Chapter 19.2
Viewers 510

Chapter 19.2



“သွားရအောင်၊ ပစ္စည်းတွေအားလုံး လှည်းပေါ်တင်ပြီးပြီ။ လာပါ… ငါမင်းကိုကူညီပေးမယ်။ ဖြေးဖြေးတက်။” ရှန်းဖူလန်က လီဖုန်းနဲ့ ရှောင်အားလင်း အဆင်ပြေနေတာကို အံ့သြနေသည်။ သို့သော် မင်ကောအာကို ဂရုစိုက်ဖို့ အရေးကြီးသည်။

ရွာလူကြီးလီကျန့်၏ မိသားစုမှ မြင်းတစ်ကောင်က လှည်းကိုဆွဲသွားခဲ့သည်။ ရှန်းဖူလန်နှင့် ထန်ချွန်းမင် လှည်းပေါ်ရောက်သောအခါ လှည်း၏ရိုးတံပေါ်မှာ ထိုင်နေသော လီဖုန်းက ဘေးလှည့်၍ အားလင်းကို ရှန်းဖူလန်လက်ထဲပေးလိုက်သည်။ အားလင်းက နာခံစွာ သူ့ဖေဖေဘေးမှာ တိုးထိုင်ဖို့မကြိုးစားခဲ့ပဲ လီဖုန်းအသံပေးပြီးနောက်မှာ မြင်းလှည်းက ဖြည်းဖြည်းချင်းရွေ့သွားခဲ့သည်။



ရွာမှာ မွေးမြူရေးလုပ်ဖို့ တတ်နိုင်သည့် မိသားစုအများကြီးမရှိပေ။ ရွာသူကြီး၏မိသားစုမှ မြင်းလှည်းက သူတို့ကိုယ်တိုင်သုံးဖို့ဖြစ်၏။ နွားတစ်ကောင်ပိုင်သော နောက်ထပ်မိသားစုတစ်ခုက ကျောက်မိသားစု၏ တတိယဦးလေး ကျောက်လောင်လျိုဖြစ်ပေမယ့် သူတို့မိသားစု၏ ဘဏ္ဍရေးအခြေအနေက ရွာသူကြီးမိသားစုလောက်မကောင်းပေ။ သူတို့မိသားစု၏ နွားက လယ်ယာလုပ်ငန်းခွင်များတွင် အသုံး​ပြုပြီး ပုံမှန်အားဖြင့် မြို့နဲ့ရွာကို သွားလာရေးလုပ်သည်။ ရွာထဲမှ မိသားစုက အသွားအပြန် နှစ်ဆင့်ဖြင့် ခရီးသွားလို့ရပြီး ကျောက်လောင်လျိုက သူ့မိသားစုကို ထောက်ပံ့ဖို့ ထိုဝင်ငွေကို မှီခိုရသည်။ ယခင်က ထန်ချွန်းမင်သည် သူ့ညီလေးကို အိမ်ပြန်ပို့ရန် ထိုနွားလှည်းကို အသုံးပြုခဲ့တာဖြစ်သည်။

လီကျန့်မိသားစုက အပြင်ထွက်ဖို့ မြင်းလှည်းကိုအသုံးပြုပြီး လမ်းမှာ ရွာသားတစ်ယောက်နဲ့ဆုံရင် အလကား တင်ခေါ်သွားလေ့ရှိသည်။ ပိုက်ဆံနည်းနည်းချွေတာချင်သူများ သို့မဟုတ် ကလေးအတွက် သရေစာဝယ်ချင်သူများက မနက်ထွက်လာမယ့်အချိန်ကို​မေးပြီး လမ်းဘေးမှာ စောင့်နေတတ်သည်။


ရလဒ်အနေဖြင့် သူတို့ရွာဝင်ပေါက်ရောက်တော့ လှည်းပေါ်ကို လူအများကြီးတက်လာခဲ့၍ လှည်းပြည့်သွားသည်။ အားလင်းက ရှန်းဖူလန်၏လက်ထဲမှာ နာနာခံခံထိုင်နေပြီး အပြင်လူတွေ မရှိခင်ကလောက် စိတ်မရွှင်တော့ပေ။

