Chapter 18.2
ထန်ချွန်းရုံက ထန်ချွန်းမင်း၏ အိမ်တံခါးဝကို ရောက်လာသော အခကြေးငွေမပေးရသည့် အလုပ်သမားဖြစ်သည်။ သူက သူ့အဝတ်အစားကို ပြန်ငုံ့ကြည့်ပြီး အံ့အားသင့်သွားသည်။ သူ့အစ်ကိုက ဘာလို့ အဲ့လိုကြည့်နေတာလဲ?
“အစ်ကို… ဘာလုပ်နေတာလဲ? အားလင်းဘယ်မှာလဲ? ဦးလေးရောက်နေတယ်..” ထန်ချွန်းရုံက သူ့အစ်ကို၏ မြင်ကွင်းမှ အရင်ထွက်ခွာတာကောင်းမယ်လို့ ထင်တာကြောင့် သူက ထန်ချွန်းမင်ကိုကျော်ကာ လင်းအာလေးကို ရှာလိုက်သည်။
ထန်ချွန်းမင်က လက်ဆန့်ပြီး သိုးတွေကို လက်ညိုးထိုးပြလိုက်သည်။
“သူတို့အားလုံး သိုးစာကျွေးနေတယ်။ တာမောင်း၊အာမောင်းလည်း ရှိတယ်။”
ထန်ချွန်းရုံက တစ်ဖက်ခြမ်းကို အရှိန်နှစ်ဆတင်ကာ ထွက်ပြေးသွားသည်။ သူရောက်လာတာနဲ့ ခေါင်းသေးသေးလေး သုံးလုံးက စုနေပြီး သိုးများ၏အော်သံထွက်ပေါ်လာသည်။ သူ့အစ်ကိုခြံက သူနောက်ဆုံးရောက်ဖူးတုန်းကထက် ပို၍ပင် အသက်ဝင်နေ၏။
“မင်္ဂလာပါ… ဦးလေး” အားလင်းက ခေါ်သံကြားတော့ ရှောင်ဟွာကိုကိုင်ကာ လှည့်လိုက်သည်။ သူက ယဥ်ယဥ်ကျေးကျေးအော်လိုက်ပြီး တာမောင်းနှင့် အာမောင်းကလည်း သူ့ကို ဦးလေးလို့ လိုက်ခေါ်သည်။
ထန်ချွန်းရုံက တုံ့ပြန်လိုက်ပြီး အားလင်း၏မျက်နှာကိုကြည့်လိုက်သည်။ ကျောက်မိသားစုနဲ့ ခွဲပြီးနောက်ပိုင်း ပိုကောင်းလာပြီး ယခင်တစ်ခေါက်ကနဲ့ယှဥ်ရင် အများကြီးအဆင်ပြေလာဖို့ အချိန်မကြာခဲ့ပေ။ “အားလင်း ဦးလေးကိုလွမ်းလား? ဦးလေးက အားလင်း၊ တာမောင်းနဲ့ အာမောင်းတို့အတွက် သကြားလုံးယူလာတယ်။”
တာမောင်းက နှုတ်ခမ်းကို ဖွဖွဖိထားပြီး ရှက်ကိုးရှက်ကန်းဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။ အာမောင်းက ပို၍ရိုးရှင်းသည်။
သို့သော် သူတို့က ထန်ချွန်းမင်ထံမှ စာရေးတတ်ဖတ်တတ်လာတာကြောင့် သူတို့အားလုံးက ရွာရှိ ဆိုးသွမ်းသော ကလေးများနဲ့ ကွာခြားတယ်လို့ ထင်မိသည်။ သူတို့က တစ်ခါတစ်လေ အပြင်လူများနဲ့ ရင်ဆိုင်ရာတွင် လေးလေးနက်နက်ပြုမူတတ်ပြီး ကျန်းရှို့က လူဆိုးနှစ်ကောင်၏ အပြုအမူကိုတွေ့သောအခါ မရယ်ပဲမနေနိုင်တော့ပေ။
