Chapter 11.2
Viewers 530

Chapter 11.2


“လီမိသားစု”


ထန်ချွန်းမင်က ခန်းကုတင်ပေါ်မှာ တစ်နေကုန်လဲလျောင်းနေပြီးနောက် မအိပ်ချင်တော့ပေ။ နေရာလွတ်မှ စမ်းရေက သူ့ခန္ဓာကိုယ်ကို အာဟာရဓာတ်ဖြည့်ပေးပြီး သူက အရင်ကထက် အများကြီးပို​ကောင်းလာသည်။ စမ်းရေက ဆေးဖျန်းရာတွင်သုံးသောရေဖြစ်သည်။ လီတာရှန်က သူ့အိမ်ကို ရေသယ်လာပြီး ထန်ချွန်းမင်က ရေတွေကို နေရာလွတ်ထဲ တိတ်တဆိတ်ထည့်ကာ နေရာလွတ်ထဲမှ စမ်းရေနဲ့လဲလိုက်သည်။ ဒါကြောင့် ဤရက်ပိုင်းတွင် မိသားစုက စမ်းရေကိုသာသုံးနေခဲ့သည်။ မင်ကောအာအိမ်က ရေက ပိုသောက်လို့ကောင်းတယ်လို့ ကျန်းရှို့က ခဏခဏပြောခဲ့သေးသည်။

မနေ့ကတိုက်ပွဲအပြီးမှာ သူက စိတ်ရောကိုယ်ပါ မောဟိုက်​နေခဲ့ပေမယ့် ယခုမူ သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းမိသည့် မအီမသာဖြစ်မှု ပျောက်ကွယ်သွားတယ်လို့ ခံစားလိုက်ရသည်။ သူက အင်မတန်စိတ်သက်သာရာရနေသည်။ ယင်းမှာ မူလပိုင်ရှင်မင်ကောအာ၏ ခန္ဓာကိုယ်ထဲက နောက်ဆုံးအကြွင်းအကျန်ဖြစ်လောက်သည်။ ကျောက်မိသားစုကို ဖယ်ရှားပြီး အားလင်းကို ဂရုစိုက်နိုင်ခဲ့လို့ မူလပိုင်ရှင်က စိတ်သက်သာရာရပြီး လုံးလုံးပျောက်ကွယ်သွားတာဖြစ်၏။ ဒါကြောင့် ထန်ချွန်းမင်၏ ခန္ဓာကိုယ်က သူရောက်လာခါစထက် ပိုကောင်းလာခဲ့သည်။


နောက်နေ့မနက် ထန်ချွန်းမင် အိပ်ရာထသောအခါ မျက်လုံးပွတ်ကာ သူနဲ့အတူထချင်သော အားလင်းက အိပ်ရာပေါ်ကို ​ပြန်အဖိခံလိုက်ရပြီး ခဏလောက် ထပ်အိ​ပ်ခဲ့သည်။ ကလေးက ကြီးထွားဖွံ့ဖြိုးရန် ပိုမိုအိပ်စက်သင့်သည်။ ထန်ချွန်းမင်က ယခုချိန်တွင် သူ့သားကို အလိုလိုက်ခြင်း နိယာမကို လိုက်စားနေသည်။



ထိုအချိန်တွင် ကျန်းရှို့က စိုးရိမ်တကြီးရောက်လာသည်။ သူက ထန်ချွန်းမင်ကို အိပ်ရာမထစေချင်ပေမယ့် ထန်ချွန်းမင်က ယနေ့မှာ ပိုကြည့်ကောင်းနေတာကြောင့် သတိထားဖို့သာ မှာလိုက်ရသည်။ ထန်ချွန်းမင် မနေ့ညက ကောင်းကောင်းအိပ်ပျော်ခဲ့ပြီး စိတ်စွမ်းအင်ကို အသုံးမပြုခဲ့တာကြောင့် သူ့အသားအရေက သဘာဝအတိုင်း ပြန်ကောင်းလာသည်။


