Chapter 05
Viewers 514

Chapter 05


“မိထွေး”

ထန်ချွန်းမင်က ထန်ချွန်းရုံကို အိမ်မှာတကယ်နေခိုင်းပြီး ဖျင်ရှန်ရွာမှ မိုင်နှစ်ဆယ်ဝေးသော ကျန်းရှန်ရွာရှိ ထန်မိသားစုကို အကြောင်းကြားပေးရန် ကျန်းရှို့ထို့ကို ပြောခဲ့သည်။

ဒုတိယမြောက်နေ့ မနက်အစောပိုင်းတွင် ထန်ချွန်းမင်၏မိထွေး ဝမ်ယင်က ကျန်းရှန်ရွာမှ အလောတကြီးရောက်လာခဲ့သည်။ သူက ရှက်တတ်ပြီး အသားဖြူသော ထန်ချွန်းရုံနဲ့ လုံးဝကွဲပြားသည်။ မိထွေးဝမ်ယင်က အရပ်ရှည်သောကောတစ်ယောက်ဖြစ်ပြီး အသက်သုံးဆယ်အရွယ်ပဲ ရှိသေးပေမယ့် သူက လယ်ကွင်းထဲမှာ အလုပ်လုပ်ရပြီး နက်မှောင်သောအသားအရေရှိတာကြောင့် အသက်ငါးဆယ်လို့ ထင်ရသည်။

ထန်ချွန်းမင်က သူ့မွေးဖခင်နှင့်တူပြီး ထန်ချွန်းရုံကတော့ သူ့အဖေနှင့်တူကာ သူ့အဖေလို စာသင်ရတာသဘောကျသည်။ ထို့ကြောင့် ဝမ်ယင်က ထန်ရှန့်၏ မျက်နှာသာပေးခြင်းကို မခံရသော်လည်း သူ့သားကတော့ သူဖခင်၏ အချစ်ခံခဲ့ရသည်။ ထန်ရှန့်မဆုံးခင် သူ့သားလေး အင်ပါယာစာမေးပွဲကို ဖြေဆိုနိုင်ဖို့ ကျောင်းပို့ပေးပါလို့ ပြောခဲ့သည်။

ဝမ်ယင်က သူ့ခင်ပွန်းပြောတာကို လက်မခံပေ။ ထန်ရှန့်က မသေခင်အထိ ထုံရှန့်(ကျောင်းသား)အဖြစ်သာ ရပ်တည်ခဲ့ပြီး ပညာတော်သင်စာမေးပွဲကို မအောင်ခဲ့ပေ။ တစ်သက်လုံး စာသင်နေလို့ ဘာရမှာလဲ? အိမ်မှာလယ်စိုက်ဖို့နဲ့ အပြင်အလုပ်တွေကို စီမံဖို့ သူက သူ့ဇနီးကို မှီခိုနေရဆဲပဲ မဟုတ်လား? သူ့ဇနီးဟောင်းလန်က ပညာရှင်၏သားဖြစ်၍ ရေးတတ်ဖတ်တတ်သည်။ ထန်ရှန့်က သူ့ကို သေသည်အထိ လွမ်းဆွတ်နေခဲ့သဖြင့် ဝမ်းယန်က ပညာရှင်တွေကို အထင်မကြီးပေ။

စာသင်တာက အလွန်စျေးကြီးပြီး ထန်ချွန်းရုံက နောက်နှစ်နှစ်အထိ တိုးတက်မှုမရှိပါက အိမ်ပြန်ပြီး လယ်လုပ်ရမှာဖြစ်၏။ အနာဂတ်မှာ သူ့အဖေလို လယ်ယာ မထိန်းသိမ်းတတ်ရင် သူက မိသားစုကိုထောက်ပံ့ဖို့ သူ့အစ်ကို ထန်ချွန်းမင်ကိုသာ မှီခိုနေရလိမ့်မည်။

