Chapter 15
“ရိုက်နှက်ခြင်း”
ထန်ချွန်းမင်က အချိန်တိုလေးအတွင်း သူ့သား အနိုင်ကျင့်ခံရမယ်လို့ မမျှော်လင့်ခဲ့ပေ။ ကျောက်မိသားစုက အင်မတန်မုန်းစရာကောင်းသည်။ တောက်! သူ့သားက ကျောက်မိသားစုကိစ္စကို ရှက်နေခဲ့လို့ သူက သူ့သားကို ကျန်းရှို့အိမ်သို့သွားကာ တာမောင်း၊ အာမောင်းတို့နဲ့ ဆော့ကစားရန် တိုက်တွန်းခဲ့သည်။ ကောင်လေးနှစ်ယောက်ရှိနေ၍ သူက လင်းအာကို သိပ်စိတ်ပူစရာမလိုခဲ့ပေ။ သူတို့က လက်လှမ်းမီသော အကွာအဝေးမှာသာ ဆော့ကစားလေ့ရှိသည်။ ကျန်းရှို့အိမ်က အရမ်းဝေးနေရင် သူ သူ့သားကို သားခွင့်ပြုမှာမဟုတ်ပေ။ သူ ပိုတက်ကြွလာပြီး ဖြစ်ပျက်ခဲ့တာကိုမေ့ကာ တာမောင်း၊အာမောင်းနှင့် ရွာကကလေးတွေနဲ့ ကစားနိုင်သည့် အချိန်အထိစောင့်တာ ပိုကောင်းမည်။
သူအာရုံမစိုက်နေတဲ့အချိန်မှာ ကိစ္စတွေ လွန်သွားခဲ့သည်!
သူ အခင်းနေရာကို ရောက်တော့ ထန်ချွန်းမင် ပထမဆုံးမြင်လိုက်ရသည်မှာ ရွံ့ဗွက်တွေ ပေကျံနေသော သူ့သားဖြစ်သည်။ သူ့မျက်လုံးက နီရဲနေပြီး ငိုထားလို့ရောင်ရမ်းနေသည်။ သူ့ဆံပင်ကလည်း ဖွာလန်ကျဲနေပြီး ထန်ချွန်းမင်က သူ့သားကို အနိုင်ကျင့်ခဲ့သည့် ဝတုတ်ကောင်ကို တွေ့သွားခဲ့သည်။ သူ့မျက်လုံးထဲက ဒေါသက ပူလောင်လာပြီး သူကရှေ့ကို အမြန်ပြေးကာ ဝတုတ်ကောင်၏ ခေါင်းကို တုတ်ဖြင့် ခပ်ပြင်းပြင်းရိုက်လိုက်သည်။
“ငါ့သားကို ဘယ်ကောင်က အနိုင်ကျင့်ရဲတာလဲ! အရင်က ငါ့သားကို အနိုင်ကျင့်ခဲ့တာတောင် စာရင်းမရှင်းရသေးဘူး။ အခု မင်းက ငါ့ကို ဆွရဲတယ်ပေါ့လေ။ သုံးနှစ်သားကို အနိုင်ကျင့်တာ မရှက်ဘူးလား။ အနိုင်ကျင့်ခံရတဲ့ ခံစားချက်ကို မင်းကို မြည်းစမ်းခွင့်ပေးမယ်!”