တက်လာသူများထဲမှာ ထန်ချွန်းမင်နှင့် ရင်းနှီးသောသူက လီစုန့်ကမ်း၏ဇနီးဖြစ်သည်။ သူ့ကိုတွေ့တော့ အပြုံးတစ်ခုဖြင့် နှုတ်ဆက်လာပြီး ထန်ချွန်းမင်က သူ့ကို အရေထူတာပဲလို့တွေးလိုက်သည်။

တကယ်တော့ မြို့နဲ့ ခရိုင်မြို့က လမ်းကြောင်းမတူသော်လည်း သူတို့ကို လမ်းဆုံလမ်းခွမှချပေးလျှင် သူတို့က မြို့ထဲရောက်ဖို့ လမ်းအနည်းငယ်ပဲ လျှောက်ဖို့လိုသည်။ လမ်းဆုံတွင် ကျောက်လောင်လျို၏ နွားလှည်းလည်းရှိနေသည်။ သူက လီကျန့်အိမ်က မြင်းလှည်းကိုတွေ့တော့ ရှန်းဖူလန်ကို နှုတ်ဆက်လိုက်သည်။ “မင်း ကလေးနှစ်ယောက်ကိုတွေ့ဖို့ ခရိုင်မြို့ကိုသွားမှာလား?”

“ဟုတ်တယ်။ သူတို့စားဖို့ သောက်ဖို့ လိုအပ်တာလေးတွေ သွားပို့မလို့။ ဦးလေးလျို့.. ကျွန်တော်တို့ သွားလိုက်ပါဦးမယ်။” ရှန်းဖူလန်က အပြုံးတစ်ပွင့်ဖြင့် ဖြေလိုက်သည်။

“ကောင်းပြီ။ လမ်းမှာ သတိထားပါ။ ဒီနေ့ မင်းအတွက် လှည်းမောင်းပေးမယ့် ဖုန်းရှောင်ကျစ်ရှိနေတော့ ကောင်းပါတယ်။ ဟားဟား” ကျောက်လောင်လျိုက ရိုးရိုးရှင်းရှင်းနေထိုင်သူဖြစ်ပြီး အသက်ငါးဆယ်​ခြောက်ဆယ်အရွယ်ဖြစ်ပုံရသည်။

&&&

ထန်ချွန်းမင်က လီစုန့်ကမ်း၏ မိသားစုကို အဓိပ္ပါယ်ပါပါ ပြုံးပြပြီးနောက် လှည်းပေါ်မှာ တိတ်ဆိတ်နေလိုက်သည်။ အနောက်ဘက်မှ ကျယ်လောင်သောအသံက သူ့နားကိုစူးသွားစေသည်။ ကမ္ဘာကြီး၏ရှေးနန်းတော်မှ တတိယလူအမျိုးအစားဖြစ်သည့် မိန်းမစိုးနှင့်တူသော ထိုသူ၏အသံကို အလွန်ထူးခြားတယ်လို့ ခံစားလိုက်ရသည်။ သူ့စကားပြောပုံမှာ ဥဥပြီးခါစ ကြက်မအိုကြီးလိုပင်။

ကြက်မအိုကြီးက ထပ်ပြောလိုက်သည်။ “ကျန်းလန်ဟွာ ဒီရက်ပိုင်း အိမ်မှာပုန်းနေတာကိုသိလား? ငါမနေ့က သူ့အိမ်ကိုသွားခဲ့တယ်။ သူ ဆိုးဆိုးရွားရွား အရိုက်ခံထားရတယ်။ မျက်နှာနှစ်ဖက်လုံး ဖူးရောင်နေပြီး ငါ သေချာပြောပြမတတ်ဘူး။ မမှတ်မိနိုင်လောက်အောင်ကိုဆိုးတာ။ ကျန်းလန်ဟွာက ဟွမ်စစ်ကုံးအကြောင်းပဲတွေးနေတာ မထူးဆန်းတော့ပါဘူး။ ဟွမ်စစ်ကုံးမိသားစုက ဆင်းရဲပေမယ့် သူက သူ့ကောကို ရိုက်မှာမဟုတ်ဘူး။”


