Chapter 4.1+4.2
Viewers 505

Chapter 4.1


“ညီအစ်ကို”


ကျန်းရှို့ စကားပြောနေဆဲပေမယ့် ထန်ချွန်းမင် နားထောင်ရပ်သွားတာကြာပြီပင်။ သူက ခန်းကုတင်ပေါ်ပြန်တက်ကာ သစ်သားပရုတ်သေတ္တာကို ဖွင့်လိုက်သည်။

“မင်ကောအာ… မင်းဘာရှာနေတာလဲ?” ကျန်းရှို့က ထန်ချွန်းမင်၏ လှုပ်ရှားမှုကိုတွေ့တော့ အံ့အားသင့်သွားပြီး သူ့လက်ထဲက ချည်နှင့်အပ်ကို ကမန်းကတန်းချလိုက်သည်။

“ရပြီ… ဒါရှာနေတာ..” ထန်ချွန်းမင်က လှည့်ကာ သူ့လက်ထဲကသေတ္တာကို ကျန်းရှိုအားပြလိုက်သည်။ သူ၏ ဂရုမစိုက်သောလုပ်ရပ်ကြောင့် ကျန်းရှို့က သူ့ဗိုက်ကို စိတ်ပူသွားခဲ့သည်။ ကန်ပေါ်တွင်ထိုင်ကာ သေတ္တာကိုဖွင့်လိုက်တော့ အထဲမှာ ငွေရောင်ဆံညှပ်တစ်ချောင်းနှင့် ဖီးနစ်ငွေလက်ကောက်တစ်ကွင်းရှိသည်။ ဤသည်မှာ မူလပိုင်ရှင် ချန်ထားခဲ့သော နောက်ဆုံးခန်းဝင်ရတနာပစ္စည်းများဖြစ်၏။ မူလက ထန်ချွန်းမင်၏အတွေးမှာ လင်းအာအတွက် ခန်းဝင်ပစ္စည်းနှစ်ခု ချန်ထားပေးဖို့ဖြစ်သည်။ မဟုတ်ပါ​က လင်းအာအိမ်​ထောင်ပြုလျှင် သိမ်ငယ်နေရလိမ့်မည်။


သူက ရေရှည်အတွက် ခက်ခက်ခဲခဲတွေးခဲ့တာပင်။

“မင်ကောအာ.. မင်းဘာလုပ်နေတာလဲ?” ကျန်းရှို့က စိုးရိမ်တကြီး အပြင်ကိုကြည့်လိုက်သည်။ မင်ကောအာ၏လက်ထဲမှာ တန်ဖိုးကြီးရတနာနှစ်ခု ဖွက်ထားတာကို ကျောက်အဘိုးကြီးသိသွားလျှင် တစ်ခုခုဖြစ်လာမှာကို သူက စိုးရိမ်နေ၏။

ထန်ချွန်းမင်က ဂရုမစိုက်ပဲ သေတ္တာဘူးကို ကျန်းရှို့လက်ထဲ တွန်းပို့​ကာ ပြောလိုက်၏။ “အစ်ကိုရှို့…. ကျန်းမာရေးအခြေအနေကြောင့်သာ မဟုတ်ရင် ကျွန်တော် ကိုယ်တိုင်သွားလိုက်မှာပါ။ အခု ဒါလေးအတွက် အပေါင်ဆိုင်ရှာပေးဖို့ အစ်ကို့ကိုပဲ အကူအညီတောင်းရတော့မယ်။ ခင်ဗျားမနေ့က ဟူလန်ကျုံးရဲ့ ကုသကြေးနဲ့ ဆေးဖိုးတွေအကုန်ပေးခဲ့တာကို သိတယ်။ ကျွန်တော့်မိသားစုကလည်း ပိုက်ဆံလိုတယ်လေ” သူက ရင်ထဲမှာ ပူပန်ခြင်းမရှိပေ။ အသေကောင်က ရှင်နေတဲ့လူကို ရှုတ်ချလို့မရဘူးမလား?

မူလက ကျန်းရှို့သည် ပိုက်ဆံကို အလျင်စလိုပြန်မပေးဖို့ ဖျောင်းဖျချင်ခဲ့ပေမယ့် သူက မင်ကောအာ၏ မိသားစုအခြေအနေကြောင့် သူ့စကားတွေကို မျိုချလိုက်ရသည်။ မင်ကောအာရဲ့ အကျပ်အတည်းကို ဘယ်သူကမသိပဲနေမလဲ.. စျာပနအခမ်းအနားက စျေးကြီးသည်။ ကျောက်မိသားစုက ဘာမှမကူညီလို့ ခြံထဲက အသားနဲ့ကြက်တွေကို စျာပနအတွက် သုံးခဲ့ရသည်။ ယခု သူက ကလေးရှိနေတော့ ဤလက်ဝတ်ရတနာတွေကို မသုံးပဲ ကျောက်မိသားစု၏ အကူအညီကို မျှော်လင့်နေလို့မရပေ။