“ဝူး…..ဖေဖေ….ဟင့်… ဒီအရူးက သားကို သတ်တော့မယ်။ အရမ်းနာတယ်…ဖေဖေ” ဝတုတ်ကျောက်သုန့်က အဝတ်လှန်းတုတ်နဲ့ ရိုက်ခံလိုက်ရပြီး ခေါင်းကိုလက်နဲ့အုပ်ကာ ပုန်းဖို့နေရာရှာနေ၏။
အနီးနားရှိ လူကြီးနဲ့ ကလေးများက အံ့အားသင့်သွားသည်။ ဒါက မင်ကောအာဟုတ်ပါတယ်နော်? ယခင်က ကျောက်မိသားစုနှင့် စကားများရာတွင် မင်ကောအာ၏ စိတ်နေစိတ်ထားပြောင်းလဲသွားတယ်လို့ သူတို့ ခံစားခဲ့ရသော်လည်း ယင်းမှာ ရက်ရက်စက်စက် အနိုင်ကျင့်ခံရခြင်းကြောင့် ဖြစ်သည်ဟုသာ ထင်ခဲ့သည်။ ယခုမူ ကလေးကို တုတ်နဲ့လိုက်ရိုက်နေတာက မင်ကောအာမှ ဟုတ်ရဲ့လား? မင်ကောအာ ဘယ်တုန်းက ဒီလိုရက်စက်တတ်သွားတာလဲ!
“ပြော! မင်း နောက်ဆိုရင် အားလင်းကို အနိုင်ကျင့်ဦးမှာလား? မပြောဘူးလား? ဒါဆို ထပ်ရိုက်မယ်!”
“ဝူး… မလုပ်တော့ပါဘူး။ ဦးလေး… သားကို ထပ်မရိုက်ပါနဲ့။ ဝူး…နာတယ်…” နာလို့ငိုနေသော ကျောက်သုန့်က ကမန်းကတန်းကတိပေးလိုက်သည်။
“ဟုတ်ပြီ…. မင်ကောအာ…တော်ပါတော့…မင်းက ကျောက်မိသားစုနဲ့ ကွဲသွားရင်တောင် လူကြီးတစ်ယောက်ပဲလေ…ပြီးတော့ မင်းဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိတယ်။ ဒေါသအရမ်းမထွက်ပါနဲ့။” လူတစ်ယောက်က ထန်ချွန်းမင်ကို စိတ်ငြိမ်အောင် ဖမ်းဆွဲခဲ့သည်။
ထန်ချွန်းမင်က ကောင်လေးကို မုန်းတီးစိတ်ဖြင့် ရိုက်နှက်ခဲ့ပြီး ယခု သူ့က အတားခံလိုက်ရတော့ စိတ်အေးသွားသည်။ သူ့ရှေ့က ဝတုတ်ကောင်လေးက ငိုနေပြီး မျက်နှာက နှပ်ချေးတွေကို ပွတ်သပ်နေသည်။ သူက ထန်ချွန်းမင်ကို မော့ကြည့်ပြီး တုန်ယင်သွားသည်။ ထန်ချွန်းမင်က အဝတ်လှမ်းသောတုတ်ကို ချိုင်းထောက်အဖြစ် အသုံးပြုလိုက်ပြီး ဝတုတ်ကို ခက်ခက်ထန်ထန် ပြောလိုက်၏။ “ငါဒီနေ့ပြောတာကိုမှတ််ထားလိုက်။ မင်း ဒီလိုလုပ်တာကိုထပ်တွေ့ရင် မလွယ်ဘူးနော်။”
ထန်ချွန်းမင်၏ ပေါက်ကွဲနေပြီး ကြောက်စရာကောင်းလှသည့် လုပ်ရပ်ကို ကြည့်ရှုနေသည့် လူတွေရှိနေဆဲဖြစ်သည်။ ထန်ချွန်းမင်က သူတို့အတွေးများကို ဂရုမစိုက်ပါပဲ သူ့သားအခြေအနေကိုသာ စစ်ဆေးလိုက်သည်။ ထိုမှသာ သူ့သားက ယောကျာ်းတစ်ယောက်၏ ရင်ခွင်ထဲကို ရောက်နေတာကို တွေ့လိုက်ရပြီး ထိုလူက သူတစ်ကြိမ်တွေ့ဖူးသည့် လူဖြစ်သည်။ ယင်းမှာ ကျန်းရှို့ပြောသော လီဖုန်းဖြစ်ပြီး ထန်ချွန်းမင်က သူ့ကို ရွာလူကြီးအိမ်မှာ တွေ့ဖူးသည်။ သူ့ဘေးက လူသန်ကြီးက ပါးစပ်ပွင့်အာနေပြီး တံတွေးတွေ ယိုတော့မလိုပင်။ လီဖုန်းဘေးမှာရပ်နေသော တာမောင်းနှင့် အာမောင်းသည်လည်း သူ့ကို ကြောင်တက်တက်ကြည့်နေသည်။
.