တချို့လူတွေက စုန့်ကမ်း၏ ဇနီးအိုကို မမြင်ချင်တာကြောင့် ပြောလိုက်လေ၏။ “မင်း သူနဲ့ သူငယ်ချင်းကောင်းမဟုတ်ဘူးလား။ မင်းက သူ့နောက်ကွယ်မှာ ရယ်မောပြီး လှောင်ပြောင်ပြောဆိုနေတယ်။ မင်းရဲ့စကားကို သူ့အိမ်ထောင်ဦးစီးကြားသွားရင် သူထပ်အရိုက်ခံရမယ်ဆိုတာ မင်းနားမလည်ဘူးလား။ သူ ခံစားရတာ မလုံလောက်သေးဘူးလို့ မင်းတွေးနေတာလား”

သူ့စိတ်ထဲမှာ တစ်ခုခုတော့ရှိသည်။ စုန့်ကမ်းမိသားစုနဲ့ သူငယ်ချင်းဖြစ်ရတာ တကယ်မကောင်းပေ။ ကျန်းလန်ဟွာက ယခုလိုဖြစ်အောင် လုပ်ခဲ့တာမှန်ပေမယ့် ယောကျာ်းဖြစ်သူ၏ အရိုက်ခံရတိုင်း လူတွေက သူ့ကိုစာနာနေဆဲဖြစ်သည်။ တကယ့်တော့ လူတိုင်းက အိမ်ထောင်သည် ယောကျာ်းများဖြစ်၍ ချစ်တတ်သော ကောကိုသာလိုချင်ကြသည်။

စုန့်ကမ်း၏ ဇနီးအိုကြီးက အလေးအနက်မထားပဲ ရယ်မောကာ ပြောလိုက်သည်။ “ငါဘာပြောမိလို့လဲ? တခြားသူတွေပြောသလိုမှမဟုတ်တာ။”

သူ့မျက်ဝန်းက ခေါင်းငုံ့ကာ ရို့ကျိုးနေသော ထန်ချွန်းမင်ဘက်လှည့်သွားသည်။ “ငါပြောခဲ့တာမဟုတ်ဘူး။ မင်ကောအာ…မင်းနောက်အိမ်ထောင်ပြုချင်ရင် မင်းကိုယ်တိုင်ရွေးချယ်လို့ရတယ်။ မင်ကောအာက ပညာတတ်ပြီး မျက်လုံးကောင်းတယ်။ မင်း ငါ့တူလေးကို သဘောကျရင် ဒီဦးလေးက မင်းကိုပေးပါ့မယ်။”

“မင်းသောက်ပါးစပ်ကိုပိတ်ထားလိုက်တော့။ အောက်ဆင်းပြီး လမ်းလျှောက်သွားချင်လား။” ရှန်းဖူလန်က စိတ်ဆိုးသွားသည်။ ကာယကံရှင်တွေက ဤနေရာမှာရှိနေပြီး ကမ်းမိသားစုက သူတို့ပါးစပ်ကို ထိန်းမနိုင်သိမ်းမရဖြစ်နေ၏။ တခြားသူတွေကို သူ့လိုအရှက်မရှိဘူး ထင်နေတာလား?