“ရပါတယ်… နှမြောဖို့တော့ကောင်းတယ်.. ငါ့ခင်ပွန်းကို သွားခိုင်းလိုက်ပါ့မယ်။” နောက်ဆုံးသော လက်ဝတ်ရတနာကို ထုတ်လိုက်ပြီဖြစ်၍ ဘာမှမကျန်တော့ပေ။ သို့သော် ဤနည်းက ပိုကောင်းပါ၏။ အဘိုးကြီး၏ နေ့စဥ်နေ့တိုင်း ချောင်းမြောင်းခံ​နေရခြင်းမှ လွတ်မြောက်သွားပေမည်။


“နှ​မြောဖို့မလိုပါဘူး။” ထန်ချွန်းမင်က ထိုသို့ခံစားရသည်။ ပြီးတော့ အရွယ်ရောက်ပြီးသူများက ထိုသို့သော လက်ဝတ်ရတနာများ ဝတ်စားရတာမကြိုက်ပေ။

ကျန်းရှို့က သက်ပြင်းချကာ ယူသွားလေသည်။ သူတို့မိသားစုက မချမ်းသာလို့ ခဏလောက်ပဲ ကူညီနိုင်၏။ မင်ကောအာ၏မိသားစုက ဆက်ရှင်သန်ဖို့ နည်းလမ်းတစ်ခုရှာရလိမ့်မည်။ ကျန်းရှို့ အရင်​က ပြောမထွက်ခဲ့သောစကားကို ပြောလိုက်ရသည်။ “မင်ကောအာ… မင်းအနာဂတ်အတွက် ဘယ်လိုစီစဥ်ထားလဲ?”


နွေရာသီအစမှာ စိုက်ပျိုးလို့ရသော်လည်း လယ်နှစ်ဧကနဲ့ တောင်ပေါ်မြေငါးဧကကို မင်ကောအာ ကိုယ်ဝန်မလွယ်ထားရင်တောင် တစ်ယောက်တည်းမလုပ်နိုင်ပေ။ ကျောက်တာဟူက လယ်သမားကောင်းတစ်ယောက်ဖြစ်ခဲ့သည်ဟု ပြောနိုင်သည်။ မင်ကောအာက ပုံမှန်အားဖြင့် လယ်ယာနဲ့ပတ်သက်ပြီး စိတ်ပူဖို့မလိုခဲ့ပေ။ သူက အိမ်နောက်ဘက်တွင် ဟင်းသီးဟင်းရွက်ဥယျာဥ်ကို ထိန်းသိမ်းပြီး ခြံထဲက ကြက်တွေကို အစာကျွေးရသည်။ ဝက်တစ်ကောင်လည်းရှိခဲ့ပေမယ့် စျာပနအတွက် သုံးခဲ့ရသည်။

ထန်ချွန်းမင်က သူ့နှုတ်ခမ်းကိုကွေး​ကာ ကျောက်မိသားစု၏ ခြံလမ်းကြောင်းကို တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်၏။ “အရင်ဆုံး ကျောက်မိသားစုနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ နည်းလမ်းတစ်ခုရှာရမယ်။ မဟုတ်ရင် အလုပ်လုပ်ဖို့ အဆင်ပြေမှာမဟုတ်ဘူး။” သူဟာ ကျေးလက်တွင် ကြီးပြင်းခဲ့တာကြောင့် မူလပိုင်ရှင်၏ မှတ်ဉာဏ်ဖြင့် ကျောက်မိသားစုက ဘယ်လိုမျိုးလဲသိခဲ့ရသည်။ ဒါကြောင့် ပထမဆုံးသူလုပ်ရမှာက ငွေရှာပြီး ချမ်းသာလာဖို့မဟုတ်ပဲ ကျောက်မိသားစုနှင့် အဆက်ဖြတ်ဖို့ဖြစ်၏။ မဟုတ်ပါက သူ သတိမရှိသည့်အချိန် သူ့သားကို ရောင်းစားလိုက်မှာစိုးရိမ်သည်။ 


ကျောက်တာဟူက ကျောက်မိသားစုနဲ့ ခွဲနေခဲ့သော်လည်း ယခုဆုံးသွားပြီဖြစ်၏။ ကျောက်မိသားစု၏ သားမက်တစ်ယောက်အနေဖြင့် သူ့အိမ်ထောင်စုစာရင်းက ကျောက်မိသားစုထံ ပြန်လည်ပေးအပ်ဖို့ လိုသေးသည်။ သူ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိတာကြောင့် ဘိုးဘိုးကျောက်က သူ့ကို နောက်အိမ်ထောင်ပြုဖို့ တွန်းအားပေးလို့ရသည်။ ဒါပေါ့… သူက သူ၏မွေးမိသားစုကို မှီခိုလို့ရပြီး ဘိုးဘိုးကျောက်က လုပ်ရဲမှာမဟုတ်တော့ပေ။ ထန်ချွန်းမင်၏ မွေးမိသားစုမှာ မိထွေးတစ်ယောက်နှင့် ဖကွဲညီလေးတစ်ယောက်ရှိတာကို ဖျင်ရှန်ရွာရှိ လူတိုင်းသိကြသည်။ မိထွေးကို ထည့်မပြောလျှင်ပင် ညီငယ်လေးက ဆယ့်တစ်နှစ်ပဲရှိသေးသည်။ ဒီအရွယ်ကောင်လေးက ဘာလုပ်နိုင်မှာလဲ? ကျောက်မိသားစုနဲ့ စကားများရန်ဖြစ်ပေးနိုင်မှာလား?