သို့ရာတွင် အားလင်း၏ရင်ခွင်ထဲက ရှောင်ဟွာက ထန်ချွန်းရုံကို အော်ခေါ်လိုက်သည်။ သူ့အသံက နူးညံ့သိမ်မွေ့ပြီး ခြိမ်းခြောက်မှုတစ်စုံတစ်ရာမရှိသော်လည်း သူက သူ့သခင်လေးကိုကာကွယ်ရန် ခန္ဒာကိုယ်ကို ငုံ့ကိုင်းလိုက်သည်။ အားလင်းက ရှောင်ဟွာကို ကမန်းကတန်းပုတ်ကာ ချော့လိုက်ရသည်။ “ရှောင်ဟွာ… ဒါက ဦးလေးပါ။ မအော်ရဘူး။”
ရှောင်ဟွာက မရပ်မနားပဲ နှစ်ကြိမ်ထပ်အော်လိုက်ပြီး နောက်လှည့်ကာ သခင်လေး၏ရင်ခွင်ထဲဝင်သွားသည်။ ခွေးလေးက သူ့ကို မထီမဲ့မြင်ပြုနေကြောင်း ထန်ချွန်းရုံ ခံစားမိသည်။ “ဒါက အစ်ကိုခေါ်လာတဲ့ ရှောင်ဟွာဆိုတဲ့ ခွေးလေးလား?” နာမည်ကနားလည်ရလွယ်သည်… ဒါကခွေးမတစ်ကောင်ပဲဖြစ်မည်။
တကယ်တော့ ရှောင်ဟွာက ခွေးထီးဖြစ်၏။
“ဟုတ်တယ်…ရှောင်ဟွာ…ဦးလေးကို နှုတ်ဆက်လိုက်ဦး။” အားလင်းက ရှောင်ဟွာ၏ ရှေ့ခြေထောက်ကိုကိုင်ကာ ထန်ချွန်းရုံအား ဝေ့ယမ်းပြလိုက်သည်။
“ဦးလေး…ရှောင်ဟွာက အရမ်းလိမ္မာတာ။ ဖေဖေက သူကြီးလာရင် ခြံစောင့်ခိုင်းမယ်လို့ပြောတယ်။”
“အင်း…ရှောင်ဟွာကြီးလာရင် အရမ်းအင်အားကြီးမှာ။” ထိုအသက်အရွယ်ဖြင့် သူက သူစိမ်းတွေကို အံကြိတ်ပြနိုင်သေးသည်။
ထန်ချွန်းရုံက သူ့နှာခေါင်းကိုထိလိုက်ပေမယ့် တကယ်တမ်း သူက ရှက်နေတာဖြစ်၏။ နောက်ဆုံးအကြိမ်လာတုန်းက သူက အရမ်းအလျင်လိုနေပြီး သူ့အစ်ကို၏ အခြေအနေကိုပဲ အာရုံစိုက်ခဲ့သည်။
သူက သူ့တူလေးအတွက် မုန့်ဝယ်လာဖို့ မေ့သွားပြီး မပြန်ခင်လည်း ဘာမှမပေးခဲ့ရပေ။ သူက ထိုကိစ္စကို စိတ်ပူနေတုန်းဖြစ်၏။
ဒါကြောင့် ယခုတစ်ကြိမ်မှာ သူက အစ်ကိုဆီလာလည်ရန် သူ့ဖေဖေကို မေးခဲ့ပြီး မုန့်ဖိုးစုကာ သကြားလုံးတစ်ထုပ်ဝယ်လာခဲ့သည်။
“ဒီကိုလာ… တစ်ယောက်ကို နှစ်လုံး … ကျန်တာကို အားလင်းဖေဖေဆီ ပေးထားလိုက်။ စားပြီးမှထပ်ယူ။”
ကလေးသုံးယောက်က ထန်ချွန်းရုံလက်ထဲက စက္ကူအိပ်ကိုကြည့်လိုက်သည်။ အားလင်းက ယခုချိန်မှာ အစားအသောက် အဝစားရပေမယ့် သကြားလုံးမစားရတာကြာပြီပင်။
သူက နှစ်လုံးယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ သကြားလုံးက ချိုပြီး အရသာရှိကာ ကျန်တာကိုတော့ ဖေဖေ့ကို ပေးထားလိုက်သည်။
