Chapter 20
Viewers 492

Chapter 20

“ခရိုင်မြို့”

လီဖုန်း၏စကားကြောင့် ခရိုင်မြို့သို့ သွားရာလမ်းတွင် လှည်းက တိတ်ဆိတ်သွားပြီး ဘီးလှည့်သံသာကြားနေရသည်။ ​နောက်ပိုင်းတွင် ရှန်းဖူလန်က တခြားသူများနှင့် စကားပြောဖို့ ခေါင်းစဥ်အသစ်တစ်ခုရသွားပြီး လူတိုင်းပါဝင်လာသည်။ လီစုန့်ကမ်း၏မိသားစုကို သူတို့နဲ့အတူ ခေါ်မလာရန် လူတိုင်းက သဘောတူခဲ့ကြသည်။ သို့သော် သူသည် အရှက်မရှိသဖြင့် လှည်းပေါ်တွင် တစ်လမ်းလုံးထိုင်နေပြီး ထန်ချွန်းမင်က မြို့ရိုးကဲ့သို့ ထူထပ်သည့် သူ၏အရှက်မဲ့မှုကို သဘောကျနေသည်။



“ဖုန်းရှောင်ကျစ်… မင်းဦးလေးက အဲ့လိုလုပ်ခဲ့တာလား၊ ပြန်လာတော့ ဘာလို့ ဘာမှမပြောခဲ့တာလဲ?”

“ဦးလေး…ဒါတွေအားလုံးက အတိတ်တွေပါ။ ကျွန်တော် အရင်နှစ်တွေမှာ အပြင်လောကကို အများကြီးမြင်ဖူးခဲ့တယ်။ သူတို့ကျေးဇူးတွေပဲ။”

လီဖုန်းအတွက် ပြောတာ မ​ပြောတာက ကွာခြားမှုမရှိပေ။ သူဘာမှမပြောခဲ့ရင် သူ့ဦီးလေးက သူ့ကို စစ်တပ်ထဲပို့ဖို့ ယုတ်မာသော နည်းလမ်းသုံးခဲ့တယ်ဆိုတာ ဘယ်သူမှမသိနိုင်ပေ။ ဒါပေမယ့် သိတော့ရော သူတို့ဘာလုပ်နိုင်မှာလဲ?

လွန်ခဲ့သည့်နှစ်တွေအတွင်းမှာ သူ့ဦးလေး၏မိသားစုက သူ့မိဘတွေ ချန်ထားခဲ့သော အိမ်နဲ့မြေကို အပိုင်သိမ်းပြီး သူတို့ကိုပြစ်ဒဏ်ပေးဖို့ ဘယ်သူမှရှေ့မတိုးခဲ့ပေ။ ရွာသားများ၏အတွေးကို နားလည်ပေမယ့် အပေါ်ယံနားလည်ပေးတာနဲ့တင် လုံလောက်သည်။ ထို့အပြင် သူ မြောက်ဘက်ကိုသွားပြီး အသက်ရှင်လျက် ပြန်လာနိုင်မယ်လို့ ဘယ်သူမှမသိခဲ့တာကြောင့် လီမိသားစုက လျစ်လျူရှုထားခဲ့သည်။

ရှန်းဖူလန်က ရွာထဲက အခြေအနေကိုသိသည်။ သူ့ခင်ပွန်းက အိမ်ထောင်ဦးစီးဖြစ်ပြီး သူ့အောက်တွင် အကြီးအကဲအများအပြားရှိသည်။ တစ်ခါတစ်လေ သူ့စကားတွေက မထိရောက်တာ​ကြောင့် ရွာလူကြီးက သူ့သားနှစ်ယောက်အတွက် မျှော်လင့်ချက်တွေရှိသည်။ တစ်​ယောက်က စာမေးပွဲအောင်ရင် အနည်းဆုံးတော့ အကြီးအကဲတွေက သူ့ကို နှိပ်ကွပ်မှာမဟုတ်တော့ပေ။

