Chapter 19.1
“စိတ်အားထက်သန်မှု”
ထန်ချွန်းရုံက ပညာရှင် ကျောက်ဖျင်ချွမ်နှင့်မတူပေ။ အလုပ်များသော စိုက်ပျိုးရာသီတွင် သူ အားလပ်ရပ်အိမ်ပြန်လာသည့်အခါ သူ့ဖေဖေနှင့်အတူ လယ်ကွင်းထဲမှာ ကူလုပ်ပေးလေ့ရှိသည်။ ပါးစပ်ဖွင့်ပြီး အစာစားဖို့ပဲတတ်သော ကျောက်ဖျင်ချွမ်နှင့် မတူပါပေ။
ကျန်းရှို့က အိမ်အလုပ်လုပ်ပြီးသောအခါတွင် သူ့သားနှင့် ထန်ချွန်းမင်ကို လာကြည့်ခဲ့သည်။ တစ်နေကုန်တော့ အိမ်နောက်ဘက်ရှိ မြေတစ်ဧကနီးပါး သန့်ရှင်းသွားလေ၏။
ထန်ချွန်းမင်က အားရုံကို ပြန်ပို့ဖို့ နွားလှည်းခေါ်လိုက်ပြီး အကြံပေးခဲ့သည်။ “မင်းဖေဖေနဲ့ ကောင်းကောင်းပြောနော်။ ခေါင်းမာမနေနဲ့။ မင်းဖေဖေအတွက် အရေးကြီးဆုံးကမင်းပဲ။ သူ ခဏလောက် ကန့်ကွက်ရင်တောင် အဆုံးမှာ မင်းဆန္ဒကို လိုက်လျောပေးလိမ့်မယ်။”
“စိတ်မပူပါနဲ့ အစ်ကို… ကျွန်တော် အရွယ်ရောက်လာပြီမို့ အသိဉာဏ်ရှိပါတယ်။ ကျွန်တော် အဖေကို စိတ်ဆိုးအောင်မလုပ်ပါဘူး။ အစ်ကို အိမ်မှာ ဂရုစိုက်ဦးနော်။ တစ်ခုခုဆိုရင် ကျွန်တော့်ကျောင်းကိုပဲဖြစ်ဖြစ် ဖေဖေ့ကိုပဲဖြစ်ဖြစ် စာပို့လိုက်ပါ။” ထန်ချွန်းရုံက လက်ယမ်းပြပြီး နွားလှည်းပေါ်တက်သွားသည်။
“မင်း ဦးလေးနဲ့အတူ ခရိုင်မြို့ကို လိုက်သွားမယ်ဆိုတာဟုတ်လား?” အိမ်ပြန်ရောက်တော့ အားလင်းကို အဖော်ပြုပြီး ထန်ချွန်းမင်ကို စောင့်နေသော ကျန်းရှို့က သူ့ကိုမေးလိုက်သည်။
“အင်း…ကျွန်တော် ဒီအတောအတွင်း အိမ်မှာနေရတာကြာတော့ မှိုတက်တော့မယ်။ ဒါကြောင့် အားလင်းကိုခေါ်ပြီး လမ်းလျှောက်ထွက်မလို့။” ထန်ချွန်းမင်က ထိုဆင်ခြေပေးလိုက်သည်။
“ဒါဆို မင်းလမ်းမှာသတိထားပါ။ တာရှန်ရဲ့ မြို့ပေါ်က အလုပ်မပြီးသေးလို့ မိသားစုကို လွှတ်ထားလို့မရလို့ပါ။ မဟုတ်ရင် ငါလည်းမင်းနဲ့အတူလိုက်ပြီး စောင့်ကြည့်လို့ရတယ်။” ကျန်းရှို့က ဝမ်းနည်းစွာပြောသည်။
“ရှန်းဖူလန်လည်းရှိလို့ စိတ်ပူစရာမလိုပါဘူး။”
ထန်ချွန်းမင်က သူ့ညီလေးယူလာပေးသော သကြားလုံးအထုပ်ကို သိမ်းထားလိုက်သည်။ ကလေးသုံးယောက်၏ နေ့စဥ်အိမ်စာကို ဆုချသည့်အနေဖြင့် တစ်ယောက်တစ်လုံး ကျွေးလိုက်သည်။ သူတို့၏ ဖေဖေက အလွန်ချွေတာတတ်တာကြောင့် တရုတ်နှစ်သစ်ကူးမှာ နည်းနည်းသာစားနိုင်သည်။
