Chapter 18.1
“ချွန်းရုံ”
ထန်ချွန်းမင်က မနက်ခင်းတွင် နေရာလွတ်တွင် စိမ်ထားသော ပဲပိစပ်ကို သိုးမအား ကျွေးခဲ့သည်။ ယခုသိုးမက တစ်နေ့နှစ်ကြိမ် နို့ညှစ်လို့ရပြီး ထန်ချွန်းမင်နှင့် ကလေးသုံးယောက်အတွက် သိမ်းဆည်းလို့ရသည်။
သိုးနို့သောက်ပြီးနောက် တာမောင်းနှင့်အာမောင်းက နွေရာသီတွင် မြက်ပေါက်တာကိုစောင့်ကာ သိုးများကို အစာကျွေးရန် မြက်ပင်များခုတ်ထွင်မည်ဟု ဆိုသည်။
သိုးနှစ်ကောင်ကို နေရာလွတ်ထဲထည့်ပြီးနောက် ထန်ချွန်းမင်က သိုးခြံမှထွက်ကာ အိမ်ပြန်ခဲ့သည်။ သူက ဘဲနှင့်ကြက်များကို နေရာလွတ်ထဲခေါ်သွားပြီး ရှောင်ဟွာကို ကိုင်ထားသော အားလင်းကို နေရာလွတ်ထဲခေါ်သွားခဲ့သည်။
၎င်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ညစာစားပြီးနောက် ပုံမှန်လုပ်လေ့ရှိသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ အားလင်းက တခစ်ခစ်ရယ်ကာ ရှောင်ဟွာနောက် ပြေးလိုက်နေပြီး ထန်ချွန်းမင် အမှတ်အသားပြုထားသော အကွာအဝေးအတွင်းက တိရစ္ဆာန်များကလည်း လှုပ်ရှားသွားသည်။ ထန်ချွန်းမင်က အသီးအရွက်တချို့ကို လှီးဖြတ်ပြီး သူတို့ကို ပစ်ကျွေးလိုက်သည်။
ပထမတော့ ထန်ချွန်းမင်က အားလင်းကို ခေါ်လာရန် တွန့်ဆုတ်နေပေမယ့် ကျောက်စိမ်းနေရာလွတ်က အခြေခံအုတ်မြစ်ဖြစ်တာကြောင့် စမ်းရေထက် ပိုအာဟာရဖြစ်သည်။
ခဏအကြာစမ်းသပ်ပြီးနောက် အားလင်းက ထန်ချွန်းမင်၏ ညွန်ကြားချက်ကို သေချာလိုက်လုပ်ပြီး လေထဲက ရလာသော အစားအစာကိုပင် သူ၏ ကစားဖော်များကို မပြောပြခဲ့ပေ။
ထန်ချွန်းမင်က အားလင်းကို သူ့သားလိုချစ်ပြီး သူက သူ့မိသားစုဝင်ဖြစ်တာကြောင့် သူတို့ကြားမှာ ကတောက်ကဆမဖြစ်ချင်ပေ။ သူ ယခုနေ အားလင်းကို ဖုံးကွယ်ထားရင်တောင် အားလင်းကြီးလာရင် မှတ်မိနေပြီး မိသားစုမှာ မူမမှန်တာကို ရှာတွေ့သွားလိမ့်မည်။
ဒါဆို သူဘယ်လိုဖြေရှင်းရမလဲ? ဘာပဲဖြစ်ဖြစ် သူက သံသယဖြစ်စရာ အချက်အလက်များကို ထုတ်ဖော်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ ထန်ချွန်းမင် ယုံကြည်ခဲ့သည်။