ကျန်းရှို့၏မိသားစုက အိမ်မှာလုပ်စရာအများကြီးရှိ​တာကြောင့် သူထန်ချွန်းမင်နှင့် စကားနည်းနည်းပြောပြီးနောက် အမြန်ပြန်သွားခဲ့သည်။ စိုက်ပျိုးရာသီမဟုတ်သော်လည်း အလုပ်ကြိုးစားသူများက မိသားစုအတွက် အပိုဝင်ငွေရဖို့ အစွမ်းကုန်ကြိုးစားသည်။ သူ့တာရှန်က မြို့ထဲမှာ မိသားစုတစ်ခုအတွက် အလု​ပ်လု​ပ်ဖို့ သဘောတူခဲ့ပြီး တစ်ရက်လျှင် ငွေဆင့်နှစ်ဆယ် သုံးဆယ်ရနိုင်၍ သူ ထိုပိုက်ဆံကို အလဟဿအဆုံးရှုံးခံလိုက်လျှင် သူဝမ်းနည်းရပေမည်။


ထန်ချွန်းမင်က ထိုကိစ္စအတွက် အလွန်ဝမ်းသာခဲ့သည်။ ယခုသူ့ကို စောင့်ကြည့်မယ့်သူမရှိ၍ သူက နေရာလွတ်ထဲက အစားအစာကို ထုတ်ယူကာ အားလင်ကို အာဟာရဖြည့်ကျွေးလိုက်၏။ လီတာရှန်က သူ့ခန်းဝင်ပစ္စည်း စျေးကောင်းကောင်းရဖို့ ခရိုင်မြို့ကိုသွားခဲ့ပြီး ကျန်းရှို့က သူ့ကို ငွေဆယ့်ရှစ်ပြားပေးခဲ့သည်။ လက်ခနှင့် အလေးချိန်ကြောင့် သူငွေနည်းနည်းရှုံးခဲ့သေးသည်။ ဤပစ္စည်းများက မူလပိုင်ရှင်မိသားစု ပိုင်ဆိုင်ပြီး လက်ဆင့်ကမ်းခဲ့သည့် သမိုင်းကြောင်းလည်းရှိပေမယ့် ကံမကောင်းစွာပင် ယနေ့မှာတော့ မိသားစုဝင်တစ်ဦးမှ မရှိတော့ပေ။


ထန်ချွန်းမင်က ကျန်းရှို့ကို နို့ထွက်သည့် သိုးမတစ်ကောင်ရှာပေးဖို့ ပြောခဲ့သည်။ လူတွေကို တိုက်ကျွေးရာတွင် သိုးနို့က အကောင်းဆုံးဖြစ်၏။ ထို့အပြင် သူ့အတွက် သိုးမွေးတာက ကောင်းသောနည်းလမ်းဖြစ်၏။ သူ ကြက်တွေဖမ်းပြီး အိမ်မှာ မွေးမြူဖို့လည်းလိုအပ်သည်။


ထန်ချွန်းမင်က ကြက်ဥတစ်လုံးပြုတ်ပြီး နေရာလွတ်ထဲမှာ ထမင်းကိုသုံးကာ ဆန်ပြုတ်ပျစ်ပျစ်လေး ကျိုခဲ့သည်။ အဆုံးမှာ သူက ပန်းသီးစိတ်လေးတွေကို ထည့်လိုက်သည်။ ထို့​နောက် အခန်းထဲပြန်လာကာ အားလင်းကို ခေါ်လိုက်၏။


“ဖေဖေ.. အရသာရှိတယ်။” ကျောက်လင်းအာက တောက်ပသောမျက်လုံးများဖြင့် ဂျုံဆန်ပြုတ်ကို သောက်လိုက်သည်။ သူက တစ်ဝက်စားပြီး ရပ်လိုက်ကာ သူ့ရှေ့က ကြက်ဥပြုတ်ကို ကြည့်ရင်းပြောလိုက်သည်။ “ဖေဖေ… သားဗိုက်ပြည့်ပြီ။” သို့ပေမယ့် သူ့သားလေးက လျှာကိုသပ်လိုက်ပြီး မျက်လုံးက ရှုပ်ထွေးနေသည်။