လီဖုန်းက အတိတ်အကြောင်းနဲ့ပတ်သက်ပြီး အများကြီးမပြောချင်တာ ထန်ချွန်းမင် သိလိုက်ပြီး နည်းနည်းတော့ သနားသွားသည်။ သူ့လက်ရှိအခြေအနေကိုမြင်တော့ စာနာစိတ်မရှိတော့ပဲ သူက ရှန်းဖူလန်ကို ခရိုင်မြို့က အခြေအနေအကြောင်း မေးလိုက်သည်။



သူတို့က အနောက်တံခါးမှ မြို့ထဲသို့ဝင်ခဲ့သည်။ ရှန်းဖူလန်၏အဆိုအရ သာမန်လူများက အနောက်ဘက်တွင် စုဝေးနေပြီး အရှေ့နှင့်တောင်ဘက်မှာ သြဇာကြီးပြီး ချမ်းသာသူများ နေထိုင်ရာအရပ်ဖြစ်သည်။

ဖြန့်ဖြူးရေးနဲ့ပတ်သက်ပြီး ခရိုင်မြို့ထဲတွင် အရှေ့စျေးကြီးနှင့် အနောက်စျေးကြီးလို့ခေါ်သော စျေးကြီးနှစ်ခုရှိသည်။ ၎င်းတို့က မတူညီသော လူအုပ်စုကို ပစ်မှတ်ထားတာကြောင့် စျေးကွက်နှစ်ခု၏ အဆင့်က အလွန်ကွာခြားသည်။

ရှန်းဖူလန်၏မိသားစုမှ ကောင်လေးနှစ်ယောက်တက်သော ကျောင်းက တောင်လမ်းတွင် တည်ရှိသည်။ ၎င်းကို အသက်ကြီးသော ပညာရှင်တစ်ဦးမှ တည်ထောင်ခဲ့ပြီး အန်ဖျင်ခရိုင်တွင် အလွန်ကျော်ကြားသည်။ ရွာလူကြီးမိသားစုမှ လူနှစ်​ယောက်က ထိုနေရာကို ဝင်နိုင်တယ်ဆိုတာ သူတို့က စာတော်လို့ဖြစ်ပြီး ရွာလူကြီးက သူတို့ကို ပျိုးထောင်ဖို့ ကြိုးစားနေတာဖြစ်၏။ 

ရှန်းဖူလန်၏မူလရည်ရွယ်ချက်မှာ ထန်ချွန်းမင်နှင့်အတူ သူ့သားကိုသွားတွေ့ပြီး ပစ္စည်းတချို့ဝယ်ရန် အ​နောက်ဘက်စျေးကို လမ်းလျှောက်ဖို့ဖြစ်သည်။ ဒါပေမယ့် ထန်ချွန်းမင်က ဒါကို ဘယ်လိုသဘောတူနိုင်မှာလဲ၊ မျက်လုံးစူးရှသောလီဖုန်းနှင့် ရှန်းဖူလန် အနားမှာရှိလျှင် မြို့တက်ကာ စျေးရောင်းမည့် အခွင့်အရေးကို ရှာနိုင်မှာမဟုတ်သဖြင့် သူက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။



ရှန်းဖူလန်က ထန်ချွန်းမင်၏မျက်နှာကိုလေ့လာပြီး သူ့ခန္ဓာကိုယ်က ကြမ်းတမ်းသော လမ်းကို မခံနိုင်ဘူးလို့ ထင်တာကြောင့် သူ့အစီအစဥ်ကို လက်လွှတ်လိုက်ရသည်။

“ဒါဆို ငါတို့ နောက်တစ်နာရီအတွင်း လန်ကျွီစားသောက်ဆိုင်မှာဆုံပြီး နေ့လည်စာစားကြမယ်။ ဒါပေမယ့် ဒီမှာက လူမျိုးစုံရှိတယ်။ အားလင်းနဲ့သွားတဲ့အခါ သတိထားနော်။ လီဖုန်းနဲ့ ငါပြန်လာခဲ့မယ်။”

