Chapter 3.2
Viewers 525

Chapter 3.2


“နေရာလွတ်”

နောက်တစ်နေ့တွင် ကျန်းရှို့က အာရုံမတက်မီ ထန်ချွန်းမင်၏အိမ်ကို ရောက်လာခဲ့ပြီး မီးလင်းဖိုမှ မီးမငြိမ်းသွားတာကို တွေ့ခဲ့ရသည်။ မင်ကောအာက ညသန်းခေါင်မှာ အိပ်ရာထပြီး ထင်းတွေထည့်ထားတာဖြစ်ပေမည်။ သူက သက်ပြင်းချလိုက်ပြီး မင်ကောအာက လင်းအာကို ဂရုစိုက်ကာ သူ၏ပူဆွေးမှုကိုပဲ ဂရုစိုက်မနေကြောင်း သိခဲ့ရသည်။ 

သူ သည်အိမ်ကို ထင်းတစ်ပုံ သယ်ပို့ပေးနိုင်ဖို့ တာရှန်က ကူညီပေးခဲ့သည်။ ထင်းပို့ပြီးနောက် သူထွက်သွားခဲ့သည်။ သူတို့မိသားစုမှာ ဂရုစိုက်ပေးဖို့ လိုအပ်သည့် ကလေးနှစ်ယောက်ရှိနေသေးသည်။ သူက သူ့အိမ်အတွက် ရေခပ်ပေးပြီး ဒီကို နှစ်ပုံးလာပို့ပေးမယ်လို့ ပြောခဲ့လိုက်သည်။

ဆန်ပြုတ်ပြုတ်ပြီး ကြက်စာကျွေးကာ ခြံသန့်ရှင်းရေးလုပ်ပြီးနောက် အိမ်ထဲမှာ ဘာလှုပ်ရှားမှုမှမရှိပေ။ ကျန်းရှို့က အိမ်ထဲဝင်လာပြီး သူ့ကိုတွေ့လို့ အံ့သြနေသော ခန်းကုတင်ပေါ်ရှိ မင်ကောအာကို တွေ့လိုက်ရသည်။ “သက်သာရဲ့လား? မနက်သောက်ဖို့ဆေးကို မီးလင်းဖိုပေါ်မှာ ပြုတ်ပေးထားတယ်။ မ​င်း​ကထိုင်ပဲထိုင်နေ မလှုပ်နဲ့။ မင်းဆန်ပြုတ်သောက်ပြီးမှ ဆေးသောက်လိုက်ပါ။ အလိုလေး… ငါတို့လင်းအာလည်း နိုးလာပြီးပဲ.. မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား? ဦးဦး​ကြည့်ပါရစေဦး”

ကျန်းရှို့က မင်မိသားစု၏ ကလေးလေးကို သဘောကျသည်။ သူက လိမ္မာရေးခြားရှိပြီး မင်ကောအာ ငယ်ငယ်ကနဲ့တူသည်။ သူကတော့ တစ်နေကုန် ပြေးလွှား ဆော့ကစား​နေတတ်သည့် ငဆိုးလေးနှစ်ယောက်ကို မွေးထားသည်။ သူ့ဘေးမှာ ကပ်​နေမည့် ကောလေးတွေမရှိပေ။

ကျောက်လင်းလေးက သူ့မျက်လုံးကို ပွတ်လိုက်သည်။ သူ မနေ့ညက ဆိုးဆိုးရွားရွား ငိုထား၍ သူ့မျက်လုံးတွေက အတန်ငယ်ရောင်ရမ်းနေ၏။ ရင်းနှီးသောမျက်နှာကို တွေ့သောအခါ သူက တိုးတိုးလေးခေါ်လိုက်သည်။ “ဦးဦးရှို့?” ကျန်းရှို့က ထိုအသံကြားတော့ နှလုံးသား ပျော့ပျောင်းသွားသည်။