မကြာသေးခင်က ရွာမှာ ပျံနှံ့ခဲ့သော ကောလာဟလများအတွက်တော့ ထန်ချွန်းမင်၏ မှန်းဆချက်က မှန်ခဲ့သည်။
ဤရလဒ်ကို တခြားကလေးများမှတစ်ဆင့် တာမောင်းနှင့် အာမောင်းတို့က ရရှိခဲ့သည်။ ကျန်းရှို့က ထန်ချွန်းမင်ကိုပြောသောအခါ သူက ခေါင်းသာခါပြလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်မှာ တာမောင်းနှင့် အာမောင်းက သူ့ကို စာလုံးအသစ်ရေးနည်း သင်ပေးခိုင်းတာ မဆန်းတော့ချေ။ သူတို့က တခြားကလေးများနှင့် ဆက်ဆံရာမှာ ထိုစကားလုံးများကို အသုံးချခဲ့သည်။
ကျေးလက်ကလူတွေက ချမ်းသာသော လူတွေလောက် မထူးခြားပေ။ ချမ်းသာသော လူတွေက အတင်းပြောသောအခါ ကလေးတွေကို ရှောင်ကြပြီး တစ်ခါတစ်လေ ကလေးတွေပါးစပ်ကထွက်လာတာက ပိုမှန်တတ်သည်။
တာမောင်းနှင့် အာမောင်းက တခြားကလေးများ၏ ပါးစပ်ထဲမှ ကောလာဟလအရင်းအမြစ်ကို နှိုက်ချွတ်ရန် အပြန်အလှန်အနေဖြင့် နာမည်ရေးနည်းများ သင်ပေးခဲ့ပြီး ရလဒ်အနေဖြင့် တရားခံမှာ လီစုန့်ကမ်း၏ဇနီးဖြစ်ကြောင်း သိခဲ့ရသည်။
ထန်ချွန်းမင်က ထိုကိစ္စနဲ့ပတ်သက်ပြီး တာမောင်းနှင့် အာမောင်းတို့ တော်တယ်လို့ထင်မိသည်။ သူတို့က ထိုနည်းဖြင့် အတွေးကွန့်မြူးရာတွင် ဉာဏ်ရည်ထက်မြက်သည်။ စုတ်တံ၊ မှင်နှင့် စက္ကူဝယ်ဖို့ ပိုက်ဆံရှာသောအခါ သူပိုအားစိုက်သင့်လေသည်။ သူ့ဗိုက်ကြီးလာတာနဲ့အမျှ သူက ဘာမှမလုပ်နိုင်ပဲ အိမ်မှာပဲနေရလိမ့်မည်။ သူ သက်တောင့်သက်သာနေရဖို့ လက်ထဲမှာ ပိုက်ဆံနည်းနည်းရှိဖို့လိုသည်။
ကလေးမွေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းက ငွေအများကြီးကုန်ကျပေမည်။ သူက အပြင်မှာ ရုန်းကန်ဖို့ အချိန်မရှိတာကြောင့် ငွေအမြန်ဆုံးရှာဖို့လိုသည်။
မနက်ခင်းအစောပိုင်းတွင် ထန်ချွန်းမင်ကို အားလင်းကိုခေါ်ကာ တံခါးပိတ်ပြီး ကျန်းရှို့ကို သော့ပေးခဲ့သည်။ သူက သူ့ကို အိမ်က တိရစ္ဆာန်ပေါက်လေးတွေကို စောင့်ရှောက်ပေးဖို့ မှာခဲ့သည်။
အကြီးနှင့် အငယ်လေးနှစ်ယောက်က ရွာသူကြီးအိမ်ကို ရောက်လာခဲ့သည်။ ရှန်းဖူလန်က အသင့်ဖြစ်နေပြီး အံ့အားသင့်စရာကောင်းသည်မှာ ထန်ချွန်းမင်က လွန်ခဲ့သည့် ရက်အနည်းငယ်က ကောလာဟလထွက်ခဲ့သော ဇာတ်ကောင်လီဖုန်းကို တွေ့လိုက်ရသည်။ သူက ယခုရက်ပိုင်းမှာ အလုပ်များနေ၍ လီဖုန်း၏အိမ်က ပြင်ဆင်လို့ပြီးကာ ရွာကိုပြန်ပြောင်းလာခဲ့ပြီဖြစ်တာကို မေ့သွားခဲ့သည်။ တာမောင်းနှင့် အာမောင်းတို့က သူ့ဆီသွားရန် စိတ်အားထက်သန်နေသည်။ ကျန်းရှို့ကလည်း သူ့အိမ်မှာ တစ်ကြိမ်လောက် သွားကူညီပေးခဲ့ပုံရသည်။
