Chapter 16.1
Viewers 489

Chapter 16.1


“ကြည်နူးစရာ”


ဝမ်ချွန်းဟွာက အားနည်းပြီး လွယ်ကူသော လူတွေရှေ့မှာသာ မောက်မာစွာ ပြုမူဝံ့ခဲ့သည်။ ဥပမာ.. ယခင်မင်ကောအာဖြစ်၏။ ဘိုးဘိုးကျောက်ရှေ့မှာပင် ရိုင်းရိုင်းစိုင်းစိုင်းပြုမူရဲသည်။ သူက သူ့ထက်မောက်မာသော လူကိုတွေ့ရင် နောက်ဆုတ်ပြီး ဘာမှပြန်မလုပ်ရဲပေ။ ကျန်းရှန်ရွာမှ ဝမ်ယင်ကလည်း သူ့ကို ပါးစပ်ပိတ်အောင်လုပ်နိုင်ပြီး လူသတ်ပြီး သွေးစွန်းဖူးသည့် ယွိမုဆိုလျှင် ထည့်မပြောလေနှင့်။

သူလန့်နေတာတွေ့တော့ ထန်ချွန်းမင်က သဘောထားကြီးစွာပြောလိုက်သည်။ “ထားလိုက်… ခင်ဗျားဒီလိုလူကို ဂရုမစိုက်နဲ့။ ခင်ဗျားဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။ ကျွန်တော် ဒီလိုလူကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ ဝမ်ချွန်းဟွာ… မင်းနဲ့ မင်းသားကိုပြောလိုက်မယ်။ နောက်တစ်ခါ ငါတို့ကို ထပ်အနိုင်ကျင့်ရင် ငါမင်းကို သေအောင်ရိုက်ပြမယ်!”

နစ်နာသူက ပြောတော့ ယွိမုက ထိုလူဆိုးနှင့် မငြင်းခုံတော့ပဲ လီဖုန်းထံသို့ ပြန်သွားခဲ့သည်။ သူက စကားပြောရင်းဖြင့် သူ့အစ်ကိုကြီးကို ချောင်းကြည့်လိုက်သည်။ “သူဌေး… သူဌေးခိုင်းတာကို လုပ်ပြီးပါပြီ။ အဲ့ဒီကြွက်စုတ် ကောအာလေးကို အနိုင်ကျင့်ရဲတော့မှာမဟုတ်ဘူး။”



ဝမ်ချွန်းဟွာကို ဘယ်သူမှမသနားပေ။ လွှတ်ပေးလိုက်တာကိုကြားသောအခါ သူနဲ့သူ့သားက နောက်ကခွေးလိုက်သလို ပြေးသွားကြသည်။ ထန်ချွန်းမင်က သူ့ကို တစ်ချက်ကြည့်ကာ သူ့ဘောင်းဘီအနောက်ဘက်မှာ သံသယဖြစ်စရာ အစွန်းအထင်းကို​ တွေ့လိုက်ရပြီး သူ့မျက်ခုံးလှုပ်သွားခဲ့သည်။ သည်တစ်ကြိမ်မှာ သူ အိမ်မှာ ခဏနေပြီး အပြင်ထွက်ရဲမှာမဟုတ်တော့ပေ။


“လူသန်ကြီး… ကျေးဇူးအများကြီးတင်ပါတယ်။” သူပြင်ဆင်ထားသော ရိုက်ချက်ကို မလုပ်နိုင်ခဲ့သော်လည်း ထန်ချွန်းမင်က ကောင်းတာနဲ့ဆိုးတာကို သိသေးသည်။ သူ့ရှေ့က လူသန်ကြီးက သူ့ကိုကာကွယ်ပေးခဲ့ပြီး ဝမ်ချွန်းဟွာကို ခြောက်လွှတ်ခဲ့သည်။ သူက ဂုဏ်သိက္ခာကျဆင်းမလို ဖြစ်သွားခဲ့ပေမယ့် ယခုခေတ်လူတွေလို ဂရုမစိုက်ခဲ့ပေ။

