Chapter 21.1
“ဟင်းသီးဟင်းရွက်များရောင်းချခြင်း”
“ခဏနေဦး။” ရှောင်ရွှမ်ကျစ် လူကို သွားပြန်မောင်းထုတ်တော့မှာကိုတွေ့တော့ ဆိုင်ရှင်က အမြန်တားလိုက်ပြီး တစ်ချက်ကြည့်ချင်ခဲ့သည်။ သူက သူ့သူဌေး၏အတွေးကိုသိသည်။ တစ်ခါတစ်ရံ သူက ကျောင်းသားများဆီက လက်ရေးလှနှင့် ပန်းချီကားချပ်များကို စုဆောင်းသည်မှာ အဖိုးတန်လို့မဟုတ်ပါပဲ ထိုနည်းဖြင့် ဆင်းရဲသော ကျောင်းသားများကို ထောက်ပံ့ပေးခြင်းသာဖြစ်၏။ တချို့သောပန်းချီကားချပ်များကို ဧည့်သည်တွေ ခံစားတတ်ပါ့မလား အာမခံချက်မရှိပေ။
သို့ဖြစ်၍ သုံးခဲ့သောပိုက်ဆံတွေက အချည်းနှီးမဖြစ်ပဲ ထိုက်တန်လိမ့်မည်။
“မင်း ဧည့်သည်တွေကို သွားကြိုဆိုလိုက်။ ငါတစ်ချက်သွားကြည့်လိုက်မယ်။”
ဆိုင်ရှင်က ထွက်သွားခဲ့သည်။
သူ တံခါးဝကိုရောက်တော့ ဖာထေးထားသော ဝတ်စုံကိုဝတ်ဆင်ထားသည့် ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရသည်။ ဆိုင်ရှင်ထွက်လာတာကိုတွေ့တော့ ကျောင်းသားက ရှေ့တိုးလာပြီး ဦးညွှတ်ကာ ရှင်းပြလိုက်သည်။
“ဆိုင်ရှင်… ကျွန်တော်က ထောင်ဟမ့်ပါ။ ခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်။ အရင်တစ်ခေါက် ကျွန်တော်ပြန်သွားတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တာမို့ သူဌေး နောက်တစ်ကြိမ်ကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်။”
ဆိုင်ရှင်က စီးပွားရေးကို နှစ်အတော်ကြာအောင် လုပ်လာခဲ့ပြီး အမြင်စူးရှသည်။ ဤကျောင်းသား၏ စိတ်အားထက်သန်ပုံကိုကြည့်ကာ သူက ထင်ကျင့်ကောစားသောက်ဆိုင်ကို ဝင်ရောက်ဖို့ ထပ်မံကြိုးစားလိုကြောင်း သိနိုင်သည်။
ယခု အင်ပါယာစာမေးပွဲက နီးလာသဖြင့် သူက စာမေးပွဲဖြေဖို့ ခရိုင်မြို့ကို သွားရဖွယ်ရှိသည်။ သူ့သူဌေးအကြောင်းတွေးက ဆိုင်ရှင်က အသာအယာပြုံးပြလိုက်သည်။
“ထောင်သခင်လေး….ငါ့သူဌေးက ဒီမှာမရှိပဲ ခရီးထွက်နေတာကြာပြီ။ ငါအရင်ကြည့်လို့ရမလား? ငါ စားသောက်ဆိုင်ရဲ့ တချို့ကိစ္စတွေကို ဆုံးဖြတ်ပေးလို့ရပါသေးတယ်။”
သူဌေးမရှိတာကိုကြားတော့ ကျောင်းသားက စိတ်ပျက်သွားပေမယ့် ဆိုင်ရှင်က ဆုံးဖြတ်ချက်ချနိုင်တာကို ကြားသောအခါ သူက ဝမ်းသာအားရဖြင့် မကြာသေးမီက ရေးဆွဲထားသော လက်ရေးလှကို ဂရုတစိုက်ပြလိုက်သည်။
“ ကျေးဇူးအများကြီးတင်ပါတယ်။ ဆိုင်ရှင် တစ်ချက်လောက်ကြည့်ပေးပါ။”