ဝမ်ယင်က ထန်ချွန်းမင်၏ အိမ်တံခါးကို အလောတကြီးတွန်းဖွင့်ကာ ခြံထဲမှာစကားပြောနေသော ညီအစ်ကိုနှစ်​ယောက်ကို ထိတ်လန့်သွားစေခဲ့သည်။ ထန်ချွန်းရုံ၏အဖက်ခံထားရသော လင်းအာက ငိုမလိုဖြစ်သွားသည်။ အကြောင်းမှာ ဘိုးဘိုးကျောက်လာရင် မနှုတ်ဆက်ပဲ သူ့ကိုလက်ညိုးထိုးပြီး ဆဲဆိုတတ်လို့ဖြစ်၏။

“ကောင်းပြီ… မင်းက ကျောင်းတောင်မသွားတော့ဘူးပေါ့.. ကောင်းတယ်လေ.. နောင်မှာ စာသင်စရာမလိုတော့ဘူး။ ငါနဲ့ အိမ်လိုက်ခဲ့တော့။” ဝမ်ယင်က အော်လိုက်ပြီး ထန်ချွန်းရုံနဲ့ တူလေးက နောက်ဆုတ်သွားခဲ့သည်။ သူက ငိုတော့မယ့် လင်းအာကို ပြာပြာသလဲချော့လိုက်ရပြီး သူ့ဖေဖေ၏ပုံကိုကြည့်ပြီး ရှက်နေ၏။

“ဖေဖေ… တူလေးလန့်သွားပြီ။ ဖေဖေ သူ့ကိုမတွေ့ဖူးသေးဘူးမလား။ တူလေး လင်းအာ.. ဘိုးဘိုးလို့ခေါ်လိုက်။” ထန်ချွန်းရုံက သူ့ဖခင်ကို စိတ်ပျက်နေသည်။ သူက အမျိုးသားတစ်​ယောက်ဖြစ်၍ အနာဂတ်မှာ သူ့ဖခင်နှင့် အစ်ကိုကို စောင့်ရှောက်ဖို့ ကိုယ်ပိုင်အတွေးရှိသည်။

ဝမ်ယင်က ကလေးကို စိတ်မဆိုး​နိုင်ပေ။ သူက သူ့သားကို စိတ်ပျက်လက်ပျက်ကြည့်​ကာ တစ်ဖက်လူကို တစ်ဖန်လှည့်လိုက်သည်။ သူက ထန်ချွန်းမင်ကို အကြည််ဖြင့် ထိုးနေ၏။ “ဘာဖြစ်လို့လဲ? မင်းလူသေသွားလို့ မင်းက အသက်ဆက်မရှင်နိုင်တော့ဘူးလား? ငါ့သားကို ဘာလို့ခေါ်ထားတာလဲ? ငါပြောမယ်.. မင်းထန်မိသားစုထဲ ပြန်လာလို့မရဘူး။” မင်းက ထန်အိမ်ကို ပြန်လာပြီး မင်းနဲ့ မင်းရဲ့သားကို စောင့်ရှောက်စေချင်တာလား? လုံးဝမရဘူး!


“ဖေဖေ…” ထန်ချွန်းရုံက အော်လိုက်သည်။

ထန်ချွန်းမင်က ရှေ့တစ်လှမ်းတိုးပြီး ဝမ်ယင်၏ သဘောထားကို လုံးဝဂရုမစိုက်ပေ။ “ဖေဖေ… စိတ်မပူပါနဲ့။ ကျွန်တော် ကျောက်မိသားစုမှာမနေသလို ထန်မိသားစုကိုလည်း ပြန်မလာပါဘူး။ ထန်မိသားစုက ညီလေးနဲ့ပဲဆိုင်တာပါ။ အားရုံက မိသားစုကို ထောက်ပံ့ပေးမှာပေမယ့် သူဒီမှာရှိနေရင် ထန်မိသားစုအားလုံး သေသွားပြီလို့ လူတွေထင်နေတာကို ပယ်ဖျက်နိုင်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကလည်း ထန်မိသားစုကပဲမို့ ကျွန်တော်အရှက်ကွဲရင် အားရုံကို ထိခိုက်လာလိ့မ်မယ်။”