ထန်ချွန်းမင်က လက်ရှိအခြေအနေကို တွေးကာ စိတ်ကသိကအောက် ဖြစ်သွား၏။ သူက ကောတစ်ယောက်ဖြစ်သည်! သူ့နေရာကဘာလဲ? ကလေးမွေးနိုင်တဲ့လူတစ်ယောက်! ကောများ၏ အဆင့်အတန်းက ရှေးခေတ် တရုတ်အမျိုးသမီးတွေထက် မြင့်ပေမယ့်လည်း အိမ်ထောင့်တာဝန်ယူပြီး ထောက်ပံ့ပေးနိုင်သည့် ခင်ပွန်းတစ်ယောက်ရှိဖို့ လိုအပ်သည်။


ထန်ချွန်းမင်က တကယ်ကို ဆန္ဒမရှိပေ။ သူက တစ်ကိုယ်တည်းရပ်တည်နိုင်သည့် လူတစ်ယောက်ဖြစ်၏။


ကျန်းရှို့က ထိုအကြောင်းတွေးလိုက်တော့ မင်ကောအာ၏ ကိုယ်ဝန်က သူ့စိတ်ကို ပြောင်းလဲပေးခဲ့တာကို မယုံနိုင်ခဲ့ပေ။ အနာဂတ်မှာ မင်ကောအာ၏ ဘဝက ရှုပ်ထွေးနေလိမ့်မည်။ သူတို့မွေးထားသော သားကိုတောင် ရက်စက်နိုင်သည့် ကျောက်မိသားစုက မင်ကောအာကို ကြင်နာပေးမယ်လို့ ကျန်းရှို့မယုံပေ။


သူကလည်း ရှုပ်ထွေးနေခဲ့သည်။ မင်ကောအာ၏ လက်ထဲမှာပိုက်ဆံရှိရင်​တောင် မထိန်းသိမ်းနိုင်မှာကို စိုးရိမ်မိသည်။ သူတို့က သည်အိမ်ကိုပင် မျက်စိကျနေပြီး မနေ့ကဆိုလျှင် ဤနေရာက ကျောက်မိသားစုပိုင်တယ်လို့ ပြောခဲ့သေးသည်။ သူတို့က မင်ကောအာကို မောင်းထုတ်ချင်နေပြီး ကျောက်မိသားစုတတိယကလေး၏ လက်ထပ်ပွဲကို ကြိုတွေးကာ တာဟူ၏အိမ်ကို မျက်စိကျနေတာ ဖြစ်နိုင်သည်။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ?” ကျန်းရှို့​က လူကောင်းတစ်ယောက်ဖြစ်သော်လည်း သူက ကောတစ်ယောက်သာဖြစ်၏။ သူ့အနေအထားနှင့် အမြင်က အကန့်အသတ်ရှိသော်လည်း မင်ကောအာက နောက်အိမ်ထောင်မပြုလျှင် ကျောက်မိသားစုနဲ့ အဆက်အသွယ်ဖြတ်ဖို့ နည်းလမ်းရှိမှာမဟုတ်လို့ သူတွေးမိသည်။ ဒါပေမယ့် ကိုယ်ဝန်လွယ်ထားရတဲ့​ ကောတစ်ယောက်ကို ဘယ်သူက လက်ထပ်မှာလဲ? သူ့အမြင်အရဆို လင်းအာလေးက ကျောက်မိသားစုမှာနေခဲ့လို့မရပေ။

“အစ်ကိုရှို့…စိတ်မပူပါနဲ့… ကျွန်တော့်မှာ အကြံတစ်ခုရှိပြီးသားပါ။ ကျွန်တော် နေကောင်းသွားမှ ကိုင်တွယ်ဖြေရှင်းဖို့ စဥ်းစားထားတယ်။ ဒီကိစ္စက အချိန်ဆွဲနေလို့မရဘူး။” ထန်ချွန်းမင်က မူလပိုင်ရှင်လို အရှက်အကြောက်ကြီးသူမဟုတ်ပေ။ သူ့မှာ ဘိုးဘိုးကျောက်ကို ခြယ်လှယ်ဖို့ ကိုယ်ပိုင်နည်းလမ်းရှိသည်။ ဆိုရိုးစကားအတိုင်းပင် အရှက်အကြောက်ကြီးသူတွေက မဆင်မခြင်ပြုမူတဲ့လူတွေကို ကြောက်ကြတယ်။ မဆင်မခြင်ပြုမူတဲ့လူတွေက ထင်ရာစိုင်းတဲ့လူတွေကို ကြောက်ကြတယ်။ သူက ကျောက်မိသားစု တစ်ခုလုံးနဲ့ ကောင်းကောင်းတိုက်ခိုက်ရလိမ့်မည်။