ကျောက်လင်းအာက သူ့ဖေဖေမလာခင် အငိုတိတ်အောင် အချော့ခံခဲ့ရသည်။ ထိုအချိန်တွင် သူက အောက်ဆင်းဖို့ ရုန်းနေ၏။ သူက သူ့ဖေဖေ ရိုက်နှက်နေတာကိုတွေ့တော့ ရုတ်တရက် မကြောက်တော့ပေ။ အရင်တုန်းက သူ့ဝမ်းကွဲအနိုင်ကျင့်ပြီး သူ့ဘိုးဘိုးဆူရင် သူ့ဖေဖေက သူ့ကိုပွေ့ဖက်ပြီး လိုက်ငိုတတ်သလို သူ့အဖေသည်လည်း သူ့အတွက်မပြောပေးတာကြောင့် သူက သူ့ဝမ်းကွဲကို ပိုပိုပြီး ရှောင်လာခဲ့သည်။ သူက သူ့မိဘတွေနဲ့အတူ အိမ်ကြီးကို သွားလည်ဖို့ပင် ကြောက်ခဲ့ရသည်။ သို့သော် ယခု သူ့ဖေဖေက အစွမ်းတွေထုတ်ပြ၍ ကျောက်လင်းက မကြောက်တော့ပါပေ။
“ဖေဖေ….” ကျောက်လင်းက သူ့ဖေဖေကို ပွေ့ချီခိုင်းလိုက်သည်။
လီဖုန်းက ရုပ်ချောပြီး ခက်ထန်သော ကောလေးကိုကြည့်ကာ သူ့ချီထားသော ကောင်လေးကို ဖြည်းဖြည်းချင်း ချပေးလိုက်သည်။ သူနဲ့ယွိမုအိမ်ကထွက်လာတော့ အနိုင်ကျင့်နေသော အဖြစ်အပျက်ကိုတွေ့ခဲ့သည်။ သူတို့က အခြေအနေကို ဖြေရှင်းရန် စကားလုံးအနည်းငယ်ပြောဖို့ ကြိုးစားခဲ့သော်လည်း သူတို့မဖြေရှင်းနိုင်ခင် ထိုကောက ရောက်ချလာပြီး အနိုင်ကျင့်တဲ့ကလေးကို ရိုက်နှက်ခဲ့သည်။
ကလေးကို အနိုင်ကျင့်တယ်လို့ ပြောလို့ရပေမယ့် သူပြောနိုင်တာက… တရားမျှတတယ်?