ထန်ချွန်းမင်က သူ့သားနဲ့တူတူ မနက်စာစားလိုက်သည်။ မဟုတ်ရင် သူက သူ့သားမစားမှာကို စိုးရိမ်လို့ပင်။ သူ့သားက ယခုတစ်နပ်စားပြီး နောက်တစ်နပ်မရှိမှာကို စိုးရိမ်နေသည်။ ထိုအချိန်တွင် သူက ခဏလောက်ရှုပ်ထွေးသွား​သည်။ သူ့အရင်ကျေးလက်ရွာတွင် ထိုအရွယ်ကလေးတွေက မိသားစု၏အချစ်ခံရပြီး လိုချင်တာမှန်သမျှကို ရခဲ့သည်။ သူတို့အသက်နည်းနည်းကြီးလာတော့ ဂရုမစိုက်တော့ပဲ အပြင်မှာပြေးလွှားဆော့ကစားကြသည်။


သူက စိတ်သဘောထားကြီးသူဖြစ်၍ နေရာလွတ်ထဲမှ ကောင်းသောအရာများကို သားဖြစ်သူအား ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပေ။ ယခုသူသည် အားလင်းကို သားတစ်ယောက်လို အမှန်တကယ်သတ်မှတ်ထားသည်။ တကယ်တော့ သူတို့က စားဝတ်နေရေးအတွက် စိတ်ပူစရာမလိုတော့ပဲ သူ့သားကို ယခုလို စိတ်မပူစေချင်ပေ။


“ကောင်းကောင်းစားပါ။ အားလင်းဗိုက်ပြည့်ပြီး မြန်မြန်ကြီးလာမှ ဖေဖေ့ကိုကူညီပြီး ငွေရှာနိုင်မှာလေ။ စိတ်ပူမနေနဲ့။ ဖေဖေ အားလင်းကို အငတ်ထားမှာမဟုတ်ဘူး။” ထန်ချွန်းမင်၏ပါးစပ်က တွန့်ကွေးသွားပြီး ဆက်ပြောလိုက်သည်။ “ဗိုက်ထဲက ညီလေးအတွက်” သူ့ကိုယ်သူဖေဖေလို့ ခေါ်ရတာအဆင်ပြေလာသည်။ သူ့ဗိုက်ထဲက ကလေး၏ တည်ရှိမှုကလည်း သူ့ကို ပုံ​သေသတိပေးနေ၍ သူ့ဖြစ်တည်မှုကို မှတ်မိစေသည်။


“ကြည့်… ဖေဖေလည်း အကုန်စားမှာ။ အားလင်း မစားတော့ရင် ဖေဖေလည်းမစားတော့ဘူး။” ထန်ချွန်းမင်က သူ့ရှေ့က ပန်းကန်လုံးကို ညွှန်ပြလိုက်သည်။

“မဟုတ်တာ…အားလင်းစားချင်တယ်။” ကျောက်လင်းလေးက ခေါင်းငုံ့ကာ တစ်ကိုက်ကိုက်ပြီး သူ့ဖေဖေကို ပြန်ကြည့်လိုက်သည်။ သူက စားနေရင်း မျက်လုံးများ ကျဥ်းမြောင်းသွားတာကြောင့် အလွန်ချစ်ဖို့ကောင်းနေ၏။ အဆုံးမှာ သူက ပန်းကန်လုံးကို နှမြောတသ လျက်လိုက်သေးသည်။


ထန်ချွန်းမင်က ပြုံးကာပြောလိုက်၏။ “အရသာရှိလား?”

“အရသာရှိတယ်”


“ဒီထက်အရသာရှိတာတွေစားချင်ရင် အားလင်း ဘယ်သူ့ကိုမှ ပြောပြလို့မရဘူးနော်။ တခြားသူတွေသိသွားရင် စားလို့အရသာရှိမှာမဟုတ်တော့ဘူး။”


ကျောင်လင်းက စိတ်ရှုပ်သွားသည်။ “ရှို့အားမော့ကိုရော မပြောရဘူးလား?”