&&&
ထန်ချွန်းရုံက အားလင်းကိုကိုင်ထားပြီး အားလင်းက ရှောင်ဟွာကိုကိုင်ထားကာ တာမောင်း၊အားမောင်းတို့နဲ့အတူ အိမ်ထဲဝင်သွားလိုက်သည်။ အုပ်စုက ထိုအတိုင်း အခန်းထဲဝင်သွားပြီး ထန်ချွန်းမင်က မရယ်မောပဲ မနေနိုင်တော့ပေ။ ထန်ချွန်းရုံက ကလေးကြီးဖြစ်ပြီး ယခုသူက ကလေးခေါင်းဆောင်နဲ့တူနေ၏။
“အစ်ကို..ဘာပြောလိုက်တာလဲ?” ထန်ချွန်းရုံက သူ့တူလေးကို အောက်ချကာ ရှက်ရှက်ဖြင့် မေးလိုက်သည်။
“ဘာမှမဟုတ်ဘူး။” ထန်ချွန်းမင်က သူ့ညီ၏ ကိုယ့်ကိုယ့်ကို လေးစားမှုကို ဂရုစိုက်လို့ အမှန်အတိုင်းမပြောတော့ပေ။
ထန်ချွန်းရုံက သူ့အစ်ကို၏ တံခါးဝကို စဝင်လာစဥ်က သူ့အစ်ကို၏မျက်နှာပေါ်က အမူအရာကို နားလည်ခဲ့ပြီး ယင်းမှာ အချိန်ကိုက်ရောက်လာလို့ ဝမ်းသာနေခြင်းဖြစ်၏။
"
သို့ဖြစ်၍ သူကပြောလိုက်သည်။ “အစ်ကို…အနားယူပါ… အစ်ကို့အလုပ်တွေကို ကျွန်တော်လုပ်ပေးမယ်။ ခြံနောက်က ဟင်းသီးဟင်းရွက်ဥယျာဥ်မလား? ပေါက်ပြားကဘယ်မှာလဲ? ကျွန်တော် ဒီနေ့ပြီးအောင် မြန်မြန်လုပ်ပေးမယ်။”
ထန်ချွန်းမင်က ရင်ထဲထိသွားသည်။ သူက ဤမျှကောင်းသော ညီအစ်ကိုတစ်ယောက်နှင့် အမှန်ပင် တွေ့ဆုံခဲ့သည်။ သူက ထိုကောင်လေး လှည့်ဖြားမခံရအောင် ဂရုစိုက်ရမည်။ သူ့မိထွေးက သန်မာလွန်း၍ အားရုံ၏ စိတ်ထားက သာမန်အမျိုးသားတွေထက် ပျော့ညံ့ပေမယ့် ယင်းမှာ သူထိန်းညှိလို့ရသော အရာမဟုတ်ပေ။ နောက်ဆုံးတစ်ကြိမ်က သူသည် မိထွေးကိုဆန့်ကျင်ပြီး သူ့ထံပြေးလာခဲ့သည်။ ဒါတွေအားလုံးအတွက် သူ့ကိုကျေးဇူးတင်ရမည်။
ထန်ချွန်းရုံက ယခင်တစ်ခေါက်ကဲ့သို့ပင် ရှပ်အင်္ကျီအရှည်ကို ဝတ်လာခဲ့သည်။ ထန်ချွန်းမင်က သူ့အတွက် ရှပ်တိုအင်္ကျီကိုရှာရန် သေတ္တာကိုဖွင့်လိုက်သည်။ ထန်ချွန်းရုံ အခန်းထဲဝင်ရောက်လာတာနဲ့ သူက အိမ်ထဲမှာ ချထားသော ကြက်ပေါက်လေးများကို တွေ့လိုက်ရပြိီး သူတို့က တက်ကြွပြီး အော်ဟစ်နေကြသည်။ အားလင်းက သူ့ဦးလေးကို ယဥ်ယဥ်ကျေးကျေးပြောလိုက်သည်။
“ဒါလေးတွေ အားလင်း ထိန်းပေးဖို့ ဖေဖေကအပ်ထားတာ။ နောင်မှာ သားက ဥတွေကောက်ပြီး ရောင်းမှာ။”
