Chapter 14.2
Viewers 450

Chapter 14.2




ထန်ချွန်းမင်က လီဖုန်း၏ အိမ်ပြင်မယ့်ကိစ္စကိုသိသည်။ သူ ခြံရှေ့မှာရပ်နေလျှင် မျက်စောင်းထိုးခြံမှာ လူတွေစည်းကားနေတာကို မြင်နိုင်သည်။

ကျန်းရှို့က သူ့ကိုပြောလာသည်။ “အဲ့ဒီလီဖုန်းက လူတစ်ယောက်ကို တစ်နေ့လုပ်အားခ သုံးဆယ့်ငါးဆင့်ပေးတာတဲ့။ ထမင်းမကျွေးရင်တောင် တခြားနေရာက နှစ်ရက်စာနဲ့ ညီမျှတယ်လေ။ ငါ့တာရှန်လေး မြို့ပေါ်မှာ အလုပ်စောစောရသွားတာ နှမြောစရာပဲ။ မဟုတ်ရင် သူလီဖုန်းရဲ့အိမ်မှာ လုပ်လို့ရမှာ။”

ထန်ချွန်းမင်က သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။ “အစ်ကို ဘယ်လောက်လုပ်နိုင်မှာမို့လဲ? ခင်ဗျားရဲ့တာရှန်က မြို့ထဲမှာ တစ်လနီးပါးအလုပ်လုပ်ပြီး ပိုက်ဆံပိုရမှာမလား.. ဒါတောင် တာရှန် အလုပ်စောစောရပြီး အိမ်ပြန်နောက်ကျတာကို နှမြောနေတယ်။”

“မင်းအခုတော့ပြောတတ်နေပြီပေါ့” ကျန်းရှို့က ထန်ချွန်းမင်၏ပါးကို ဒေါသတကြီး လိမ်ဆွဲလိုက်သည်။ “ပြောရဲရင် ထပ်ပြောကြည့်စမ်း” သို့ရာတွင် ကျန်းရှို့က ပုံကြီးမချဲ့ရဲပေ။ သူက ထန်ချွန်းမင်၏ ကျန်းမာရေးကို ဂရုစိုက်ရဦးမည်။ ဝင်ငွေရှာဖို့က မလွယ်တာမို့ လက်ရှိမှာ မင်ကောအာ၏ အခြေအနေကို စိတ်ပူရသေးသည်။


ထန်ချွန်းမင်က လီဖုန်း၏မိသားစုကို သိပ်အာရုံမစိုက်ခဲ့ပေ။ အကြောင်းမှာ ရှန်းဖူလန်က သိုးမတစ်ကောင်ကို ယူလာခဲ့ပြီး သိုးမတစ်ကောင်နဲ့ သိုးသုံးကောာင်က ငွေနှစ်ပြားကျသင့်မှာမို့ပင်။ ငွေကို ထုတ်ရာတွင် သူ့နှလုံးသားက နာကျင်သည်။ သို့သော် ရှန်းဖူလန်က အမှန်တကယ်ပင် ကြင်နာတတ်သူဖြစ်၏။ သူက သိုးယူလာရုံတင်မက ထန်ချွန်းမင် သိုးအစာမကျွေးနိုင်မှာကိုလည်း စိုးရိမ်နေသည်။ သူက သိုးမွေးမြူရာတွင် ဆောင်ရန်ရှောင်ရန်များကို ထန်ချွန်းမင်အား ရှင်းပြခဲ့သည်။ ထန်ချွန်းမင် သိုးတွေကို ကောင်းကောင်းမမွေးမြူနိုင်ပဲ ငွေနှစ်ပြားဆုံးရှုံးသွားမည်ကို စိုးရိမ်ခဲ့လို့ဖြစ်၏။