ကောငယ်လေးကို အောက်ချပေးပြီးနောက် လီဖုန်းက သူ့ဗိုက်ကို ထပ်ကြည့်လိုက်သည်။ ဒီလိုပြင်းထန်တဲ့ အခြေအနေက သန္ဓေသားကို ထိရောက်မှုမရှိဘူးလား? ကလေးက မတည်ငြိမ်လို့ ဟူလန်ကျုံးနှစ်ခါလာကြည့်ခဲ့တယ်လို့ သူကြားခဲ့ရသည်။
သူ့မျက်ဝန်းကိုကြည့်လိုက်တော့ လီဖုန်းက သူ့နှလုံးသား လှုပ်ရှားသွားတယ်လို့ ခံစားလိုက်ရသည်။ သူ့မိဘတွေ ဆုံးသွားကတည်းက သူက ထိုကဲ့သို့ ရိုးရှင်းသောအချစ်ကို မခံစားခဲ့ရပေ။ သူ့ဖေဖေသာ ယခုထိ အသက်ရှင်ပြီး ဦးလေးတို့လင်မယား သူ့ကို ရက်ရက်စက်စက် ဆက်ဆံတာကို သိလျှင် သူသည်လည်း အနှီကောလိုပင် တုံ့ပြန်လိမ့်မည်။ သူ့ဖခင်(ကော)သည်လည်း တစ်အိမ်လုံးကို ဇောက်ထိုးလှန်ပစ်လိမ့်မည်။ သူအိမ်ပြန်မပြင်ပဲ အသစ်ဆောက်ချင်သည့် အကြောင်းအရင်းမှာ သူ့ဖခင်၏ စကားကို သတိရသွားလို့ဖြစ်၏။ “အားဖုန်း လက်ထပ်လို့ရအောင် အဖေ ပိုက်ဆံရှာမယ်။ အဖေက မင်းအတွက် အပြာရောင်အုတ်ကြွပ်အိမ်လေးဆောက်ပေးမယ်။”
တာမောင်းက အားလင်းနဲ့ အာမောင်းကို ထန်ချွန်းမင်ဆီခေါ်သွားပြီး ဖြစ်ပျက်ခဲ့တာကို ပြောပြလိုက်သည်။ သူပြောနေစဥ် ကျန်းရှို့က သတင်းကြားပြီး ပြေးလာခဲ့သည်။ သူရောက်တော့ သူအိမ်မှာမရှိစဥ် အချိန်တိုလေးအတွင်း ယခုလိုဖြစ်သွားမယ်လို့ မမျှော်လင့်ခဲ့ပေ။ တာမောင်းနှင့် အာမောင်းက အပြင်မှာကစားနေတာကြောင့် သူက ပန်းထိုးချည်နည်းနည်းလောက် သွားချေးနေတာဖြစ်၏။ ထိုနောက် လူတစ်ယောက်က သူ့ဆီပြေးလာကာ တာမောင်း၊အာမောင်းနှင့် လင်းအာလေးက ကျောက်မိသားစုမှ ဝတုတ်နဲ့ ရန်ဖြစ်နေကြောင်း ပြောခဲ့သည်။
လင်းအာက ကျန်းရှို့၏အိမ်မှာ တာမောင်းနှင့် အာမောင်းကို ရှာမတွေ့၍ ရွာထဲသွားရှာမှန်း ထန်ချွန်းမင် သဘောပေါက်ခဲ့သည်။ သို့သော် သူက လမ်းမှာ ကျောက်သုန့်နဲ့တွေ့ခဲ့သည်။ ထိုကလေးက ဆဲဆိုရင်းဖြင့် အားလင်းကို အမြဲအနိုင်ကျင့်ပြီး တွန်းချလေ့ရှိသည်။ သေချာတာပေါ့ ထိုကျိန်ဆဲသော စကားလုံးများက သူ့ဘိုးဘိုးဆီက တတ်တာဖြစ်၏။ တာမောင်းနှင့် အာမောင်းရောက်လာတော့ အားလင်းက ညစ်ပတ်နေပြီး မြေပေါ်မှာ ပြုတ်ကျနေသည်။ သူတို့နှစ်ယောက်က ဒေါသထွက်သွားပြီး ကျောက်သုန့်နဲ့ နပန်းလုံးနေချိန် လီဖုန်းနှင့် ယွိမုတို့ရောက်လာခဲ့သည်။ သူတို့က ကလေးတွေကို ဖျောင်းဖျပြီး ကျောက်သုန့်ကို စကားအနည်းငယ်ဖြင့် ဆူပူကြိမ်းမောင်းခဲ့သည်။