“စိတ်မပူပါနဲ့။ အားလင်းနဲ့ ကျွန်တော် အားမော့ကို စောင့်နေပါမယ်။ အလျင်လိုဖို့မလိုပါဘူး။ အားမော့ရဲ့သားတွေက မတွေ့တာကြာလို့ ပြောစရာအများကြီးရှိမှာပဲ။” ထန်ချွန်းမင်က တစ်နာရီ နှစ်နာရီက သူ့အလုပ်ပြီးဖို့ လုံလောက်သည်ဟု တွေးနေသည်။



ရှန်းဖူလန်က ထန်ချွန်းမင်ကို ထူးဆန်းသောအကြည့်တစ်ချက် ပေးလိုက်သည်။ သူက နှစ်ယောက်လုံးအတွက် စိတ်ပူနေပေမယ့် မင်ကောအာက အတိတ်ကထက်ပင် တွေးတောဆင်ခြင်တတ်သည်။ သူက သူ့ပိုက်ဆံအခိုးအခံရအောင် ညွှန်ကြားချက်အနည်းငယ် ထပ်ပေးလိုက်သည်။ ရှန်းဖူလန်က လှည်းပေါ်တက်သွားခဲ့သည်။

“မင်းနဲ့ အားလင်းဂရုစိုက်နော်။ ပြီးတော့ တောင်းပန်ပါတယ်။”

 မမျှော်လင့်ထားစွာပင် ထန်ချွန်းမင်ကို တစ်ခါမှစကားမပြောဖူးသည့် လီဖုန်းက နောက်လှည့်ပြီး စကားတစ်ခွန်းပြောခဲ့သည်။ ထန်ချွန်းမင်က ခဏလောက် ပြောစရာပျောက်ရှသွားပြီး လီဖုန်း ဘာကြောင့် တောင်းပန်စကားပြောသည်ကို နားလည်သွားသောအခါ မြင်းလှည်းက ထွက်သွားခဲ့ပြီဖြစ်သည်။

အတင်းအဖျင်းဖြန့်သောသူတွေက သူ့ဦးလေး၏မိသားစုဖြစ်သည်ဟု ယူဆထားပုံရသည်။ 

ထန်ချွန်းမင်က ရယ်လိုက်သည်။ လီစုန့်ကမ်းတို့ တစ်မိသားစုလုံးက လီဖုန်းမရှိရင်တောင် သူ့အကြောင်းအတင်းအဖျင်းပြောတာ ရပ်သွားမယ်လို့ သူမထင်ပေ။ သူတို့မပြောခဲ့ရင် ပါးစပ်အနာဖြစ်သွားနိုင်သည်။

ထန်ချွန်းမင် ကျောက်မိသားစုနဲ့ စကားများသောနေ့တွင် လီစုန့်ကမ်းမိသားစုက သူနဲ့ပတ်သက်သည့် ထူးဆန်းသောအရာများ ရွဲ့စောင်းပြောခဲ့သည်။ ထန်ချွန်းမင်က ထိုလူစားမျိုး၏စကားကို စိတ်ထဲမထည့်ပေ။ သူ ဒီလူလတ်ပိုင်းကြွက်စုတ်နဲ့ ဖက်ဖြစ်ရင် အဆင့်နိမ့်သွားမှာမလား? သူ့စိတ်ထဲမှာ လူလတ်ပိုင်းကြွက်စုတ်က ကြွက်စုတ်တစ်ကောင်နှင့်တူသည်။ ထန်ချွန်းမင်က ကောတစ်ယောက်၏ ခန္ဓာကိုယ်ရှိသော်လည်း သူ့စိတ်က သန်မာသောယောကျာ်းတစ်ယောက်ဖြစ်သည်။

“ဖေဖေ…လူတွေအများကြီးပဲ။”

အားလင်းက သူ့ဖေဖေ၏လက်ကို ဆုပ်ကိုင်ကာ လူကွဲသွားမှာကိုစိုးရိမ်နေသည်။ သို့သော်လည်း သူ့မျက်လုံးက ရှေ့ကလူအုပ်နဲ့ လမ်းဘေးစျေးသည်တွေအပေါ် စူးစိုက်ကြည့်နေသည်။