ထန်ချွန်းမင်က ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ သူက မျက်နှာဖြတ်ရိုက်ရတာအကြိုက်ဆုံးပင်။ သူဟာ လွတ်လပ်သောလူတစ်ယောက်ဖြစ်သော်ငြား သူ၏ကောဆိုသည့် သရုပ်သကန်က သူ့ကို စိတ်ဓာတ်ကျ​စေသည်။ ထန်ချွန်းမင်က သူ့ဗိုက်ထဲတွင် ကလေးရှိတယ်ဆိုသည့် အချက်ကိုလည်း အလိုအလျောက် လျစ်လျူရှုလိုက်လေသည်။

ထန်ချွန်းမင်၏မျက်လုံးများ ရုတ်တရက် တောက်ပလာတာပြီး ပါးပြင် နီမြန်းလာတာကို ကျန်းရှို့တွေ့လိုက်ရသည်။ သူက သူ့နဖူးကို လှမ်းထိလိုက်တော့ ကိုယ်မပူတာကို တွေ့ခဲ့ရ၍ ဆူပူလိုက်သည်။ “မင်းဘာလုပ်နေတာလဲ? မင်းပြောသလိုပဲ ဘယ်လိုပဲစီစဥ်ပါစေ မင်းခန္ဓာကိုယ်ကို အရင်သက်သာအောင် လုပ်ဖို့လိုတယ်။ ငါ မင်းအတွက် ကြက်ဥနဲ့ ဂျုံနည်းနည်းယူလာပေးတယ်။ နေ့လည်ကျရင် ကြက်ဥပန်ကိတ်လုပ်ပေးမယ်။” ခြံထဲမှာ ကြက်အိုနှစ်ကောင်ပဲကျန်တော့သည်။


“ကျေးဇူးပါ.. အစ်ကိုရှို့” ထန်ချွန်းမင်က ဝမ်းသာအားရပြောလိုက်သည်။ သူက ကျန်းရှို့၏အကူအညီကို မငြင်းပဲ ရင်ထဲမှာ သိမ်းဆည်းထားကာ အခွင့်ရရင် ကျေးဇူးပြန်ဆပ်ဖို့ စောင့်မျှော်နေမည်။

“မလိုပါဘူး။ လူတိုင်းမှာ ခက်ခဲတဲ့ အချိန်တွေရှိတာပဲ။”

&&&


Chapter 4.2


“ညီအစ်ကို”

ကျန်းရှို့က လင်းအာလေးကို စောင့်ရှောက်ပြီး အိမ်အလုပ်ကူလုပ်ပေးဖို့ သူ့သားနှစ်​ယောက်ကို ပြောခဲ့သည်။ ကျန်းရှို့၏ခင်ပွန်းက ထင်းခုတ်ပြီး ရေသယ်လာသည်။ ထန်ချွန်းမင်က ခန်းကုတင်ပေါ်မှာ အနားယူနေပြီး သူ့လက်ရှိအနေအထားကို လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားနေသည်။

မူလပိုင်ရှင် မင်ကောအာက ပိုက်ဆံအိတ်တချို့ကို ပန်းထိုးပြီး ကျန်းရှို့အား စျေးမှာ သွားရောင်းခိုင်းလေ့ရှိသည်။ ယင်းမှာ ကောတွေ အများဆုံးသုံးသည့် ငွေရှာနည်းဖြစ်၏။ မူလကိုယ် ထန်ချွန်းမင်၏ ပန်းထိုးလက်ရာက အလွန်ကောင်းမွန်သည်။ သူက မိသားစုကိုလည်ပတ်စေဖို့ ဤလက်မှုပညာကို အားကိုးလို့ရပေမယ့် လက်ရှိထန်ချွန်းမင်က တောက်ပြောင်သော ချည်ထိုးအပ်ကို မြင်သောအခါ ထိတ်လန့်လာခဲ့သည်။ သူ အသေခံရမည်ဆိုရင်တောင် ထိုချည်ထိုးအပ်ကို ထိမှာမဟုတ်ပေ။

ဒီတော့ ထန်ချွန်းမင်က နေ့ဘက်တွင် အိပ်ပျော်သွားပြီး ညဘက်မှာ နေရာလွတ်ထဲခိုးဝင်ကာ လင်းအာကို တစ်ယောက်တည်း သိပ်ထားခဲ့သည်။ စမ်းရေ၏အကူအညီဖြင့် ထန်ချွန်းမင်၏ ခန္ဓာကိုယ် ပြန်ကောင်းလာမှုအရှိန်က ဟူလန်ကျုံးကို အံ့အားသင့်စေခဲ့သည်။ သို့သော် အလုပ်တွေ အများကြီးမလုပ်ရဲတာကြောင့် သူက အိမ်ချက်ဟင်းသီးဟင်းရွက်နှင့် ဂျုံများကို စိုက်ပျိုးရန် နေရာလွတ်ထဲရှိ မြေတစ်ကွက်ကို ရှင်းလင်းခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်တွင် သီးပင်ပေါ်ရှိ ကျန်အရွက်များ ထပ်မံကြွေကျလာသော်လည်း ထန်ချွန်းမင်က စိတ်မပူခဲ့ပေ။ သီးပင်များက အညှောင့်သစ်လေးများ စတင်ပေါက်နေပြီဖြစ်၍ ခဏစောင့်ပြီးလျှင် ၎င်းတို့က ပန်းပွင့်ပြီး အသီးထပ်သီးတော့မှာဖြစ်၏။

