Chapter 3.1
“နေရာလွတ်”
ညအချိန်တွင်။
ထန်ချွန်းမင်က သူ့အဖေကို မှီခိုအားထားခဲ့သည့် နေရက်များသို့ ပြန်ရောက်သွားပုံရသည်။ သူ့အမေဆုံးတော့ သူ့အဖေက သူ့အတွက် မိထွေးရှာပေးချင်နေတယ်လို့ ရွာသားတွေပြောတာကို ကြားခဲ့ရသည်။ သူက သူ့အဖေ၏တုတ်ကိုမကြောက်ပါပဲ မိထွေးရှိရင် ပထွေးလည်း ရှိလာလိမ့်မယ်လို့ ပြောခဲ့သည်။** သူက မိခင်မရှိသော ကလေးတစ်ယောက်ဖြစ်၍ (သူ့အဖေ နောက်အိမ်ထောင်ပြုရင်) သူ့မှာ အဖေလည်း ရှိတော့မှာမဟုတ်ပေ။ ဒါကြောင့် သူ့အဖေ သူ့ကို တုတ်နဲ့လိုက်ရိုက်တာကို ရွာသားတွေမြင်ခဲ့ရသည်။
(**အဖေက နောက်အိမ်ထောင်ပြုရင် သားသမီးကို ဂရုမစိုက်ပဲ နောက်အိမ်ထောင်နဲ့ရတဲ့ ကလေးတွေကိုပဲ ဂရုစိုက်တော့မှာမို့ အဖေမရှိသလိုပဲလို့ ပြောလိုက်တာပါ)
ခဏလောက်တော့ သူက သူ့ဖခင်နဲ့ ရန်မဖြစ်ခဲ့ပဲ သူ့ဖခင်က မိထွေးမရှာတော့ဘူးလို့ ကတိပေးခဲ့သည်။ ထိုမှသာ ထန်ချွန်းမင်က နာနာခံခံ ကျောင်းပြန်တက်ခဲ့ပြီး အတန်းထဲမှာထိုင်ခဲ့သည်။ ဒါပေါ့… သူက ပြင်းပြင်းထန်ထန် အရိုက်ခံခဲ့ရသေးသည်။ သူ့ဖခင်က နောင်မှာ ကလေးကို တစ်ယောက်တည်းမစောင့်ရှောက်နိုင်မှာ စိုးရိမ်ပြီး ဇနီးအသစ်တစ်ယောက်ရှာချင်ခဲ့သည်။ သို့သော် သူ့ကလေးက ဆန့်ကျင်နေတာကြောင့် သူက ထိုအကြံကို ဘေးချိတ်ထားခဲ့သည်။
ထန်ချွန်းမင် ကြီးပြင်းလာတော့ သူ့အဖေ တစ်ယောက်တည်းဖြစ်နေတာကို ကြည့်ပြီး ဇနီးသစ်တစ်ယောက်ရှာဖို့ ဖျောင်းဖျရန် ကြိုးစားခဲ့သည်။ သူ့အဖေမှာတော့ ထိုအတွေးမရှိတော့ပဲ သူ့သားကို စောင့်ရှောက်ကာ မြေးချီဖို့ စောင့်နေမယ်လို့ ပြောခဲ့သည်။ ထန်ချွန်းမင်က သူကွေးနေတာကို အဖေဖြစ်သူအား ပြောပြဖို့ စကားလုံးရှာမရ၍ သူ့အဖေကို ဘယ်တုန်းကမှ မပြောပြခဲ့ပေ။ သူက သူ့ဖခင်ကို စိတ်မပူစေချင်ပေမယ့်လည်း သူ့ဖခင်က အသည်းကင်ဆာဖြစ်နေခဲ့သည်။ ထန်ချွန်းမင်က မြို့ထဲမှာ အလုပ်ထွက်ပြီး သူ့ဖခင်၏ နောက်ဆုံးနေ့ရက်များမှာ ပြုစုပေးရန် ရွာကိုပြန်လာခဲ့သည်။ သူမဆုံးခင်မှာ ဖခင်ဖြစ်သူ ငြိမ်းချမ်းစွာ ထွက်သွားနိုင်ရန် လာမည့်နှစ်တွင် သူ့ဇနီးနှင့် သားလေးကို ခေါ်လာမယ်လို့ ထန်ချွန်းမင်က ကတိပေးခဲ့သည်။
အဘိုးကြီးထွက်သွားတော့ သူကရွာမှာပဲနေပြီး အိမ်ဟောင်းကို နှစ်နှစ်တိုင်အောင် ကြည့်ရှုစောင့်ကြပ်ပေးခဲ့သည်။ အုတ်ဂူထဲက သူ့ဖခင်က သူလိမ်ညာခဲ့တာကို သိနေခဲ့လို့ဖြစ်မည်။ အဘိုးကြီးက ဒေါသထွက်ပြီး တုတ်မသုံးတော့ပဲ မိုးကြိုးပစ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ဟားဟား..