ကျောက်မိသားစုရန်ပွဲကြောင့် သူ့ဦးနှောက်ဆဲလ်အများအပြား ဆုံးရှုံးခဲ့ရပြီး သူကိုယ်တိုင်ကလည်း သူ့ဦးနှောက်ကို အသုံးပြုရန် အလွန်ပျင်းရိနေသည်။ ပန်းတိုင်က သက်တောင့်သက်သာရှိပြီး ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်လိုတာကြောင့် အားလင်းကို အစတည်းက ဝန်ခံထားတာပြီး နတ်ဘုရားက ပေးသနားတာလို့ ပြောခဲ့တာ ပိုကောင်းသည်။
ယခုအားလင်း၏ရယ်မောသံများ တိုးလာပြီး သူ့အား မှီခိုနေသော မျက်လုံးများကို မြင်လိုက်ရသောအခါ ထန်ချွန်းမင်က အားလုံးတန်ပါတယ်လို့ ခံစားလိုက်ရသည်။
သိုးပေါက်လေးက ထန်ချွန်းမင်၏နောက်ကိုလိုက်နေသည်။ ထန်အိမ်တော်မှာ အခြေချခဲ့သော ဘဲပေါက်နှစ်ကောင်က မိဘတာဝန်ယူပြီး ကြက်ပေါက်အုပ်စုကို လယ်ကွင်းထဲ ခေါ်သွားခဲ့သည်။ အားလင်းက ပြေးလွှားရင်း မောသွားပြီး ရှောင်ဟွာကို သူ့ဖေဖေဆီ ပြန်ခေါ်သွားကာ တိုးတိုးလေးပြောလိုက်သည်။ “ဖေဖေ… ရှောင်ဟွာနဲ့ သားဗိုက်ဆာတယ်။”
ထန်ချွန်းမင်က သူ့ဗိုက်ကို တမင်လှမ်းထိလိုက်သည်။ “အားလင်း တကယ်ဗိုက်ဆာနေလား ဖေဖေကြည့်ဦးမယ်။”
သူမထိခင်မှာ အားလင်းက တခစ်ခစ်ရယ်ပြီး သူ့ဖေဖေ၏ ရင်ခွင်ထဲကို ဝင်သွားသည်။
“ဖေဖေ… သား အနီရောင်အသီးအနှံတွေစားချင်တယ်။ ရှောင်ဟွာလည်း စားချင်နေတာ။”
ထန်ချွန်းမင်က ဝမ်းသာအားရထလိုက်ပြီး သားဖြစ်သူ၏လက်ကိုဆွဲကာ သစ်သားအိမ်ကို လျှောက်သွားလိုက်သည်။
“ကောင်းပြီ… ဒါပေမယ့် တစ်လုံးပဲစားရမယ်။ မဟုတ်ရင် ညဘက်ဗိုက်နာနေလိမ့်မယ်။ ရှောင်ဟွာက ထပ်စားလို့မရတော့ဘူး။”
“ဟူတ်ကဲ့ တစ်လုံးပဲ။” ကျောက်လင်း၏နက်မှောင်သောမျက်ဝန်းက ပျော်ရွှင်နေပြီး ရှောင်ဟွာက ဗိုက်ဝနေတာကြောင့် ထန်ချွန်းမင်နှင့် ကျောက်လင်းနားမှာ ပတ်ပြေးနေသည်။
ကျောက်လင်းက ရှောင်ဟွာလို့ နာမည်ပေးခဲ့ခြင်းမှာ သူ၏အမွေးကာလာက အနက်နှင့် အညိုပေါင်းစပ်ထား၍ နူးညံ့ပျော့ပျောင်းလို့ဖြစ်သည်။ သူကြီးလာရင် ကြီးကျယ်ခမ်းနားပေလိမ့်မည်။ ယခုတွင်မူ လူတွေကို ဆွဲဆောင်နေသော ချစ်စရာခွေးလေးတစ်ကောင်သာဖြစ်၏။