“ဘာ! မင်းကိစ္စက အားရုံနဲ့ဘာဆိုင်လို့လဲ? မင်းသူ့ကို မနှောင့်ယှက်ရင် သူက ကျေးလက်သားတစ်ယောက်အဖြစ် ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်လိမ့်မယ်။” ဝမ်ယင်က ဒေါသတကြီးဆိုသည်။ သူ့သားကို ဘယ်သူမှ လမ်းလွဲအောင်မလုပ်စေရပေ။

“သူ ကျေးလက်သားတစ်ယောက်ဆိုရင်တောင် ဆွေမျိုးတွေနဲ့ ညီအစ်ကိုတွေရဲ့ပံ့ပိုးမှုကိုလိုမှာပဲ။ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်ညီမို့လို့ ကျွန်တော် သူ့အပေါ် ဆိုးဆိုးရွားရွား ရည်ရွယ်ချက်ရှိမှာမဟုတ်ဘူး။” ထန်ချွန်းမင်က ဘာသိဘာသာပြောလိုက်၏။

ဝမ်ယင်က သူ့ကိုတစ်ချက်ကြည့်သည်။ “ငါမင်းကို အထင်သေးတာတော့မဟုတ်ပေမယ့် မင်းက အားရုံရဲ့အကူအညီကို လိုနေတုန်းလား? ဖျင်ရှန်ရွာကို မလာခင်က မင်းရဲ့အခြေအနေကို ငါမသိဘူးမထင်နဲ့။ မင်းအဖေ မင်းအတွက် ထားခဲ့တဲ့ ခန်းဝင်ပစ္စည်းတွေဘယ်မှာလဲ? တစ်ပြားမှမကျန်တော့မှာကို ငါစိုးရိမ်တယ်။ မင်းကို ကျောက်မိသားစုက ဂုတ်သွေးစုပ်ခဲ့တာပဲ။ အားရုံက မင်းကြောင့်ပင်ပန်းမှာကို ငါစိုးရိမ်တယ်!”

သူက လင်ပါသားကို ဂရုမစိုက်သော်လည်း ရွာနှစ်ရွာက အရမ်းနီးနေပြီး သူတို့ကြားမှာ တခြားရွာမရှိပေ။ အတင်းဖျင်းတွေကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ သူ့ခင်ပွန်းက သူ့မျက်စိရှေ့မှာတင် သူ့ကောကို ကောင်းကောင်းပျိုးထောင်ခဲ့ပေမယ့် အမှားလုပ်မိပြီး တခြားသူ၏အိမ်မှာ အနိုင်ကျင့်ခံရဖို့ စေလွှတ်ခဲ့မိသည်။ သူက ထိုအရာကို မြင်သောအခါ ဝမ်းသာခဲ့သေးသည်။

“ဖေဖေ…” ထန်ချွန်းရုံက ဒေါသထွက်သွားသည်။ သူ့ဖေဖေက သူ့အစ်ကိုနဲ့ပတ်သက်တာအားလုံးကို သိနေပေမယ့် သူ့ကိုတစ်ခွန်းမှမဟခဲ့ပေ။ အဆုံးမှာ ဤလူမှာ သူ့အစ်ကိုဖြစ်သည်လေ….

ထန်ချွန်းမင်က နဖူးကိုပွတ်ပြီး ခါးခါးသီးသီး ပြောလိုက်၏။ “ကျွန်တော် ဒီနေ့ ကျောက်မိသားစုနဲ့ အဆက်ဖြတ်ဖို့ သွားပြောတော့မှာ။ ခင်ဗျား ကျွန်တော်နဲ့လိုက်ပြီး အခြေအနေကြည့်ပြီးမှ ဆုံးဖြတ်ပါ။ ကျွန်တော့်ကို မျက်နှာသာမပေးချင်ရင်တောင် အားရုံအတွက် စဥ်းစားပေးပါ။”