“အားလင်းက တကယ်တော်တာပဲ!” ထန်ချွန်းရုံက ရင်ထဲမှာ ဝမ်းနည်းလာသည်။ သူ့ဖေဖေ၊ သူ့အစ်ကို၊ အားလင်းနှင့် သူ့အစ်ကိုဗိုက်ထဲကကလေး အနာဂတ်မှာ အနိုင်ကျင့်မခံရအောင် သူ အင်ပါယာစာမေးပွဲအောင်ဖို့လိုသည်။
သူသာ ပညာတောင်သင်ဘွဲ့ရခဲ့ရင် သူ့ဖေဖေက အလုပ်အရမ်းလုပ်စရာမလိုသလို သူ့အစ်ကိုက နောက်အိမ်ထောင်ပြုဖို့မလိုပဲ သူ့တူလေး အားလင်းကလည်း တခြားကလေးတွေရဲ့ အနိုင်ကျင့်ခံရတော့မှာမဟုတ်ပေ။
နောက်ဆုံးအကြိမ်က ကျောက်မိသားစုမှလွတ်မြောက်ရန် သူ့အစ်ကိုက ပင်ပင်ပန်းပန်း အားထုတ်ခဲ့ရသဖြင့် သူ့ခံစားချက်များက အဆင်မပြေခဲ့ပေ။
ဒါတွေအားလုံးက ထန်မိသားစု၏ တစ်ဦးတည်သော ယောကျာ်းလေးဖြစ်သည့် သူအသုံးမကျလို့ပင်။ ဒါကြောင့် သူက အိမ်ပြန်ပြီး လယ်လုပ်ဖို့ပြောသည့် သူ့ဖေဖေ၏ စကားကို နားထောင်မှာမဟုတ်ပေ။
“နောက်ဆိုရင် ဦးလေးက အားလင်းအတွက် ပိုက်ဆံအများကြီးရှာပေးမယ်။ သုံးလို့မကုန်ပဲ အားလင်းကိုလည်း ဘယ်သူမှအနိုင်ကျင့်လို့မရတော့တဲ့အထိ အများကြီးရှာပေးမှာ။” ထန်ချွန်းရုံက အားလင်း၏ခေါင်းကိုထိကာ ကတိပေးလိုက်သည်။
“အားလင်းလည်း ဖေဖေ့အတွက် ပိုက်ဆံရှာချင်တယ်။”
အားလင်းက ရှုပ်ထွေးသော စကားလုံးများကို နားမလည်ပဲ ခြင်းတောင်းထဲက ကြက်ပေါက်လေးများကိုသာ လက်ညိုးထိုးပြခဲ့သည်။
“အားလင်း… ငါတို့လည်း မင်းအတွက် တူတူမွေးပေးမယ်။” တာမောင်းနဲ့ အာမောင်းက ပြောလိုက်သည်။ ကျန်းရှို့ကြားရင် ရယ်ရမလား ဒေါသထွက်ရမလား သိမှာမဟုတ်ပေ။ သူက ထန်ချွန်းမင်ကို သေချာပေါက်ပြောလိမ့်မည်။ “ဒီနှစ်ယောက်ကိုကြည့်ပါဦး၊ မင်းမိသားစုက မွေးထားသလိုပဲ။ မင်းကိုတောင်ပေးလို့ရနေပြီ။”
ထန်ချွန်းမင်က သူ့ညီလေးနှင့် သူ့သားကြားရှိ စကားတွေကို ကြားခဲ့ရပြီး ရင်ထဲထိသွားပေမယ့် မကြားသလိုဟန်ဆောင်ကာ အဝတ်အစားရှာပြီးနောက် အပြင်ထွက်သွားခဲ့သည်။ ၎င်းမှာ သူ့ဘောင်းဘီတိုဖြစ်လို့ သူ့ညီနဲ့လည်း ဝတ်လို့တော်လိမ့်မည်။
ထိုအကြောင်းကိုတွေးလိုက်တော့ စိတ်လှုပ်ရှားနေသော ခံစားချက်က ပျောက်ကွယ်သွားပြီး ဝမ်းနည်းမှုသာ ကျန်ရစ်ခဲ့သည်။ သူ့ခန္ဓာကိုယ်က အမျိုးသားတစ်ယောက်လို အရပ်မရှည်ပေ။ ဖျင်ရှန်ရွာမှာ လက်ထပ်ပြီး လွန်ခဲ့သည့် နှစ်များမှာ ဘဝကခက်ခဲခဲ့၍ သူက အနည်းငယ် ပုညှက်သွားခဲ့သည်။ ထန်ချွန်းမင်က သူ့အရပ်ကို ၁.၇မီတာပဲရှိတယ်လို့ ခန့်မှန်းလိုက်သည်။
