Chapter 12.1
“လှည့်ဖြားခြင်း”
မူလပိုင်ရှင် မည်သို့ပင်ပြုမူပါစေ သူ့ဖခင်က မင်ကောအာကိုချစ်တာကြောင့် ထန်ချွန်းမင်ကံကောင်းသည်။ သို့သော် အဘိုးကြီး၏ ချဥ်တူးသော ကွန်ဖြူးရှပ်စိတ်ဓာတ်က မူလပိုင်ရှင်ကို လက်ရေးဆက်လေ့လာဖို့ ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် မူလပိုင်ရှင်က ကမ္ဘာကြီးကိုအလုံးစုံနားမလည်ခဲ့ပေ။ ကျောက်မိသားစုကို ရောက်လာပြီးနောက် သူက စိတ်ဝင်စားမှုနည်းပါးသွားခဲ့သည်။ မူလပိုင်ရှင်က ထိရှလွယ်ပြီး ကျောက်တာဟူ သူစာသင်တာကို မကြိုက်ကြောင်းသိသဖြင့် သူ ထုတ်မပြောဖူးပေ။ သို့သော် သူ၏ခန်းဝင်ပစ္စည်းတွင် ရတနာလေးပါး*ရှိနေသေးသည်။ မဟုတ်ပါက ထန်ချွန်းမင် ထိုစာရင်းစာအုပ်ကို လုပ်နိုင်မှာမဟုတ်ပေ။
(ရတနာလေးပါး- မှင်၊ မှင်ကျောက်၊ စုတ်တံ၊ စက္ကူ)
သူလက်ရှိရောက်နေတာက ကျိုးမင်းဆက်ဖြစ်ပြီး ဧကရာဇ် ချင်းယွမ်အုပ်ချုပ်သည်။ ယခုချိန်က ဧကရာဇ်ချင်းယွမ်၏ ရှစ်နှစ်မြောက်ဖြစ်သည်။ ဧကရာဇ်ချင်းယွမ်က တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြိုးစားလုပ်ဆောင်သော ဧကရာဇ်တစ်ပါးဖြစ်သည်။ သူက နယ်မြေချဲ့ထွင်ကာ တစ်ဘဝလုံးကျော်ကြားချင်သည်။ သူနန်းတက်ပြီး သုံးနှစ်မပြည့်ခင်မှာ နယ်စပ်သို့ စစ်သည်တော်များ စေလွှတ်ခဲ့ပြီး သူက သက်တောင့်သက်သာ အနားယူနေသော ဧကရာဇ်မဟုတ်ကြောင်း ပြသခဲ့သည်။
ဧကရာဇ်ချင်ရွှမ်နှင့်မတူစွာပင် ဧကရာဇ်ဟောင်း ကျန့်အန်းက သူ့အလုပ်ကိုသာ ဂရုစိုက်သော မောက်မာပြီး အသုံးအဖြုန်းကြီးသော ဧကရာဇ်တစ်ပါးဖြစ်၏။ သူက လူတွေရဲ့သေခြင်း ရှင်ခြင်းကို ဂရုမစိုက်သလို အထူးသဖြင့် မြောက်ဘက်ရှိ လူရိုင်းများ၏ နှောင့်ယှက်ကျူးကျော်ခံရသော အနောက်မြောက်ဘက်က လူတွေကို တန်ဖိုးမထားပေ။ ယနေ့မှာ ဧကရာဇ်ချင်းယွမ်က စစ်သားများကိုဦးဆောင်ပြီး လူရိုင်းတွေကို တော်လှန်ခဲ့သည်။ ဧကရာဇ်အိုကြီး ဆုံးပါးသွားပြီးနောက် ဧကရာဇ်ချင်းယွမ်က ဧကရာဇ် ကျန့်အန်းကို သုတ်သင်ခဲ့ပြီး အနောက်မြောက်ဘက်ရှိ လူရိုင်းများကို စစ်အင်အားသုံးပြီး အပြတ်ချေမှုန်းခဲ့သည်။