“သွားရအောင်…ဖေဖေ.မင်းကိုအရသာရှိတာ ဝယ်ကျွေးမယ်။”



လမ်းဘေးစျေးသည်များအတွက် မရှိမဖြစ်လိုအပ်တာက သကြားလုံးဖြစ်၏။ သူ့မှတ်ဉာဏ်ထဲတွင် အားလင်းက ထိုသရေစာများကို တစ်ခါမှမစားဖူးပဲ တခြားမုန့်များကိုသာ စားဖူးသည်။



စျေးရောင်းသည့်လှည်းတွင် က​လေးများစွာရှိပြီး တချို့လူကြီးတွေက ထိုအရာကိုမြင်သောအခါ သူတို့ကလေးတွေအတွက် တစ်လုံးဝယ်လိုက်သည်။

ကလေးက အားရပါးရ ဝါးစားနေပြီး မစားရသော ကလေးများက သူ့ကို အားကျနေကာ သူတို့မိဘတွေကို ကြည့်ကာ ဝယ်ကျွေးခိုင်းနေ၏။

တချို့လူကြီးတွေက သူတို့ကလေးတွေကို ရက်ရက်စက်စက် အဝေးခေါ်ထုတ်သွားပြီး လူကြီးများ၏ စောင့်ကြည့်မခံရသော တချို့ကလေးများက အနံ့ရှုရန် ဝိုင်းဖွဲ့နေ၏။

“ဖေဖေ…အားလင်း မစားချင်ပါဘူး။” အားလင်းက အစားကြီးပေမယ့် ပိုက်ဆံသုံးရမှာကိုသိတော့ သူက တံတွေးသာ မျိုချလိုက်ပြီး ငြင်းဆန်ဖို့ ကြိုးစားလိုက်သည်။

“ဖေဖေ ပြောတာနားထောင်ပါ။” သူက လျှောက်သွားလိုက်ပြီး စျေးရောင်းသူကို ခေါ်လိုက်သည်။ “ညီလေး ငါ့ကို သကြားလုံးပေးပါ။”

“ဒီမှာပါ ကောငယ်လေးအတွက်။” စျေးရောင်းသူက စိတ်အားထက်သန်စွာတုံ့ပြန်ပြီး အားလင်းလက်ထဲသို့ သကြားလုံးထည့်ပေးလိုက်သည်။

အားလင်းက သူ့ဖေဖေ ပိုက်ဆံပေးလိုက်တာကိုကြည့်ပြီး နားမလည်နိုင်ဖြစ်သွားခဲ့သည်။ သူမွေးထားတဲ့ ကြက်ပေါက်လေး​တွေက ခုထိမကြီးသေးလို့ သူက သူ့ဖေဖေအတွက် ပိုက်ဆံမရှာရသေးဘူးလေ..

ထန်ချွန်းမင်က အသက်ပြင်းပြင်းရှူရင်း အားလင်းလက်ကိုဆွဲကာ လမ်းလျှောက်လိုက်သည်။ သူက သူလုပ်ချင်တာကို စိတ်ထဲမှာ အကြိမ်ပေါင်းများစွာ တွေးထားသည်။ နည်းနည်းတော့ အန္တရာယ်များပေမယ့် သူလုပ်ရမည်။ သူ့ခန္ဓာကိုယ်ထဲမှာ နေရာလွတ်ရှိမှန်း ဘယ်သူမှမသိပေ။

အားလင်းက သူ့လက်ကိုတွဲထားပြီး သူငုံ့​ကြည့်လိုက်တော့ နောက်တစ်ဖက်ဖြင့် သကြားလုံးကိုင်ဖို့ ကြိုးစားနေတာကို တွေ့လိုက်ရသည်။ “ဖေဖေ စားပါ။”

ကလေးက သူ့ဖေဖေကိုတွေးပြီး တစ်ကိုက်မှမကိုက်ရသေးပေ။ ထန်ချွန်းမင်က စိတ်ပျော့သွားကာ ပြောလိုက်၏။ “ဟုတ်ပြီ…ဖေဖေစားမယ်။ အားလင်းလည်းစား။”