ဝမ်ယင်က ကြမ်းတမ်းသော ​ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း သူ့သားကို ဂရုစိုက်သော ဖခင်ဖြစ်၏။ သူလှည့်လိုက်တော့ သူ​က သူ့သား၏အသနားခံနေသော မျက်ဝန်းကိုကြည့်ကာ ဘာမှမပြောနိုင်တော့ပေ။ သူက စိတ်ထဲမှာ ခေတ္တလျှော့ပေးခဲ့သော်လည်း အေးစက်စက်ပြောလိုက်သေးသည်။ “မင်းဘာလုပ်နိုင်လဲ ငါမြင်ချင်တယ်။ မင်းရဲ့ကိုယ်ဝန်အကြောင်း ထုတ်ဖော်လိုက်တာနဲ့ ကျောက်မိသားစုက မင်းကို​ နောက်အိမ်ထောင်ပြုဖို့ တွန်းအားမပေးတော့ဘူး ထင်လို့လား?” သူက လွန်ခဲ့သည့်နှစ်များမှာ ကျောက်မိသားစုအကြောင်း အများကြီး ကြားသိခဲ့ရပြီး သူက ကျောက်မိသားစုအိမ်က အဘိုးကြီး၏စိတ်ကို နားလည်သည်။ ထိုလူ၏ မျက်လုံးထဲမှာ ပိုက်ဆံနှင့် သားထွေးပဲရှိ၏။

“ဒါဆို ကျွန်တော်တို့လောင်းကြေးထပ်ကြမလား? ကျွန်တော် ကျောက်မိသားစုနဲ့ အဆက်ဖြတ်နိုင်ရင် ခင်ဗျား အားရုံကို ကျွန်တော်နဲ့ ဆက်သွယ်ဖို့ မတားရဘူး။” ထန်ချွန်းမင်က ဒေါသတကြီးပြောလိုက်၏။

ဝမ်ယင်က မျက်စောင်းထိုးလိုက်သည်။ “မင်းတကယ်လုပ်နိုင်ရင် ငါ အားရုံကို လာခွင့်ပြုမယ်။” သူက သူ့လင်ပါသားကို နှိမ်ချင်လို့မဟုတ်ပဲ ထန်ချွန်းမင်မှာ ကျိုးနွံသောစိတ်ထားရှိ၍ ယနေ့ သူ့အပြောအဆိုက သူ့ကို အထင်ကြီးစေခဲ့သည်။ ဝမ်ယင်အိမ်ထဲဝင်သွားတာကို ကျန်းရှို့တွေ့သောအခါ အမြန်ရောက်လာခဲ့သည်။ သူက အတန်ငယ်အံ့အားသင့်ကာ ခေါ်လိုက်လေသည်။ “ဝမ်အားမော့”

(ဝမ်အားမော့ - ဦးလေးလို့ခေါ်တာပါ)


“ရှို့အာလား… မင်းက ဘယ်လိုရှင်သန်ရမလဲ သိသားပဲ။” ဝမ်ယင်က ကျန်းရှို့ကိုတစ်ချက်ကြည့်ပြီးမှ ဖြူဖျော့၍ ပိန်လှီနေသော ထန်ချွန်းမင်ကို ကြည့်လိုက်သည်။ သွယ်ဝိုက်ပြောဆိုနေသည်မှာ ထန်ချွန်းမင်က ဘယ်လိုရှင်သန်ရမလဲ မသိဘူးဟူ၍ပင်။ ခန်းဝင်ပစ္စည်းအများကြီးနဲ့ သူက ဤအခြေအနေကို ရောက်လာခဲ့သေးသည်။ ဝမ်ယင်၏ အ​မြင်မှာ ယင်းမှာ သူ့အဖေကဲ့သို့ ကျွမ်းကျင်မှုတစ်ခုဖြစ်၏။ သူက သားဖြစ်သူကြောင့် ခဏတာ အလျှော့ပေးခဲ့သော်လည်း သူ့ပါးစပ်က ထိုးနှက်ဖို့ အခွင့်အရေးရှာနေဆဲပင်။