လွန်ခဲ့သည့် ငါးနှစ်က အင်ပါယာတရားရုံးတွင် ဤအကြောင်းကြောင့် စစ်သားစုဆောင်းခဲ့သည်။ မူရင်းမှတ်ဉာဏ်၌ ကျောက်တာဟူက ကျောက်မိသားစု စစ်မှုမထမ်းရဖို့ ငွေကြေးအမြောက်အများသုံးခဲ့တာကို ပြောပြခဲ့သည်။
ကျန်းရှို့က ထိုအချိန်က လီစုန့်ကမ်းလုပ်ခဲ့သောအရာကြောင့် အထင်အမြင်သေးခဲ့သည်။ “မင်ကောအာ…ငါပြောပြမယ်။ အဲ့ဒီတုန်းက လီဖုန်းက ဆယ့်လေးနှစ်ပဲရှိသေးလို့ စစ်မှုထမ်းရမယ့်အရွယ်မရောက်သေးဘူး။ လီစုန့်ကမ်း အဲ့လောက်ယုတ်မာမယ်လို့ ဘယ်သူမှမထင်ထားခဲ့ဘူး။ တရားရုံးကလူတွေက စစ်မှုထမ်းခေါ်ဖို့ ဖျင်ရှန်ရွာကို လာတော့ လီစုန့်ကမ်းနဲ့ သူ့မိသားစုက လီဖုန်းနာမည်ကို တိတ်တိတ်လေးပေးခဲ့တယ်။ လီစုန့်ကမ်းက ခရိုင်အစိုးရတရားရုံးကို လူလွှတ်ပြီး လီဖုန်းက သူ့မိသားစုလယ်နဲ့မြေကို စောင့်ရှောက်ပေးဖို့ပြောထားတယ်လို့ လျှောက်တင်ခဲ့တယ်။ သူတို့စိတ်ဓာတ် ဘယ်လောက်ဆိုးရွားလဲ မသိတဲ့လူမရှိဘူး။ သူတို့က တိတ်တိတ်လေး နာမည်ပေးဖို့ လိုခဲ့လို့လား။ လီဖုန်းသိသွားရင် မသွားမှာစိုးလို့ အဲ့လိုလုပ်ခဲ့တာဖြစ်မယ်။”
ထန်ချွန်းမင်က သက်ပြင်းချကာ ကျန်းရှို့၏ လက်ကိုပုတ်ပြီး နှစ်သိမ့်လိုက်သည်။ လွန်ခဲ့သည့် ငါးနှစ်မှာ စစ်ပွဲက သုံးနှစ်ကြာခဲ့ပြီး လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များစွာ ကုန်ဆုံးခဲ့သည်။ သူတို့က နယ်စပ်ရှိ လူရိုင်းများကို မောင်းထုတ်နိုင်ခဲ့ပြီး သူတို့၏ အသက်မွေးဝမ်းကြောင်းကို ဆုံးရှုံးခဲ့ရသည်။ သို့ပေမယ့် ကျိုးမင်းဆက်ကလည်း ကြီးကြီးမားမား ပေးဆက်ခဲ့ရသည်။ သူသိသလောက်ဆိုလျှင် ဖျင်ရှန်ရွာမှ ထွက်သွားသော လူအနည်းငယ်ကသာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည်။ အများစုက စစ်ပွဲကျသွားခဲ့ပြီး ထိုအချိန်က လီဖုန်းသည်လည်း ပြန်မလာခဲ့ပေ။ ရွာသားအားလုံးက သူသေပြီလို့ ယူဆခဲ့ကြသည်။
မမျှော်လင့်ထားစွာပင် နောက်နှစ်နှစ်နေတော့ လူတိုင်း၏စိတ်ထဲက သေလူသည် အသက်ရှင်လျက် ရောက်လာခဲ့သည်။ စိတ်ပျက်သွားသော မိသားစုမှာ လီစုန့်ကမ်းမိသားစုဖြစ်ပြီး လီဖုန်းအတွက် အမြဲတမ်းအပြစ်ရှိိစိတ်ဝင်ခဲ့သော ရွာလူကြီးက အလွန်ဝမ်းသာသွားခဲ့သည်။ ထိုအချိန်က သူ လီစုန့်ကမ်း၏မိသားစုကို လျစ်လျူမရှုခဲ့ပါက သူတို့ ထိုအကြံရမှာမဟုတ်သလို လီဖုန်းကလည်း ငယ်ငယ်လေးနဲ့ စစ်မြေပြင်သွားခဲ့ရမှာ မဟုတ်ပေ။