ရေကန်မှာတော့ ရှိနေသော ပုဇွန်နှင့် ငါးတွေပျောက်ပြီး ရေပင်များ သေသွားခဲ့သည်။ သူက လက်လွှတ်ရုံသာတတ်နိုင်ပြီး နောက်မှ ငါးနှင့်ပုဇွန်တချို့ကို ရှာဖွေပြီး ကန်ထဲမှာ မွေးမြူဖို့ စောင့်ဆိုင်းရမည်။

မနက်နိုးလာသောအခါတိုင်း သူ နေရာလွတ်ကိုသုံးဖို့ စိတ်စွမ်းအားကို ရံဖန်ရံခါ အသုံးချတတ်ပေမယ့် ဤအရာက ကိုယ်လက်လှုပ်ရှားတာထက် ပိုပင်ပန်းသည်။ ဒါကြောင့် သူ့မျက်နှာက အရင်ကလို ဖြူဖျော့နေဆဲဖြစ်ပြီး ကျန်းရှို့က သူ့အတွက် ဆေးကျိုပေးနေရဆဲဖြစ်၏။ သူက သူ့ကို အိမ်အလုပ်ပေးမလုပ်သလို လင်းအာကလည်း ထူးခြားသော သိတတ်နားလည်နိုင်စွမ်းရှိလို့ သူ့ကို အနှောင့်အယှက်မပေးပေ။

တတိယနေ့၊ နှစ်သစ်၏ပထမလ ၁၉ရက်ရက်နေ့တွင် မမျှော်လင့်ထားသော ဧည့်သည်တစ်​ယောက်က ထန်ချွန်းမင်၏အိမ်ကို ရောက်လာခဲ့သည်။

ထိုဧည့်သည်က ထန်ချွန်းမင်နှင့် ရင်းနှီးမှုသိပ်မရှိသော ဖကွဲညီဖြစ်သူ ထန်ချွန်းရုံဖြစ်၏။

“အစ်ကို….” ထန်ချွန်းရုံက ထန်ချွန်းမင်ကို မော့ကြည့်ပြီးမှ ခေါင်းပြန်ငုံ့ကာ ရှက်နေပုံရသည်။ သို့သော် ထန်ချွန်းမင်က သူ့မျက်နှာပေါ်က စိုးရိမ်ပူပန်မှုနဲ့ ဝမ်းနည်းမှုတို့ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။ ဤသည်မှာ မိထွေးဖြစ်သူနှင့် ဆက်ဆံရေးသဟဇာတမဖြစ်သော်လည်း ညီငယ်လေးက လူကောင်းတစ်ယောက်လို့ ခံစားရစေသည်။ ထန်ချွန်းမင်၏ဖခင်က ထိုကိစ္စများအတွက် တာဝန်ရှိသော်လည်း ထန်ချွန်းမင်နှင့် သူ့ညီလေး၏ ဆက်ဆံရေးက မဆိုးဘူးလို့ ပြောလို့ရသည်။ သူက အိမ်ထောင်မကျခင်မှာ သူ့ညီလေးကို ဂရုစိုက်ခဲ့ပေမယ့် သူ့မိထွေးက သန်မာပြီး သူ့ညီလေးက ငယ်သေးတာကြောင့် စကားအများကြီးမပြောခဲ့ပေ။ လက်ထပ်ပြီးနောက် မိထွေး​ဖြစ်သူ၏တားဆီးမှုကြောင့် သူ့ညီလေးက သူ့ကို စကားမပြောတော့ပဲ ထန်ချွန်းမင်ကလည်း သူ့ညီလေးကို ထပ်မတွေ့ခဲ့ရပေ။


တစ်ရွာတည်းကလာသော ကျန်းရှို့က ထန်ချွန်းမင်၏ မွေးမိသားစုအကြောင်းကို ပိုသိသည်။ သူက ထန်ချွန်းမင်နဲ့ သူ့ညီလေး ဆက်ဆံရေးကောင်းဖို့ မျှော်လင့်နေခဲ့သည်။ နောက်နှစ်နှစ်လောက်စောင့်ပြီးရင် ဤကောင်လေးကလည်း ထန်ချွန်းမင်ကို ထောက်ပံ့ပေးနိုင်လိမ့်မည်။ သူက ထန်ချွန်းမင်အတွက် ရေတစ်ခွက်ယူပေးလိုက်ပြီး လင်းအာနဲ့အတူ ကစားဖို့ဝင်လာသော သားနှစ်ယောက်ကို ခေါ်ထုတ်လာခဲ့သည်။ မထွက်ခွာခင်မှာ သူက ထန်ချွန်းမင်ကို အကြည့်တစ်ချက်ပေးပြီး သူ့ညှီနဲ့ အေးအေးဆေးဆေး စကားပြောခိုင်းခဲ့သည်။