“မင်း ခွေးမသား.. ငါ့မြေးဘယ်မှာလဲ!!!”
ထန်ချွန်းမင်က သူ၏ရန်မူနေသော ဖခင်ကြောင့် လန့်နိုးလာသည်။ သူက ခြေမချခင် ခန်းကုတင်ပေါ်မှာ အကြာကြီး မတ်မတ်ထိုင်နေသည်။ အိပ်မက်တစ်ခုဖြစ်ပုံရသည်။ အခန်းက လရောင်ကြောင့် လင်းထိန်နေပြီး သူက သူ့ဘေးရှိ လင်းကောအာလေးကို ကြည့်လိုက်သည်။ သူက ကျေနပ်သွာပြီး ကောငယ်လေး၏မျက်နှာကို ပွတ်သပ်လိုက်သည်။ အဖေ… ဒါက ရယ်ဒီမိတ် မြေလေးမဟုတ်လား? ခင်ဗျားအမြဲလိုချင်ခဲ့တာလေ… တစ်ယောက်နဲ့အဆင်မပြေရင် ဗိုက်ထဲမှာနောက်တစ်ယောက်ရှိသေးသည်။
သူက အဘိုးကြီးကိုကြောက်တာကြောင့် ကလေးရှိတာကို ဝမ်းသာအားရ အကြောင်းပြလိုက်သည်။ အလွန်အရေထူသော လူမှသာ ထိုသို့တုံ့ပြန်လိမ့်မည်။
ကုတင်ကိုထိလိုက်တော့ ခန်းကုတင်က ညသန်းခေါင်မှာ အတန်ငယ်အေးစက်နေခဲ့သည်။ ထန်ချွန်းမင်က မီးလင်းဖိုထဲ ထင်းထည့်ဖို့ ဂရုတစိုက်အောက်ဆင်းလိုက်သည်။ အမှန်တိုင်းဆိုရရင် သူက ကလေးတွေကို သဘောကျသည်။ အိမ်မက်ထဲကတစ်ယောက်ဖြစ်စေ သူ့ရှေ့ကတစ်ယောက်ဖြစ်စေ လိမ္မာရေးခြားရှိသော လင်းအာလေးကို သူပိုချစ်သည်။ ကျောက်မိသားစုက လူတွေက ဤမြေးလေးကို ဂရုမစိုက်ရင်တောင်မှပေါ့…
သူက ထင်းဖြည့်ပြီး ရေနွေးနည်းနည်းသောက်ရန် အိမ်ထဲဝင်သွားခဲ့သည်။ ဤခန္ဓာကိုယ်က ဆိုးရွားပြီး သူ့ဝမ်းဗိုက်အပါအဝင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ ဆေးသောက်ပြီးမှ နည်းနည်းပြန်ကောင်းလာခဲ့သည်။
လင်းအာ အိပ်နေတာကိုတွေ့တော့ ထန်ချွန်းမင်က လရောင်အောက်တွင် သူ့ဘယ်လက်ကိုကြည့်လိုက်သည်။ ကျောက်စိမ်းခလုတ်ကဲ့သို့ အရိပ်တစ်ခုရှိနေ၏။ ကံအားလျော်စွာ သူ၏ယခင်ဘဝမှ သယ်ဆောင်လို့ရသည့် နေရာလွတ်တစ်ခုပါလာခဲ့သည်။ မဟုတ်ပါက နေ့ရက်တွေကို အကောင်းဆုံးဖြတ်သန်းနိုင်မယ်လို့ သူ့မှာယုံကြည်ချက်မရှိပေ။ သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့မလွယ်ကူသလို သူ့ပိုင်ဆိုင်မှုတွေကို လောဘတကြီးကြည့်နေသော ကျောက်မိသားစုကို ရင်ဆိုင်ဖို့က ပို၍ပင်မလွယ်ကူပေ။