ယင်းမတိုင်မီက ထန်ချွန်းမီသည် ဝက်လိုပင် သိုးကိုပြန်လည်မွေးမြူခဲ့ပြီး သေချာဆေးကြောသန့်စင်ကာ စပါးလင်အမွှေးဖြန်းခဲ့သည်။ သူထိုတာဝန်များကို လုပ်နေစဥ် ကျန်းရှို့က သူ့ကို တုန်တုန်ယင်ယင်ကြည့်နေပြီး လှမ်းဆွဲလိုက်ချင်ပေမယ့် ထန်ချွန်းမင်က ငြင်းဆန်ခဲ့သည်။ သူလုပ်လို့ပြီးတော့ ထန်ချွန်းမင်က တခြားမူမမှန်တာမရှိပဲ ချွေးတွေပျံနေပြီး ကျန်းရှို့က စိတ်သက်သာရာရသွားခဲ့သည်။

သိုးများကို ပြန်ယူလာပြီးနောက် ထန်ချွန်းမင်က သိုးမနှင့် သိုးပေါက်သုံးကောင်ကို သန့်ရှင်းရန် မီးဖိုမှာ မီးမွှေးလိုက်သည်။ ရှန်းဖူလန်က ဂရုတစိုက်သန့်ရှင်းရေးလု​ပ်နေသော ထန်ချွန်းမင်ကို ကြည့်နေသည်။


“သိုးမကို နို့ပိုထွက်စေချင်ရင် ပဲပိစပ်ပိုကျွေးလို့ရတယ်လို့ပြောတယ်။ အိမ်မှာ ပဲပိစပ်မရှိရင် ငါနဲ့လိုက်ယူလိုက်။ ဘာမှအားမနာနဲ့ သူတို့က ဘယ်လောက်စားနိုင်မှာမို့လဲ။” ထန်ချွန်းမင် သူ့အိမ်ကို လက်ဆောင်ထပ်ပို့ပေးမှာကို စိုးရိမ်၍ ရှန်းဖူလန်က သတိပေးလိုက်သည်။


“ရပါတယ်။ အိမ်မှာ နည်းနည်းရှိသေးတယ်။ မလောက်ရင် ကျွန်တော်လာယူပါ့မယ်။ အားမနာပါဘူး။” ထန်ချွန်းမင်က ကတိပေးကာ လက်မြှောက်ပြသည်။


“ကောင်းပြီ… ငါသွားနှင့်မယ်။ မင်းတစ်ခုခုလိုရင် ငါ့ကိုပြောပါ။ ငါမင်းကို ရှင်းပြပေးမယ်။ သိုးမွေးပြီးရင် မိသားစုက ထပ်လောင်းအကျိုးရှိလိမ့်မယ်။” ရှန်းဖူလန်ပြောလို့ပြီးတော့ သူက အလျင်စလိုထွက်သွားခဲ့သည်။ လီဖုန်း၏မိသားစုက အလုပ်သမားတွေကို ထမင်းမကျွေးပေမယ့် သူက ဂရုစိုက်ပေးဖို့လိုသည်။ သူက ရေအနည်းကျိုပြီး ပေါင်မုန့်နည်းနည်းပေါင်းထားသည်။ ဒါမှ သူတို့ အလုပ်လုပ်ဖို့ အားရှိမှာပင်။

    


ရှန်းဖူလန်ကို ပြန်ပို့ပြီးနောက် ထန်ချွန်းမင်က သိုးခြံကို ပြန်သွားခဲ့သည်။ အားလင်းက သူညွှန်ကြားထားသည့်အတိုင်း သိုးများကို အဝေးကကြည့်နေသည်။ သူ့ဖေဖေပြန်လာပြီး သိုးသုံးကောင်ကို ပြနေတာတွေ့တော့ သူက တောက်ပသောမျက်ဝန်းဖြင့် ပြောလိုက်သည်။ “ဖေဖေ… သိုးလေးတွေ..”

