Chapter 17.2
ထန်ချွန်းမင်က ယခုအခါ တံခါးပိတ်ပြီး နေထိုင်သောကြောင့် ကျန်းရှို့က တံခါးခေါက်လိုက်တော့ မဖွင့်ခင် ခဏစောင့်ခဲ့သည်။
“အစ်ကိုရှို့… ဘာဖြစ်လို့လဲ… ခင်ဗျားအရမ်းဒေါသထွက်နေပုံပဲ… တာရှန်အိမ်မှာမရှိတော့ ဘယ်သူ့ကိုစိတ်ဆိုးနေတာလဲ!” ထန်ချွန်းမင်က ကျန်းရှို့ဝင်လာတော့ အရွှန်းဖောက်လိုက်သဖြင့် ကျန်းရှို့က မထိန်းနိုင်ပဲ ရယ်မောလိုက်သည်။
တံခါးပိတ်လိုက်ပြီးနောက် ကျန်းရှို့က အိမ်မကြီးသို့သွားရာလမ်းတွင် သူကြားခဲ့သမျှ အကုန်ပြောပြလိုက်သည်။ သူက ထန်ချွန်းမင် စိတ်ဆိုးမှာစိုး၍ သူ့အမူအရာကို အာရုံစိုက်နေသည်။ သူတို့အိမ်မကြီးကိုရောက်တော့ ကျန်းရှိ့ပြောလို့ပြီးသွားခဲ့ပြီး သူက ခန်းပေါ်မှာ တုတ်နှစ်ချောင်းကိုင်ကာ သဲစားပွဲကို ရေးခြစ်နေသော သားနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ဒေါသကပျောက်ကွယ်သွားပြီး အပြုံးတစ်ခုက သူ့မျက်နှာမှာ အမြန်ဖြစ်ပေါ်လာသည်။
“ဖေဖေ….”
“ဖေဖေ…”
“ရှို့အားမော့”
ကလေးသုံးယောက်က ခေါင်းမော့ကာ သူ့ကိုခေါ်ပြီး ခေါင်းပြန်ငုံ့သွားသည်။ ယခု သူတို့က ထန်ချွန်းမင်နဲ့အတူ မနက်ခင်းမှာ လက်ရေးလှရေးနည်းသင်ယူနေသည်။ သို့သော် စုတ်တံ၊ မှင်နှင့် စာရွက်က အလွန်စျေးကြီးတာကြောင့် ထန်ချွန်းမင်က သူတို့လေ့ကျင့်ဖို့ သဲစားပွဲပြုလုပ်ပေးခဲ့သည်။ ကျန်းရှို့က ကလေးနှစ်ယောက်ကို အူတူတူမဖြစ်စေလို့ ကောင်ကောင်းသင်ယူစေချင်ပြီး သူတို့ကို စာမေးပွဲဖြေရန် တွန်းအားပေးမှာတော့မဟုတ်ပေ။ စာဖတ်ခြင်းနှင့် စာရေးတတ်ခြင်းက ရွာသားများ၏ရင်ထဲမှာ တန်ဖိုးထားသောအရာဖြစ်ပြီး ကျောက်လောင်စန်း ထုံရှန့်ဖြစ်သွားတော့ ရွာသားတွေ အားကျခဲ့ရသည်။ ဘိုးဘိုးကျောက်က ဆင်ခြင်တုံတရားမဲ့ပြီး ရမ်းကားသော်ငြား သူ့သားအကြောင်းပြောသည့်အခါ လူတွေက သူလုပ်ခဲ့တာကို မသိစိတ်အလျောက် လျစ်လျူရှုပေးလိမ့်မည်။
“ကောင်လေးနှစ်ယောက်က မင်းရဲ့သားလို မလိမ္မာပဲ အမြဲတမ်းညစ်ပေအောင် ဆော့တယ်လို့ တွေးခဲ့ဖူးတယ်။ သူတို့ ဒီလို လေးလေးနက်နက် လုပ်နေမယ်လို့ မမျှော်လင့်ထားဘူး။ မင်ကောအာကို ကျေးဇူးတင်ပါတယ်။ သူတို့အာရုံစိုက်တာကိုကြည့်ပြီး စိတ်ချမ်းသာသွားပြီ။” ကျန်းရှို့က ခံစားချက်ဖြင့် ပြောလိုက်သည်။
