Chapter 10.2
ဝမ်ချွန်းဟွာက သူ့ဘေးက ကလေးကို ခါးခါးသီးသီး ဆွဲဆိတ်လိုက်သည်။ ကောငယ်လေး ကျောက်မိန်က ယခုလေးတင် အဝတ်လျှော်ပြီးပြန်လာကာ လူကြီးတွေ ကမောက်မကဖြစ်နေတာကိုကြည့်ပြီး သူ့မျက်လုံးက နာကျင်မှုကြောင့် နီရဲနေ၏။ သို့ပေမယ့် သူက အော်ဟစ်မရုန်းကန်ခဲ့ပေ။ မဟုတ်ပါက သူ့ဖေဖေ သူ့ကို ပိုရိုက်လိမ့်မည်။
ဝမ်ချွန်းဟွာနှင့် ဘိုးဘိုးကျောက်တို့က လောဘကြီးပြီး ငွေမက်ရာမှာ တူကြသည်။ ဝမ်ချွန်းဟွာ၏ စိတ်ထဲမှာ တွက်ချက်နေပြီး သူက တာဟူ့အိမ်ကြီးကို သူ့အပိုင်အဖြစ်မှတ်ယူခဲ့တာ ကြာပြီပင်။ ယခု သူ့နှလုံးသားက ဘိုးဘိုးကျောက်လိုပင် သွေးထွက်နေ၏။ ဘိုးဘိုးကျောက်က ကျောက်တာဟူ၏အိမ်ကို မရခဲ့တာကြောင့် သူလည်း ထိုအိမ်ကို မပိုင်ဆိုင်တော့ပေ။ သူ့မျက်နှာပေါ်က အမူအရာမှာ ဒေါသဖြင့် ရှုံ့တွနေ၏။
ထန်ချွန်းမင်က ဘိုးဘိုးကျောက်၏အော်သံနှင့် ကျောက်ဖျင်ချွမ်၏ ကြင်နာမှုပြသပုံကို ဂရုမစိုက်ပေ။ သူက ရွာလူကြီး၊ တတိယဦးလေးနှင့် တခြားသော အကြီးအကဲလူကြီးများ ဆွေးနွေးနေတာကို ကြည့်နေပြီး တတိယဦးလေးက မတ်တပ်ရပ်ကာ ပြောလာ၏။ “မင်းက တာဟူရဲ့မြေကို ယူလိုက်ပြီဆိုတော့ နောင်မှာ တာဟူရဲ့မိသားစုကို လေးစားရမယ်။” ဘိုးဘိုးကျောက်လုပ်ခဲ့တာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သက်ကြီးရွယ်အိုကို မလေးစားတာက ကြီးလေးသောအပြစ်ပင်။
“ဟမ်… ဘယ်သူက သူလေးစားတာခံချင်လို့လဲ? တစ်နေ့ကျရင် သူငါ့ကို အဆိပ်ခတ်သတ်မှာကိုတောင် စိုးရိမ်နေတာ။” ဘိုးဘိုးကျောက်က စိတ်ညစ်လွန်းလို့ နှလုံးသားက သွေးယိုနေပေမယ့် သူက ကျောက်ဖျင်ချွမ်၏မျက်လုံးထဲက အကြည့်ကို တွေ့ခဲ့ရသည်။ သူ ထန်ချွန်းမင်ကို မုန်းလွန်းလို့ သူ့အသွေးအသားတွေကို စားသောက်ချင်နေ၏။