“ဟုတ်တယ်…သိုးတွေနဲ့ သိုးမ။ အခုကစပြီး ဖေဖေ အားလင်သောက်ဖို့ နို့ကျိုပေးမယ်။ ဒါမှ အားလင်အားရှိမှာ။” သိုးမက ကျန်းမာပြီး နို့ထွက်ကောင်းကာ လေးလွန်းလို့ မြေပြင်ကိုတွဲကျနေတာကို ထန်ချွန်းမင်တွေ့လိုက်ရသည်။


“သိုးနို့? ဖေဖေ… အဲ့ဒါက ကြက်ဥပြုတ်လောက် အရသာရှိလား?” တဖြည်းဖြည်း အစားပုပ်​လေးဖြစ်လာသော အားလင်းက နှုတ်ခမ်းသပ်ကာ မေးလိုက်၏။



“ဒါပေါ့ အရသာရှိတယ်.. လာ…ဒီနေ့ အားလင်သောက်ဖို့ သိုးနို့ညှစ်ပေးမယ်။”


ထန်ချွန်းမင်က သိုးစာကျွေးဖို့ သစ်သားအင်တုံကိုပြင်ထားပြီး စမ်းရေနည်းနည်းထည့်ကာ သိုးမရှေ့ချပေးလိုက်သည်။ သူက သူတို့ကို ယခုလေးတင် ခေါ်လာပြီး နေရာစိမ်းနေတာကြောင့် သူတို့လေးတွေလည်း မသက်မသာဖြစ်နေလိမ့်မည်။ သို့ဖြစ်၍ နို့ညှစ်ရာတွင် မငြင်းဆန်စေရန် စမ်းရေတိုက်ခဲ့တာဖြစ်၏။ အားလင်းလေးကလည်း စမ်းရေအနံ့ကိုကြိုက်သည်။ သိုးမကလည်း ဆွဲဆောင်ခံလိုက်ရပြီး ခေါင်းငုံ့ကာ အနံ့ရှုလိုက်သည်။ ထို့နောက် သူမက ထန်ချွန်းမင်ကို မော့ကြည့်ပြီး မသောက်ပဲမနေနိုင်တော့ပေ။ တခြားသိုးသုံးကောင်သည်လည်း စမ်းရေသောက်နေ၏။ ရေက နည်းနည်းပဲ​​အေးတာကြောင့် သူတို့က အအေးမိပြီး မဖျားနိုင်တော့ပေ။


သိုးမ ရေသောက်နေတာကိုတွေ့တော့ ထန်ချွန်းမင်က သူ့နို့သီးခေါင်းကို ထိဖို့ ကြိုးစားလိုက်ပေမယ့် သူ​က အားလင်းကို အနားမှမနေခိုင်းပဲ အဝေးပို့ထားသည်။ သိုးမက ခေါင်းမော့ကာ အော်လိုက်ပြီး ခေါင်းငုံ့ကာ ရေပြန်သောက်နေသည်။ ထန်ချွန်းမင်က နေရာလွတ်ထဲမှ အစိမ်းရောင်အရွက်တချို့ကို ယူလိုက်ပြီး မနီးမဝေးမှာရပ်နေသော ကျောက်လင်းက ကျင့်သားရနေပြီပင်။ သူ့ဖေဖေက ယင်းကို နတ်ဘုရား၏ တန်ခိုးဖြစ်၍ တခြားသူများကို မပြောပြရဘူးလို့ မှာထားသည်။ ကလေးလေးက သူ့ဖေဖေ၏ အစွမ်းထက်ပုံကို ကိုးကွယ်သောအမူအရာဖြင့် စိုက်ကြည့်နေသည်။ နတ်ဘုရားတွေက သူ့ဖေဖေ၏ တန်ခိုးကို ပြန်သိမ်းသွားမှာစိုး၍ ကျောက်လင်း ဘယ်သူ့ကိုမှပြောလို့မရပေ။ ယခုဆိုရင် သူ့ဖေဖေက အရမ်းတော်လို့ သူ့ဖေဖေနဲ့ သူ့ကို ဘယ်သူမှအနိုင်ကျင့်လို့ရတော့မှာမဟုတ်ပေ။


