Chapter 11.1
“လီမိသားစု”
တိုက်ပွဲက အလွန်ကျေနပ်စရာကောင်းပြီး ရလဒ်လည်း ကောင်းခဲ့သည်။ ထန်ချွန်းမင်က ကျန်းမာရေးမကောင်းတာကြောင့် ပွဲပြီးတာနဲ့ အနားယူရန် အိမ်ပြန်သွားခဲ့သည်။ ဒါကြောင့် လီမိသားစု၏ အငြင်းပွားမှုကို စောင်ကြည့်နေသော ရွာသားတွေက ဆေးသေတ္တာသယ်ကာ ထန်ချွန်းမင်ဆီသွားနေသော ဟူလန်ကျုံးကိုတွေ့ခဲ့ရသည်။
စိတ်အားထက်သန်သူများ သို့မဟုတ် ရွာသားတချို့က ဟူလန်ကျုံးကို တားကာ ထန်ချွန်းမင် ဘာဖြစ်ခဲ့တာလဲမေးလိုက်သည်။ ဟူလန်ကျုံးက ဒေါသထွက်ကာ မုတ်ဆိတ်ကို မှုတ်လိုက်ပြီး သူတို့ကို စိုက်ကြည့်လိုက်သည်။ “ဒါကို အဓိပ္ပါယ်မရှိဘူးလို့ ထင်လို့လား? သူ့ကျန်းမာရေး ဘယ်လောက်ဆိုးလဲသိလား? သူ့သန္ဓေသား အန္တရာယ်ရှိလို့ ငါသူ့ကို ကယ်နိုင်ပါ့မလားတောင် မသိဘူး။ လူကောင်းတစ်ယောက်လို့ ထင်ရတဲ့ ကျောက်တာဟူက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံလိမ့်မယ်လို့ မထင်ထားဘူး။” ဟူဟန်ကျုံးက ဆေးသေတ္တာကို ကျောမှာလွယ်ကာ ထွက်သွားခဲ့သည်။
နေရာတိုင်းတွင် သက်ပြင်းချသံများရှိ၏။ လီမိသားစု အရေးကိစ္စသာပေါ်မလာရင် ထန်ချွန်းမင်က အတင်းအဖျင်းစာရင်းထဲမှာ အချိန်အတော်ကြာ နေရာယူထားမည်ဖြစ်၏။
ရွာလူကြီး၏ဇနီး၊ သူ့မိထွေးနှင့် ကျန်းရှို့၏ ပေါင်းအဆူခံလိုက်ရသော ထန်ချွန်းမင်က ခန်းကုတင်ပေါ်တွင် လင်းအာကိုဖက်ကာ စိတ်ပျက်လက်ပျက် လဲလျောင်းနေ၏။ ယခု လင်းအာက သူ့ဖေဖေကလွဲလို့ ဘယ်သူ့ကိုမှ မဖက်ထားချင်ပေ။ ထန်ချွန်းမင်က တွန့်ဆုတ်မနေပဲ သူ့သား၏တောင်းဆိုမှုကို လိုက်လျောပေးခဲ့သည်။
“အားလင်း.. မင်းဦးလေးကို မင်းမလိုချင်တော့ဘူးလား?” ထန်ချွန်းရုံက ခန်းကုတင်ဘေးကနေ သူ့တူလေးကို စနောက်လိုက်သည်။
ကျောက်လင်းအာက သူ့ဦးလေး၏ ဝမ်းနည်းနေသော အမူအရာကို တွေ့သွားပေမယ့် သူက သူ့ဖေဖေကို မလွှတ်ပေးချင်တာကြောင့် ပြောလိုက်ရသည်။ “အားလင်း…မနက်ဖြန်… မဟုတ်သေးဘူး.. သဘက်ခါ ဦးလေးနဲ့ အဖော်လုပ်ပေးပါ့မယ်။” ဦးလေးက သူ့အပေါ်ကောင်းသလို ဆန်ပြုတ်ကျွေးကာ ချိုချိုသာသာ စကားပြောသည်။ သူက ဟိုလူတွေထက် အဆတရာပိုကောင်းတာမို့ ကျောက်လင်းက သူတစ်ခါမှမမြင်ဖူးခဲ့သော သူ့ဦးလေးကို ချစ်ပါ၏။ သူက သူ့ဦးလေးကို ဝမ်းမနည်းစေချင်ပေ။