“ထောင်သခင်လေး… အရင်ဆုံးအထဲဝင်ပါဦး။”
ဆိုင်ရှင်က လက်ဟန်ပြပြီး ကျောင်းသားကို ဝမ်းသာအားရဝင်ခိုင်းလိုက်သည်။
ထန်ချွန်းမင်နှင့် အားလင်းက ထင်ကျင့်ကောစားသောက်ဆိုင်အနီးက လမ်းဘေးတွင်ရပ်နေသည်။
နောက်တော့ ဆိုင်ရှင်က အပြင်ထွက်လာကာ ကျောင်းသားကို အထဲဖိတ်ခေါ်လိုက်သည်။ သူက သူတို့သုံးယောက်ကြားက စကားဝိုင်းကို ရေးတေးတေးကြားလိုက်ရပြီး ကျောင်းသားက သူဌေးကိုပြဖို့ လက်ရေးလှယူလာကြောင်း သိလိုက်ပေမယ့် ဘာအကြောင်းအရာလဲတော့ မသိပေ။ သို့သော် ဆိုင်ရှင်က ကျောင်းသား၏ ဆင်းရဲနွမ်းပါးမှုကြောင့် အရှက်ရပြီး လှည့်မထွက်သွားခဲ့ပေ။ သူက ထိုကျောင်းသား ဘာလိုချင်လဲ လာကြည့်ခဲ့တာဖြစ်၏။
သို့ပေသိ အားလင်းက လက်ချောင်းထောင်ကာ ထင်ကျင့်ကော စားသောက်ဆိုင်ကို လက်ညိုးထိုးကာ ပြောလာသည်။ “ဖေဖေ… သား ဒီစားသောက်ဆိုင်ကိုရွေးတယ်။”
ထန်ချွန်းမင်က အံ့အားသင့်ကာ ပြောလိုက်၏။ “ဘာလို့လဲ?”
အားလင်းက အကြောင်းပြချက်ရှာမရပဲ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ဆိုင်ရှင်ဦးလေးက သဘောကောင်းတယ်။”
ထန်ချွန်းမင်က ရယ်မောလိုက်ပြီး သူ့ရင်သွေးကြီးကိုဖက်ရင်း ပြောလိုက်သည်။ “ဟုတ်ပါပြီကွာ… ဖေဖေအားလင်းစကားနားထောင်မယ်။ အဆင်ပြေလား စောင့်ကြည့်ကြတာပေါ့။ ဟုတ်ပြီလား?”
“ဟုတ်!”
သူ့ဖေဖေ ပြောတာကိုကြားတော့ အားလင်းက ကျယ်လောင်စွာ တုံ့ပြန်ပြီး ဝမ်းသာအားရပြန်ဖြေခဲ့သည်။
သားအဖနှစ်ယောက်က အကြာကြီးမစောင့်ခဲ့ရပေ။ ခဏကြာတော့ ဆိုင်ရှင်က ကျောင်းသားကို ပြန်လွှတ်လိုက်သည်။ ကျောင်းသားက အစပိုင်းကလို မရှက်တော့ပဲ သူ့မျက်နှာပေါ်တွင် ဝမ်းမြောက်မှုနှင့် ကျေးဇူးတရားကို ဖော်ပြနေ၏။ သူ တံခါးဆီလျှောက်သွားတော့ လှည့်ပြောလိုက်သည်။ “ဆိုင်ရှင်ချန်… ကျေးဇူးပါ။ ကျွန်တော် အရမ်းဝမ်းသာမိတယ်။ သူဌေးပြန်လာရင် ကျွန်တော့်ကိုယ်စား နှုတ်ဆက်ပေးပါ။”
“ကောင်းပါပြီ…ထောင်သခင်လေး… လုံခြုံတဲ့ခရီးဖြစ်ပါစေ၊ ငါ သူဌေးကို မင်းရဲ့စကားတွေ သေချာပေါက်ပြောပေးမယ်။ ကျင့်ကောရဲ့ စကားကို နားထောင်ကြည့်တာပေါ့။ ငါ့သူဌေးကြိုက်မယ်လို့ ယုံကြည်တယ်။”
“ကျေးဇူးပါ…” ကျောင်းသားက နှုတ်ဆက်ပြီး ထွက်သွားသည်။ တကယ်တော့ သူဌေးနှင့်ဆိုင်ရှင်က သူ့လက်ရေးလှကို လက်ခံပြီး ငွေပေးရသည့် အကြောင်းအရင်းမှာ သူ့လက်ရေးလှက ထူးချွန်နေလို့မဟုတ်ပဲ သူ့အခက်အခဲကို မြင်သွားလို့ဖြစ်၏။ ကျောင်းသားက အနာဂတ်မှာ အဆင်ပြေခဲ့လျှင် ထင်ကျင့်စားသောက်ဆိုင်၏ သူဌေးနှင့် ဆိုင်ရှင်အား ကျေးဇူးဆပ်မယ်လို့တွေးကာ ကျေးဇူးတင်စိတ်ဖြင့် ထွက်သွားခဲ့သည်။