“အဲ့ဒီမြေနှစ်ဧကကို ကျောက်မိသားစုဆီ ပြန်ပေးမယ်။ အခုကစပြီး မင်ကောအာနဲ့ ကလေးနှစ်ယောက်က ကျောက်မိသားစုနဲ့မဆိုင်တော့ဘူး။ ဘိုးဘိုးကျောက်က မင်ကောအာကို နှိပ်စက်ဖို့ အသက်အရွယ်ကို အသုံးမပြုရဘူး။ မဟုတ်ရင် ဖခင်တစ်ယောက်ဖြစ်တဲ့ ငါက မင်ကောအာကို ဖျင်ရှန်ရွာမှာ ဘယ်လိုထားခဲ့နိုင်မှာလဲ။” ရုတ်တရက် မရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာသည်။ ထန်ချွန်းမင်နှင့် ထန်ချွန်းရုံက အံ့အားသင့်သွား၏။ ထိုစကားပြောခဲ့သူမှာ ထန်ချွန်းမင်၏မိထွေး ဝမ်ယင်ဖြစ်၏။
ဝမ်ယင်ရှေ့မှ လူတွေက လမ်းဖွင့်ပေးလိုက်သည်။ လူတော်တော်များများက သူ့ကို တစ်ခါမှမမြင်ဖူးပေ။ သို့သော် ကျန်းရှန်ရွာမှာ အိမ်ထောင်ကျခဲ့သူများက သူ့ကိုသိကြသည်။ အရှေ့မှာရပ်နေသော လူတွေအများကြီးရှိပြီး ဝမ်ယင်က အနောက်မှာရပ်နေ၍ သူ့ကို ဘယ်သူမှ သတိမထားမိခဲ့ပေ။ “ထန်မိသားစု? မင်ကောအာရဲ့ ဖေဖေလား?”
တတိယဦးလေးက ခဏလောက်တိတ်ဆိတ်သွားသည်။ သူက မင်ကောအာမှာ သူ့ဖခင်(ကော)၏ အထောက်အပံ့မရှိဟု ထင်ခဲ့ပေမယ့် ထိုမိထွေးဖြစ်သူက ရုတ်တရက်ပေါ်လာပြီး သူ့ကို ခေါင်းကိုက်စေခဲ့သည်။ ဒါကြောင့် လူကြီးတစ်ယောက်ဖြစ်၍ သူက မင်ကောအာကို ဖိနှိပ်လို့မရတော့ပေ။ ထားလိုက်တော… အရာအားလုံးကို ထန်ချွန်းမင်၏စိတ်တိုင်းကျ ဖြစ်ခွင့်ပေးလိုက်မည်။ ကောတစ်ယောက်က မိသားစုကို ထောက်ပံ့နိုင်တယ်လို့ သူမယုံပေ။ ဒီလိုဆိုရင် မင်ကောအာတစ်ခုခုဖြစ်လာပါက ကျောက်မိသားစု အပြစ်မဖြစ်တော့ပေ။
ဝမ်ချွန်းဟွာက နောက်ပြန်ဆုတ်သွားသည်။ ဝမ်ယင်နဲ့ယှဥ်လျှင် သူ့အရည်အချင်းက ဘာမှမဟုတ်ပေ။ ဝမ်ယင်၏ ကျွမ်းကျင်မှုက ရွာမှာလူသိများပြီး သူတို့နှစ်ယောက်လုံးက ဝမ််မိသားစုကျေးရွာက လာခဲ့တာဖြစ်၏။
ဝမ်ယင်က ထန်ချွန်းမင်ထံလျှောက်လာပြီး ရွာလူကြီးနှင့် မျိုးနွယ်စုအကြီးအကဲများကို နှုတ်ဆက်လိုက်သည်။ ထန်ချွန်းမင်က ဝမ်ယင်၏နောက်မှာ လိမ္မာပါးနပ်စွာရပ်နေ၏။ ဝမ်ယင်၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။ ဤမယားပါသားက ယခင်က ကျိုးနွံသော်လည်း ယခုတော့အပေါ်ယံသာဖြစ်ပြီး အတွင်းစိတ်ပြောင်းလဲသွားလေပြီ။ အမှန်မှာ သူက သူ့မယားပါသား၏ စိတ််ထား အမှန်တကယ်ပြောင်းလဲသွားပြီး အနာဂတ်မှာ အားရုံကို ဆွဲမချဖို့ မျှော်လင့်သည်။