“ဟားဟား” ယွိမုက ရယ်မောလိုက်ပြီး သူ့ခေါင်းကို ကုတ်ကာ ယခုနက ကြမ်းတမ်းသော အသွင်အပြင်နှင့် ကွဲပြားနေ၏။ “မလိုပါဘူး… ပြီးတော့ ငါ့နာမည်က ယွိမု… လူသန်ကြီးမဟုတ်ဘူး။”



“ဦးလေးလူသန်ကြီး… ဦးလေးက အရမ်းတော်တာပဲ။ သားတို့ကို သင်ပေးပါလား?” တာမောင်းနှင့် အာမောင်းက လေးလေးစားစားပြောလိုက်၏။ ဒါပေါ့ သူတို့က မင်ကောအာကို သဘောကျပေမယ့် ဦးလေးကြီး၏ ပုံစံက လူတွေကို ကြောက်လန့်စေပြီး ပိုပြီး အင်အားကြီးသည်။ သူတို့က သူ့ဆီကသင်ရင် နောင်မှာ လင်းအာကို ဘယ်သူမှ အနိုင်မကျင့်နိုင်တော့ပေ။

ကျန်းရှို့၏ပါးစပ်က တွန့်ကွေးသွားပြီး သူကရှေ့တိုးလာသည်။ သူက သူ့နားရွက်ကို လိမ်ဆွဲကာပြောလိုက်၏။ “ခွေးသားလေးနှစ်ကောင်… သူ့ကို ဦးလေးယ်ွိလို့ခေါ်။ ဦးလေးယွိကို ကျေးဇူးတင်လိုက်။ ဦး​လေးဖုန်းနဲ့ ဦးလေးယွိတို့ကြောင့်သာမဟုတ်ရင် မင်းတို့နှစ်ယောက် အားလင်းကို ကာကွယ်နိုင်ခဲ့မှာမဟုတ်ဘူး။”

တာမောင်းက အသက်ကြီးပြီး လူကြီးတွေရှေ့မှာ နားရွက်လိမ်ဆွဲခံရ၍ ရှက်နေသည်။ အာမောင်းက အော်လိုက်လေသည်။ “ဖေဖေ…ဖေ…နာတယ်။ သားမခေါ်တော့ပါဘူး။ ဦးလေးယွိကို ကျေးဇူးတင်ပါတယ်။ ဖေဖေ..လွှတ်ပါတော့။”


“တာမောင်းကလည်း ညည်းတွားရင်းပြောလိုက်၏​။ “ဦးလေးယွိ”

ယွိမုက ဝမ်ချွန်းဟွာအရှေ့မှာ ကြမ်းတမ်းသော်လည်း ထန်ချွန်းမင်၊ ကျန်းရှို့တို့လို ရိုးသားသော ကောတွေရှေ့မှာ ယဥ်ကျေးသည်။ သူက ကမန်းကတန်း လက်ခါပြပြီး ရှက်ရှက်ဖြင့်ဆိုသည်။ “မဟုတ်တာ…ကလေးနှစ်ယောက် သဘောကျရင် ငါ့အစ်ကိုကြီးနဲ့ ပြောင်းရွှေလာတဲ့အခါ လာသင်လိုက်ပါ။”

လီဖုန်းက လူသန်ကြီးကို အေးစက်စက်ကြီးကာ ကျန်းရှို့အား အလေးအနက်ပြောလိုက်သည်။ “ညီလေး.. မင်းယဥ်ကျေးနေဖို့ မလိုပါဘူး။ တာမောင်းနဲ့ အာမောင်းက ငါ့တူတွေပါ။ ကလေးတွေကို မြန်မြန်ခေါ်သွားတော့။” လင်းအာ​လေးက ရှုပ်ပွနေ၍ သူ့ကိုသန့်စင်ပေးကာ နွေးနွေးထွေးထွေး ဝတ်ပေးဖို့လိုသည်။ သူက အရမ်းသေးပြီး ထန်ချွန်းမင်၏ဗိုက်ထဲက က​လေးကိုလည်း အေးခဲသွားမှာစိုးရိမ်သည်။


