်လင်းက ငိုနေသည်။

ထန်ချွန်းမင်၏အသံက မတိုးသဖြင့် မူလက အနားမှာမရှိသူများကိုပင် ဆွဲဆောင်နေခဲ့သည်။ ရွာသားများက ယင်းကိစ္စကို မူလကအတည်မပြုရဲပဲ ကောလာဟလသာ ပျံ့နေခဲ့သည်။ ယခု ထန်ချွန်းမင်ကိုယ်တိုင် အတည်ပြုပေးခဲ့၍ သူတို့အားလုံး အံ့အားသင့်သွားကြ၏။ ကျောက်ဖျင်ချွမ် ထုံရှန့်ဖြစ်သွားတည်းက ကျောက်မိသားစုကို အိန္ဒြေသိက္ခာရှိသော မိသားစုအဖြစ် သတ်မှတ်ခဲ့သည်။ သူတို့က ဒီလိုရက်စက်တဲ့အရာကို ဘယ်လိုလုပ်နိုင်ရတာလဲ? ထို့အပြင် ခြေမသန်သောအမျိုးသားကိုယ်တိုင်က ဘိုးဘိုးကျောက် ငွေဆယ့်ငါးပြားယူခဲ့တာကို ပြောပြခဲ့သည်။ ထိုကိစ္စနဲ့ပတ်သက်ပြီး လူတိုင်း၏ ဘက်မလိုက်သော နှလုံးသားက ထန်ချွန်းမင်ဘက် အလေးသာသွားခဲ့သည်။ ကျောက်တာဟူ ဘိုးဘိုးကျောက်ကို ဘယ်လောက်လေးစားလဲ သူတို့အားလုံးသိပေမယ့် ထိုလူက ကွယ်လွန်သွားတော့ သူ့မွေးဖခင်က သူ့ဇနီးကို ရောင်းစားဖို့ လုပ်ခဲ့သည်။ ဒီအရာကို ဘယ်သူက သည်းခံနိုင်မှာလဲ…..

ထန်ချွန်းမင်က ကျောက်မိသားစုအိမ်သို့ မချီတက်ခင် သူ့နောက်ကနေ ရွာသားတစ်စုလိုက်လာကြသည်။ မူလက ယုံကြည်ချက်ရှိပြီး ကျောက်မိသားစုနှင့် ငြင်းခုံဖို့ အသင့်ဖြစ်နေသော ထန်ချွန်းရုံက သူ့အစ်ကို၏ ပြောင်းလဲသွားပုံကြောင့် ကြက်သေသေသွားသည်။ ဘေးဒုက္ခကိုရင်ဆိုင်ရာတွင် မျိုသိပ်ပြီး ရင်ထဲမှာထားကာ စကားတစ်ခွန်းမှမဆိုခဲ့သည့် သူ့အစ်ကိုက ယခုအခါ လူအများကြီးကို သူ့ဘက်မှာရပ်တည်ပေးဖို့ အပါခေါ်ခဲ့သည်။ ထန်ချွန်းရုံက ယုံကြည်မှုပိုရှိကာ သတ္တိပိုရှိလာသလို ခံစားလိုက်ရသည်။

ယနေ့ဖျင်ရှန်ရွာက ထူးခြားသော နေ့ရက်ဖြစ်၏။ ဤလူအုပ်ကြီးက ထန်ချွန်းမင်၏ ရွာအနောက်ဘက်က​နေ ကျောက်မိသားစုအိမ်ကို ချီတက်လာကြသည်။ တစ်ချိန်တည်းမှာ ဖျင်ရှန်ရွာအဝင်ဝတွင် အရပ်ရှည်ရှည် ထွားကျိုင်းသန်မာသော အမျိုးသားနှစ်ဦး လမ်းလျှောက်လာသည်။

ထန်ချွန်းမင်၏ စကားက ရှင်းလင်းပြီး ကျယ်လောင်တာကြောင့် သူတို့နှစ်ယောက်ကလည်း ရွာထဲက ဆူညံသံကို ကြားခဲ့ရသည်။

သူတို့ထဲက တစ်ယောက်က ပြောလိုက်သည်။ “အစ်ကိုကြီးနဲ့ ဒီနေရာကို လမ်းလျှောက်လာတော့ ရွာက တကယ်ကို အသက်ဝင်မှန်းသိလိုက်ရတယ်။ အစ်ကိုကြီး… ကျွန်တော်တို့လည်း အိမ်မပြန်ခင် ဘာဖြစ်နေတာလဲ သွားကြည့်မလား?” 