ဟုတ်ပါသည်။ ထန်ချွန်းရုံဝတ်လျှင် သူ့အင်္ကျီလက်နှင့် ဘောင်းဘီတိုကို လှန်တင်ထားဖို့လိုပြီး ဘာပြဿနာမှမရှိပါပေ။
ထန်ချွန်းမင်က ကလေးသုံးယောက်ကို ယနေ့သင်ထားသည့် အက္ခရာများ ရေးခိုင်းထားပြီး ထန်ချွန်းရုံနှင့်အတူ အိမ်နောက်ဖေးလိုက်သွားခဲ့သည်။
ထန်ချွန်းရုံက သူ့အစ်ကို စာသင်ပေးမယ်လို့ မထင်ထားခဲ့ပေမယ့် သူ့အစ်ကို၏နည်းလမ်းက အတော်လေးကောင်းတယ်လို့ ထင်မိသည်။
“အစ်ကို… ကျွန်တော်လည်း အချိန်ရရင် လာသင်ပေးမယ်။”
“မင်းရဲ့ကျောင်းစာက ပိုအရေးကြီးတယ်။ ငါ သူတို့ကို နည်းနည်းသင်ပေးလို့ရတယ်။ မင်းကျောင်းတက်ခွင့်ရတဲ့အချိိန်မှပဲ အဲ့ဒီအကြောင်းပြောတာပေါ့။ ဘယ်လိုထင်လဲ? ဖေဖေက မင်းကို ပညာဆက်သင်ခိုင်းမှာလား အိမ်ပြန်ရမှာလား?”
ထန်ချွန်းမင်က သူ့ညှီလေးကိုမေးပြီး အိမ်နောက်ဖေးမှာ ကိရိယာများကို ချလိုက်သည်။
မူလမှတ်ဉာဏ်နှင့်ယှဥ်လျှင် သူ့မိထွေးက ပညာရှင်တွေအပေါ် အထင်ကြီးခြင်းမရှိတာကို ခံစားမိသည်။ ယင်းမှာ သူ့ဖခင်ကြောင့်ဖြစ်၏။ ကျေးလက်နေပြည်သူများအတွက် ပညာသင်ကြားဖို့ အမှန်ပင် ခက်ခဲ၏။
ထန်ချွန်းရုံက ပေါက်ပြားဖြင့် မြေတူးနေရင်း သူ့အစ်ကိုကိုမော့ကြည့်ပြီး ပြောလိုက်သည်။
“အစ်ကို၊ ကျွန်တော်စာမေးပွဲဖြေချင်ပေမယ့် ဖေဖေက သဘောမတူဘူး။ အစ်ကို… ကျောက်ဖျင်ချွမ်ကလည်း ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ဖေဖေက မောက်မာဝံ့ကြွားတတ်တာကိုသိမှာပေါ့။ ကျွန်တော် ပညာရှင်ဘွဲ့ကိုရရင် အနည်းဆုံးတော့ ကျောက်မိသားစုက အစ်ကို့ကို နှောင့်ယှက်လို့ရမှာမဟုတ်တော့ဘူး။”
“စာမေးပွဲအောင်တာတော့ ကောင်းပါတယ်။ တခြားအရာတွေကို ထည့်မတွက်ရင်တောင် မိသားစုအခွန် ကင်းလွတ်ခွင့်ရလိမ့်မယ်။”
ရှေးခေတ်မှာ ပညာရေးကလွဲရင် အရာအားလုံးက နိမ့်ပါးသည်။ သူ စာမေးပွဲအောင်တာနဲ့ နဂါးတံခါးဝကနေ ခုန်ချနိုင်သည့် ငါးကြင်းတစ်ကောင်ဖြစ်သွားပြီး အခြေအနေလည်း ချက်ချင်းကွာခြားသွားပေမည်။