ထန်ချွန်းမင်က အစပိုင်းတွင် မတုံ့ပြန်ခဲ့ပေ။ သူက ထိုကောင်အရှက်ကွဲသွားမယ်လို့ မထင်ခဲ့ပေ။ သူက လှည်းပေါ်တက်လာတည်းက စကားတရစပ်ပြောနေပြီး လှည်းတစ်ခုလုံး သူ့အသံတစ်ခုပဲရှိသည်။ 


ရှန်းဖူလန်၏ ဆူပူကြိမ်းမောင်းမှုကြောင့် လီစုန့်ကမ်း၏မိသားစုက နှုတ်ခမ်းတွန့်သွားသည်။ သို့သော် ရှန်းဖူလန်က စကားနဲ့တင်မဟုတ်ပဲ တကယ်လုပ်မည်ဖြစ်ကြောင်းလည်း သူသိသည်။ ထိုအချိန်တွင် ထန်ချွန်းမင်က သူ့ကိုမော့ကြည့်ကာ သွားဖြဲပြပြီး ပြောလိုက်သည်။

“စုန့်ကမ်းမိသားစုက ကျွန်တော့်ကို ဒီလောက်ဂရုစိုက်မှန်း မသိခဲ့ဘူး။ ကျွန်တော်က နောက်အိမ်ထောင်ပြုဖို့လည်း မရည်ရွယ်ထားပါဘူး။ ဒါပေမယ့် စုန့်ကမ်းမိသားစုရဲ့ ကြင်နာပေးမှုကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ အစ်ကိုဖုန်းနဲ့ သူ့သူငယ်ချင်း အစ်ကိုယွိမုအကြောင်းလေ။ ခင်ဗျား ကျန်းလန်ဟွာကို သစ်ပင်အောက်မှာ ပြောခဲ့တာကို ကျွန်တော်ကြားပြီးပြီ။ ကျွန်တော် ယောကျာ်းနှစ်ယောက်ကို အမိဖမ်းနိုင်မှန်း​တောင် မသိခဲ့ဘူး။ ကမ်းမိသားစုက အရမ်းစိတ်အားထက်သန်နေတော့ ကျွန်တော့်ကို ဘယ်လိုလုပ်ရမလဲ သင်ပေးပါလား? ဒါပေမယ့် နောက်တစ်ခါကျရင် ကျွန်တော့်ကို လူပျိုလူလွတ်တွေနဲ့ မပေးစားပါနဲ့။ မဟုတ်ရင် ကလေးရှိတဲ့ကျွန်တော်က ရွာထဲက လူပျိုလူလွတ်တွေရဲ့ ရန်သူဖြစ်သွားလိမ့်မယ်။”

ထိုစကားများက လှည်းပေါ်ရှိ တခြားလူတွေကို အံ့အားသင့်စေရုံမကပဲ လှည်းမောင်းနေသော လီဖုန်းကပါ လှည့်ကြည့်လာပြီး လက်သီးဆုပ်ထားခဲ့သည်။ သူ့ဦးလေးက ယခုလေးတင် သူ့ခေါင်းခေါက်ခဲ့၍ ဆွေမျိုးဆက်ဆံရေးကို ဂရုမစိုက်တော့ပဲ ထိုးကြိတ်ချင်နေမိသည်။

အနည်းငယ်အသက်ကြီးသော ကောင်လေးက ရယ်လိုက်ပြီး “ဒါဆို မင်ကောအာရဲ့ အကြောင်း သတင်းထွက်​နေတာ စုန့်ကမ်းရဲ့ဇနီးအိုကြီးလက်ချက်ကိုး။ ခင်ဗျားရဲ့ အကြီးဆုံးတူလေးကို တကယ်ဂရုစိုက်တယ်ဆိုရင် အိမ်နဲ့မြေကို ပြန်ပေးရုံတင်မကဘူး။ လက်ထ​ပ်ဖို့လည်း စီစဥ်ပေးသင့်တယ်။ ယွိမုက စစ်တပ်အရာရှိဆိုတော့ မြို့ထဲမှာ ကောတစ်ယောက်တွေ့နိုင်လိမ့်မယ်။ ခင်ဗျားက ဖုန်းရှောင်ကျစ်ကိုပဲ ဂရုစိုက်သင့်တယ်။ မင်ကောအာပြောသလိုပဲ… သူက နောက်အိမ်ထောင်မပြုချင်တော့ ခင်ဗျားရဲ့တူလေးကို မိသားစုကောင်းကောင်းက ကောတစ်ယောက် ထပ်ရှာပေးလိုက်ပါ။”