သူက သူပြောသည့်အတိုင်း ငုံ့ကိုင်းကာ သကြားလုံးထိပ်ပေါ်က အရည်နည်းနည်းစားလိုက်သည်။ သူ့နှလုံးသားလေး ချိုမြိန်သွားသည်။ အားလင်းက ဝမ်းသာအားရပြုံးပြီး သူ့ဖေဖေကိုက်ထားသောနေရာကို ထပ်ကိုက်ပြီး မျက်လုံးလေးများ ကျဥ်းမြောင်းသွားသည်။

နာရီလေးပုံတစ်ပုံကြာတော့ ထန်ချွန်းမင်နှင့် အားလင်းတို့ အရှေ့စျေးကို ရောက်လာခဲ့သည်။ အရှေ့စျေးရှိဆိုင်များက လူချမ်းသာများပိုင်သည်။ ယင်းမှာ နေရာလွတ်ထဲရှိ ဟင်းသီးဟင်းရွက်များကို စျေးကောင်းကောင်းဖြင့် ရောင်းချနိုင်သော တစ်ခုတည်းသောနေရာဖြစ်၏။ ချမ်းသာသော မိသားစု၏ ဖန်လုံအိမ်များမှလွဲ၍ လတ်ဆတ်သော အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ဘယ်မှာမှမရနိုင်ပေ။ သာမန်လူများကလည်း မတတ်နိုင်ပေ။

အချိန်ကုန်သက်သာစေရန် သူနဲ့ အားလင်းက နွားလှည်းခေါ်ခဲ့သည်။ လမ်းမှာ လှည်းမောင်းသူနဲ့ ခဏလောက် စကားစမြည်ပြောပြီး မည်သည့် စားသောက်ဆိုင်ပိုင်ရှင်က ရိုးသားလဲသိခဲ့ရသည်။ မြို့တွင်းလမ်းများပေါ်ကို မောင်းနှင်ခဲ့သော လှည်းသမားက တ​ခြားသူတွေထက် အခြေအနေကိုပိုသိသည်။

ထန်ချွန်းမင်က စားသောက်ဆိုင်နှစ်ခုကို ပစ်မှတ်ထားလိုက်သည်။ ဘယ်ဘက်မှာ မင်လန်ကျွီနှင့် ညာဘက်မှာ ထင်ကျင့်ကောတို့ဖြစ်သည်။ နှစ်ဆိုင်လုံးမှာ ခမ်းနားသောနာမည်များရှိပြီး အရာရှိနောက်ခံများလည်းရှိသည်။ ၎င်းတို့က မြို့၏အကြီး​ဆုံးစားသောက်ဆိုင်နှစ်ခုဖြစ်၏။

သူတို့က မိုးမလင်းခင် အစောကြီးထွက်လာပြီး နောက်ထပ်နှစ်နာရီလောက် လမ်းပေါ်မှာနေခဲ့သည်။ ယခု မနက်ဆယ်နာရီကျော်လောက်ပြီး နေ့လည်စာစားချိန်မရောက်သေးပေ။ သို့ဖြစ်၍ ယခုချိန်တွင် စားသောက်ဆိုင်မှာ ဝင်ထွက်သွားလာနေသော ဧည့်သည့်သိပ်မရှိပေ။ ထန်ချွန်းမင်က သူနဲ့သူ့သားဝတ်ထားသော အဝတ်အစားအဟောင်းများကိုကြည့်ကာ သူတို့ကို ဝင်ခွင့်မပြုမှာစိုးရိမ်နေသည်။

“ဖေဖေ….” အားလင်းက သူ့လက်ထဲက သကြားလုံးကို ကိုက်ပြီး တစ်ယောက်တည်းမကုန်တာကြောင့် သူ့ဖေဖေကို ကျွေးချင်နေသည်။ သူ့ဖေဖေက စကားပြောရပ်သွားသောအခါ သူက သူ့လက်ကို လှု​ပ်ခါလိုက်သည်။