ကျန်းရှို့က လီဖုန်းနဲ့ဆို အနည်းငယ်သတိရှိသည်။ သူက သူ့ကို မတွေ့ရတာ နှစ်တွေကြာပြီဆိုတော့ သူ့စိတ်သဘောထားက ဘယ်လိုလဲမသိပေ။ သူက သူ့စကားကြားတော့ စိတ်သက်သာရာရသွားသည်။ တကယ်တော့ တာရှန်နှင့် သူက မိသားစုတစ်ခုတည်းက ညီအစ်ကိုတွေဖြစ်တာကြောင့် သူက ယဥ်ကျေးမနေတော့ပဲ ထန်ချွန်းမင်ကို ဆွဲခေါ်ကာ ထွက်သွားခဲ့သည်။ ထန်ချွန်းမင်က အလွန်စိတ်ဓာတ်ကျသွားသည်။ သူက ဒဏ္ဍာရီလာ နတ်ဘုရားကို နောက်ဆုံးမှာ တွေ့ခွင့်ရခဲ့သော်လည်း စကားနည်းနည်းပြောဖို့ပင် အခွင့်အရေးမရခဲ့ပေ။ ကံအားလျော်စွာ ဝမ်ချွန်းဟွာပြောခဲ့သော စကားတွေက သူ့ကို ခင်ပွန်းဆုံးရှုံးသွားသော ကောတစ်ယောက်ဖြစ်ကြောင်း သတိရစေခဲ့သည်။ သူက လက်မထပ်ရသေးသော ယောကျာ်းတစ်ယောက်နဲ့ ဘွင်းဘွင်းဆက်ဆံလို့မရပေ။

ကျန်းရှို့က သူ့ကို ဆွဲခေါ်လာပြီး သူက သူ့လက်ထဲမှာ လူသတ်လက်နက်ကိုင်ထားသည်။ ကျောက်လင်းအာက တာမောင်း၊အာမောင်းတို့၏ အလယ်မှ လိုက်လာသည်။ ထန်ချွန်းမင်က စဥ်းစားလိုက်သည်။ သူ တာမောင်း၊ အာ​မောင်းတို့နဲ့အတူ သွားတွေ့လို့ရသည်လေ… ထန်ချွန်းမင်က ထိုအတွေးကြောင့် ချက်ချင်းရွှင်မြူးသွား၏။

“အစ်ကိုရှို့… ဘယ်သွားနေတာလဲ?” အစီအစဥ်အကြောင်း တွေးနေသော ထန်ချွန်းမင်က အနီးကပ်ကြည့်လိုက်တော့ အိမ်ပြန်လမ်းမဟုတ်ပေ။

“မင်းရဲ့သွေးခုန်နှုန်းကို စစ်ဆေးဖို့ ဟူလန်ကျုံးဆီ ခေါ်သွားနေတာ။ အခုနက အရမ်းကြောက်ဖို့ကောင်းတယ်။” ကျန်းရှို့က သူ့ဗိုက်ကို ခဏလောက်ကြည့်ပြီး ကံအားလျော်စွာ သူ့မျက်နှာက အဆင်ပြေနေသည်။

“ဟင့်အင်း…” ထန်ချွန်းမင်က လက်ကို အမြန်ခါယမ်းလိုက်သည်။ “ကျွန်တော် ကျန်းမာရေးကောင်းပါတယ်။ မယုံရင်… ခုန်ပြရမလား…”


သူက ကျန်းရှို့ကို ခုန်ပြခါနီးတွင် ကျန်းရှို့က သူ့ကိုတားလိုက်ရသည်။ သူက ဒေါသတကြီးရယ်မိမလိုပင်။ “မင်းဘာလို့ နမော်နမဲ့နိုင်တာလဲ.. မင်းကိုယ်ဝန်ပျက်ကျသွားလိမ့်မယ်။ ဟုတ်ပြီဟုတ်ပြီ…ငါမင်းကိုယုံတယ်။ ဒါပေမယ့် အိမ်ပြန်ရင် ငါ့စကားနား​ထောင်ရမယ်။ ခန်းကုတင်ပေါ်မှာလှဲပြီး မသက်မသာဖြစ်တာနဲ့ ဟူလန်ကျုံးဆီ ချက်ချင်းသွားရမယ်။”