“အို ဘုရားသခင်… ငါ့သားကို ဘယ်သူသတ်ချင်တာလဲ”
အသံတစ်ခုထွက်ပေါ်လာတာနဲ့ မြေကြီးပေါ်မှာ ထိုင်ငိုနေသော ကျောက်သုန့်က အမြန်ထကာ အသံလားရာကို အော်ပြောလိုက်သည်။ “ဖေဖေ…. သူ သားကိုရိုက်တယ်။ အရူးတစ်ယောက် သားကိုရိုက်တယ်…” စကားပြောလို့မပြီးခင် သူက ထပ်ငိုပြန်သည်။
မူလက ထန်ချွန်းမင်သည် ကလေးကိုရိုက်ဖို့ မရည်ရွယ်ထားပေ။ လူကြီးက ကလေးကို အနိုင်ကျင့်နေတယ်ဖြစ်မှာစိိုး၍ သူက ကျောက်သုန့်ကို နည်းနည်းလေးသာ နာစေချင်ခဲ့သည်။ နောက်ဆိုရင် သူက မင်ကောအာနှင့် လင်းအာကို ရှုပ်ရဲတော့မှာမဟုတ်ပေမယ့် ထိုကလေးက လူကောင်းမဟုတ်တာ ပြသခဲ့သည်။ သူက ထပ်မလုပ်ပါဘူးလို့ ကတိပေးခဲ့ပြီး စကားကို ပြန်ရုတ်သိမ်းသွားခဲ့သည်။ ဤသည်မှာ သူ့ကိုပျိုးထောင်ခဲ့သူ၏ စရိုက်ကိုပြနေခဲ့သည်။ ကျန်းရှို့ကလည်း ဖြစ်ခဲ့တာကိုသိသွားပြီး ထိုဝတုတ်ကောင်လေးကို မုန်းတာကြောင့် သူက ထန်ချွန်းမင် ရိုက်နှက်တာကို ကြည့်နေခဲ့သည်။ သို့သော် မင်ကောအာက ကိုယ်ဝန်လွယ်ထားရပြီး သူက မင်ကောအာကို ဝမ်ချွန်းဟွာနှင့် ရန်မဖြစ်စေချင်ပေ။
“အား.. မင်းငါ့သားကိုရိုက်ရဲတယ်… ငါ ဝမ်းချွန်းဟွာက မင်းကို ရိုက်ပြမယ်…” လူတစ်ကိုယ်လုံးက နွားတစ်ကောင်လိုပြေးလာသည်။ သူ့သားမွေးလာကတည်းက သူ့သားကို လက်တစ်ချောင်းတောင် အထိမခံခဲ့ပေ။ သူ့သားအရိုက်ခံရပြီး ငိုနေတာကိုတွေ့တော့ ဝမ်ချွန်းဟွာ၏ ထန်ချွန်းမင်အပေါ် အမုန်းတရားက လုံးဝပေါက်ကွဲထွက်သွားသည်။
ကျောက်မိသားစုက ထိုအကောင်ကြောင့် ရွာသားများ၏ လှောင်ပြောင်ခံခဲ့ရသည်။ ထိုအကောင်ကြောင့် ကြောက်မိသားစုက အရှက်တကွဲအကျိုးနည်းခဲ့သည်။ ဝမ်ချွန်းဟွာက ကျောကိုတောင် မဆန့်နိုင်ပဲ အိမ်မှာ နွားလိုမြင်းလို အလုပ်လုပ်ခဲ့ရသည်။ အငယ်ဆုံးသားတစ်ယောက်တည်းက မျက်နှာသာပေးခံရပြီး ပိုက်ဆံရှာဖို့ အလုပ်လုပ်စရာမလိုပေ။ သူက ဖင်ခါပြီး မြို့ပေါ်မှာနေထိုင်ကာ စာလေ့လာဖို့နှင့် သူ၏အတန်းဖော်များကို ဧည့်ခံဖို့ လိုတယ်လို့ ပြောခဲ့သေးသည်။ ဘိုးဘိုးကျောက်က ငွေရဖို့ အသည်းအသန် ငါးမျှားနေပြီး သူ့ဒေါသတွေကို ဝမ်ချွန်းဟွာနှင့် သူ့မိသားစုအပေါ် ပုံချခဲ့သည်။