“ဒါကြောင့် မကောင်းတာမလုပ်နဲ့ ဝဋ်လည်လိမ့်မယ်လို့ ပြောကြတာ။ မနေ့က လီစုန့်ကမ်းမိသားစုမှာ ဘယ်လောက်အသက်ဝင်နေလဲ မင်းမသိပါဘူး။” ကျန်းရှို့က ထပ်မံရယ်မောလိုက်ပြီး ထိုပုံစံက ထန်ချွန်းမင်ကို စပ်စုချင်စိတ်ဖြစ်စေသည်။ ကျန်းရှို့ အရမ်းပျော်အောင် ဘာဖြစ်ခဲ့လို့လဲ? လီဖုန်းက ဘယ်လိုလူမျိုးလဲ?
“မင်းကိုပြောပါရစေ၊ လီဖုန်းနဲ့ လိုက်လာတဲ့ နောက်တစ်ယောက်လည်းရှိသေးတယ်။ လီစုန့်ကမ်းနဲ့ သူ့မိသားစုက စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတွေကို ဘယ်လိုယှဥ်နိုင်မှာလဲ? စုန့်ကမ်းမိသားစုက လီဖုန်းမဟုတ်ကြောင်း ငြင်းချင်ပေမယ့် လီဖုန်းနဲ့လိုက်လာတဲ့ ယောကျာ်းတစ်ယောက်က လူတစ်ယောက်ကို ဆွဲထိုးလိုက်လို့ ခြံနံရံကို လွင့်ထွက်သွားတယ်။ ဒီနေ့ လူတွေသွားကြည့်တော့ အပေါက်ကြီးတစ်ပေါက်ဖြစ်နေတယ်လို့ ငါကြားခဲ့တယ်။ လီစုန့်ကမ်းမိသားစု ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ။ လူတိုင်းပြောတာကို နားထောင်ရသလောက်တော့ အဲ့ဒီမိသားစု အကြောက်လွန်ပြီး သေးထွက်ကျခဲ့တယ်တဲ့… ဟားဟား.ဟား.. ငါအရမ်းဝမ်းသာတာပဲ။”
“ငါ့ကိုရေတစ်ခွက်တိုက်ပါဦး။ ငါ့ပါးစပ်က မနက်တည်းကခြောက်နေတာ။” ကျန်းရှို့က တိုက်ရိုက်အမိန့်ပေးလိုက်သည်။
ထန်ချွန်းမင်ကလည်း ရယ်လိုက်ပေမယ့် ကံမကောင်းတာက သူ ထိုမြင်ကွင်းကို ကိုယ်တိုင်မမြင်ခဲ့ရပေ။ “လူယုတ်မာတွေက တန်ခိုးရှင်ကို ကြောက်ရတာပဲ။ ရက်စက်တဲ့လူတွေနဲ့တွေ့တဲ့အခါ သေကြမှာပဲ။ သူတို့က ခေါင်းကြောမာပြီး ပြဿနာရှာလွန်းလို့ ဒီလိုရက်စက်တဲ့လူတွေနဲ့ပဲတန်တယ်။”
“လီဖုန်းနဲ့ အဲ့ဒီလူသန်ကြီး နှစ်ယောက်လုံးက ထူးဆန်းပြီး ကြောက်ဖို့ကောင်းတယ်လို့ ပြောကြတယ်။ လီဖုန်းက မျက်နှာမှာ အမာရွတ်ရှိလို့ မြင်တဲ့လူတွေက သနားနေတယ်။ သူ အဲ့ပုံစံနဲ့ ဇနီးတစ်ယောက်ရှာနိုင်ပါ့မလား” ရယ်မောစကားပြောရင်း ရွာလူကြီး၏ဇနီးက အပြေးရောက်လာခဲ့သည်။ ကျန်းရှို့က သူ့ကိုနှုတ်ဆက်ပြီး စပ်စုလိုက်သည်။ “အားမော့…ဒီကိုလာဖို့ အချိန်ဘယ်လိုရလဲ? လီမိသားစုရဲ့ ကိစ္စကို ဖြေရှင်းပြီးပြီလား?”