ထန်ချွန်းမင်က ကျောင်းတွင်သင်ခဲ့ရသည့် စာသားတစ်ခုကို မှတ်မိနေသေးသည်။ ဖန်ကျင်းအမည်ရှိ လူတစ်ယောက် စာမေးပွဲဖြေဆိုခြင်းအကြောင်းဖြစ်၏။
ထိုလူသည် အသက်ကြီးလာစဥ်မှာလည်း မိသားစု၏အဆင့်အတန်းကို ပြောင်းလဲရန် ပညာသင်နေဆဲဖြစ်၏။ နောင်တွင် စာမေးပွဲအောင်သည်ဖြစ်စေ အရာရှိဖြစ်လာသည်ဖြစ်စေ အခွန်ကင်းလွတ်ခွင့်နှင့် လုပ်အားခွန်ကင်းလွတ်ခွင့်ရတာကြောင့် ကောင်းသည့်သဘောဖြစ်သည်ဟု ထန်ချွန်းမင် ခံစားခဲ့ရသည်။
“အစ်ကိုလည်း ထောက်ခံတယ်မလား?” ထန်ချွန်းရုံ၏ မျက်ဝန်းက ရုတ်တရက်တောက်ပလာသည်။
ထန်ချွန်းမင်ကပြုံးကာ ပြောလိုက်သည်။ “မင်းဖေဖေကို ဖျောင်းဖျချင်ရင်တော့ ငါ့ကိုသုံးလို့မရဘူး။ အဲ့ဒါက မင်းဖေဖေကို ပိုပြီး မကျေမနပ်ဖြစ်စေလိမ့်မယ်။ မင်းဖေဖေနဲ့ အရင်ဆုံးဆွေးနွေးကြည့်ပါလား? ဥပမာ စာမေးပွဲအကြိမ်ရေကို ကန့်သတ်ထားလားပေါ့။ မင်းစာမေးပွဲအောင်ရင် မင်းဖေဖေက အခက်မတွေ့တော့ဘူး။ ခြောက်နှစ်အတွင်း မအောင်ရင်တော့ မင်းက မင်းဖေဖေစီစဥ်တာကို နားထောင်ပြီး ကောတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးယူလိုက်။”
ထန်ချွန်းရုံက သူအစ်ကိုစကားကိုကြားတော့ လေးနက်သွားပြီး သဘောတူလိုက်သည်။ မိသားစုအခြေအနေက သူ့ကို စာမေးပွဲဆက်ဖြေခွင့်မပြုပေ။ အစ်ကိုပြောခဲ့သည့် အချက်အလက်ကမှန်သည်။ သို့သော် နောက်ဆုံးပိုင်းကို ကြားလိုက်သောအခါ ထန်ချွန်းရုံက ရှက်သွားပြီး သူ့အစ်ကိုကို လျစ်လျူရှုက အလုပ်ဆက်လုပ်လိုက်သည်။.
ထန်ချွန်းမင်က ရယ်လိုက်ပေမယ့် သူ့ညီလေးကို နှစ်သိမ့်လိုက်သည်။ “အရင်နှစ်နှစ်လောက်က ငါမကူညီနိုင်ခဲ့ဘူး။ ငါ့လက်ထဲပိုက်ဆံရှိလာရင် မင်းစိတ်အေးလက်အေး ကျောင်းသွားလို့ရတယ်။ ငါမင်းကိုထောက်ပံ့မယ်။”
ထန်ချွန်းမင်က သူလုပ်နိုင်တယ်ဆိုတာယုံသည်။ ယင်းမှာ သူ့ညီငယ်အတွက် သူ၏ရင်းနှီးမြှုပ်နှမှုလည်းဖြစ်သည်။ မိထွေးဖြစ်သူက သူ့လုပ်ဆောင်ချက်ကြောင့် သူနဲ့အတူ အဆင်ပြေအောင်နေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူ့ရင်ထဲမှာ တန်ဖိုးအရှိဆုံးက အားရုံဖြစ်သည်လေ….