ထန်ချွန်းမင်က ထထိုင်ပြီး ချည်သားအပေါ်ထပ်ကို ယူဝတ်ကာ တောင်းပန်လိုက်သည်။ “ကျွန်တော် ခင်ဗျားကိုဒုက္ခပေးမိပြီ.. အစ်ကို” မူလပိုင်ရှင်၏ မှတ်ဉာဏ်အပြည့်အစုံဖြင့် သူက သူ၏သရုပ်သကန်အသစ်ကို အမြန်ညှိယူလိုက်ပြီး အတိတ်ဘဝက သူ့ထက်ပင် အသက်မကြီးသည့် အမျိုးသားတစ်ယောက်ကို အစ်ကိုလို့ခေါ်တာ မမှားဘူးလို့ တွေးလိုက်သည်။ သူ့ဖခင်ထံမှာ မကြာခဏအရိုက်ခံရတာကြောင့် သူ့မျက်နှာက အရေထူနေပြီဖြစ်၏။

“ရပါတယ်” ကျန်းရှိ့က ကျောက်လင်းကို အဝတ်စားဝတ်ပေးရင်း ပြောလိုက်သည်။ “ဒါက တစ်နှစ်တာရဲ့ ပထမလဆိုတော့ လူတိုင်းအားနေကြတာ။ မင်းဗိုက်ကိုသာ အရင်ဖြည့်ပြီး ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။”

ကျန်းရှို့က နွေးထွေးသော လူတစ်​ယောက်ဖြစ်တာကိုသိ၍ ထန်ချွန်းမင်က ယဥ်ကျေးမနေတော့ပေ။ အများကြီးပြောတာက သံသယဝင်စရာကောင်းသဖြင့် သူက ခန်းပေါ်မှာထိုင်ပြီး ကျန်းရှို့သွမ်က သူ့သားအား ရေနွေးနွေးလေး ယူလာပေးတာကို ကြည့်နေလိုက်သည်။ သူကလည်း အဝတ်စိုတစ်ထည်ယူကာ သူ့မျက်နှာနဲ့လက်ကို သုတ်လိုက်သည်။

ကျန်းရှို့က ရေကိုယူပြီး သွန်လိုက်ပြီးနောက် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော ဂျုံဆန်ပြုတ်ကို လူနှစ်ဦးအတွက် ယူလာပေးသည်။

ထန်ချွန်းမင်က မနက်စာစားကာ​ ဆေးသောက်ပြီးနောက် ကျန်းရှို့၏မိသားစုမှ ကောင်လေးနှစ်ယောက်က သူ့အိမ်ကို ပြေးလာခဲ့သည်။ ထိုကောင်လေးနှစ်ယောက်ကလည်း လင်းအာလေးလို သူတို့ဖေဖေကို ချစ်သည်။ သူတို့က သူတို့ပန်းကန်တွေကို ဘေးချပြီး ပြေးလာခဲ့တာဖြစ်၏။ သူတို့ဖေဖေ ထန်ချွန်းမင်၏ အိမ်မှာရှိနေတာကို သိ၍ လီတာရှန်က စိတ်ပူမနေတော့ပေ။

လူငယ်လေးနှစ်ယောက်မှာ တစ်ယောက်က ရှစ်နှစ်အရွယ် လီချိန်ကျူးဖြစ်ပြီး နောက်တစ်ယောက်က ငါးနှစ်အရွယ် လီချိန်လျန့်​ဖြစ်သည်။ သူတို့က ပုံမှန်လိုပင် ပြေးလွှားကစားနေ၏။ ကျန်းရှို့၏စကားအရ ကောင်လေးနှစ်ယောက်က ကြောင်နဲ့ခွေးဖြစ်၏။ သူတို့အရွယ်မှာ သူတို့က အိမ်ခေါင်မိုးပေါ်တက်ပြီး အုတ်ကြွပ်ပြားကိုဖယ်ကာ ကစားလေ့ရှိသည်။* သူ့ခင်ပွန်းက သန်မာပြီး အလုပ်ကြိုးစားသူမို့ ဤကလေးနှစ်ယောက်က ဘယ်သူနဲ့တူလဲတော့ မသိပါပေ။