လူတိုင်းရုတ်တရက်ထွက်သွားတော့ ထန်ချွန်းရုံက ပိုပြီးနေရခက်လာသည်။ သူက ဒီကိုလာဖို့ ရဲဆေးတင်ခဲ့ပေမယ့် ဘာပြောရမလဲမသိပေ။


ထန်ချွန်းမင်က သူ့ရှေ့ကကောင်လေးကို ကြည့်လိုက်သည်။ သူက အသက်ဆယ့်တစ်နှစ်အရွယ် ကျောင်းသားတစ်ယောက်ဖြစ်၏။ သူက ဝတ်ရုံအသစ်ဝတ်ကာ လေးထောင့်ပုဝါကို ခေါင်းပေါ်တွင် စည်းထားသည်။ ကျောင်းသားလေးက အလွန်သိမ်မွေ့ပုံပေါ်ပြီး ထန်ချွန်းမင်က သူကျောင်းပြေးလာမှာ စိုးရိမ်သည်။ ကျောက်တာဟူ ဆုံးသွားတော့ သူက စျာပနကို လာခဲ့သင့်ပေမယ့် မိထွေးက ပစ္စည်းတချို့သာ ပို့ပေးဖို့ ပြောခဲ့၍ လူကိုယ်တိုင် ရောက်မလာခဲ့ပေ။ မူလပိုင်ရှင်က ဖခင်အိုကြီးဆုံးပြီးနောက် အိမ်ကို ဘယ်တော့မှပြန်မသွားခဲ့ပေ။

ဤသည်မှာ ကျောက်မိသားစုက ထန်ချွန်းမင်ကို နောက်အိမ်ထောင်ပြုပေးဖို့ လုပ်ရဲသည့် အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။

ထန်ချွန်းမင်က မရယ်ပဲမနေနိုင်တော့ပဲ ထန်ချွန်းရုံက ရှက်ရှက်ဖြင့် ခေါင်းငုံ့သွားသည်။

“အားရုံ… ဒီ ကုတင်ပေါ်မှာ လာထိုင်။” ကျန်းရှို့၏ သတိပေးချက်မပါပဲ ထန်ချွန်းမင်က သူ့ညီလေးနှင့် အဆင်ပြေအောင် ပေါင်းသင်းဖို့ ဆုံးဖြတ်ထားသည်။ ညီလေး၏ ပင်ကိုယ်စရိုက်ကလည်း မဆိုးတာကြောင့် သူက ဤနေရာမှာ ဘယ်သူနဲ့မှ ဆက်ဆံပြောဆိုခြင်းမရှိပဲ နေဖို့မဖြစ်နိုင်ပေ။

ထန်ချွန်းရုံက ခေါင်းမော့ပြီး ထန်ချွန်းမင်ကို အမြန်ကြည့်လိုက်သည်။ သူစိတ်မဆိုးတာသေချာမှ သူက ခြေလှမ်းအနည်းငယ်လျှောက်သွားပြီး ခန်းကုတင်အစွန်းမှာ ဝင်ထိုင်ကာ သူ့လက်ကိုဆွဲပြီး ပြောလိုက်သည်။ “အစ်ကို…ကျွန်တော် အစ်ကိုဘာဖြစ်နေလဲ တကယ်မသိခဲ့ဘူး။ ဖေဖေက ကျွန်တော့်ကို မပြောပြဘူး။ မဟုတ်ရင် ကျွန်တော်…” စကားပြောနေစဥ် သူ့မျက်ဝန်းက နီရဲနေသည်။ သူ့အစ်ကိုလက်ထပ်ပြီးနောက် သူ့ဖေဖေက သူ့ကို ဘာမှမပြောပြသလို သူ့ကို ထန်ချွန်းမင်အကြောင်းလည်း ပြောခွင့်မပေးခဲ့ပေ။ သူ့ကို သွားလည်ခွင့်ပြုဖို့ဆို ဝေးသေးသည်။ သူ့အစ်ကို၏ ကံဆိုးမိုးမှောင်ကျမှုကို ကြားလိုက်ရ၍သာ သူ ခိုးထွက်လာတာဖြစ်၏။

ရောက်လာပြီး သူ့အစ်ကိုအကြောင်းကို စုံစမ်းကြည့်တော့ လုံးဝအဆင်မပြေဘူးဆိုတာ သိခဲ့သည်။ ကျောက်မိသားစုက ကောက်ကျစ်ပြီး ဝမ်းနည်းပူဆွေးနေသည့်ကာလတွင် အသက်ငါးဆယ်အရွယ် မသန်စွမ်းအမျိုးသားတစ်ယောက်နဲ့ သူ့အစ်ကိုကို နောက်အိမ်ထောင်ပြုပေးဖို့ စီစဥ်ခဲ့သည်။ 