“ဖေဖေနဲ့ အားလင်းပဲသိရမယ်။” 


“ဟုတ်ကဲ့ဖေဖေ…” ရှို့အားမော့က အားလင်းအပေါ် အလွန်ကောင်းသော်လည်း ကျောက်လင်းက စကားနားထောင်ရမည်။ မဟုတ်ပါက သူနဲ့ သူ့ဖေဖေ နောက်တစ်ကြိမ် ငတ်သွားလိမ့်မည်။

“လိမ္မာတဲ့ကလေး.. အားလင်း နောက်ဆို ဖေဖေ မင်းအတွက် သကြားလုံးတွေဝယ်ပေးမယ်။” လျှို့ဝှက်ချက် ထိန်းသိမ်းဖို့ ကြိုးစားနေသော ကျောက်လင်း၏ အမူအရာကိုကြည့်ကာ ထန်ချွန်းမင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သုံးနှစ်ပဲရှိသေးသော သူ့သားက ယုံလွယ်သည်။


မနက်ခင်းတွင် ထန်ချွန်းမင်က အားလင်းကိုကိုင်ကာ စကားပြောနေစဥ် ကျန်းရှို့က သူ့သားနှစ်ယောက်ကို ခေါ်လာခဲ့သည်။ ကျန်းရှို့ အခန်းထဲဝင်လာတာနဲ့ သူက ကျောက်လင်းကို ကလိထိုးကာ ရယ်မောစေသည်။

ထန်ချွန်းမင်က တာမောင်းနဲ့ အာမောင်းကို လက်ယမ်းပြကာ ကုတင်ပေါ်ခေါ်လိုက်သည်။ “မင်းဖေဖေ ဘာဖြစ်လို့လဲ?”

တာမောင်းကတည်ငြိမ်နေပြီး သူ့ဖေဖေကို ကြည့်ကာပြောလိုက်၏။ “ဖေဖေက ဦးလေး အိမ်မှာဖြစ်ပျက်ခဲ့တာကို ကြားခဲ့လို့ထင်တယ်။”


“သားသိတယ်…သားသိတယ်” အာမောင်းက စိတ်အားတက်သန်စွာပြောလိုက်၏။ “ဦးလေးကမ်းမိသားစုက တူလေးပြန်လာပြီး ဦးလေးကမ်းရဲ့ အိမ်နဲ့မြေကို လုယူနေတယ်လို့ပြောတယ်။” သူက ပြောပြီး ထန်ချွန်းမင်ဆီက ချီးကျူးစကားကို စောင့်နေ၏။


ထန်ချွန်းမင်က အားမော့၏မျက်နှာကိုကိုင်ပြီး ဝမ်းသာအားရပြောလိုက်၏။ “ငါတို့အားမော့လေးက အများကြီးသိတာပဲ။ နောက်ကျရင် ဦးဦး မင်းကို စာဖတ်နည်းသင်ပေးရမလား? လင်းအာလေးနဲ့ စာတူတူသင်လို့ရတယ်။”


“တကယ်လား?” ကျန်းရှို့က အရယ်ရပ်သွားပြီး ထန်ချွန်းမင်ကို အမြန်မေးလိုက်သည်။ သူက သူ့သားကို ကျောင်းပို့ချင်ပေမယ့် မိသားစုက နှစ်စဥ်ကြေးမတတ်နိုင်ပေ။ တစ်ယောက်တည်းဆိုရင် သူပို့နိုင်ပေမယ့် မပို့ခဲ့ပေ။ သူ့သားနှစ်ယောက်ကို ခွဲခြားသလိုဖြစ်မှာစိုး၍ သူက နှစ်ယောက်လုံးကို မပို့ခဲ့ပေ။ သူက မင်ကောအာ၏ အခြေအနေကို မေ့သွားခဲ့သည်။ မင်ကောအာသည်လည်း ပညာတတ်ဖြစ်၏။ မနေ့က စာရင်းစာအုပ်က သူ့ကို သဘောပေါက်စေခဲ့သည်။ သို့သော် မင်ကောအာက ထိုအတွေးကို အရင်အဆိုပြုလာမယ်လို့ မမျှော်လင့်ခဲ့ပေ။