သိုးမက အလွန်နာခံပြီး ထန်ချွန်းမင် ချဥ်းကပ်ရာတွင် မလှုပ်မယှက်ရပ်နေသည်။ ထန်ချွန်းမင်က အင်တုံကိုယူပြီး နို့မညှစ်ခင်မှာ နို့နေရာကို ရေဖြင့် သန့်ရှင်းရေးလုပ်ထားသည်။ အစပိုင်းမှာ အခက်အခဲရှိပြီး သိုးမက အော်ဟစ်ခဲ့သည်။ ယင်းမှာ ထန်ချွန်းမင်၏ ငယ်ဘဝအမှတ်တရသာဖြစ်ပြီး ကြီးပြင်းလာသောအခါ ထပ်မလုပ်ခဲ့ပေ။ သူ နေရာလွတ်ကို ရခဲ့သောနှစ်မှာ သိုးသားစားချင်သည့် ရည်ရွယ်ချက်ဖြင့် သိုးမွေးခဲ့သော်လည်း သူက နို့တော့မညှစ်ခဲ့ပေ။ သူက သူ့ဘဝကို ခံစားပျော်ရွှင်နေပြီး သူလုပ်ချင်တာမှန်သမျှလုပ်ခဲ့သည်။ အုတ်ဂူထဲက သူ့အဖေကြီး ဒေါသဖြစ်ဖို့လည်း တန်ပါ၏။


ကံအားလျော်စွာ သူက ခဏအကြာတွင် ခံစားချက်ကောင်း ရရှိခဲ့ပြီး နို့တွေက အင်တုံထဲကို စီးဝင်သွားပြီး အင်တုံတစ်ခုလုံးနီးပါး ပြည့်သွားခဲ့သည်။ ထန်ချွန်းမင်က သိုးပေါက်သုံးကောင်အတွက် တစ်ပိုင်းထည့်ပေးခဲ့ပြီး ကျန်တာကို မီးဖိုချောင်ထဲယူသွားခဲ့သည်။ သူကအသင့်ပြင်ထားသည့် အိုးထဲကို လောင်းချကာ သိုးနို့ကျိုဖို့ မီးမွှေးလိုက်သည်။


ကျောက်လင်းက သူ့ဖေဖေနောက်လိုက်ကာ သူ့အဝတ်အစားကို ဆွဲလိုက်သည်။ ထန်ချွန်းမင်က သူလိုက်လာတာကို စိတ်မဆိုးပဲ သွားလေရာခေါ်သွားသည်။ သိုးနို့၏ရနံ့က ပြင်းလွန်းလို့ လူနည်းနည်းသာခံနိုင်သည်။ ထန်ချွန်းမင်က အနံဖျောက်နည်းမျိုးစုံကိုသိသည်။ လက်ဖက်ခြောက်၊ စံပယ်၊ ဗာဒံမှုန့်ထည့်လို့ရပေမယ့် သူ့လက်ထဲမှာ ဗာဒံမှုန့်မရှိပဲ နေရာလွတ်ထဲမှာပဲ နည်းနည်းကျန်သည်။ တူးဖော်လို့ရသည့် နေရာလွတ်ကို ကျေးဇူးတင်ရမည်။ ငွေစက္ကူနည်းနည်းရှိသော်လည်း ယခုအခါ အသုံးမဝင်သော အမှိုက်များသာဖြစ်၍ ထန်ချွန်းမင် စိတ်မကောင်းဖြစ်မိသည်။ ထိုနှစ်ခုကို အထဲမှာ ထည့်ထားရခြင်းမှာ သူ စံပယ်ရနံ့ကို သဘောကျလို့ဖြစ်ပြီး လက်ဖက်ရည်မှာ စံပယ်ဖူး နည်းနည်းထည့်ပါက အလွန်မွှေးသည်။