“အင်းပါ…ကတိပေးပါတယ်။” ထန်ချွန်းမင်က လက်မြှောက်ပြသည်။ ထိုကပ်ဘေးမှအဆင်ပြေသရွေ့ ကောင်းပါသည်။ အသက်ရှင်ဖို့ခက်ခဲပြီး သူက ကိုယ်ဝန်ရှိနေကြောင်း ထပ်ခါထပ်ခါ သတိပေးဖို့လိုသည်။ ဘုရား… ကလေးထွက်လာတဲ့ တစ်နေ့ကျရင် သူ့ဖင်ကို ကောာင်းကောင်းရိုက်ပစ်ဦးမည်။ ဒီတစ်ယောက်က အားလင်း​လောက် မလိမ္မာပေ။


လီဖုန်းနှင့် ယွိမုက ယနေ့ အိမ်၏မွမ်းမံမှုအခြေအနေကိုကြည့်ဖို့ ရောက်လာပြီး သဘောတူညီထားသော လုပ်အားခတွေကို ရွာလူကြီးအားပေးလိုက်သည်။ ကောနှစ်ယောက်ဖြစ်သည့် ထန်ချွန်းမင်နှင့် ကျန်းရှို့ အဝေးသို့ရောက်သွားသောအခါ သူတိုနောက်မှာ လူနှစ်ဦးက ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ယွိမုက တခစ်ခစ်ရယ်နေဆဲပင်။ လီဖုန်းက သူ့ခေါင်းကို ဒေါသတကြီးရိုက်လိုက်သည်။ “မင်းဘာတွေတွေး​နေတာလဲ? မိသားစု ထူထောင်ချင်လို့လား?”

“မဟုတ်တာ…” ယွိမုက ​ပြုံးစိစိလုပ်နေတာကိုရပ်ပြီး ရုပ်တည်လိုက်သည်။ “ဒီလိုအကျင့်စရိုက်မျိုးနဲ့လူက အရမ်းကောင်းတယ်လို့ထင်တယ်။ မြို့ထဲက ရှက်တတ်တဲ့လူတွေထက် အများ​ကြီးရိုးသားတယ်။ အစ်ကိုကြီး ကျေးလက်မှာ ပြန်လာနေချင်တာ မဆန်းတော့ပါဘူး။”

လီဖုန်းက ခြေထောက်မြှော​က်ကာ မကျေမနပ်ကန်ပစ်လိုက်​သည်။ သူ့ရှေ့က ကောနှစ်ယောက်က ဟူလန်ကျုံးအိမ်ဘက်သွားနေပုံရပြီး လမ်းတစ်ဝက်ကနေ ပြန်လှည့်လာတာကို တွေ့လိုက်ရသည်။ လီဖုန်းက မျက်လွှာချလိုက်သည်။ သူ့အစ်ကိုဝမ်းကွဲ၏အိမ်က ကောလေးက သူ့ကိုတွေ့တော့ လန့်ပြီးအော်ခဲ့ပေမယ့် ယနေ့မှာ ဤကော​လေးက သူ့ကိုမကြောက်ခဲ့ပေ။ သူက မထွက်ခွာခင် သူ့ကို “ဦးလေးဖုန်း”လို့ပင် ခေါ်ခဲ့သေးသည်။ ထိုအသံလေးက လီဖုန်းရင်ထဲကို နွေးထွေးစေသည်။



လီဖုန်းက သူ့နှလုံးသားထဲမှာ နွေးထွေးမှုကို ခံစားခဲ့ရရုံတင်မကပဲ ထန်ချွန်းမင်ကလည်း အိမ်ပြန်ရောက်ပြီး ထိုအ​ကြောင်းစဥ်းစားရင်းဖြင့် အံ့သြခဲ့ရသေးသည်။ အားလင်းက လီဖုန်းကို ပွေ့ဖက်ဖို့ ဆန္ဒရှိသည်။ အားလင်းက တခြားသူများ၏ ပွေ့ဖက်ခံဖို့နေနေသာသာ သူစိမ်းတွေကို ကြောက်လန့်ပြီး ကြီးပြင်းခဲ့တာဖြစ်၏။