ကျောင်းသား၏ခြေလှမ်းက ဤနေရာကို ရောက်လာစဥ်ကထက် ပိုပြီး သက်တောင့်သက်သာရှိနေတာကို တွေ့လိုက်ရသည်။ သူရောက်ခါစက သူ့ခါးက ပိုက်ဆံအိတ်ကို တစ်ချိန်လုံးဖိနေခဲ့တာပင်။ ထန်ချွန်းမင်က တစ်ခုခုကို ရေးရေးလေးနားလည်သွားပြီး ထင်ကျင့်စားသောက်ဆိုင်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။ သူ စိတ်ပိုင်းဖြတ်ပြီး အားလင်းလက်ကိုဆွဲကာ မတ်တပ်ထရပ်၍ ပြောလိုက်သည်။ “အားလင်း… အရင်ပြန်ရအောင် ပြီးမှပြန်လာမယ်။”
“ဟုတ်ကဲ့ ဖေဖေ…” အားလင်းက နာခံသည်။ သူ့ဖေဖေက ပစ္စည်းတွေကိုထုတ်ဖို့ နေရာရှာနေမှန်း သူသိပါ၏။ ဟင်းသီးဟင်းရွက်များထုတ်ရာမှာ တခြားသူတွေမြင်သွားလျှင် မကောင်းပေ။
နာရီလေးပုံတစ်ပုံကြာတော့ လူရှုပ်သောလမ်းပေါ်မှာ နွားလှည်းထွက်ပေါ်လာသည်။ လှည်းရှေ့တွင် ဖောင်းပွနေသော အဝတ်အစားနှင့် နက်မှောင်သော အသားအရည်ရှိသည့် ထိုလူက နွားလှည်းကို ထင်ကျင့်စားသောက်ဆိုင်ရှေ့သို့ မောင်းနှင်လာခဲ့သည်။
လှည်းက နောက်ဘက်တွင် ခြင်းတောင်များဖြင့်ပြည့်နေပြီး တစ်ခုချင်စီးကို ကောက်ရိုးဖြင့် ဖုံးထားတာကြောင့် အထဲမှာဘာရှိလဲ မသိရပေ။
ထိုအချိန်တွင် ဧည့်သည်အချို့က ညစာစားရန် ထင်ကျင့်စားသောက်ဆိုင်ကို ရောက်လာသော်လည်း ဧည့်သည်အရေအတွက်မှာ ဆန့်ကျင်ဘက်က မင်လန်စားသောက်ဆိုင်လောက် မများမှန်းသိခဲ့ရသည်။ တံခါးဝမှာ ဧည့်သည်တွေကို နှုတ်ဆက်နေသော ရွှမ်ကျစ်လေးက စားသောက်ဆိုင်ရှေ့က နွားလှည်းကို မြင်သွားပြီး အပြေးအလွှားသွားကာ ကြိမ်းမောင်းချင်ခဲ့သည်။ စားသောက်ဆိုင်ရှေ့မှာ ပိတ်ရပ်ထားခြင်းက ဆိုင်ကိုလာသော စားသုံးသူများကို ပိတ်ဆို့ထားရုံမကပဲ စားသောက်ဆိုင်၏ ပုံရိပ်ကိုလည်း ထိခိုက်စေသည်။
ဤနေရာကို လာစားသူများက မြင်းလှည်းများသာဖြစ်ပြီး နွားလှည်းဆွဲသည့်သူများမရှိပါပေ။ သို့ပေမယ့် သူပါးစပ်မဖွင့်နိုင်ခင်မှာ ဆိုင်ရှင်သင်ပေးထားသော အရာတစ်ခုကို သတိရသွားသည်။
ထိုအကြောင်းစဥ်းစားပြီးနောက် သူက ခြေလှမ်းအနည်းငယ်ရှေ့တိုးကာ အော်လိုက်၏။
“ဒီမှာ.. ခင်ဗျားဘာလုပ်နေတာလဲ… ခင်ဗျားက ကျုပ်တို့စားသောက်ဆိုင်ရဲ့ ဧည့်သည်တွေကို ပိတ်ဆို့ထားတာ မသိဘူးလား?”