သူက စံပယ်ဖူးနည်းနည်းယူကာ သိုးနို့ထဲထည့်ပြီး ကျိုလိုက်သည်။ တဖြည်းဖြည်းနဲ့ စံပယ်ရနံ့က သင်းပျံ့လာပြီး နို့နံ့ပိုပြင်းလာသည်။


“အားလင်း… တာမောင်းနဲ့ အာမောင်း အိမ်ပြန်ရောက်ပြီလား သွားကြည့်ဦး။ ရှိရင် သူတို့ကို ခေါ်လာခဲ့။” သိုးမက နို့အများကြီးမထွက်ပေမယ့် သုံးယောက် နည်းနည်းစီသောက်ဖို့ လုံလောက်သည်။ ထန်ချွန်းမင်ကတော့ တံတွေးမျိုချပြီး ကလေးတွေအတွက် ချန်ထားကာ နောက်တစ်ကြိမ်မှ သူ့အလှည့်ရောက်မည်။


“ဟုတ်ကဲ့…ဖေဖေ…”

ထန်ချွန်းမင်က အိမ်မှာ အကြာကြီးစောင့်နေပြီး အားလင်းပြန်လာတာကိုမတွေ့ပေ။ သိုးနို့အိုးကို မီးဖိုပေါ်မှချပြီး ထန်ချွန်းမင်က စိတ်ပူလာသည်။ သူ့အိမ်က ကျန်းရှို့အိမ်နဲ့မဝေးသဖြင့် သူ ခြံံတံခါးဖွင့်ပြီး ထွက်ကြည့်ခါနီးမှာ ကလေးတစ်ယောက်က ပြေးဝင်လာသည်။ “ထန်အားမော့…. မြန်မြန်လာ… သားကို တာမောင်းလွှတ်လိုက်တာ။ လင်းအာကို ကျောက်သုန့်က အနိုင်ကျင့်နေတယ်။”

“ဘာ?!” ထန်ချွန်းမင်က ထိုစကားကြားတော့ ဒေါသထွက်သွားသည်။ ကျောက်သုန့်က ဘယ်သူလဲ? ကျောက်သုန့်က အကြီးဆုံးသားနှင့် ဝမ်ချွန်းဟွာ၏သားဖြစ်သည်။ သူက ဆယ်နှစ်အရွယ်ဖြစ်ပြီး သုံးနှစ်အရွယ် ကောလေးကို အနိုင်ကျင့်ရဲသည်။ ထန်ချွန်းမင်ကို သေသွားပြီထင်နေလား? သူက ဘိုးဘိုးကျောက်ကိုတောင် မကြောက်တာ ဒီကလေးကို ကြောက်ပါ့မလား?

ထန်ချွန်းမင်က နောက်လှည့်ကာ အိမ်ထဲဝင်သွားပြီး အဝတ်လှန်းတုတ်ယူကာ ပြန်ထွက်လာသည်။ “ငါ့ကိုလမ်းပြ…အားလင်းဘယ်မှာလဲ?”

ထိုကလေးက တာမောင်းနှင့် ကစားလေ့ရှိပြီး တာမောင်းနှင့် အာမောင်းက ထွက်မလာရဲတာကြောင့် သူ့ကို ပို့လိုက်တာဖြစ်သည်။ ကလေးက ထန်ချွန်းမင်၏ အမူအရာကိုမြင်တော့ လန့်သွားသည်။ သူက လမ်းပြဖို့ ပြေးထွက်လာပြီး ဘာမှမပြောရဲပေ။ ထန်အားမော့က အရမ်းကြောက်ဖို့ကောင်းတယ်။ သူ ကျောက်သုန့်ကို တုတ်နဲ့ရိုက်တော့မှာလား?