အားလင်းစားချင်သော အနီရောင်အသီးက တကယ်တော့ ချိုချဥ်အရသာ ခရမ်းချဥ်းသီးဖြစ်သည်။ ကလေးမပြောနဲ့ ထန်ချွန်းမင်တောင် စားရတာကြိုက်သည်။
ထန်ချွန်းမင်က သိုလှောင်ခန်းမှ နှစ်လုံးထုတ်ယူကာ အားလင်းကို တစ်လုံးကျွေးကာ တစ်လုံးကို ရှောင်ဟွာကို ကျွေးပြီး ဆော့ကစားခွင့်ပေးလိုက်သည်။
ထန်ချွန်းမင်ကိုယ်တိုင်က အသီးအရွက်များကောက်ရန် လယ်ထဲကိုပြေးသွားခဲ့ပြီး ပထမအသုတ်စိုက်ထားသော ဟင်းသီးဟင်းရွက်များကို ခူးဆွတ်လိုက်သည်။
အစိမ်းရောင်အရွက်၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ မုန်လာဥ၊ ခရမ်းချဥ်သီး၊ သခွားသီးနှင့် ခရမ်းသီး စသဖြင်. စားလို့ရသော အသီးအနှံများဖြစ်၏။
ထန်ချွန်းမင်က အနာဂတ်မှာ ပွင့်ပွင့်လင်းလင်း ထုတ်သုံးနိုင်ရန် ဒေသအလိုက်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ကောက်ယူလိုက်သည်။ သူက ယခုချိန်မှာ ဟင်းသီးဟင်းရွက်များကို ပိုက်ဆံနှင့် လဲရန် စဥ်းစားနေသည်။ ယင်းက သူ့ကို အခွင့်အရေးတစ်ခုပေးလိမ့်မည်။
သူက ခရိုင်မြို့ကို ပစ်မှတ်ထားလိုက်သည်။ အမှန်တော့ မြို့ပေါ်စျေးက အကန့်သတ်ရှိပြီး အသိမိတ်ဆွေနဲ့ တွေ့ရဖို့လွယ်သည်။ သူသတိမထားရင် အချက်အလက်တွေပေါ်သွားပြီး ရာသီမဟုတ်ပဲ အရင်းအမြစ်ဘယ်လိုရလဲ ရှင်းပြနေရလိမ့်မည်။
ခရိုင်မြို့က ပိုကျယ်ပြီး လူချမ်းသာများပြည့်နေလို့ ဤဟင်းသီးဟင်းရွက်များကို စျေးကောင်းကောင်းနဲ့ ရောင်းလို့ရသည်။ ရှန်းဖူလန်နှင့် စကားပြောရာတွင် သူက သားနှစ်ယောက်အတွက် အစားအသောက်နှင့် နေ့စဥ်သုံးပစ္စည်းတချို့ ယူဆောင်လာပေးရန် ရက်အနည်းငယ်အတွင်း ခရိုင်မြို့ကို သွားမှာဖြစ်ကြောင်း သိခဲ့ရသည်။
ထန်ချွန်းမင်က လမ်းကြုံလိုက်ရန် ပြင်ဆင်ပြီး ရှန်းဖူလန်က သူ့သားကျောင်းကို သွားလည်စဥ် သူက သူ့အလုပ်သူလုပ်ရန် မြို့ထဲသွားလို့ရသည်။
ထို့အပြင် တခြားအိမ်များ၏ အိမ်ထက် ဟင်းသီးဟင်းရွက်တစ်သုတ် စောစောရင့်လာစေရန် မျိုးစေ့များကို စောစောစိုက်ဖို့လိုပြီး ခြံထဲမှာ ဟင်းသီးဟင်းရွက်စိုက်ဖို့ စီစဥ်ထားသည်။ ထိုဟင်းသီးဟင်းရွက်များကို မြို့ထဲမှာ တရားဝင်ရောင်းချနိုင်ရင် ဝင်ငွေအရင်းအမြစ်ရပြီလို့ မှတ်ယူလို့ရသည်။