(**ကလေးတွေက အိမ်ခေါင်မိုးပေါ်က အုတ်ကြွပ်ပြားတွေဖယ်ပြီး အပေါက်ဖြစ်အောင် ကစားတယ်။ ပြီးရင် အပေါက်ကို ပြန်မဖာတော့ ဒီကိစ္စကို မိုးရွာမှသိတယ်ဆိုတဲ့ ဆိုးသွမ်းကြောင်း တင်စားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ)

“လင်းအာ… ငှက်တွေဖမ်းဖို့ အပြင်ခေါ်သွားပေးမယ်။ မနေ့က ငါ့အစ်ကိုနဲ့အတူ နည်းနည်းဖမ်းလာတယ်။ ကြည့်ဦး… ဒါက ငါနဲ့ ငါ့အစ်ကို မင်းစားဖို့ယူလာပေးတာ။” အာမောင်း*က သူ့လက်ထဲရှိ အနက်ရောင်ဘောလုံးလေးကို အပြေးအလွှား လာပြလိုက်သည်။ 

(အာမောင်း*လီချိန်ကျူး/ တာမောင်း* လီချိန်လျန့် - အကိုနဲ့ညီလို့ အဓိပ္ပါယ်ရပါတယ်)

ကျန်းရှို့က ထိုအရာကိုတွေ့တော့ ရယ်ပြီး ထန်ချွန်းမင်ကို ပြောလိုက်သည်။ “ဒီကောင်လေးနှစ်ယောက်က ဒီလိုအရာကို ဖုံးကွယ်ထားမှန် ငါမသိခဲ့ဘူး။ သူတို့အဖေတောင် သိမယ်မထင်ဘူး။” သူက ဆက်ပြောလိုက်သည်။ “ဟုတ်ပြီ.. အပြင်မှာ သွားကစားကြ။ ခြံနဲ့ အဝေးကြီးကိုမသွားရဘူး။ လင်းအာက နေမကောင်းသေးဘူး။ မင်းတို့ကောင်တွေ မဆိုးနဲ့နော်။ သူက အကြာကြီး အအေးခံလို့မရဘူး။”

ကျောက်လင်းက တာမောင်း၏အဖက်ခံထားရပြီး တာမောင်းလက်ကိုကိုင်ကာ ထန်ချွန်းမင်ထံသို့ လျှောက်လာသည်။ “ဖေဖေ… သား တာမောင်း..အာမောင်းတို့နဲ့ ကစားချင်လို့” သူက စိတ်ပူနေပြီး သူ့ဖေဖေကို မျက်တောင်ခတ်ပြလိုက်သည်။

“တာမောင်းနဲ့ အာမောင်းနောက်ကိုလိုက်သွား၊ ခြံထဲကမထွက်နဲ့နော်။” ထန်ချွန်းမင်က ပြောလိုက်သည်။ ယခုချိန်တွင် သူက ကျောက်မိသားစုကို သတိထားဖို့လိုသည်။ သူတို့မိသားစုက လူတွေကို ပြန်ပေးဆွဲနိုင်သည်။