ကျန်းရှို့က အောင့်အီးကာ ပြုံးလိုက်၏။ ထန်မိသားစုကိစ္စများကို ဝင်စွက်ဖက်ဖို့ မလွယ်ကူပေ။

ထန်ချွန်းမင်က သူ့မိထွေး၏ပါးစပ် အသာစီးရသွားတာကို ဂရုမစိုက်ပေ။ သူက သဘောထားကြီးသော လူကြီးတစ်ယောက်ဖြစ်၏။ သူက သူ့သားကို အားရုံလက်ထဲမှဆွဲထုတ်ကာ ပြောလိုက်သည်။ “သားလေး… တရားမျှတမှုရှာဖို့ မင်းဘိုးဘိုးရဲ့အိမ်ကို သွားမယ်။ မကြောက်နဲ့။ ဒီနေ့ကစပြီး မင်းဘိုးဘိုးရဲ့မိသားစုက ဖေဖေတို့ကို အနိုင်ကျင့်လို့မရတော့ဘူး။ သား ဖေဖေနဲ့နေချင်လား?”

“ဟုတ်ကဲ့ ဖေဖေနဲ့ပဲနေမယ်။ လင်းအာမကြောက်ဘူး။” ကျောက်လင်းက တိုးတိုး​လေးပြောလိုက်သည်။ သူက သူ့ဘိုးဘိုးမိသားစုကို မကြိုက်သလို သူတို့ကလည်း လင်းအာကိုသဘောမကျပဲ ရောင်းစားချင်နေသည်။ သူတို့က လင်းအာကို ဖေဖေနဲ့မနေစေချင်ပေ။

“ဟားဟား… လိမ္မာလိုက်တဲ့သားလေး… ဖေဖေ နမ်းပါရစေဦး” ထန်ချွန်းမင်က လင်းအာ၏မျက်နှာကို အားပါးတရနမ်းလိုက်သည်။ ဤသည်မှာ ကူးပြောင်းပြီးနောက် သူ ကျောက်လင်းနှင့် ကစားလေ့ရှိသောဂိမ်းဖြစ်၏။ ကောင်လေးကလည်း သူ့ဖေဖေ သူ့ကိုချစ်တာကို သဘောကျသည်။

“ဒါဆို မင်းဘာလုပ်မှာလဲ?” ကျန်းရှို့က ထိုနေရာမှာ တောင့်တောင့်ကြီးရပ်နေပြီး မင်ကောအာ ပြောခဲ့တာကို နားမလည်ပေ။

“အစ်ကိုရှို့” ထန်ချွန်းမင်က ခေါင်းမော့ကာ ကျန်းရှို့ကို ကြည့်လိုက်သည်။ “ရွာလူကြီးနဲ့ မျိုးနွယ်စုအကြီးအကဲတွေကို ကျောက်မိသားစုအိမ် ခေါ်လာပေးဖို့ ကူညီပေးပါ။ ကျွန်တော် ဒီနေ့ သူတို့နဲ့ စကားပြောချင်တယ်။ သားလေးနဲ့ အားရုံ၊ သွားကြစို့”


ပြောပြီးတာနဲ့ သူ့သားကို ချီထားသော ထန်ချွန်းမင်က စိတ်ထက်သန်စွာ ထွက်သွားခဲ့သည်။ ထန်ချွန်းရုံက သူ့အစ်ကိုနောက်ကလိုက်သွားသည်။ သူက ယောကျာ်းတစ်ယောက်ဖြစ်၍ သူ့အစ်ကိုကို ကာကွယ်ရမည်။ ဆန့်ကျင်ဘက်အနေဖြင့် နောက်မှာကျန်ခဲ့သည့် လူနှစ်ဦးက အံ့အားသင့်သွားခဲ့သည်။ ညီအစ်ကိုနှစ်ယောက်ထွက်သွားပြီးနောက် ကျန်းရှို့က အတည်ပြုရန် ဝမ်ယင်ကိုမေးလိုက်သည်။ “ဝမ်အားမော့… မင်ကာအာက ဘာလုပ်ချင်တာလဲ? ကျွန်တော် ရွာလူကြီးနဲ့ ရွာအကြီးအကဲတွေကို တကယ်သွားဖိတ်ရမှာလား?”