သူ့အဖေနဲ့ပတ်သက်ရင်တော့ ထန်ချွန်းမင်က အာစေးမိနေ၏။ သူဟာ သူ့အဖေကို လိမ်ခဲ့ရင်တောင် ယင်းမှာ သူခံစားရတာကို သက်သာစေဖို့ ဖြူစင်သောမုသားတစ်ခုပင်ဖြစ်၏။ သူဆုံးပြီး ပထမနှစ်မှာ ထန်ချွန်းမင်က သူ့အဖေ၏အုတ်ဂူရှေ့တွင် သတိမမူပဲ ချော်လဲခဲ့သည်။ သူ့ခေါင်းထိသွား၍ အမာအရွတ်အကြီးကြီး ကျန်စေမည့် ဒဏ်ရာတစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်က သူ သူ့ခေါင်းကိုထိကြည့်တော့ သွေးတွေကို စမ်းမိသွားသဖြင့် ထန်မိသားစု၏ ဘိုးဘေးများ ချန်ထားခဲ့သော ကျောက်စိမ်းခလုတ်က အသက်ဝင်လာခဲ့သည်။ ယင်းတွင် နယ်မြေတစ်ခုနှင့် စမ်းရေတွင်းတစ်ခုပါဝင်ပြီး သယ်ဆောင်လို့ရသည့် နေရာလွတ်တစ်ခုဖြစ်ကာ သူ့ကို ပျော်ရွှင်ပြီး သက်တောင့်သက်သာရှိသော ဘဝတစ်ခုပေးခဲ့သည်။
ထိုအချိန်က သူသည် ခရီးဆောင်နေရာလွတ်*က စောစောရောက်မလာပဲ အဘိုးကြီးဆုံးမှသာ ရောက်လာခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့သေးသည်။ မဟုတ်ပါက သူ သူ့အဖေကို မကယ်နိုင်ရင်တောင် သူထွက်မသွားခင် ခံစားနေရသည့် ဝေဒနာကို လျော့ပါးအောင် လုပ်နိုင်ခဲ့လိမ့်မည်။ နေရာလွတ်ထဲက စမ်းရေတွင်းက အတော်လေးကျော်ကြားသည်။ စမ်းရေကို နေ့တိုင်းသောက်ရင် သူ့ခန္ဓာကိုယ်က အရင်ကထက် ပိုကောင်းလာလိမ့်မည်။
(*ဘယ်သွားသွား ခန္ဓာကိုယ်နှင့်အတူ ပါလာမည့်နေရာလွတ်ကို အတိုကောက် ခရီးဆောင်နေရာလွတ်လို့ပဲ သုံးတော့မယ်နော်)
သူ့အဘိုးကြီးက သည်းမခံနိုင်တော့လို့ဖြစ်မည်။ သူ နောက်တစ်နှစ် အုတ်ဂူကို သွားလည်သည့်အခါ နောက်တစ်ကြိမ် ချော်လဲခဲ့သေးသည်။ သို့သော် ယခုတစ်ကြိမ်မှာ သူ မထနိုင်တော့ပဲ ထူးဆန်းသော ကမ္ဘာတစ်ခုထဲ တိုက်ရိုက်ရောက်လာခဲ့သည်။ အဖေ…အဖေ… အဖေ့သားကို ဘယ်လောက်တောင် မုန်းနေတာလဲ? ထန်ချွန်းမင်က ခေါင်းခါပြီး သူ့လက်ဖဝါးကိုထိလိုက်တော့ လူက အခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ရင်းနှီးသောမြင်ကွင်းကိုကြည့်ကာ ထန်ချွန်းမင်က ငိုချင်လာသည်။ သူ့ရှေ့မှာရှိသော အရာအားလုံးက သူဟာ ထန်ချွန်းမင်ဖြစ်နေသေးကြောင်း သက်သေပြနေပြီး သူက တခြားလူတစ်ယောက်အဖြစ် ဝိညာဥ်ကူးပြောင်းလာခဲ့တာဖြစ်၏။