“တာမောင်းနဲ့ အာမောင်းက မင်းပြောသလောက်မဆိုးပါဘူး။ သူတို့ငါ့ကိုကူညီပေးတယ်။ ငါသူတို့မရှိပဲနေလို့မရတော့ဘူး။” ထန်ချွန်းမင်က ကျန်းရှို့၏စကားကိုနားလည်သည်။ တကယ်တော့ သူ့မျက်လုံးထဲမှာ သားနှစ်ယောက်က အဖိုးတန်ပေမယ့် မိဘအများစုက ယခုလိုပင် ကိုယ်ပိုင်အမြင်များရှိကြသည်။ တာမောင်းနဲ့အာမောင်းက ငယ်ငယ်လေးတည်းက ဉာဏ်ရည်ထက်မြက်ပြီး သူကတော့ သူ့သမိုင်းကိုပင် ပြန်လှည့်မကြည့်ရဲပါပေ။
“မင်အားမော့…. သားရေးထားတာကို ကြည့်ပါဦး။ ဒီတစ်ခါမှန်လား” အာမောင်းက တာမောင်းထက် ပိုသွက်ပြီး ထန်ချွန်းမင်၏ ချီးမွမ်းမှုကို မစောင့်နိုင်ပဲ သူ့ဖေဖေကိုပင် လျစ်လျူရှုထားလေ၏။
ထန်ချွန်းမင်က ကျန်းရှို့ကို ခန်းပေါ်မှာ ထိုင်ဖို့ပြောလိုက်ပြီး ကလေးသုံးယောက်ကို သွားကြည့်ပေးလိုက်သည်။ သဲစားပွဲပေါ်က လက်ရေးက နည်းနည်းကောက်နေပေမယ့် ရေးဆွဲချက်က မှန်သည်။ ထန်ချွန်းမင်က ချီးကျူးဖို့ မမေ့ခဲ့ပေ။ တာမောင်းကလည်း ထန်ချွန်းမင်၏ ချီးကျူးခံခဲ့ရသည်။ သူက ပုံမှန်ဆိုရင် အာမောင်းထက် အေးပေမယ့် သူ့မျက်ဝန်းက ယခုချိန်မှာ ကွေးညွတ်နေသည်။ သူ့ကောလေး ကျောက်လင်းကိုတော့ ထန်ချွန်းမင်က မျှော်လင့်ချက်ကို လျှော့ချထားသည်။ အားလင်းက တာမောင်း၊အာမောင်းထက်ငယ်ပြီး သုံးနှစ်သာရှိသေးသည်။ ဒါကြောင့် ထန်ချွန်းမင်က သူ့ကို နည်းနည်းပဲသင်ပေးပေမယ့် သူ့သားက ထက်မြက်ပြီး တစ်လုံးမကျန်ရေးပြီးသွားသည်။
“ဟုတ်ပြီ….ဒီနေတော့.ဒီလောက်ပဲ… အပြင်မှာသွားကစားတော့။”
တာမောင်းနဲ့အာမောင်းက ပျော်သွားပြီး အားလင်း၏လက်ကို ဆုပ်ကိုင်ကာ ရှောင်ဟွာကိုကြည့်ဖို့ ခန်းပေါ်မှ ဆင်းသွားသည်။ တစ်နေကုန် အပြင်မှာ ကစားတတ်သော ကလေးနှစ်ယောက်အတွက် ဤမျှလောက် အကြာကြီး ငြိမ်သက်နေဖို့က မဖြစ်နိုင်ပေ။ သို့သော် ထိုအရာက ရွာကကလေးတွေကို ကြွားနိုင်ပြီး အားကျစေလိမ့်မည်။
သို့ပေမယ့် ကျန်းရှို့နဲ့ မင်ကောအာက ဆက်ဆံရေးကောင်းတာကြောင့် ထိုကလေးများ၏မိဘများက အားကျရုံသာတတ်နိုင်ပြီး သင်ပေးဖို့ပြောရန် အားနာနေလိမ့်မည်။
ယခုချိန်က အေးနေတော့ ကြက်ပေါက်ငါးဆယ်ကို အိမ်ထဲမှာသိမ်းထားသည်။ မွန်းတည့်ချိန်တွင် နေပူစာလုံရန် အပြင်ထုတ်ပြီး ထန်ချွန်းမင်က အိမ်မှာ အနံ့အသက်မထွက်စေရန် သတိဝီရိယဖြင့် သန့်ရှင်းရေးလုပ်ခဲ့သည်။ ကျန်းရှို့က ကြက်ပေါက်လေးများကိုကြည့်ပြီး မူလကသူသည် မင်ကောအာ စွန့်စားနေတယ်လို့ ခံစားရသော်လည်း သူတို့လေးတွေ အသက်ရှင်တာကိုတွေ့သောအခါ သူက ဝမ်းသာသွားခဲ့သည်။ သူကိုယ်နှိုက်ကလည်း သတိဝီရိယရှိပြီး နည်းနည်းလောက် မွေးမြူရန် ရာသီဥတု ပိုနွေးလာတာကို စောင့်နေတာပင်။