ကျေးလက်တွင် ပညာသင်တာက အစိုးရစာမေးပွဲဖြေဖို့ပဲ မဟုတ်ချေ။ ​တကယ်တော့ စာမေးပွဲအောင်နိုင်ချေက အလွန်နည်းသည်။ သို့သော် သူတို့စာတတ်ရင် မြို့ပေါ်မှာ အလုပ်ကောင်းတစ်ခုရနိုင်ပြီး လယ်ကွင်းတွေထဲမှာ ပိတ်မိနေမှာမဟုတ်တော့ပေ။

ထန်ချွန်းမင်က ကျန်းရှို့ကိုနားလည်၍ ပြောလိုက်သည်။ “အများကြီး အပန်းမကြီးပါဘူး။ ဒါနဲ့ ကျွန်တော် အားလင်းကိုသင်ပေးမှာ​ပဲလေ။ မတူညီတဲ့အရာသုံးခုကို သင်ပေးမှာမို့ အများကြီးတော့ မမျှော်လင့်ပါနဲ့။”

“မင်းအဆင့်ကမမြင့်လို့လား? မင်းစာရင်းစာအုပ်ပြတုန်းက လူတွေ ဘယ်လောက်မျက်စိကျနေလိုက်လဲ။ အဲ့ဒီပညာတတ်အမျိုးသားတွေကတောင် မင်းရဲ့စာရင်းစာအုပ်က မြို့ထဲက ဆိုင်တွေထက် ကောင်းတယ်လို့ပြောတယ်။” တချို့လူတွေက မင်ကောအာ ကောဖြစ်နေတာကို နှမြောနေ၏။ မဟုတ်ပါက သူ ကျေးလက်မှာနေဖို့မလိုပေ။ သူ့အရည်အချင်းနဲ့ဆိုရင် မြို့ထဲမှာ အသက်မွေးဝမ်းကြောင်းပြုနိုင်သည်။ တချို့လူတွေက အားကျနေ၏။ သူဘယ်လောက်ပဲ အရည်ချင်းရှိရှိ သူက ခင်ပွန်းကိုဆုံးရှုံးထားရသော မုဆိုးဖိုသာဖြစ်၏။ ထိုဘဝက မကောင်းတာကြောင့် သူပညာတတ်ရင်တောင် လယ်ကွင်းထဲမှာ အလုပ်ကြိုးစားတာပိုကောင်းပေမည်။


ထန်ချွန်းမင်က ထိုစကားပြောလိုက်သော်လည်း သူက စိတ်ထဲမှာ ဂုဏ်ယူနေ၏။ သူကလည်း ဘွဲ့ရတစ်ယောက်ဖြစ်သလို မူလပိုင်ရှင်ကလည်း မှတ်ဉာဏ်တချို့ကို ချန်ထားခဲ့သည်။ “ကောင်းပြီ… ခင်ဗျား တာမောင်းနဲ့ အာမောင်းကို ပို့လိုက်ပါ။ သူတို့ အားလင်းကိုလည်း ဂရုစိုက်ပေးလို့ရတယ်။ အားလင်းက နည်းနည်းကြာမှ စသင်ရမှာမို့ အနာဂတ်မှာ သူတို့က သူ့ကို ပြန်သင်ပေးလို့ရတယ်။” ကျန်းရှို့မိသားစုက သူ့ကိုအများကြီးကူညီပေးခဲ့တာကြောင့် သူက ကျေးဇူးပြန်ဆပ်ချင်သည်။ အနာဂတ်မှာ သူက ကျန်းရှို့နဲ့ လီတာရှန်းထံမှ အကူအညီလိုဦးမှာဖြစ်၍ သူတို့ဆက်ဆံရေး ကြာရှည်နေမှဖြစ်မည်။ 