“ဘယ်ကလာ! သူတို့နဲ့ ဘယ်သူက ငြင်းခုံချင်လို့လဲ ငါဒီမှာလာပုန်းတာ။ မင်ကောအာရဲ့နေရာက တိတ်ဆိတ်လို့။” ရွာလူကြီး၏ဇနီးက မျိုးရိုးနာမည် ရှန်းဖြစ်ပြီး ရွာကလူတိုင်းက သူ့ကို လေးစားသမှုဖြင့် ရှန်းဖူလန်လို့ ခေါ်သည်။
တာမောင်း၊အာမောင်းနှင့် ကျောက်လင်းက လိမ္မာပြီး ရှန်းဖူလန်က သူ့အိပ်ကပ်ထဲက မြေပဲထုတ်ကာ သုံးယောက်လုံးကို ဝေပေးလိုက်သည်။
ငွေသက်သာစေဖို့ မင်ကောအာဝယ်ခဲ့သော အိမ်က ရွာလယ်ခေါင်နှင့် ဝေးပြီး နောက်ဘက်မှာ တောင်တန်းတွေရှိသလို ရွာပြင်က လမ်းတွေနဲ့နီးသည်။ တံခါးပိတ်လိုက်သည်နှင့် အပြင်သံတွေကို မကြားရတော့ပဲ အလွန်တိတ်ဆိတ်သည်။ တိတ်ဆိတ်မှုက ထန်ချွန်းမင်ကို အေးချမ်းစေပေမယ့် သူက လုံခြုံရေးကိုလည်း ထည့်စဥ်းစားရမည်။ နောက်ဘက်ခြံနံရံက အိမ်ဆောက်သည့် ကျောက်တုံးဖြင့် ဆောက်လုပ်ထား၍ မြေတံတိုင်းထက် ခိုင်ခံ့သည်။ သို့သော် အနောက်ဘက်ရှိ သားရဲတိရစ္ဆာန်များနှင့် ရွာပြင်ရှိ အန္တရာယ်များသော ရွာသားများ၏ရန်ကိုပါ ကာကွယ်ရမည်ဟု ထန်ချွန်းမင် ခံစားရသည်။
ထို့ကြောင်းစဥ်းစားပြီးတော့ ထန်ချွန်းမင်က သူ့ရှေ့က လူနှစ်ယောက်ကို အကူညီတောင်းလိုက်သည်။ “အစ်ကိုရှို့နဲ့ ရှန်းဖူလန်… ခွေးပေါက်လေးတွေ ဘယ်မှာရနိုင်လဲသိလား? ကျွန်တော် တစ်ကောင်နှစ်ကောင်မွေးချင်လို့။ ဒါမှမဟုတ် အရင်ဆုံး ဘဲတစ်ကောင်အရင်မွေးလိုက်မယ်။” သူ့လက်ရှိရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ထည့်မတွက်လျှင်ပင် ဤလူ့အဖွဲ့အစည်းတွင် မုဆိုးဖိုကိုပါ မျက်စိကျသူများရှိ၏။ သူ့အရင်ဘဝနဲ့ လက်ရှိဘဝ၌ မုဆိုးမတွေကို ဆက်ဆံပုံက တူတူပင်ဖြစ်၏။ ထန်ချွန်းမင်က မွန်းကြပ်ပေမယ့် သူဘယ်လောက်စိတ်ညစ်ပါစေ ကျောက်တာဟူလို လူမျိုးနဲ့ နေရခြင်းထက် တစ်ယောက်တည်းနေတာက ပိုကောင်းပါ၏။