သို့သော် ထိုနည်းဖြင့် ထန်ချွန်းမင်၏တာဝန်က တိုးလာပြီး သူက အရင်ဆုံး ခြံထဲမှာ မြေရှင်းဖို့လိုသည်။ သူ့လက်ရှိ ခန္ဓာကိုယ်နဲ့ဆိုလျှင် ထန်ချွန်းမင်က တွေးရုံဖြင့် ခေါင်းကိုက်လာခဲ့သည်။
လတွေကြာလာသည်နှင့်အမျှ ထန်ချွန်းမင် လျစ်လျူရှုရန် ကြိုးစားခဲ့သည့်အရာများက လျစ်လျူရှုထားလို့မရတော့ပေ။ သူ့ဗိုက်က စထွက်လာပြီဖြစ်၏။
ဤကာလအတွင်း ကောင်းကောင်းစားပြီး အာဟာရဓာတ်ဖြည့်ထားတာကြောင့် သူ့ဗိုက်ထဲကအသားအပိုင်းစကလည်း ကြီးထွားလာခဲ့သည်။ ထိုဖောင်းနေသောအသားကို ကြည့်လိုက်တိုင်း ထန်ချွန်းမင်က မျက်ရည်မကျပဲ ငိုချင်လာ၏။
မင်ကောအာ၏ အားလင်းကို မွေးဖွားသော မြင်ကွင်းကို ပြန်စဥ်းစားလိုက်သောအခါ သူက တုန်ယင်လာသည်။ လူသားဖြစ်ရတာ တကယ်ခက်ခဲတာပဲ….
ယခုလိုပင် ထန်ချွန်းမင်က ခဏထိုင်ပြီးနောက် မတ်တပ်ရပ်ဖို့လိုလေ၏။ မဟုတ်ပါက သူ့ဗိုက် မသက်မသာဖြစ်လိမ့်မည်။ ကံအားလျော်စွာ သခွားသီးခူးခြင်းက ပြဿနာကြီးကြီးမားမားမဟုတ်ခဲ့ပေ။
ခဏကြာတော့ ခရမ်းချဥ်သီးစားပြီးသော အားလင်းက သူ့ဖေဖေကို ကူညီဖို့ရောက်လာသည်။ ထန်ချွန်းမင်က သူ့ကိုမတားနိုင်ခဲ့ပေ။ သူက လူကောင်းသေးပြီး နှေးသော်လည်း ထန်ချွန်းမင်၏ ဝန်ထုပ်ဝန်ပိုးကို သက်သာစေသည်။
စုဆောင်းထားသော ဟင်းသီးဟင်းရွက်များက အသင့်ပြင်ထားသော ခြင်းထဲကိုထည့်ကာ မြေပြင်ပေါ်မှာ အရင်ချထားလိုက်သည်။ နေရာလွတ်ထဲမှ ထွက်သွားသည့်အခါ ထန်ချွန်းမင်က သူတို့ကို သိုလှောင်ခန်းထဲပြောင်းရန် စိတ်စွမ်းအင်သုံးမှာပင်။ ယခုလုပ်လို့ရပေမယ့် အဆုံးမှလှုပ်ရှားတာက ပိုကောင်းသည်။ ထန်ချွန်းမင်က သူ့သားကို သဘာဝလွန်အတတ်ပညာတွေ သင်ယူထားကြောင်း မရှင်းပြချင်ပေ။
ထန်ချွန်းမင်က အိမ်နောက်ဖေးရှိ ဟင်းသီးဟင်းရွက်ကို မည်သို့သန့်ရှင်းရမလဲ စိုးရိမ်နေချိန် အခမဲ့အလုပ်သမားက အသင့်ပေါ်လာသည်။ ထန်ချွန်းမင်က အပြင်ဘက်ရှိ နေသာသောကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်ဘုံက သူ့အပေါ် ကောင်းနေဆဲပင်။