ထန်ချွန်းရုံ၏ပါးစပ်က တွန့်ကွေးသွားပြီး ကျန်းရှို့က ပြုံးလိုက်သည်။ ထိုစဥ် ရွာလူကြီး၏ ဇနီးကလည်း ရယ်လိုက်ပြီး “ငါတို့လင်းအာက အရမ်းဉာဏ်ကောင်းတယ်။ အလိုလေး…ငါသူ့ကိုကြိုက်လိုက်တာ။ ငါသူ့ကို ပြုစုပျိုးထောင်ဖို့ အိမ်ကို ခေါ်သွားချင်တယ်။” သားဖြစ်သူ၏ အပြုံးကိုမြင်လိုက်သော ဝမ်ယင်ကလည်း မပြုံးပဲမနေနိုင်ခဲ့ပေ။ အမှန်တော့ ဒါလေးက သူ့မြေးဖြစ်ပြီး သူ့ဖေဖေထက်ချစ်ဖို့ကောင်းပြီး ဉာဏ်ကောင်းသည်။
“ဟုတ်ပြီ…ဖေဖေ့ကို အရင်အဖော်ပြုပေးပါဦး။ အားလင်က တကယ့်လိမ္မာတဲ့သားလေးပဲ။” ထန်ချွန်းမင်က ဂုဏ်ယူသလိုပြောလိုက်သည်။ သူက သူ့သား၏ခေါင်းကိုဆွဲကာ အနမ်းကြီးကြီးတစ်ပွင့်ပေးလိုက်တော့ ကျောက်လင်းအာက ရှက်ရှက်ဖြင့် စောင်ထဲဝင်ပုန်းခဲ့သည်။
“ဟုတ်ပါပြီ.. ဒါဆို မင်းတို့သားအဖကို ဂရုစိုက်ပေးမယ့် အားရှို့လည်းရှိနေတော့ ငါအားမှ ပြန်လာခဲ့မယ်။ ငါတို့ ပစ္စည်းတချို့ယူလာပေးတယ်။ မင်းဦးလေးကို အားနာစရာမလိုလို့ မငြင်းနဲ့နော်။ မင်းကိုယ်မင်းနဲ့ မင်းခန္ဓာကိုယ်ကို ဂရုစိုက်ပါ။” ရွာလူကြီး၏ဇနီးက အခန်းထဲဝင်လာသောအခါ ပစ္စည်းတွေကို စားပွဲပေါ်တစ်ခါတည်းတင်လိုက်၍ ထန်ချွန်းမင် မငြင်းနိုင်တော့ပေ။
ထန်ချွန်းမင်က ကျေးဇူးတင်လိုက်သည်။ လက်ဆောင်တွေက ဥနှင့် ဂျုံဖြူဖြစ်၏။ ထန်ချွန်းမင်က အနာဂတ်မှာ ဖျင်ရှန်ရွာ၌ နေထိုင်လိုလျှင် အားကိုးရမည့်လူရှိစေရန် ရွာလူကြီးမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရမည်။ အားရုံက ခဏခဏလာနိုင်မှာမဟုတ်၍ တစ်ခုခုဆိုရင် အချိန်မီအကြောင်းကြားလို့မရပေ။
ထန်ချွန်းမင်က သူ့မိထွေးကို လှည့်ကြည့်လိုက်ပြီး “ဖေဖေ… ဒီနေ့အတွက်ကျေးဇူးပါ။ ဖေဖေ့စကားတစ်ခွန်းက အားလုံးပြီးသွားစေခဲ့တယ်။” သူ တစ်နေ့လုံး အားစိုက်ထုတ်ခဲ့ပေမယ့် သူ့မိထွေးပေါ်လာတော့ ကိစ္စတွေက ပိုရှင်းသွားခဲ့သည်။ အရေးကြီးသောအချိန်တွင် မိသားစုရှိဖို့လိုသည်။ ရှေးခတ်မဟုတ်ရင်တောင် သူနေခဲ့သော ခေတ်သစ်မှာလည်း ယခုလိုပင်။ မိသားစုမှာ ညီအစ်ကိုမောင်နှမများရန်ဖြစ်ပါက မိဘတွေ ဝင်ဖျန်ဖြေပေးရမည်။
“မင်းကို ကူညီလို့ရပေမယ့် အကန့်သတ်ရှိတယ်။” ဝမ်ယင်က ကူညီခဲ့ပေမယ့် သေချာပြောထားလိုက်သည်။ “မင်း ကိုယ့်ဘာကိုယ်ရပ်မတည်နိုင်ရင် ငါလာကူညီပေးဖို့ မမျှော်လင့်နဲ့။ အဲ့ဒါက မင်းရဲ့လုပ်ရည်ကိုင်ရည်ပေါ်မူတည်တယ်။ ငါက စွမ်းဆောင်ရည်ကို အလေးထားတယ်။ ဘိုးဘိုးကျောက်လိုမဟုတ်ဘူး။”