“ဟုတ်တယ်။ ဖုန်းရှောင်ကျစ်က မငယ်တော့ဘူး။ မင်းက ဦးလေးတစ်ယောက်အနေနဲ့ ပိုဂရုစိုက်သင့်တယ်။” ​နောက်တစ်ယောက်က ​ထောက်ခံသည်။

“ဟုတ်တယ်..ဖုန်းရှောင်ကျစ်” ရှန်းဖူလန်ကလည်း လူအုပ်ကြီးနဲ့အတူ စနောက်လိုက်သည်။

“ဘယ်လိုကောမျိုးကို မင်းရှာချင်လဲ? မင်းဦးလေးကိုပြောလိုက်။ ဒါမှ သူစီစဥ်ပေးလို့ရမှာ။”

လီဖုန်းက စိတ်ပျက်လက်ပျက် နောက်လှည့်ကြည့်လိုက်ပြီး ထန်ချွန်းမင်၏ လှောင်ပြုံးနှင့် တခြားသူများ၏ နောက်​ပြောင်သည့်အမူအရာကို တွေ့လိုက်ရသည်။ စုန့်ကမ်းဇနီး၏ သွေးတစ်ပွက်အန်ချင်နေသော အမူအရာက သူ့ကို စိတ်သက်သာရာရစေသည်။

သူက မြင်းလှည်းမြည်သံနှင့်အတူ ပြန်ဖြေလိုက်သည်။ “စိတ်ထားကောင်းပြီး အိမ်ကိုစီမံနိုင်သရွေ့ အဆင်ပြေတယ်။ ရက်စက်တဲ့လူမျိုးမဖြစ်ရဘူး။ ရေတစ်ခွက်နဲ့ မေ့အောင်လု​ပ်ပြီး အိမ်မပြန်နိုင်တဲ့လမ်းကို ပို့ပစ်မယ့်လူမဖြစ်ရဘူး။ မဟုတ်ရင် လမ်းတစ်ဝက်မှာဖျားပြီး အသက်ဆုံးရှုံးရမလို ဖြစ်သွားလိမ့်မယ်။”

လီဖုန်းက သူလိုချင်သော ကောတစ်ယောက်၏ စံနှုန်းကို ပြောပြနေတယ်လို့ ထန်ချွန်းမင် မူလက ထင်ခဲ့သည်။ မမျှော်လင့်ထားစွာပင် ဖုန်း​ရှောင်ကျစ်က သူ့ဦးလေးကို လက်ညိုးထိုးကာ စစ်မှုထမ်းပို့ခံရသည့် အမှန်တရားကို ​ဖော်ထုတ်ခဲ့သည်။ အစပိုင်းမှာ ပြန်လာခဲ့သည့် လူအနည်းငယ်က သူဘယ်ရောက်နေလဲ မသိခဲ့တာ မဆန်းတော့ပေ။ သူက ခရီးစဥ်တစ်လျှောက်လုံး နေမကောင်းဖြစ်ခဲ့ပြီး တခြားသူတွေနဲ့ ကွဲသွားခဲ့တာဖြစ်၏။


လှည်းပေါ်က လူတွေက လီစုန့်ကမ်း၏ဇနီးကို ရှုတ်ချသောမျက်လုံးဖြင့် ကြည့်လိုက်သည်။ လီစုန့်ကမ်းက စိတ်ထဲမှာ ကျိန်ဆဲနေ၏။ ဒီကောင် ဘာလို့စစ်မြေပြင်မှာ မသေခဲ့တာလဲ… သူခံစားခဲ့ရတာကို ဘယ်သူက ညှစ်မေးနေလို့လဲ…