“ဟုတ်တယ်… ဒါက အရေးကြီးတဲ့ကိစ္စပဲ။ မင်းစိတ်မပူနဲ့ ငါမင်းကို ကူညီပေးမယ်။ မဟုတ်ရင် မင်း လင်းအာနဲ့ အေးအေးဆေးဆေးနေရမှာမဟုတ်ဘူး။” ရှန်းဖူလန်က ဂရုတစိုက်ဖြေလိုက်ပြီး သူပြန်ရောက်ရင် အနီးနားက ရွာတွေမှာ စုံစမ်းပေးဖို့ ဆုံးဖြတ်လိုက်သည်။ ဤနေရာက ရွာအထွက်လမ်းနှင့် နီးတာကြောင့် အပြင်လူတွေ ဝင်လာရင် သိရဖို့မလွယ်ကူပေ။ မတော်တဆမှုဖြစ်လာနိုင်သည်။
“မြို့ထဲမှာ ငန်းတွေရှိမရှိသိရအောင် တာရှန်ကို သွားကြည့်ခိုင်းလိုက်မယ်။ မင်း နောက်ထပ်ဘဲတွေလည်း မွေးလို့ရပါတယ်။ ဒါနဲ့ ကြက်ရောမွေးချင်လား? ကြက်တွေပါ သယ်လာခိုင်းလိုက်မယ်။” ကျန်းရှို့ကပြောလိုက်၏။
“အင်း.. နွေရာသီရောက်တော့မှာ။ ငါတို့ ကြက်မွေးဖို့လိုတယ်။ မဟုတ်ရင် အားလင် ကြက်ဥစားလို့မရပဲနေမယ်။ ပြီးတော့ နို့ထုတ်ပေးတဲ့ သိုးတစ်ကောင်လည်း မွေးချင်တယ်။ ကျွန်တော် အားလင်ကို ဖြည့်စွက်စာလုပ်ပေးချင်လို့။ အခုတော့ မလှုပ်နိုင်လို့ အစ်ကိုရှို့ကိုပဲ ရှက်ရှက်နဲ့ ကူညီတောင်းရတော့မယ်။” ထန်ချွန်းမင်က ပြောဖို့ အခွင့်အရေးယူလိုက်သည်။
“ဒါလည်း ကိစ္စမရှိပါဘူး။ သိုးတွေက ကိုင်တွယ်ရလွယ်တယ်။ ရှန်းကျားရွာမှာ သိုးမွေးတဲ့ ဦးလေးရဲ့အိမ်ကို ငါမှတ်မိတယ်။” ကျန်းရှို့က ကောင်းကောင်းသိသည်။
“ဟုတ်တယ်။ အိမ်တစ်အိမ်ရှိတယ်။ ငါစုံစမ်းပြီး စျေးစစ်ပြီးရင် မင်းဆီပို့ပေးမယ်။ လင်းအာလေးက ကောင်းတာလေးစားဖို့လိုတယ်။” ရှန်းဖူလန်က ကျောက်လင်းအာကို သနားနေသည်။ သူက ထန်ချွန်းမင် ငွေအများကြီးသုံးနေတာကို စိတ်မပူပေ။ အကြောင်းမှာ ထန်ချွန်းမင်က နောက်ဆုံးလက်ကျန် ခန်းဝင်ပစ္စည်းကိုရောင်းပြီး ငွေရှိတာကို ကျန်းရှို့ဆီက သိခဲ့ရလို့ပင်။ လင်းအာလေးက ဖြည့်စွက်စာလိုအပ်သလို မင်ကောအာကလည်း အစားအသောက်ကောင်းကောင်းစားဖို့လိုသည်။ သူက သူ့ကိုယ်သူဂရုမစိုက်ရင်တောင် သူ့ဗိုက်ထဲက ကလေးကို ဂရုစိုက်သင့်သည်။