ကျန်းရှို့က ဘာပြောရမလဲမသိဖြစ်နေ၏။ ဝမ်အားမော့ ယနေ့မှာ ပေါ်လာမယ်လို့ သူမထင်ထား၍ သူက စိတ်ထဲက ကျေးဇူးတင်နေမိသည်။ ဝမ်အားမော့နဲ့ အားရုံတို့ မင်ကောအာကို နည်းနည်းလောက် ပိုပြီးကူညီနိုင်မယ်လို့ မျှော်လင့်နေသော်လည်း ယခုချိန်တွင် ဘယ်သူ့ဘက်က ရပ်တည်ရမည်ကို သူမသိပေ။
ထန်ချွန်းမင်က စိတ်မဆိုးပေ။ သူ့အမြင်မှာ သူ့မိထွေးက ပတ်ဝန်းကျင်ရှိလူအားလုံးတွင် အထက်မြက်ဆုံးလူပင်။ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အရူးလုပ်လို့မရပေ။ သူက ဘယ်သူ့ကိုမှ မလှည့်စားချင်သလို တစ်ဖက်သတ် အားကိုးတာမျိုးလည်း မလုပ်ချင်ပေ။ သူက သူ့မိထွေး၊ညီလေးတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိချင်သည်။ ဟုတ်ပါသည်။ ဆက်ဆံရေးက တစ်ဖက်တည်းမှီခိုလို့မရပါပေ။ တစ်ဖက်တည်းက မှီခိုနေလျှင် မိသားစုဖြစ်ရင်တောင် နှလုံးသားတွေ အေးစက်လာလိမ့်မည်။ ထိုသို့ဖြင့် ဆက်ဆံရေးက အပေါ်ယံဖြစ်သွားပေမည်။
“ဖေဖေ…စိတ်ချပါ။ ကျွန်တော် ဖေဖေပြောတာတွေကို နားလည်ပါတယ်။ ပြီးတော့ ဖေဖေတွေးနေတာကိုလည်းသိတယ်။ အနာဂတ်မှာ ကိုယ့်ကိုယ်ကို ထူထောင်ပြီး အားရုံနဲ့ ဆက်ဆံရေးကောင်းမှာပါ။ ဖေဖေက အဲ့ဒါကို စောင့်ကြည့်ဖို့ပဲလိုတယ်။ ဖေဖေ.က ပါးစပ်ဆိုးပြီး စိတ်နှလုံးကောင်းတဲ့လူလို့ ကျွန်တော်ပြောဖူးသလား?”
ဝမ်ယင်က ထိုစကားကြားတော့ ကျေနပ်သွားသည်။ သူ့လင်ပါသားက ရုတ်တရက် ဉာဏ်အလင်းပွင့်လာပြီး သူလုပ်နိုင်မယ်လို့ ထင်သည်။ သို့သော် သူက ပူပန်နေတုန်းပင်။ အနာဂတ်မှာဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမည်။ သူအားရုံရဲ့ ပြိုင်ဘက်ဖြစ်လာမှာလား?
“အားရုံ..သွားစို့!” ဝမ်ယင်က ထန်ချွန်းရုံကို ဆွဲကာ အပြင်ထွက်သွားသည်။
“ဖေဖေ… အစ်ကို ဒီမှာနေဖို့ လူတစ်ယောက်လိုတယ်။” ထန်ချွန်းရုံက စိုးရိမ်နေသည်။ ယခုလေးတင် အားလုံးအဆင်ပြေခဲ့ပေမယ့် သူ့အဖေက ဘာထဖြစ်တာလဲ.. သူ့အဖေနှင့် အစ်ကိုကြားက စကားတွေကလည်း ရှုပ်ထွေးနေသည်။
“အားရုံ…မင်းဖေဖေနဲ့ အရင်လိုက်သွားလိုက်။ အတန်းတွေအကြာကြီးပျက်လို့မရဘူး။ ငါပြောတာနားထောင်။ မင်းဖေဖေက မင်းကောင်းဖို့အတွက် လုပ်ပေးနေတာ။” ထန်ချွန်းမင်က သူ့ညီကို အော်ပြောလိုက်၏။ သူတို့ထွက်သွားပြီးသည့်တိုင် မိထွေးဖြစ်သူနှင့် ထန်ချွန်းရုံ၏ စကားများသံကို ကြားနေရဆဲဖြစ်သည်။ ထန်ချွန်းမင်က ခန်းကုတင်ပေါ်မှာ တိတ်တဆိတ် ရယ်မောလိုက်သည်။