“ဖေဖေ… သားသင်ချင်တယ်။” ကျောက်လင်းအာက ထန်ချွန်းမင်၏ အဝတ်အစားကို ဆွဲလိုက်သည်။

“ကောင်းပါပြီဗျ...လင်းအာလေးလည်း သင်ရပါမယ်။” သူက သူ့ကောလေး သင်ယူသင့်လား မသင်ယူသင့်သလား ဂရုမစိုက်ပေ။ သူက သူ့သားကို ပညာတတ်စေချင်သည်။


တာမောင်းနှင့် အာမောင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရွှင်မြူးသွားကြသည်။ ဒါအရမ်းကောင်းတာပဲ! သူတို့က ကျောင်းသွားနိုင်သော ကလေးများကို အမြဲအားကျခဲ့ရသည်။ သူတို့က တစ်​ယောက်ချင်းစီ ရင်ကိုကော့ကာ ထန်ချွန်းမင်ရှေ့တွင် စာကြိုးစားပါမယ်လို့ ကတိပေးလိုက်သည်။ ကျန်းရှို့က သားနှစ်ယောက်၏ စိတ်လှုပ်ရှားနေပုံကိုကြည့်ကာ ပြုံးလိုက်လေသည်။

ထိုကိစ္စအပြီးမှာ ကျန်းရှို့က ဦးလေးကမ်းရဲ့မိသားစုအကြောင်း ပြောပြခဲ့သည်။ ယင်းမှာ မနေ့ကပြဿနာရှာခဲ့သော လီစုန့်ကမ်း၏မိသားစုဖြစ်၏။ သူတို့က ရွာမှာနေထိုင်ပြီး သူတို့မျိုးရိုးနာမည်မှာ လီဖြစ်တာကြောင့် လီတာရှန်း၊ ရွာလူကြီးလီတို့နှင့် တော်စပ်သည်။ လီစုန့်ကမ်းက သူတို့နဲ့အလှမ်းဝေးပြီး ရွာလူကြီးနဲ့ ဝမ်းကွဲတော်သည်။ သူတို့က ကျန်းရှို့တို့မိသားစုထက် ရွာလူကြီးနဲ့ ပိုရင်းနှီးသော်လည်း ကျန်းရှို့လိုတော့ နေ့စဥ်ဆက်သွယ်မှုမပြုကြပေ။ 

လီစုန့်ကမ်း၏အိမ်မှ အကြီးအကဲများ ကွယ်လွန်သွားပြီပင်။ မူလက ညီအစ်ကိုနှစ်ယောက်နှင့် အိမ်ထောင်ကျပြီးသော ကောတစ်ယောက်ရှိ၏။ လီစုန့်ကမ်း၏ ညီငယ်ဆုံးသွားတော့ တူလေးတစ်ယောက်ကျန်ခဲ့သည်။ ထိုတူလေးက လီဖုန်းဖြစ်၏။


“ဒီကိစ္စလား” ထန်ချွန်းမင်က မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို ပြန်တွေးလိုက်သည်။ ယင်းမှာ မူလပိုင်ရှင်လက်မထပ်ခင်က ဖြစ်ပုံရသည်။ သူက လူတွေပြောတာပဲကြားဖူးပြီး လီစုန့်ကမ်းမိသားစုကို ဘယ်တုန်းကမှ အထင်မကြီးခဲ့ပေ။ “လွန်ခဲ့တဲ့ငါးနှစ်ကပဲ။”


“မဟုတ်ဘူး” ကျန်းရှို့က ခန်းကုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ ထန်ချွန်းမင်၏ ပေါင်ကိုပုတ်ပြီး ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ငါးနှစ်က အစိုးရတရားရုံးက စစ်သားစုဆောင်းခဲ့တယ်။ သူ့အဖေမသေခင်မှာ သူ့သားကို သူ့အစ်ကိုကြီးဆီ အပ်ခဲ့ပေမယ့် အဲ့ဒီလူမှာ စိတ်ဓာတ်မကောင်းဘူးလေ။”