နေရာလွတ်ကို စတင်အသက်သွင်းပြီးနောက် စမ်းရေတွင်းနှင့် အနက်ရောင်နယ်မြေ တစ်ဧကရှိခဲ့သည်။ ထန်ချွန်းမင်က တစ်နှစ်ပတ်လုံး ပြင်ဆင်ပြီးနောက်မှာ နေရာလွတ်က ငါးဧကနီးပါး ကျယ်ပြန့်လာပြီး သူက ရေကန်တူးကာ သစ်သားအိမ်တစ်လုံး ဆောက်လုပ်ခဲ့သည်။ ရွာထဲက လူတစ်ယောက်ကိုမျှမပြောပဲ ထိုတာဝန်များကို ထမ်းဆောင်ရတာ မလွယ်ကူခဲ့ပေ။ ကံအားလျော်စွာ သူ့ဖခင်ဆုံးသွားတော့ သူ့မိသားစုမှာ သူတစ်ယောက်တည်းကျန်ခဲ့ပြီး ကိစ္စတွေက အမှားအယွင်းမရှိ ချောမွေ့ခဲ့သည်။
သူ့အဖေက ဘိုးဘေးများ၏ တန်ဖိုးကြီးရတနာပစ္စည်းတွေကို သူ့အား လွှဲပြောင်းပေးစဥ် ထန်မိသားစု၏ ဘိုးဘေးများမှာ မသေမျိုးတစ်ယောက်ရှိကြောင်း ပြောပြခဲ့တာကိုလည်း သူမှတ်မိသေးသည်။ သူတို့မှာ မသေမျိုးဘိုးဘေး အမှန်တကယ်ရှိခဲ့လျှင် သူသည်လည်း မသေမျိုးဖြစ်လာလိမ့်မည်ဟု ထန်ချွန်းမင် နောက်ပြောင်ခဲ့သည်။ သူက အဘိုးကြီး၏ အဆူခံလိုက်ရပြီး အဘိုးကြီးက သူ ဘိုးဘေးကို စော်ကားနေတာ… ဘိုးဘေးတွေကို နောက်ပြောင်လို့ ရသလားလို့ ပြောခဲ့သည်။
သို့ပေသိ နေရာလွတ် အသက်ဝင်သွားတော့ သူက အဘိုးကြီးပြောခဲ့တာကို ပြန်တွေးခဲ့သည်။ ထန်ချွန်းမင်က သူ့အဖေပြောတာ မှန်လောက်သည်ဟု သံသယရှိခဲ့သည်။ သို့ရာတွင် သူ့ဘိုးဘေးတွေက ကျင့်ကြံရေးနည်းလမ်းများကို အမွေမပေးခဲ့တာ နှမြောစရာပင်။
ထန်ချွန်းမင်က သစ်သားအိမ်ထဲဝင်ပြီး စမ်းရေတစ်ခွက်ခပ်ကာ သောက်လိုက်သည်။ ဤခန္ဓာကိုယ်က သူ့ကို မသက်မသာဖြစ်စေသည်။ သူ့အရင်ဘဝမှာ သူ့၌ ခန္ဓာကိုယ်ကောင်းကောင်းရှိခဲ့သည်။ သူက ခေါင်းကိုက်ခြင်း ဖျားနာခြင်း သိပ်မရှိခဲ့ပေ။ ယခုတော့ သူ့မှာ အားနည်းပြီး မကျန်းမာသော ခန္ဓာကိုယ်ရှိနေသည်။ ရေတစ်ခွက်သောက်ပြီးနောက် သူက အေးတယ်လို့ မခံစားရတော့ပဲ နွေးထွေးလာသည်။ နေရာလွတ်ထဲက အပူချိန်က အပြင်ကထက် ပိုမြင့်ပြီး ခဏကြာတော့ ထန်ချွန်းမင်၏နဖူးက ချွေးပျံလာသည်။