ရောက်လာသူမှာ အခြေအနေကို ထောက်လှမ်းရန် ဤနေရာကိုရောက်ခဲ့ဖူးသော ထန်ချွန်းမင်ဖြစ်သည်။ ဟုတ်ပါ၏။ သူ အသီးအရွက်ရောင်းချင်လျှင် တခြားသူများ၏ မျက်လုံးအောက်မှာ ပေါ်ပေါ်ထင်ထင်လုပ်လို့မရပေ။ ထို့အပြင် သူက ဟင်းအမယ်အများကြီးကို တစ်ပါတည်းသယ်လာလို့မရသဖြင့် အဝေးမှ လူသူကင်းမဲ့သောလမ်းကို ရှာတွေ့ခဲ့ပြီး အားလင်းနဲ့အတူ နေရာလွတ်ထဲဝင်သွားခဲ့သည်။
သူက အရင်ဆုံး ဝတ်စားဆင်ယင်ပြီး ရုပ်ဖျက်ခဲ့သည်။ သူက ကျောက်တာဟူထားခဲ့သော ချည်သားပိတ်အပေါ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့မျက်နှာကို နက်ပြာရောင်ဖြင့် ပုံသွင်းထားတာကြောင့် သူ့အသားအရောင်က ပို၍ပင် နက်မှောင်နေ၏။
သူက မျက်ခုံးနှင့် မျက်တောင်ကို ချိန်ညှိရန် လက်ကျန်မီးသွေးကို တမင်အသုံးပြုခဲ့သည်။
သူဘာကြောင့် ယခုလိုလုပ်လဲ မအံ့သြလေနှင့်။ ခေတ်နှင့်အညီ လိုက်လျောညီထွေနေတတ်သော လူတစ်ယောက်အနေဖြင့် သူက သူ့အသွင်အပြင်ကို မမှတ်နိုင်လောက်အောင် ဖုံးဖိချင်ခဲ့သည်။
ရုပ်ဆိုးနေလည်း ကိစ္စမရှိပေ။ သူပြီးသွားတော့ သူ့နားမှာ လမ်းပတ်လျှောက်နေသော အားလင်းက မျက်လုံးပြူးသွားပြီး ထန်ချွန်းမင်က သူ့ကို နေရာလွတ်ထဲခေါ်လာလို့ ပျော်နေလေသည်။
အဝတ်အစားလဲပြီးနောက် သူက အားလင်းကို နေရာလွတ်ထဲမှာ ထားခဲ့ပြီး တစ်ယောက်တည်း အထီးကျန်နေမှာစိုး၍ စိတ်စွမ်းအားအသုံးပြုကာ တစ်ချိန်လုံးစကားပြောနေခဲ့သည်။ ထို့နောက် သူ ယခုနက စီးလာသော နွားလှည်းအငှားဆိုင်ကို ရှာတွေ့ခဲ့ပြီး နွားလှည်းတစ်စီးငှားခဲ့သည်။ ငွေဆယ်ပြားရင်းထားရပြီး အောင်မြင်မလား ကျရှုံးမလားဆိုတာ ၎င်းပေါ်မူတည်၏။
နွားလှည်းငှားပြီးနောက် လျှို့ဝှက်နေရာတစ်ခုကို ရောက်လာပြီး နေရာလွတ်ထဲမှာ ပြင်ဆင်ခဲ့သော ဟင်းသီးဟင်းရွက်များကို နွားလှည်းပေါ်တင်လိုက်သည်။ ထို့နောက် သူက ထင်ကျင့်စားသောက်ဆိုင်ကို မောင်းလာခဲ့သည်။
ထန်ချွန်းမင်က ချွေးပျံနေသည်။ “ညီလေး… ငါ ဆိုင်ရှင်နဲ့ ဆွေးနွေးစရာလေးရှိလို့ပါ။ အဆင်ပြေမလား?”