“ဒါဆို ကျွန်တော် ရှန်းဖူလန်ကိုပဲ ဒုက္ခပေးရတော့မယ်။ သူတို့မှာ သိုးပေါက်လေးတွေရှိလည်း ယူလာပေးပါနော်။ သိုးမွေးတာက မခက်ခဲလို့ ကျွန်တော်လုပ်နိုင်ပါတယ်။” ထိုကိစ္စအဆင်ပြေသွားတော့ ထန်ချွန်းမင်က သိုးပေါက်တစ်ကောင်ပါ ထပ်တိုးဝယ်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ပျိုးထောင်ပြီး နောင်မှာ အများကြီးရှိလာရင် ကျင့်သားရသွားလိမ့်မည်။ ဝက်တွေနဲ့ယှဥ်လျှင် သူက သိုးပဲမွေးချင်သည်။ သူငယ်ငယ်က သိုးမွေးဖူးသည်။ နောက်တော့ နေရာလွတ်ထဲတွင် မွေးမြူထားသော သိုးက ပို၍ပင်အရသာရှိလာသည်။ ပစ္စည်းရောင်းဖို့အတွက်တော့ စိတ်ပူစရာမလိုဘူးလို့ သူထင်သည်။
ရွာလူကြီး၏ဇနီးက စဥ်းစားလိုက်သည်။ မင်ကောအာ၏ စိတ်ထဲမှာ အစီအစဥ်တကျရှိပုံရသည်။ သူ့ခင်ပွန်းက မင်ကောအာကို ဂရုစိုက်ဖို့ သူ့ကို မှာထားသည်။ သူကူညီနိုင်တာရှိရင် သူအမြန်ဆုံးကူညီမှာဖြစ်၏။
ကျန်းရှို့က ပိုက်ဆံအိတ်ကို ပန်းထိုးနေပြီး ရှန်းဖူလန်က ဖိနပ်ချုပ်နေသည်။ သူတို့နှစ်ယောက်က လက်က အလုပ်ကိုမပြတ်စေပဲ စကားလည်းပြောနေ၏။ ကလေးသုံးယောက်က အိမ်ထဲတွင် ပျင်းရိလာ၍ အပြင်ထွက်ကစားနေသည်။ ငပျင်းကြီး ထန်ချွန်းမင်က ထိုအရာကို မကောင်းဘူးလို့ ထင်မိသည်။ သူအရင်ကကြိုးစားခဲ့ပေမယ့် ပန်းထိုးသည့်အလုပ်က သူနဲ့ မအပ်စပ်တာဖြစ်၏။ သူက မူလပိုင်ရှင်ထံမှ အမွေဆက်ခံရခဲ့လို့ တိတ်တဆိတ်ကြိုးစားခဲ့သော်လည်း ကောင်းကင်ကိုကြည့်ပြီး ငိုခဲ့ရတာပဲအဖက်တင်သည်။
ချည်မထိုးချင်ရင်လည်း အဝတ်အစားတွေကို ဖာထေးလို့ရသည်။ ခေတ်မီလူ့အဖွဲ့အစည်းနှင့်မတူစွာ ကျေးလက်တွင် အဝတ်အစားတိုင်းကို ထပ်ခါထပ်ခါ ပြုပြင်ဝတ်ရလေသည်။ သူက မူလကျန်းတာဟူ၏ အဝတ်အစားဟောင်းကို ယူပြီး အားလင်းဝတ်လို့ရအောင် သေးသေးလေး ဖြတ်ချုပ်ရန် စီစဥ်ထားသည်။ ကျေးဘက်မှာ လူတစ်ယောက်ကွယ်လွန်လျှင် မိသားစုက သေဆုံးသူ၏အဝတ်အစားနှင့် တခြားပစ္စည်းများကို မီးရှို့သော်လည်း ဆင်းရဲသောမိသားစုက ထိုသို့လုပ်ရန် ဆန္ဒမရှိပေ။ ထန်ချွန်းမင်က သူနဲ့အားလင်းကို ရွာထဲမှာ ပေါ်လွင်လာတာမျိုး မဖြစ်စေချင်ပဲ လက်ရှိအတိုင်း ပုံမှန်လေးပဲ နေထိုင်သွားချင်သည်။