အပေါ်ထပ်ချည်သားအင်္ကျီကိုချွတ်ကာ ထန်ချွန်းမင်က နေရာလွတ်ထဲရှိ ကောက်ပဲသီးနှံများနှင့် သူ၏သိုလှောင်ရေးပစ္စည်းများကို သေချာစစ်ဆေးလိုက်သည်။ ထန်ချွန်းမင်က ကောင်းမွန်သောဘဝတစ်ခုကို အမြဲလိုချင်ခဲ့ပြီး သူ့ဘဝ ခက်ခဲစေမည့်အရာများကို မလုပ်ခဲ့ဖူးပေ။ သူက နေရာလွတ်ထဲက ပစ္စည်းများကို အသုံးချနိုင်မည့် အခွင့်အရေးကို ရှာတွေ့ခဲ့သည်။ တခြားပစ္စည်းများကို ထည့်မပြောလျှင်ပင် ဤစမ်းရေက ရောစပ်ပြီးသောအခါ ကောက်ပဲသီးနှံများ ကြီးထွားလာဖို့ အင်မတန်အကျိုးရှိသည်။ သူက စမ်းသပ်လုပ်ဆောင်ခဲ့တာ အချိန်အတော်ကြာခဲ့လေပြီ။ နေရာလွတ်ထဲမှာ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ထည့်မပြောလျှင်ပင် ရောစပ်ထားသော စမ်းရေဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များက စျေးထဲကထက် ပိုကောင်းလေ၏။ ထိုအစိမ်းရောင် ဟင်းသီးဟင်းရွက်များကို စျေးတင်ရောင်းနိုင်ပြီး အရသာဆယ်ဆ ပိုရှိလေသည်။
နေရာလွတ်၏ဖြစ်တည်မှုကို ရှာတွေ့ပြီးနောက် သူက တစ်ဦးတည်းနေထိုင်သူဖြစ်တာကြောင့် နေရာလွတ်ကို ငွေရှာဖို့ အပြည့်အဝ အသုံးမချခဲ့ပေ။ နေရာလွတ်ထဲမှာ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများက သူစားဖို့အတွက် လုံလောက်ပြီး အပြင်က စိုက်ပျိုးထားတာကို အသုံးစရိတ်အနည်းငယ်ရဖို့ အသုံးချခဲ့သည်။ မဟုတ်ပါက ၎င်းတို့က အလဟဿဖြစ်သွားပေမည်။ ထို့ကြောင့် နေရာလွတ်က ပြည့်ကျပ်မနေပေ။ ယင်းမှာ ကူးပြောင်းလာခြင်းကြောင့်မဟုတ်ပါပဲ လယ်ကွင်းထဲက ဟင်းသီးဟင်းရွက်များက ညှိုးနွမ်းသွားပြီး ဘေးဘက်ရှိ သစ်သီးပင်များအောက်မှာ ပုပ်နေသောသစ်သီးများနှင့် အရွက်များကြွေကျနေလို့ဖြစ်၏။ အခြေအနေက ထန်ချွန်းမင် မျှော်မှန်းထားတာကိုတော့ မကျော်လွန်ခဲ့ပေ။ သူက သစ်သားအိမ်ထဲမှာ မျိုးစေ့များကို သိမ်းဆည်းထားပြီး သစ်သီးပင်များက ပုပ်ဆွေးမသွားပဲ မျိုးပွားနိုင်သည်။