(T/N သွေးသားတော်စပ်သော ညီအစ်ကိုမဟုတ်ပါ.. သူတို့အကြောင်းက နောက်ပိုင်းမှပါမည်)


မျက်ခုံးထူထူ မျက်လုံးကြီးကြီးရှိသော တခြားအမျိုးသားတစ်ယောက်က ရိုးရှင်းသော ကျေးလက်သားနှင့်တူ၏။ သို့သော် သူက တစ်ဖက်လူ၏ စကားကိုကြားသောအခါ သူ့အမူအရာက သိသိသာသာ ပြောင်းသွားခဲ့သည်။ သူသည် အလုပ်များသော ကျေးလက်သားမဟုတ်ပဲ စစ်မြေပြင်တွင် သွေးကြွေးအောင်ပွဲအတွက် စစ်တိုက်ခဲ့ပြီး ရဲရင့်သည့် စစ်သူကြီးတစ်ယောက်ဖြစ်၏။ မှေးမှိန်သော မျက်ခုံးကြားရှိ အမာရွတ်က မျက်နှာတစ်ခုလုံးကို ရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်စေသည်။ ယင်းမှာ ဘေးလူများကို အကြောင်းပြချက်မရှိ တုန်လှုပ်သွားစေ၏။

ထိုပုံစံကိုမြင်သော တစ်ဖက်လူက သူ့စကားကို ချက်ချင်းပြောင်းလိုက်သည်။ “အိမ်ပဲပြန်ကြတာပေါ့။ အစ်ကိုကြီးလောက် ဘယ်သူမှမကောင်းပါဘူး။ အစ်ကိုကြီး ကျွန်တော့်ကို လမ်းညွန်​ပေးပါ။ ဒါနဲ့ အစ်ကိုကြီး.. ခင်ဗျား တကယ်ပဲ မိသားစုကို ခင်ဗျားရဲ့သရုပ်မှန် မပြောပြတော့ဘူးလား?”

အစ်ကိုကြီးက အကြည့်ပြန်ရုတ်သွားပြီး သူ့မူလပုံသဏ္ဍန်အတိုင်း ပြန်ဖြစ်သွားသည်။ သူက ရွာကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။ “မင်းရောက်ရင် ငါဘာလို့မပြောပြချင်လဲ သိလိမ့်မယ်။ မင်းပါးစပ်ကိုမပိတ်ထားနိုင်ရင် မြန်မြန်ပြန်သွားတော့။”

“ဟုတ်ပါတယ်။ ကျွန်တော် ပိတ်ထားသင့်တာပေါ့။ အစ်ကိုကြီးက ညီငယ်လေးကို အမိန့်ပေးရင် ကျွန်တော်က လိုက်နာရမယ်။ ဘယ်လိုအကြောင်းပဲရှိရှိ” သူက ဖျင်ရှန်ရွာကို လျှောက်လာရင်း ပါးစပ်ကို ပိတ်ထားကာ ဖိအားတွေ တိုးလာတယ်လို့ ခံစားလိုက်ရသည်။ သူဉာဏ်မမီရင်တောင် သူ့အစ်ကိုကြီးအိမ်ပြန်ရင် ကြိုဆိုမယ့်လူရှိမှာမဟုတ်ဘူးလို့ ခန့်မှန်းမိသည်။ သူက အစ်ကိုကြီး၏မိသားစုကို မတွေ့ဖူးလို့ ဤအချက်က မှန်သလားတော့ မသိပါပေ။

ထိုအချိန်က သူ့အစ်ကိုကြီးသည် အသက်အရွယ်ကိုလိမ်ညာ၍ နယ်စပ်သို့အပို့ခံခဲ့ရသည်။ နှစ်အနည်းငယ်ကြာတော့ အစ်ကိုကြီးက ရက်စက်ကြမ်းတမ်းစွာ အောင်နိုင်မှုအများကြီးကို ရခဲ့သည်။ တခြားသူတွေက သူ့အောင်နိုင်မှုတွေကိုပဲ မြင်ကြပေမယ့် သူကတော့ သူ့အစ်ကိုကြီးဘေးမှာ ရှိနေခဲ့၍ ထိုအောင်နိုင်မှုများကိုရဖို့ သူ့အစ်ကိုကြီးက ငရဲဘုရင်ကို အကြိမ်များစွာ တွေ့ခဲ့ရကြောင်း သိပါ၏။ အသက်မပြည့်သေးသော အမျိုးသားတစ်ဦးအား စစ်မှုထမ်းရန် ဘယ်လိုမိသားစုက ခွင့်ပြုခဲ့တာလဲ သိလိုစိတ်ဖြင့် သူက နောက်ကနေ တိတ်တိတ်လေး လိုက်သွားခဲ့သည်။ 

&&&