ထန်ချွန်းမင်က ယဥ်ယဥ်ကျေးကျေးမေးလိုက်သည်။
ရှောင်ရွှမ်ကျစ်က ထန်ချွန်းမင်ကို သံသယဖြင့်ကြည့်လိုက်သည်။ ထိုလူက လုပ်ငန်းရှင်လိုမဝတ်ထားပေ။ သူက သူ့နောက်က နွားလှည်းကိုကြည့်ကာ မေးလိုက်သည်။ “ခင်ဗျားဘာရောင်းမှာလဲ? ကျုပ်ကိုအရင်ပြောပါ။ ကျုပ်ဆိုင်ရှင်ကို ကူမေးပေးမယ်။ ကျုပ်တို့ဆိုင်ရှင်က အရမ်းအလုပ်ရှုပ်နေလို့ လူတိုင်း သူ့ကိုတွေ့လို့မရဘူး။”
စားပွဲထိုးက အသက်မကြီးသေးပဲ ဆယ့်ငါး ဆယ့်ခြောက်လောက်သာ ရှိပြီး ကြီးစိုးလွန်းပုံမပေါ်ပေ။ သူ့အတွေးများက သူ့မျက်နှာပေါ်မှာ ရေးထားပြီး ထန်ချွန်းမင်က ခဏလောက်စဥ်းစားကာ သူ့ကို လက်ယပ်ခေါ်လိုက်သည်။
ရှောင်ရွှမ်ကျစ်က သူ့ကို သံသယဖြင့် ကြည့်ကာ ရဲရဲဝံ့ဝံ့ရှေ့တိုးလာသည်။ သူက အမျိုးသားတစ်ယောက်ဖြစ်ပြီး တစ်ဖက်လူက ကောတစ်ယောက်ဖြစ်ကာ လက်ရှိ သူတို့က စားသောက်ဆိုင်ရှေ့မှာရှိနေသည်။ သူက မကြောက်ပဲနေပါ့မလား? ထန်ချွန်းမင်က ခြင်းတောင်းကို နည်းနည်းလေးဖွင့်ပြီး အထဲက ဟင်းသီးဟင်းရွက်များကို ပြလိုက်သည်။
ရှောင်ရွှမ်ကျစ်၏မျက်ဝန်းက ပြူးကျယ်သွားပြီး သူက အပြည့်အစုံကြည့်ရဖို့ မစောင့်နိုင်တော့ပေ။ အထဲမှာ ဘာတွေရှိလဲ သေချာသွားသည့်အခါ သူက ထန်ချွန်းမင်နဲ့ စကားမပြောတော့ပဲ ဆိုင်ထဲကို လှည့်ပြေးသွားခဲ့သည်။
ထန်ချွန်းမင်က စိတ်သက်သာရာရသွားသည်။ ဤစားပွဲထိုးက သူ့အတွေးများကို မဖုံးကွယ်ထားပေ။ သူ၏တုံ့ပြန်မှုအရ စားသောက်ဆိုင်က လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ လိုအပ်နေတာ သိသာသည်။
ထန်ချွန်းမင်က ဤစီးပွားရေးမှာ ယုံကြည်ချက်ရှိသည်။ ခဏကြာတော့ ရှောင်ရွမ်ကျစ်က ယခုနက သူမြင်ခဲ့သော ဆိုင်ရှင်ကို ဆွဲခေါ်လာခဲ့သည်။
လူလတ်ပိုင်းအရွယ် ဆိုင်ရှင်က ယခုလို ဆွဲခေါ်ခဲ့ရတာကို မခံမရပ်နိုင်ဖြစ်ပြီး တံခါးဖွင့်ကာ ရှောင်ရွှမ်ကျစ်၏လက်ကို ဒေါသတကြီးရိုက်ထုတ်ပြီး ပြောလိုက်၏။
“နောက်တစ်ခါဒီလိုလုပ်ရင် အိမ်ပြန်ပြီး မင်းမိဘတွေကိုပဲ ပြုစုနေလိုက်။ ဧည့်သည်ကိုစော်ကားတဲ့အတွက် မင်းဘာပြန်လုပ်ပေးမလဲ?”
ရှောင်ရွှမ်ကျစ်က စိုးရိမ်တကြီး ထခုန်ကာ သူ့ရှေ့က နွားလှည်းကို ညွှန်ပြလိုက်သည်။ “လှည်းပေါ်က ပစ္စည်းတွေ ဦးလေးကိုပြဖို့ စိတ်စောနေလို့ပါ။”
ထို့နောက် သူက ဆိုင်ရှင်နားကို တိုးသွားကာ နားထဲမှာ တီးတိုးပြောလိုက်၏။ ဆိုင်ရှင်၏မျက်နှာက ရုတ်တရက်ပြောင်းလဲသွားပြီး ယခုနက ဒေါသအရိပ်အယောင် မကျန်တော့ပေ။ သူက လှည်းရှေ့ကလူကို အံ့အားသင့်စွာ ကြည့်နေပြီး ရှောင်ကျစ်နဲ့အတူ ပြုံးပြလိုက်သည်။
ဆိုင်ရှင်က မူလက ထိုလူကို နှုတ်ဆက်ဖို့ စိတ်မဝင်စားခဲ့ပေ။ သူက ခြေလှမ်းအနည်းငယ်ရှေ့တိုးကာ ခြင်းတစ်ခုပေါ်မှ ကောက်ရိုးကိုလှန်တင်လိုက်သည်။ သူ့မျက်ခုံးနှင့် မျက်လုံးကြားရှိ အပြုံးက ဖုံးကွယ်ထားလို့မရခဲ့ပေ။