ဖက်တီးကျောက်သုန့်က သူ့ဖေဖေနောက်ကို ဝင်ပုန်းပြီး အကျယ်ကြီး လှမ်းအော်လိုက်သည်။ “ဖေဖေ…ဒီအရူး သားကိုရိုက်တယ်။ ဖေဖေ..သားအတွက် လက်စားချေပေးပါ။ သားတို့ အသားဝယ်စားလို့ရအောင် သူ့ကိုရောင်းပစ်လိုက်။” သူ့နားက လူတွေ လန့်သွားကြပြီး ယုံတောင်မယုံနိုင်ခဲ့ပေ။ ဒါက ကလေးပြောရမယ့်စကားလား? ယခင်က ကျောက်မိသားစုက ထန်ချွန်းမင်ကို ဖိအားပေးခဲ့တာလား သံသယဝင်ခဲ့သော်လည်း ယခု သူတို့က တစ်မိသားစုလုံး၏ စရိုက်ကို သံသယမဝင်ပဲ မနေနိုင်တော့ပေ။
“ဒုန်း!”
သူတို့နောက်မှာ လူတစ်ယောက်ပြုတ်ကျသွားသည်။
နောက်တစ်ကြိမ် ငိုသံထွက်ပေါ်လာသည်။
ထန်ချွန်းမင်၏မျက်ဝန်းထဲတွင် အနက်ရောင်အရိပ်တစ်ခုပေါ်လာသည်။ သူရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ လီဖုန်းဘေးက လူသန်ကြီးက သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာပြီး ဝမ်ချွန်းဟွာကို တားလိုက်သည်။ ဝမ််ချွန်းဟွာက သံပြားနဲ့တိုက်မိသွားသလို မြေပြင်ပေါ် လဲကျသွားပြီး သူ့သားလိုပင် နာကျင်စွာ အော်ငိုနေ၏။
ယခုချိန်တွင် ထန်ချွန်းမင်၏ ကိုယ်ဟန်အနေအထားမှာ ခြေထောက်တွေကားနေပြီး လက်နှစ်ဖက်က တုတ်ကိုကိုင်ကာ တုတ်က ၆၀°အပေါ်မြှောက်ထားပြီး ခန္ဓာကိုယ်က အနည်းငယ်စောင်းထားသည်။ ဘေ့စ်ဘောကစားသမားက အားပြင်းပြင်းရိုက်ဖို့ ပြင်ထားပုံနှင့်တူ၏။ ဝမ်ချွန်းဟွာ တားခံလိုက်ရတာကို တွေ့သောအခါ သူ့စိတ်ထဲမှာ အတန်ငယ်နောင်တရနေသည်။ သူက သူ့ခန္ဓာကိုယ်ခံနိုင်ပါ့မလားပင် မတွေးပဲ သူ့ကိုယ်သူ လူသန်ကြီးလို့တွေးကာ ဗိုက်ကြီးနေတာကို လျစ်လျူရှုပြီး မလုပ်သင့်တာလုပ်ခဲ့မိသည်။