“အဆင်ပြေပါတယ်။” ထန်ချွန်းမင်က သူ့ညီကို နှစ်သိမ့်ပြီး သူ့အပေါ်ထားသည့် သူ့ညီ၏ခံစားချက်တွေ လျော့မသွားဘူးဆိုတာ သိခဲ့ရသည်။ “ကျောက်မိသားစု အောင်မြင်မှာမဟုတ်ဘူး။ အစ်ကိုက နည်းလမ်းတစ်ခုရှာပြီးလို့ စလုပ်ဖို့ပြင်နေတာ။ အဲ့ဒါအဆင်ပြေသွားရင် ကျောက်မိသားစုက ငါ့ကို ထိန်းချုပ်လို့မရတော့ဘူး။” သူက သူ့ညီ၏ မျက်လုံးများ နီနေသေးတာကို တွေ့လိုက်ရ၍ ရေနွေးခွက် တွန်းပို့ပေးလိုက်သည်။ 

ထန်ချွန်းရုံက ဂရုတစိုက် တစ်ငုံသောက်ပြီး သူ့အစ်ကိုကို မျှော်တလင့်လင့် မော့ကြည့်လိုက်သည်။ “အစ်ကို… ကျွန်တော် ဒီမှာနေပြီး အစ်ကို့ကို ကူညီပေးလို့ရလား? ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း ယောကျာ်းတစ်ယောက်ပဲ။ အနာဂတ်မှာ အစ်ကို့ကို ထောက်ပံ့ပေးရမယ်လို့ အဖေကပြောခဲ့တယ်။”


ထန်ချွန်းမင်က သူ့လူကြီးလေး၏ ရှင်းလင်းချက်ကြောင့် စိတ်ရွှင်သွားပြီး ခေါင်းခါက ဝမ်းသာအားရပြောလိုက်သည်။ “အင်း… မင်း အနာဂတ်မှာ ထောက်ပံ့ပေးလို့ရတယ်။ ဒါပေမယ့် မင်းဒီရောက်နေတာ မင်းဖေဖေသိရဲ့လား? မင်းဖေဖေ စိတ်ပူပြီး ပြန်ရောက်ရင် ဆူနေဦးမယ်။”

သူ့အစ်ကိုလက်မထပ်ခင်က သူတို့နှစ်ယောက် ပြေလည်ခဲ့သည့် အချိန်ကို ပြန်ရောက်သွားပုံရသည်။ ထန်ချွန်းရုံက စိတ်အေးသွားပေမယ့် ထိုစကားတွေကိုကြားသောအခါ ခါးသီးသွားပြန်သည်။ သူက အသံကိုဆွဲကာ အော်ပြောလိုက်၏။ “အစ်ကို—--” ဒါက စနောက်စရာကိစ္စမဟုတ်ပေ။ “အစ်ကို.. ကျွန်တော်မသွားတော့ဘူး။ ကျောက်မိသားစုက အစ်ကို့ကို အနိုင်ကျင့်နေတာ ထိုင်မကြည့်နိုင်ဘူး။” ယခုတစ်ကြိမ်မှာ သူက ထန်ချွန်းမင်ကို ဂရုမစိုက်သည့် သူ့ဖခင်၏လုပ်ရပ်ကို လက်ခံမှာမဟုတ်​ပေ။


“ကောင်းပြီ… နည်းလမ်းတစ်ခုရှာကြတာပေါ့။ ငါ မိထွေးကို သတင်းပို့ပေးဖို့ တစ်ယောက်ယောက်ကို ပြောလိုက်မယ်။ မင်းဒီမှာနေ… ဒါပေမယ့် မင်းပြန်သွားတဲ့အခါ သူ့စကားကိုနား​ထောင်ပြီး ကျောင်းမှန်မှန်တက်ရမယ်နော်။ မင်းဖေဖေက မင်းအစ်ကိုလိုပဲ မင်းကိုမှီခိုရမှာ။” သူ သူ့ညီလေးနှင့် အဆင်ပြေချင်ရင် သူ့မိထွေးကို လျစ်လျူရှုထားလို့မရပေ။ ခက်ခဲပေမယ့်လည်း သူ့ညီလေးအတွက် ကြိုးစားဖို့တန်ပါသည်။ တကယ်တော့ မိိထွေးကလည်း မကောင်းတဲ့လူတစ်​ယောက်မဟုတ်ပေ။ အိမ်ထောင်ပြုပြီးတဲ့ ဘယ်မိထွေးက သူတို့လင်ပါသားကို ဂရုစိုက်ချင်မှာမို့လဲ…