ထန်ချွန်းမင်က ထိုင်ချလိုက်ပြီး အားလင်း၏ ခန္ဓာကိုယ်ကိုပွေ့ဖက်ကာ စားသောက်ဆိုင်နှစ်ဆိုင်ကို လက်ညိုးထိုးပြီး​ ​မေးလိုက်သည်။

 “အားလင်း ဘယ်ဆိုင်ကိုကြိုက်လဲ? ဖေဖေ့အတွက် တစ်ခုရွေးပေး၊ ဖေဖေ သူတို့ကို အသီးအရွက်တွေ အများကြီးရောင်းပြီး ပိုက်ဆံအများကြီးရှာမယ်။”

အားလင်းက သူ့ဖေဖေပေးသော ကြီးလေးသည့်တာဝန်ကို ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေ၏။ ထင်ကျင့်ကောစားသောက်ဆိုင်တွင် ဆိုင်ရှင်က သက်ပြင်းချလိုက်သည်။ ဤရာသီက စားသောက်ဆိုင်အတွက် ခက်ခဲသည်။ သူဌေးက အစိမ်းရောင်ဟင်းသီးဟင်းရွက် တစ်သုတ်ပို့ပေးဖို့ မှာခဲ့သော်လည်း လမ်းတစ်ဝက်တွင် ဖြစ်လုခံခဲ့ရသည်။ ယင်းမှာ ထင်ကျင့်ကောစားသောက်ဆိုင်၏ မဟာရန်သူ မင်လန်ကျွီဖြစ်သည်။ မင်လန်ကျွီ၏ နောက်ခံက သူတို့ထက် ပိုခိုင်မာသည်။ သူဌေးဖြစ်သူက တခြားအရင်းအမြစ်များကို ရှာဖွေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

ထိုအချိန်တွင် ဆိုင်ရှင်က တံခါးနားမှာစောင့်နေသော စားပွဲထိုး၏အသံကို ကြားလိုက်ရသည်။ “ထွက်သွားစမ်း… ငါတို့သူဌေးဒီမှာမရှိဘူးလို့ ပြောထားတယ်လေ! လက်မခံဘူး! ငါတို့က ကျင့်ကောရဲ့စကားပဲနားထောင်တာ။”

“ရှောင်ရွှမ်ကျစ်… မင်းဘာတွေပြောနေတာလဲ?” ဆိုင်ရှင်က စိတ်ဆိုးသွားပြီး ဒေါသတကြီးအော်လိုက်သည်။



“ဆိုင်ရှင်..!” စားပွဲထိုးက အထဲဝင်လာပြီး ခါးခါးသီးသီးမျက်နှာနှင့် ပြောလိုက်သည်။ “ကျောင်းသားက ဒီကိုထပ်ရောက်နေတယ်။ အရင်တစ်ခေါက်က သူ့လက်ရေးက စံသတ်မှတ်ချက်မမီလို့ ထင်ကျင့်ကောမှာ အလုပ်ဝင်လို့မရဘူးလို့ သူဌေးပြောခဲ့တယ်မလား? သူက မယုံသေးလို့ နောက်တစ်ကြိမ် ကြည့်ပေးဖို့ သူဌေးကို တောင်းဆို​နေတယ်။”

 

ထင်ကျင့်ကောစားသောက်ဆိုင်က ပြေပြစ်သောလေထုကိုဖန်တီးရန် ကဗျာများ၊ လက်ရေးလှနှင့် ပန်းချီကားများကို စုဆောင်းကာ လူတွေကြည့်ရှုခံစားစေရန် နံရံမှာချိတ်ဆွဲထားသည်။ လူချမ်းသာစားသောက်ဆိုင်များက ထိုအရာများကို ချိတ်ဆွဲထားပြီး စာပေလောက၏အရသာကို ခံစားခွင့်ပေးထားသည်။ ကောင်းမွန်သောလေထုက စားသောက်ဆိုင်၏ အရည်အသွေးကို ကောင်းမွန်စေပြီး အဆင့်အတန်းမှီတယ်လို့ ထင်ရစေသည်။