“သိပါပြီ..ဖေဖေ…ဦးဦးရှို့… သား သွားကစားတော့မယ်။” ကျောက်လင်းက ကျန်းရှို့ကို နှုတ်ဆက်လိုက်သည်။ ခဏအကြာတွင် ခြံဝင်းထဲမှ ရယ်မောသံများထွက်လာ၏။ ကျန်းရှို့က သက်ပြင်းလျပြီး သူ့ကိုတည့်တည့်ကြည့်ကာ ပြောလာသည်။ “​ကြည့်… မင်းရဲ့ကောလေးက လိမ္မာပြီး ဉာဏ်ကောင်းတယ်။ ငါတို့ ကောင်လေးနှစ်ယောက်လည်း ဘယ်ချိန်မှ လိမ္မာမလဲမသိဘူး။ သူတို့က ကြီးလာတော့ ကြည့်ကောင်းလာပေမယ့် ပေါ့ပေါ့တန်တန် အရမ်းနေတယ်။”

“ကျွန်တော်တော့ သူတို့ကို လိမ္မာတယ်လို့ထင်မိတယ်။ အစ်ကို့ကို ဂုဏ်ယူရစေမယ့် အရွယ်ထိ စောင့်လိုက်ပါဦး။” သူငယ်ငယ်တုန်းက ထိုညီအစ်ကိုနှစ်ယောက်ထက်ပင် အဆပေါင်းများစွာ ပိန်လှီသည်။ ထိုအချိန်က သူ့ဖခင် သူ့နောက်ကနေ တုတ်ဖြင့် တကောက်ကောက် လိုက်နေရသည့်အရွယ်ဖြစ်၏။

ပထမလ၏ရာသီဥတုက ချမ်းအေးနေဆဲဖြစ်ပြီး ခန်းကုတင်ကတော့ ပူနွေးနေလေရဲ့။ ကျန်းရှို့က အပ်ချည်တောင်းကိုယူကာ ခန်းပေါ်မှာထိုင်လိုက်သည်။ အပ်ချုပ်နေစဥ် သူက ထန်ချွန်းမင်နဲ့ စကားပြောနေပြီး အပြင်ဘက်က လှုပ်ရှားမှုကို နားစွင့်ထားသည်။

ထန်ချွန်းမင်က ကျန်းရှို့၏စကားကို နားထောင်ကာ စိတ်ပျံ့လွင့်နေပြီး သူ့ကိုယ်သူနဲ့ သူ့သားကို ဘယ်လိုကျွေးမွေးရမလဲ စဥ်းစားနေသည်။ ဤရာသီက စားနပ်ရိက္ခာပြတ်လပ်သောအချိန်ဖြစ်ပြီး တစ်ခုတည်းရှိသော အစားအစာမှာ ဆောင်းဦးတွင် ရိတ်သိမ်းထားသော ဂျုံဆန်ဖြစ်၏။ လယ်ကွင်းများတွင် စိုက်ပျိုးထားသော ဆန်တွေက အခွန်ပေးဆောင်ဖို့ ငွေကြေးလဲလှယ်ရာတွင် အသုံးပြုသည်။ သူ့အရင်ဘဝက ကျေးလက်မှာ မြင်ရလေ့ရှိသော ပြောင်းဖူး၊ ကန်စွန်းဥနဲ့ အာလူးလို ကောက်ပဲသီးနှံများက မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲမှာ လုံးဝမရှိခဲ့ပေ။ ကျေးလက်ဒေသက လူတစ်ယောက်အနေဖြင့် အစေ့ကြမ်းများက ရံဖန်ရံခါစားဖို့ အဆင်ပြေသော်လည်း နေ့တိုင်းစားရင် အရသာကောင်းမှာမဟုတ်ကြောင်း ထန်ချွန်းမင် ကောင်းကောင်းသိသည်။ သူ့ခန္ဓာကိုယ်က ပြောင်းလဲသွားသော်လည်း ထန်ချွန်းမင်က တစ်နေ့သုံးနပ်မစားပဲ နေနိုင်မယ်လို့ မထင်ပေ။

နေရာလွတ်ထဲမှာ အစားအစာတစ်ချို့ကို သိမ်းဆည်းထားသော်လည်း အရင်းအမြစ်မရှိပဲ ဘွင်းဘွင်းကြီး ထုတ်မပြဝံ့ပေ။ သူစားချင်ရင်တောင် လူတွေနောက်ကွယ်မှာ တိတ်တဆိတ်လေးပဲ စားနိုင်လေ၏။