သူတို့ဖခင်ကတော့ တကယ့်ဖခင်ကောင်းဖြစ်၏။ ထန်ချွန်းမင်၏ ဖခင်(ကော)က မွေးဖွားရခက်ခဲမှုကြောင့် သူ့ကိုမွေးပြီးဆုံးပါးသွားခဲ့သည်။ ထန်ချွန်းမင်၏ဖခင် ထန်ရှန့်က သူ့ပထမဇနီးကို အရမ်းချစ်တာကြောင့် သူချန်ထားခဲ့သော ကောလေးကို အလွန်ဂရုစိုက်သည်။ သူက ဂရုစိုက်ပေးပြီး ထိုကောလေးကို ပျိုးထောင်ချင်ခဲ့ပေမယ့် နောက်တော့ သူမလုပ်နိုင်ဘူးဆိုတာ သိခဲ့ရသည်။ ပညာရှင်တစ်ယောက်က ဤကိစ္စတွေမှာ အသုံးမကျပေ။

ပထမဇနီးက ပညာရှင်တစ်ဦး၏သားဖြစ်ပြီး စွမ်းဆောင်ရည်ရှိသည်။ သူက အိမ်ကိစ္စအဝဝကို ဂရုစိုက်ပြီး ထန်ရှန့်က ဘယ်သောအခါမှ စိတ်ပူစရာမလိုခဲ့ပေ။ သို့သော် သူ့ခင်ပွန်း ဆုံးသွားတော့ လယ်ကွင်းထဲက ကောက်ပဲသီးနှံများ လျော့နည်းလာကြောင်း သိခဲ့ရသည်။ သူက ဘယ်လိုဖြေရှင်းရမလဲမသိလို့ အလုပ်သမားငှားခဲ့ပေမယ့် အလုပ်သမားတွေက ဖြတ်စားလျှပ်စားလုပ်တာကို တွေ့ခဲ့ရသည်။ ထို့အပြင် အမျိုးသားတစ်ယောက်က ကလေးတစ်ဦးကို တစ်ယောက်တည်းပျိုးထောင်ရန် ပို၍ပင်ခက်ခဲသေးသည်။ ဒါကြောင့် ထန်ရှန့်က တခြားသူများ၏ အကြံဉာဏ်ကိုနားထောင်ကာ နောက်အိမ်ထောင်ပြုခဲ့သည်။ တစ်ဖက်မှာ ဇနီးအသစ်က အိမ်မှုကိစ္စကို ဂရုစိုက်ပေးပြီး တခြားတစ်ဖက်တွင် သူ့သားကို ​ပြုစုစောင့်ရှောက်ပေးသလို အိမ်ထောင်ကိုလည်း ကူစီမံပေးသည်။

သူ့ကောလေး ခက်ခက်ထန်ထန် ဆက်ဆံခံရမည်ကို စိုးရိမ်၍ ထန်ရှန့်က သူ၏ဇနီးသစ်ကို ရွေးချယ်ရာတွင် အလွန်ဂရုစိုက်ခဲ့သည်။ သူက ဆင်းရဲသောမိသားစုမှ ဆင်းသက်လာသည့် ကောတစ်ယောက်ကို ရွေးချယ်ခဲ့သည်။ ထန်ရှန့်က ဇနီးရွေးချယ်ရာတွင် မျက်စိကောင်းသည်ဟု ဆိုရပေမည်။ ဇနီးနှစ်ယောက်လုံးက အရည်အချင်းရှိပေမယ့် ဇနီးသစ်၏ ရုပ်ရည်နှင့်နောက်ခံက ပထမဇနီးလောက်မကောင်းပေ။ ထန်ရှန့်၏ရင်ထဲမှာ ပထမဇနီးပဲရှိတာကြောင့် သူ့ဇနီးသစ်နှင့်ဆက်ဆံရေး​က သဘာဝအလျောက် သဟဇာတမဖြစ်ခဲ့ပေ။

လက်ထပ်ပြီးနောက် သူ့မိထွေးက သူတို့သုံးယောက်ကြားရှိ ဆက်ဆံရေးကို တိုးတက်အောင် ကြိုးစားခဲ့သလားဆိုတာ ထန်ချွန်းမင် မမှတ်မိပေ။ သို့သော် ထန်ချွန်းရုံမွေးလာတော့ သူ့မိထွေးက အေးစက်လာပြီး ထန်ချွန်းမင်ကို လျစ်လျူရှုခဲ့သည်။ သို့ရာတွင် ထန်ချွန်းမင်၏အမြင်တွင် သူ့မိထွေးက သူ့ကို လျစ်လျူရှုရုံမှလွဲပြီး ခက်ခက်ထန်ထန် မဆက်ဆံဖူးသဖြင့် သူ့ကို လူဆိုးလို့ မသတ်မှတ်ခဲ့ပေ။

သူ့မိထွေးက အလုပ်လည်းရှုပ်နေတာကြောင့် သူ ကလေးမွေးပြီးသောအခါ ရှောင်ရုံအား ထန်ချွန်းမင်က စောင့်ရှောက်ပေးခဲ့သည်။ ဤအရာကြောင့် ညီအစ်ကိုနှစ်ယောက်ကြားက ဆက်ဆံရေးသည် လူကြီးတွေကြားက ဆက်ဆံရေးထက် ပိုကောင်းလာခဲ့သည်။