ကျန်းရှို့က ဝမ်ချွန်းဟွာ၏ပုံစံကိုကြည့်ကာ ရယ်ချင်သွားပြီး သူလှည့်လိုက်သောအခါ ထန်ချွန်းမင်၏ ကိုယ်ဟန်အနေအထားကိုကြည့်ပြီး မရယ်ပဲမနေနိုင်တော့ပေ။ မင်ကောအာက ဘာလုပ်ချင်တာလဲ? ကြွက်စုတ်ဝမ်ချွန်းဟွာနဲ့ တိုက်ချင်တာလား? မင်ကောအာက သူ့အခြေအနေကိုတောင် ဂရုမစိုက်လို့ ကျန်းရှို့က လက်လှမ်းကာ ထန်ချွန်းမင်၏ ခါးကို လိမ်ဆွဲလိုက်လေသည်။ ထန်ချွန်းမင်က မြှောက်ထားသောလက်ကို ညည်းတွားသံဖြင့် ချလိုက်ပြီး ကျန်းရှို့ကို အကြည့်စူးစူးပေးလိုက်သည်။
လီဖုန်း၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး သူက ဘာမှမမြင်သလို ကမန်းကတန်း အကြည့်လွှဲလိုက်လေသည်။
“ဘယ်ကောင် ငါ့ကိုတားရဲတာလဲ…ဒါလူသတ်တာပဲ… အပြင်လူတွေက ဖျင်ရှန်ရွာမှာ လူလာသတ်တယ်! ထန်ချွန်းမင်… မင်းက အရှက်မရှိ ငါ့သားကိုရိုက်ခဲ့ပြီး အခုကျောက်မိသားစုကို အနိုင်ကျင့်ဖို့ လူရိုင်းကိုတောင် အရှက်မရှိ မြှူစွယ်နေပြီပေါ့… အားလုံးကြည့်ကြပါဦး။” ဝမ်ချွန်းဟွာက အော်ငိုပြီး မြေပြင်ပေါ်မှ ထဖို့ကြိုးစားလိုက်တော့ ထန်ချွန်းမင်၏ရှေ့မှာ အရပ်ရှည်ရှည် လူတစ်ယောက်ရပ်နေတာကို တွေ့လိုက်ရသည်။ သူက ဓားနဲ့ထိုးနေသလို သူ့ကိုကြည့်နေသော ထိုလူ၏မျက်လုံးကိုတွေ့သောအခါ ပြန်ထိုင်ချပြီး သူ့အသံက ဆို့နင်နေခဲ့သည်။ ဝမ်ချွန်းဟွာက ထိတ်လန့်လာပြီး သူ့လည်ပင်းကို ကိုင်ကာ အသက်ရှူမဝဖြစ်နေ၏။
ယွိမုက ရွံရှာသလိုကြည့်လိုက်သည်။ သူက စစ်သားတစ်ယောက်ဖြစ်တာကြောင့် သူ့ဂုဏ်သိက္ခာ ညှိုးနွမ်းသွားလည်း ကိစ္စမရှိပေ။ သို့သော် သူ့အစ်ကိုကြီးက လူကောင်းဖြစ်၍ ဆဲဆိုခြင်းကို လက်မခံနိုင်ပေ။ “ငါ အနောက်မြောက်စစ်မြေပြင်မှာ လူရိုင်းတွေအများကြီးကို သတ်ခဲ့တယ်။ အခု တစ်ယောက်ထပ်သတ်လည်း ကိစ္စမရှိဘူး။ ငါ သတ်မယ်လို့ ပြောပြီးပြီဆိုတော့ မင်းကိုမသတ်ရင် ငါ့နာမည် အချည်းအနှီးဖြစ်သွားလိမ့်မယ်။”
သူ့အကြည့်က မြက်ခင်းပြင်က သားကောင်ကို စိုက်ကြည့်နေသော ဆာလောင်နေသည့် ဝံပုလွေနဲ့တူသည်။ အရှိန်အဟုန်ပြင်းပြင်းက ဝမ်ချွန်းဟွာကို ထိတ်လန့်သွားစေပြီး ဝန်းရံထားသော လူအုပ်ကြီးကလည်း ဘာမှမပြောရဲခဲ့ပေ။ ထိုအချိန်တွင် သူတို့အားလုံးက ထိုစစ်သားနောက်နေတာမဟုတ်ပဲ တကယ်လုပ်နိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။