ရှန်းဖူလန်က ထန်ချွန်းမင်ကိုတွေ့တော့ ပြောလိုက်သည်။ “မင်ကောအာ… ဒါက ဖုန်းရှောင်ကျစ်၊ မင်းသူ့ကိုမှတ်မိတယ််မလား။ ဖြစ်ချင်တော့ သူလည်း ဒီနေ့ ခရိုင်မြို့ကိုသွားမှာ ဒီတော့ ငါတို့ သူနဲ့ လမ်းကြုံလိုက်သွားလို့ရတယ်။ ငါတို့ သူနဲ့ဆို ပိုလုံခြုံလိမ့်မယ်။”
( ေရှာင်ကျစ်= ကလေး…အငယ်လေး…လူငယ်)
ရှန်းဖူလန်က ရွာထဲက ကောလာဟလကို သတိမထားမိပဲ သူတို့ကြားမှာ ဖြစ်ပျက်ခဲ့သည်ကို ကောင်းကောင်းသိသည်။ မင်ကောအာက စိတ်ထဲမထားကြောင်း ကျန်းရှို့ထံမှ သိခဲ့ရတာကြောင့် သူက ဖုံးကွယ်မနေတော့ပေ။
အမှန်တော့ ရွာကလူတော်တော်များများက သူတို့နှစ်ယောက်ကို မပေါင်းသင်းစေချင်ပေ။ လီဖုန်းက အသက်ကြီးသော်လည်း လက်မထပ်ရသေးသလို ထန်ချွန်းမင်ကလည်း ကလေးနှစ်ယောက်ရှိသည်။ သေချာတာက သူ့မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ကလေးတွေရှိတာကြောင့် သူ့လိုပင် ဇနီးဆုံးပြီး နောက်အိမ်ထောင်ပြုလိုသည့် မုဆိုးဖိုတစ်ယောက်ကိုသာ လက်ထပ်လို့ရမည်။
ထန်ချွန်းမင်က ကန့်ကွက်ခြင်းမရှိပေ။ “ကျွန်တော် လမ်းကြုံလိုက်စီးလို့ရရင် အဆင်ပြေပါတယ်။ ပြီးတော့ အရင်တစ်ခေါက်က အားလင်း အနိုင်ကျင့်ခံရတာကို ဒီအစ်ကိုကြီးကပဲ ကူညီပေးခဲ့တာ။ အားလင်း… သူ့ကို ဦးလေးဖုန်းလို့ခေါ်လိုက်။”
“ဦးလေးဖုန်း” အားလင်းက သူ့ဖေဖေ၏ အဝတ်စကိုဆွဲပြီး သူ၏နက်မှောင်သော မျက်ဝန်းက လီဖုန်းကိုတွေ့တော့ ချစ်စဖွယ်အပြုံးတစ်ပွင့်ပေးလိုက်၏။ သူ့သားက ထိုနေ့ကအဖြစ်အပျက်ကို မှတ်မိနေပုံရသည်။
“လိမ္မာတဲ့ကလေး… ဦးလေး မင်းကို လှည်းပေါ်တင်ပေးမယ်။ ဒီကိုလာ” လီဖုန်းက ဒူးထောက်ပြီး လက်ကမ်းလိုက်သည်။ အားလင်းက သူ့ဖေဖေ၏အမြင်ကို လှည့်မေးလိုက်သည်။ ထန်ချွန်းမင်က ခေါင်းညိတ်လိုက်တော့ အားလင်းက သူ့လက်ကိုလွှတ်ပြီး လီဖုန်းဆီ လျှောက်သွားသည်။ လီဖုန်းက သူ့ကို အမြင့်သို့ မြှောက်လိုက်တော့ သူက လန့်သွားပြီး လီဖုန်းလည်ပင်းကို ကမန်းကတန်းဖက်ကာ ခဏကြာတော့ တခစ်ခစ်ရယ်လိုက်လေသည်။