“မင်း အဲ့ဒီကောလာဟလတွေကို ဘယ်လိုထင်လဲ?” ကျန်းရှို့က ဆိုသည်။ “ဘယ်သူအရင်ဖြန့်တာလဲ…ဝမ်ချွန်းဟွာထင်လား?” မင်ကောအာ လူရိုင်းတစ်ယောက်ကို မြှူစွယ်နေတယ်လို့ ဝမ်ချွန်းဟွာပြောဖူးသည်။
ထန်ချွန်းမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူနဲ့ပတ်သက်ပြီး ကောလာဟလတွေ အများကြီးထွက်လာပေမယ့် သူက ယခုချိန်မှာ ယောကျာ်းရှာဖို့ ရည်ရွယ်ချက်မရှိပေ။ သူက သူ့သားကိုပဲပျိုးထောင်ချင်ပြီး ချမ်းသာအောင်လုပ်ချင်သည်။ သူ ယောကျာ်းယူချင်ရင်တောင် ဒီလူတွေဂရုစိုက်စရာမလိုပေ။ “ဒီကောလာဟလတွေကို ဘယ်သူကယုံမှာလဲ? ကျွန်တော်ဘာပြောပြော ကောလာဟာလတွေကို မပြောင်းလဲနိုင်ဘူး။ ဒါတွေကြောင့် ကျွန်တော်ဆုံးရှုံးစရာလည်းမရှိဘူး။ ပြီးတော့ ဝမ်ချွန်းဟွာလို့လည်း မထင်ဘူး။ သူက အိမ်မှာ အိပ်ရာထဲကတောင် မထနိုင်ဘူး။” ထိုနေ့က ဝမ်ချွန်းဟွာ စိတ်မထိခိုက်သွားဘူးလို့ သူမယုံပေ။ သူမြန်မြန်ပြန်ကောင်းသွားရင် ရွာထဲမှာ ခုန်ပေါက်နေလိမ့်မည်။ “သံသယဝင်စရာကောင်းတာက သူ့တူရဲ့ပိုင်ဆိုင်မှုကို တံတွေးထွေးချင်တဲ့ လီမိသားစုလို့ထင်တယ်”
“လီစုန့်ကမ်းရဲ့မိသားစုလား?” ကျန်းရှို့၏မျက်ဝန်းက ပြူးကျယ်သွားပြီး သူက သူ့ပေါင်ကိုရိုက်ကာ အာမေဋိတ်ပြုလိုက်သည်။ “သူပဲထင်တယ်။ အဲ့နေ့က သူ့အငယ်ဆုံးသားက ကျောက်မိသားစုအိမ်ကို ပြေးသွားပြီး ဝမ်ချွန်းဟွာကိုသွားခေါ်တာ။ သူ့အငယ်ဆုံးသားက ကျောက်သုန့်နဲ့ ကစားနေကြမို့ တခြားကလေးတွေကို အနိုင်ကျင့်တတ်တယ်။”
“သိပ်စိတ်မပူပါနဲ့။ ကျွန်တော် တကယ်ဂရုမစိုက်ဘူး။ ပြီးတော့ အစ်ကိုလည်း ကျွန်တော့်အတွက် လက်စားချေပေးပြီးပါပြီ။” ထန်ချွန်းမင်က ပြောလိုက်သည်။ တခြားသူတွေနဲ့ ပတ်သက်သော သံသယဝင်စရာစကားများကို ပြောခဲ့သည့် ကျန်းရှို့ကလည်း မှားတယ်ဆိုပေမယ့် ထိုစကားတွေပျံ့သွားလျှင် ဘာဖြစ်မလဲ မသိပေ။ သို့ပေမယ့် သူက ကျန်းရှို့၏ ကာကွယ်ပေးမှုကို ကျေးဇူးတင်သည်။ သူဒီကိုရောက်လာတည်းက ကျန်းရှို့ကပဲ သူ့ကိုအများကြီးကူညီပေးခဲ့တာဖြစ်၏။