ဒါကြောင့် သူက တစ်ဖက်လူကို အဆုံးထိကူညီဖို့ ဆန္ဒရှိပြီး ဝမ်ယင်က ရွာလူကြီးကို နှုတ်ဆက်ပြီးနောက် ပြောလိုက်၏။ “ငါအရင်က လူဆိုးမဖြစ်ချင်ခဲ့ပါဘူး။ အခု တာဟူဆုံးသွားပြီဆိုတော့ ငါအရင်ကလို မလုပ်တော့ပဲ ငါသူ့ကို အဖေတစ်ယောက်လို ကူညီမယ်။ ဖျင်ရှန်ရွာမှာ ငါ့သား မနေနိုင်တော့ဘူးဆိုရင် သူ့မှာ ကျန်းရှန်ရွာရှိပါသေးတယ်။”
ယင်းမှာ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်၏။ သူတို့ မင်ကောအာ၏အိမ်နှင့်မြေကို အပိုင်သိမ်းပြီး မင်ကောအာကို ဖျင်ရှန်ရွာမှ မောင်းထုတ်လိုက်ပါက ဖျင်ရှန်ရွာသားများသည် တခြားရွာကို မျက်နှာပြနိုင်တော့မှာမဟုတ်ပေ။ ဘယ်သူက သူတို့ရဲ့ကောတွေကို ဖျင်ရှန်ရွာမှာ လက်ထပ်ခိုင်းတော့မှာလဲ? တတိယအကြီးအကဲဦးလေး၏ မျက်နှာကလည်း နီရဲလာသည်။
မျိုးနွယ်စုအကြီးအကဲများက မျက်လုံးချင်းဆက်သွယ်နေပြီး ယခုချိန်က ခက်ထန်နေဖို့ အချိန်မဟုတ်တာကြောင့် ယင်းကိစ္စကို ဖြေရှင်းဖို့ ရွာလူကြီးကို အချက်ပြလိုက်ပြီး မင်ကောအာနှင့် သူ့ဖခင်(ကော)ပြောသည့်အတိုင်း လုပ်ဖို့ အကြံပေးခဲ့သည်။ ရွာလူကြီးက အသက်ရှုကြပ်သွားသည်။ သူ မူလက မင်ကောအာကို မြေနှစ်ဧကခွဲပေးဖို့ စီစဥ်ထားတာဖြစ်၏။ ဤလယ်တွေက တစ်ခုခုထွက်ရင် သူတို့ဗိုက်ကိုဖြည့်နိုင်ပေမယ့် တတိယဦးလေးက လက်မခံခဲ့ပေ။
“ဒါဆို ကျောက်မိသားစုရဲ့ ဆန္ဒအလျောက် မင်ကောအာနဲ့ ထန်မိသားစုရဲ့ ဆန္ဒအတိုင်းပါပဲ။ အိမ်နဲ့ တောင်ပေါ်မြေငါးဧကကို ထန်ချွန်းမင်ရဲ့ အိမ်ထောင်စုက ပိုင်ပါမယ်။ ကျောက်လင်းအာနဲ့ မင်ကောအာဗိုက်ထဲက ကလေးက ကျောက်မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး။ နောင်မှာ မင်အောကာနဲ့ ကလေးတွေ အခက်ကြုံရင် သူတို့ ကျောက်မိသားစုကို ရှာခွင့်မရှိတော့ဘူး။ တတိယဦးလေးနဲ့ ကျောက်မိသားစုက ဘယ်လိုထင်လဲ?”