ကျန်းရှို့က ခဏကြာမှ အသိစိတ်ပြန်ဝင်လာသည်။ သူအများကြီးနားမလည်သော်လည်း သူက မင်ကောအာနှင့် ဝမ်အားမော့ကြားရှိ ဆက်ဆံရေးပိုကောင်းလာတာကို မြင်နိုင်သည်။ အားရုံက သူတို့ကြားရှိ အဓိကသော့ချက်ဖြစ်၏။ သူက မင်ကောအာအတွက် ဝမ်းသာပေမယ့် မင်ကောအာ၏ အမြင်တွင် ဝမ်အားမော့၏ အပြုအမူက မကောင်းပဲ အကူအညီမဲ့သလို ဖြစ်နေမှာစိုးရိမ်၏။ သူက မင်ကောအာ၏ခေါင်းကို လှမ်းထိလိုက်သည်။ “မင်း အဖေကို ဘာလို့နှိုးဆွချင်တာလဲ။ မင်းပြောသလိုပဲ ဝမ်အားမော့က အပြောဆိုးပြီး နှလုံးသားလှတယ်။ ဘိုးဘိုးကျောက်နဲ့ယှဥ်ရင် သူက ပိုကောင်းတယ်။ နောက်ကျရင် မင်းကတော့ စိတ်ပျော့နေလို့မရဘူးနော်။”
မင်ကောအာ အသက်ပြန်ရှင်လာသလိုပင်။ အရင်ကလည်းမဆိုးပေမယ့် မင်ကောအာက တစ်ယောက်တည်း ဒုက္ခရောက်နေခဲ့တာဖြစ်၏။ ယခုအခါ သူ့ရင်ထဲက အထုံးပြေသွားပြီး သူ့နှလုံးသားက ပိုရှင်းလာသည်။ ထိုအကြောင်းကြောင့် သူက မင်ကောအာ၏ အမှီခိုကင်းကင်း နေထိုင်ခြင်းကို မကန့်ကွက်ခဲ့တာဖြစ်၏။
ထန်ချွန်းမင်က ပြုံးပြီး အားလင်း၏နှာခေါင်းကို လက်ချောင်းဖြင့် ကလိထိုးကာ စလိုက်သည်။ “အားလင်း.. ဖေဖေ မင်းဦးလေးနဲ့ ဘိုးဘိုးကို ထွက်သွားခိုင်းလိုက်ပြီ။ ဘယ်လိုလုပ်မလဲ?”
“ဖေဖေ… မစိုးရိမ်ပါနဲ့။ အားလင်းက ဖေဖေနဲ့အတူနေမှာပါ။”.ကျောက်လင်းက သူ့ဖေဖေကို လှမ်းဖက်ပြီး လူကြီးလေးလို နှစ်သိမ့်နေ၏။
ကျန်းရှို့က ရယ်မောလိုက်သည်။ “အားလင်း… မင်းဖေဖေပြောတာနားမထောင်နဲ့။ ဘိုးဘိုးက အလုပ်ရှုပ်နေပြီး မင်းဦးလေးက ကျောင်းတက်ရမယ်။ ဦးဦးက မင်းနဲ့ မင်းဖေဖေကို လာကြည့်မှာပါ။”
ကျောက်လင်းက ကျန်းရှို့ကိုကြည့်ကာ မျက်တောင်တစ်ချက်ခတ်ပြီးမှ သူ့ဖေဖေကိုကြည့်လိုက်သည်။ “ဖေဖေ…ဦးလေးက စိတ်မဆိုးပါဘူး။ ဦးလေးက အားလင်းကို ဂရုစိုက်တယ်။” ဘိုးဘိုးက ခက်ထန်လို့ သူနည်းနည်းတော့ကြောက်ပေမယ့် ဘိုးဘိုးက ဘိုးဘိုးကျောက်ထက် ကောင်းသည်။ သူက သူ့ကို သူ့ဖေဖေနှင့် ခွဲမှာမဟုတ်ပေ။ ကလေးတွေရဲ့ပင်ကိုယ်စိတ်က အလွန်စူးရှပြီး ဝမ်ယင်က ခက်ထန်သော်လည်း ကျောက်လင်းက သူ့ကို ဘိုးဘိုးကျောက်နဲ့တူတယ်လို့မထင်ပေ။
“လိမ္မာတဲ့တစ္ဆေလေး” ထန်ချွန်းမင်က သူ့သားကို အားရပါးရဖက်လိုက်၏။ သူ့သားက သေးပေးမယ့် ထက်မြက်လို့ အရူးလုပ်ရမလွယ်ပေ။
&&&