သူ့လက်ထဲမှာ ပိုက်ဆံမရှိတာ ဝမ်းနည်းဖို့ကောင်းသည်။ မဟုတ်ရင် ထိုအရာကို ပိပိရိရိဖုံးကွယ်ဖို့ မြို့ပေါ်စျေးက ဂျုံမှုန့်နည်းနည်းဝယ်ခိုင်းလိုက်လို့ရသည်။ မူလကိုယ်က ရိုးသားသောကလေးဖြစ်မှန်း ကွယ်လွန်သူ၏ဖခင်က သိသည်။ ဒါကြောင့် သူက မူလကိုယ်၏ မွေးဖခင်(ကော) ချန်ထားခဲ့သော ခန်းဝင်ပစ္စည်းအားလုံးကို ပေးအပ်ခဲ့သည်။ ဤခန်းဝင်ပစ္စည်းများကို သိမ်းဆည်းထားပြီး ခင်ပွန်းဖြစ်သူ၏မိသားစုကို မပေးဖို့ သူက သူ့သားကို ထပ်ခါတလဲလဲ သတိပေးခဲ့သည်။ မူလကိုယ်၏ ဖခင်က သူ့ကလေး လှည့်စားခံရမှာကို စိုးရိမ်ခဲ့တာဖြစ်၏။ ထန်ချွန်းမင်က သူ့လက်ထဲ ပိုက်ဆံနည်းနည်းရှိနေမှ တောင့်ခံနိုင်မှာဖြစ်၏။ ဒါကြောင့် ဘိုးဘိုးကျောက်နဲ့ ကျောက်တာဟူ ဘယ်လောက်ပဲ ဖျောင်းဖျပါစေ သူတို့က ထန်ချွန်းမင်၏ ရတနာများကို ထိခွင့်မရခဲ့ပေ။ 

ကျောက်မိသားစုမှ ကန်ထုတ်ခံရပြီးနောက် မြေနှစ်ဧကမှလွဲရင် ဘာမှမရှိခဲ့ပေ။ ထန်ချွန်းမင်က သူ့မိသားစုကို အငတ်မထားခဲ့ပေ။ သူက သူ့ခင်ပွန်းကို မြေကြီးပေါ်တွင် နေထိုင်ခွင့်မပြုနိုင်၍ ဖွက်ထားသော ခန်းဝင်ရတနာများကို ထုတ်သုံးခဲ့သည်။ မိသားစုခွဲနေလျှင်ပင် သူက ကောင်းကောင်းမွန်မွန် နေထိုင်ပြီး အထင်သေးမခံချင်ခဲ့ပေ။ ဒါကြောင့် သူက သုံးခန်းတွဲအိမ်ကြီးဆောက်ဖို့ ငွေပြားနှစ်ဆယ် အသုံးပြုခဲ့သည်။

ယခင်နှစ်များမှာ ဘဝက ခက်ခဲခဲ့သည်။ သူ့ခင်ပွန်းက ဘိုးဘိုးကျောက်ကို ငွေထောက်ပံ့နေခဲ့တာကြောင့် ထန်ချွန်းမင်က ငွေအနည်းငယ်စုဆောင်းမိဖို့ပင် ရုန်းကန်ခဲ့ရသည်။ သို့သော် စျာပနအခမ်းအနားတစ်ခုက မိသားစု၏ စုဆောင်းငွေများကို ကုန်ဆုံးစေခဲ့သည်။ ယခုချိန်တွင် သူ၏စုဗူးထဲတွင် ကြေးဒင်္ဂါးပြားတစ်ရာမပြည့်တော့တာကို ထန်ချွန်းမင် ရှင်းရှင်းလင်းလင်း မှတ်မိသည်။