မူလက ဘိုးဘိုးကျောက် ကန့်ကွက်ချင်ခဲ့သည်။ တောင်ပေါ်မြေက သူ့သားချန်ခဲ့တာဖြစ်သော်လည်း ဤအပျက်ကောင်က ရသွားခဲ့သည်။ သို့ပေမယ့် ထိုအပျက်ကောင်နှင့် သူ့သား သေရင်တောင် သူတို့ကို ရှာခွင့်မရှိတော့ဘူးလို့ ကြားလိုက်ရသောအခါ သူစိတ်သက်သာရာရသွားသည်။ ဝမ်ယင်က သူ့သားကိုယ်စား ရှေ့တိုးလာသော်လည်း ဘိုးဘိုးကျောက်၏ အမြင်မှာတော့ ထိုလင်ပါသားက ထန်မိသားစုကို ပြန်လာပြီး သူ့ကို မှီခိုနေမှာစိုးရိမ်တာကြောင့် သူက အိမ်နှင့်မြေအတွက် တိုက်ခိုက်ပေးခဲ့တာဖြစ်၏။ သို့သော် ထန်ချွန်းမင် အသက်ရှင်ဖို့ ရုန်းကန်နေရရင် ဝမ်ယင်ဂရုစိုက်မှာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူက ထိုခွေးကောင် ဒူးထောက်ပြီး အစာတောင်းနေမှာကို မြင်ချင်သည်။ သူ ယနေ့တော့ အလျှော့ပေးလိုက်မည်။
ရွာလူကြီးက ထက်မြက်သည်။ သူ့စကားတွေက တခြားလူတွေလောက် ကျေနပ်စရာမကောင်းပေမယ့် ဘိုးဘိုးကျောက်၏ ရင်ထဲထိသွားခဲ့သည်။ ဘိုးဘိုးကျောက်က မကန့်ကွက်တော့ပဲ ပေါင်ကိုရိုက်ကာ “ငါတို့မိသားစုက သူ့ကိုရွံလို့ ကျောက်မိသားစုရဲ့ တမင်းတစ်လုပ်တောင် ကျွေးမှာမဟုတ်ဘူး။ အဲ့ဒီအစား အမှိုက်ပုံးထဲသွန်ပြီး ကြက်နဲ့ဝက်ကိုပဲကျွေးလိုက်မယ်!”
“ကျွန်တော်တို့ သေလောက်အောင် ဗိုက်ဆာနေလည်း ကျောက်မိသားစုရဲ့ အိမ်ကို မလာဘူးလို့ ကတိပေးတယ်။ ကျွန်တော်တို့ထန်မိသားစုမှာ ကျောရိုးရှိနေတုန်းပဲ။” ထန်ချွန်းမင်ကလည်း ပြောလိုက်၏။
“ကောင်းပြီ။ အားလုံးညှိုနှိုင်းပြီးပြီ။ ဘိုးဘိုးကျောက်နဲ့ အကြီးအကဲကျောက်က မင်ကောအာကို အိမ်ထောင်စုအသစ်ထူထောင်ပေးဖို့ ငါနဲ့ စာရွက်စာတမ်းတွေ လိုက်ဖြည့်ပေးပါ။ အခုကစပြီး မင်ကောအာက ဖျင်ရှန်ရွာသားဖြစ်သွားလို့ ငါတို့က ကောတစ်ယောက်ကို မောင်းထုတ်လိုက်တယ်လို့ ဘယ်သူမှမပြောရဘူး။” ရွာလူကြီးက ခက်ခက်ထန်ခန်ပြောလိုက်၏။
ကျောက်မိသားစုခြံဝင်းထဲမှ လူတစ်ယောက်ပြေးထွက်လာပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ ဖျင်ရှန်ရွာရှိ ကောနှင့် အမျိုးသားများက အထင်သေးသလို ကြည့်လိုက်သည်။ ထိုယောကျာ်းမျိုးက အထင်သေးစရာကောင်း၏။ သူ့ဖခင်က အပြင်မှာ ဒုက္ခရောက်နေပေမယ့် သူက အိမ်ထဲမှာ ပုန်းနေခဲ့သည်။ ဘိုးဘိုးကျောက်က အိမ်မှာဘာမှမလုပ်ပဲ နေနေတဲ့ ဒီလိုယောကျာ်းမျိုးကို အားကိုးလို့ရလား? ကျောက်တာဟူဆုံးပါသွားတော့ သူအားကိုးနိုင်သည့် တစ်ဦးတည်းသောလူမှာ ကျောက်လောင်စန်းဖြစ်၏။ ကျောက်လောင်စန်းက အနာဂတ်မှာ ဘယ်လိုတွေဖြစ်လာမလဲ သူသိချင်မိသည်။