ဝမ်ယင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ သူ့လင်ပါသား၏ အစီအစဥ်ကို မသိရင် သူနေလာခဲ့သည့် နှစ်တွေက အချည်းနှီးဖြစ်သွားပေမည်။ “သူက မိသားစုခွဲလိုက်ချင်တာထင်တယ်။ ကျောက်မိသားစုက လူတွေက သူတို့သားအဖကို ဝင်စွက်ဖက်လို့မရတော့ဘူး။” ဝမ်ယင်က သူ့လင်ပါသားဆီက အများကြီးမမျှော်လင့်ထားသော်လည်း ဤနည်းလမ်းက ကောင်းတာကိုတော့ သူဝန်ခံရမည်။ သို့သော် မင်ကောအာက အနာဂတ်မှာ ဝန်ထုပ်ဝန်ပိုးကို ထမ်းနိုင်ပါ့မလားပေါ်မူတည်သည်။ ကမ္ဘာပေါ်က မိသားစုများမှာ ပုံမှန်အားဖြင့် အမျိုးသားတွေက ဦးဆောင်သော်လည်း အိမ်ထောင်ဦးစီးလုပ်ဖို့ လုံလုံလောက်လောက် သန်မာသည့် ကောများလည်းရှိသည်။ သို့သော် သူက အပြင်ကိစ္စရပ်များ လုပ်ဆောင်ဖို့ အခက်အခဲအများကြီး ကြုံရမှာဖြစ်ပြီး ကောအများစုက ထိုလမ်းကြောင်းကို ရွေးလိုစိတ်မရှိကြပေ။

သူကလည်း သူ့ကိုယ်ပိုင်လမ်းကို လျှောက်ခဲ့သည်။ သူ့ခင်ပွန်းဆုံးသွားတော့ မျိုးနွယ်စုအကြီးအကဲက သူ့သားကို ပြုစုစောင့်ရှောက်ပေးမယ်ဆိုပြီး မြေဆယ့်ရှစ်ဧကကို ပြန်ယူသွားခဲ့သည်။ သို့သော် သူတို့က သူ့ကို သုံးဧကပဲ ခွဲဝေပေးပြီး လုံးဝမကူညီပေးခဲ့ပေ။ ပြီးတော့ သူကလည်း မငယ်တော့သဖြင့် ခက်ခက်ခဲခဲနေခဲ့ရသည်။ သူ့ခင်ပွန်းထွက်သွားပြီးနောက် သူက မိသားစုအခက်အခဲများကို ကောင်းကောင်းနားလည်လာခဲ့သည်။ သူ့ခင်ပွန်းရှိစဥ်က သူ့အတွက် အကူအညီမဖြစ်ခဲ့သော်လည်း ဘေးမှာရှိနေရုံဖြင့် ကိစ္စတွေက လွယ်ကူနေခဲ့သည်။

သူ့လင်ပါသား အဆင်ပြေဖို့မျှော်လင့်သည်။ မဟုတ်ပါက သူ့သားက သူ့အစ်ကိုကို အမြဲစိတ်ပူနေရလိမ့်မည်။ အနာဂတ်မှာ မင်ကောအာအဆင်မပြေခဲ့လျှင် သူ့သားက သူ့အစ်ကိုကို တိတ်တိတ်လေးထောက်ပံ့နေရပေမည်။ သူ အရင်ကဆိုတားနိုင်ပေမယ့် ယခုမူ သူ့သားက ကြီးတာလာနဲ့အမျှ သူ့အစ်ကိုနောက်ပဲလိုက်တော့မှာဖြစ်၏။