သို့သော် သူက လက်ရှိခန္ဓာကိုယ်ဖြင့် ခြေလှမ်းအနည်းငယ်လျှောက်ရုံဖြင့် မောပန်းလာခဲ့သည်။ သူက လက်ရှိမှာ ပေါက်ပြားကောက်ယူပြီး အလုပ်မလုပ်နိုင်ပေ။ အရေးကြီးဆုံးက သူ့ခန္ဓာကိုယ်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကောင်းအောင်လုပ်ဖို့ဖြစ်၏။
သူက ခွက်ကိုယူကာ သစ်သားအိမ်ထဲပြန်ဝင်သွားသည်။ သစ်သားအိမ်ဆောက်ပြီးနောက် သစ်သားအိမ်မှာ သိုလောင်နိုင်သော လုပ်ဆောင်ချက်များ စုံလင်တာကို တွေ့ခဲ့ရသည်။ သစ်သားအိမ်ထဲမှာ သိုလှောင်ထားသော ပစ္စည်းများက မပုပ်ဆွေးပဲ အမြဲလတ်ဆတ်နေ၏။ ထန်ချွန်းမင်က သိုလှောင်ခန်းအဖြစ်သုံးသော အခန်းတံခါးကိုဖွင့်ပြီး အလွန်ဝမ်းသာသွားခဲ့သည်။ ဤနေရာမှာ ထားခဲ့သော သစ်သီး၊ အစားအစာနှင့် ဟင်းသီးဟင်းရွက်များက မူလပုံစံအတိုင်းရှိနေပြီး အပြင်ကလို ပုပ်သိုးဆွေးမြေ့သွားခြင်းမရှိပေ။ သူက ချက်ချင်းလျှောက်သွားပြီး ခရမ်းချဥ်သီးအနီကို ယူကာ ဝါးလိုက်၏။ လတ်ဆတ်သော ချိုချဥ်အရသာက သူ့ရင်ထဲကို ထိုးဖောက်သွားပြီး အလွန်အရသာရှိ၏။
ခရမ်းချဥ်းသီးတစ်လုံးနှင့် ဖူဂျီပန်းသီးတစ်လုံး ကိုက်ပြီးနောက်မှာ ထန်ချွန်းမင်၏ဗိုက်က ပူလာပြီး သူ့အစားစားချင်စိတ်က ယခင်ကထက် လျော့သွားတာကို သိခဲ့ရသည်။ ဝဝလင်လင်မစားနိုင်ခဲ့တာကြောင့် သူ့အစာအိမ်က ကျုံ့သွားတာဖြစ်ပေမည်။ ထန်ချွန်းမင်က ကျေနပ်အားရကာ သမ်းဝေလိုက်ပြီး ဗိုက်ပြည့်သွားသောအခါ ငိုက်မျဥ်းလာခဲ့သည်။
နေရာလွတ်မှထွက်ခွာပြီး အိမ်ကိုပြန်ရောက်တော့ လင်းအာလေးက လှုပ်လှုပ်ရွရွ အိပ်ပျော်နေသည်ကို တွေ့ခဲ့ရသည်။ ထန်ချွန်းမင်က ခန်းကုတင်ပေါ်ကို အမြန်တက်ပြီး သူ့နောက်ကျောကို ပုတ်ပေးလိုက်သည်။ သူ့ဖေဖေ၏ အငွေ့အသက်ကို အာရုံခံမိသွား၍ လင်းအာက တဖြေးဖြေးငြိမ်သွားပြီး သူ့ဖေဖေ၏ ရင်ခွင်ထဲဝင်သွားခဲ့သည်။
ထန်ချွန်းမင်က စောက်ကို ဆွဲမခြုံပေးမီ အရူးလေးနဲ့တူသော ကျောင်မင်လင်း၏မျက်နှာကို ကြည့်လိုက်သည်။ အိပ်ရာအရင်ဝင်ကြမယ်။ ဘေးဒုက္ခတွေက အိပ်ရာနိုးတဲ့ထိ စောင့်လို့ရတယ်။ သူ့ဦးနှောက်က လက်ရှိိမှာ ဝေဝါးနေခဲ့သည်။