ကောတစ်ယောက်က သူ့မိသားစုကို ထောက်ပံ့ဖို့ ခက်ခဲရုံတင်မကပဲ နှစ်စဥ်နှစ်တိုင်းပေးဆောင်​ရမည့် အခွန်တွေလည်းများလှသည်။

ကျိုးမင်းဆက်၏ တရားရုံးက ကောက်ခံသည့်အခွန်များကို လူခွန်နှင့် မြေခွန်ဟူ၍ နှစ်မျိုးခွဲထားသည်။ လူခွန်တွင် အိမ်ထောင်စုအခွန်နှင့် အကောက်ခွန်ပါ၏။ အိမ်ထောင်စုအခွန်က ယောကျာ်းလေးနှင့် ကောဆိုပြီး မခွဲခြားထားပဲ အိမ်၏ လူဦးရေကို အခြေခံထားသည်။ တစ်နည်းဆိုရသော် ထန်ချွန်းမင်နှင့် ကျောက်လင်းတို့က ကျောက်တာဟူမဆုံးခင်က ပမဏအတိုင်းပေးရမှာဖြစ်၏။ အခွန်က ထိုနည်းဖြင့်ပေးချေရသဖြင့် ရွာက လူအများစုက အိမ်မခွဲပဲ မိသားစုကြီးတစ်ခုလို နေထိုင်ကြသည်။ 


နှစ်စဥ်လုပ်အားပေးခွန်*လည်းရှိသေးသည်။ အိမ်ထောင်စုတစ်ခုစီက လုပ်အားပေးရမည်။ အိမ်မှာ လူကြီးမရှိပါက လုပ်အားကို ပိုက်ဆံဖြင့် အစားထိုးရမည်။ အစိုးရက လုပ်အားပေးသည့် လူဦးရေကို ရေတွက်လိမ့်မည်။ ထို့ကြောင့် ထန်ချွန်းမင်၏ မိသားစုမှာ ကောနှစ်ယောက်ရှိပြီး တစ်ယောက်က သုံးနှစ်အောက်ဖြစ်ရင်တောင် လုပ်အားပေးဖို့ ပါဝင်ရမည်။ ၎င်းက အိမ်ထောင်စုအပေါ်တွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။

(လုပ်အားပေးခွန်** အစိုးရက တံတားဆောက်ချင်ရင် အိမ်ထောင်စုတစ်ခုက လူတစ်​ယောက်စီ လုပ်အားပေးရတာမျိုးပါ။ သူတို့က လူတစ်ယောက်မပို့နိုင်ရင် ငွေပေးဖို့လိုပါတယ်။ ဒီငွေတွေကို စားနပ်ရိက္ခာ၊ တည်းခိုခန်းနဲ့ အလုပ်သုံးပစ္စည်းတွေအတွက် သုံးပါတယ်။)

ထို့အပြင် ပြန်လည်ပြုပြင်ထားသော တောင်ပေါ်မြေများအတွက် သုံးနှစ်အခွန်ကင်းလွတ်ခွင့်လည်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ယခုနှစ်ထဲမှာ ကောက်ခံမည့် အခွန်စုစုပေါင်းက အလွန်များပြားသောပမာဏဖြစ်၏။ တစ်နှစ်ပတ်လုံးကြိုးစားထားသမျှကို အခွန်ဆောင်ဖို့ သုံးရပြီး ထန်ချွန်းမင်နှင့် သူ့ကလေးကို ထောက်ပံ့ဖို့ ငွေအပိုမရှိပေ။

ဒါကြောင့် ကျန်းရှို့က နောက်အိမ်ထောင်ပြုနိုင်ချေကို တွေးထားသော်လည်း မင်ကောအာမှာ ဤအတွေးရှိမယ်လို့ သူမထင်ခဲ့ပေ။ ဒီနှစ်ဖြစ်စေ နောက်နှစ်ဖြစ်စေ.. ကျန်းမာရေးချိို့တဲ့သော ကောတစ်ယောက်က ရှစ်နှစ်ဆယ်နှစ်ထိ ခံနိုင်ရည်ရှိပါ့မလား?