Chapter 21.2
“ဟင်းသီးဟင်းရွက်များရောင်းချခြင်း”
သို့ရာတွင် သူ ဆိုင်ရှင်ဖြစ်လာတာ နှစ်အတော်ကြာပြီဖြစ်၍ သူ့ပျော်ရွင်မှုကို အမြန်ဖုံးလိုက်နိုင်သည်။ ထန်ချွန်းမင်က သူ့ကိုစိုက်ကြည့်မနေဘူးဆိုရင်တော့ သိလိုက်မှာမဟုတ်ပေ။
သို့ပေမယ့် ဆိုင်ရှင်နဲ့ ရင်းနှီးပုံရသော စားပွဲထိုးလေးကို ကျေးဇူးတင်ရမည်။ စားပွဲထိုးက ဆိုင်ရှင်ကဲ့သို့ မပါးနပ်သဖြင့် ထင်ကျင့်စားသောက်ဆိုင်မှာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို အရေးတကြီး လိုအပ်နေကြောင်း ထန်ချွန်းမင် သေချာသည်။ သို့ဖြစ်၍ မရောင်းနိုင်မှာ သို့မဟုတ် စျေးကောင်းကောင်းဖြင့် မရောင်းရမှာ မစိုးရိမ်ရတော့ပေ။
ဆိုင်ရှင်က ခြင်းတောင်းကို ကောက်ရိုးဖြင့် အမြန်ပြန်ဖုံးလိုက်သည်။ သူ့မျက်နှာက ငြိမ်သက်သွားပေမယ့် ကောက်ရိုးနဲ့ထိမိသော သူ့လက်ချောင်းများက တုန်ယင်နေသည်။ ယင်းမှာ လတ်ဆတ်နေပြီး အရည်အသွေးက ရာသီပေါ် ဟင်းသီးဟင်းရွက်များထက်ပင် ပိုလတ်ဆတ်နေသည်။ သူ ထန်ချွန်းမင်ကို ပြန်ကြည့်လိုက်တော့ ထန်ချွန်းမင်ကလည်း သူနှင့် ရှောင်ရွှမ်ကျစ်ကို အပြုံးတစ်ခုဖြင့်ကြည့်နေသည်။
ဧည့်သည်က ရှောင်ရွှမ်ကျစ်၏ တုံ့ပြန်မှုကို မြင်ပြီးကြောင်း ဆိုင်ရှင် ရုတ်တရက် နားလည်သွားပြီး ကိစ္စပြတ်သွားကြောင်း သိလိုက်ရသည်။ ဆိုင်ရှင်က ရှောင်ရွှမ်ကျစ်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်ပြီး ထန်ချွန်းမင်ဘက်လှည့်ကာ ပြုံးပြလိုက်သည်။
“လူကြီးမင်း… ကျုပ်တို့နောက်ဖေးကိုသွားပြီး ဆွေးနွေးကြမလား? ကျုပ်တို့စားသောက်ဆိုင်က အမြဲတမ်းရိုးသားခဲ့တာမို့ မင်းကို စိတ်မပျက်စေရပါဘူး။”
“ကောင်းပါပြီ။ ဆိုင်ရှင်က လမ်းပြပေးပါ။”
ထန်ချွန်းမင်က နွားလှည်းကိုဆွဲကာ ဆိုင်ရှင်နောက်လိုက်သွားသည်။ ခဏတာလဲလှယ်ပြီးနောက်မှာ ဆိုင်ရှင်၏မျိုးရိုးနာမည်က ချန်ဖြစ်ကြောင်းသိလိုက်ရပြီး သူက ဆိုင်ရှင်ကို ဆိုင်ရှင်ချန်လို့ခေါ်လိုက်၏။
ဆိုင်ရှင်ချန်က သူ့နာမည်ကိုမေးလာသောအခါ ထန်ချွန်းမင်က အားလင်း၏ရှေ့နာမည်ကိုပဲ သူ့မျိုးရိုးနာမည်အဖြစ် သုံးလိုက်ပြီး သူ့ကိုယ်သူ လင်းလို့ခေါ်ခဲ့တာကြောင့် ဆိုင်ရှင်ချန်က သူ့ကို လင်းဖူလန်လို့ခေါ်ခဲ့သည်။
ဆိုင်ရှင်ချန်က ရှောင်ရွှမ်ကျစ်ကို မောင်းထုတ်လိုက်သည်။ အနှီကောင်လေး အနားမှာရှိနေတာက ဒုက္ခဖြစ်စေသည်။ ဆိုင်ရှင်က အခွင့်အရေးကို တခြားလူလက်ထဲရောက်သွားမှာစိုး၍ သူက ထိုလူကို အထဲခေါ်လာရပေမည်။ မဟုတ်လျှင် တစ်ဖက်လမ်းက မင်လန်ကျွီတွေ့သွားပြီး ဘယ်လိုဒုက္ခဖြစ်လာမလဲ မသိနိုင်ပေ။
ထို့အပြင် သူ့မျက်လုံးထဲတွင် လင်းဖူလန်မှာ နက်မှောင်သောအသားအရေနှင့် အဝတ်အစားက ညစ်ပတ်နေ၍ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ရရှိနိုင်တာကို ယုံရခက်သော်လည်း ထိုနေရာတွင် ရပ်နေသော အမျိုးသားမှာ ပိုးထည်နှင့် ဖဲဝတ်ထားသလို ကြည့်လင်သောမျက်ဝန်းဖြင့် ပြုံးပြနေ၏။ သူ့သဘောထားက အေးချမ်းသဖြင့် လူတွေက လျှော့မတွက်ဝံ့ကြပေ။
ထန်ချွန်းမင်က ဆိုင်ရှင်၏စိတ်ထဲတွင် ဖြစ်ပျက်နေတာကို သိပါက သူ့နှလုံးသားထဲက ဆိုးသွမ်းသူမှာ အောင်ပွဲခံကာ ရယ်နေလိမ့်မည်။ ဟားဟား…ဒါသရုပ်ဆောင်တာပဲ။ ရှေးခတ်လူကြီးတွေကို သူ့လိုလူက လှည့်စားနိုင်မယ်လို့ မထင်ခဲ့ဘူး။
နွားလှည်းက နောက်ဖေးသို့ ရောက်သောအခါ ထန်ချွန်းမင်က ခြင်းတောင်းထဲမှ ကောက်ရိုးကို မလိုက်သည်။
“ ကျေးဇူးပြုပြီး ဆိုင်ရှင်က ကုန်ပစ္စည်းတွေကို အရင်စစ်ဆေးလိုက်ပါ။ အန်ဖျင်ခရိုင်တစ်ခုလုံးမှာ ဒီလိုအရသာရှိတဲ့ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေကို မရနိုင်ဘူးလို့ အာမခံတယ်။ ကျွန်တော့်ရဲ့ ဟင်းသီးဟင်းရွက်တွေကိုသုံးရင် ခင်ဗျားရဲ့ ထင်ကျင့်စားသောက်ဆိုင် ပိုကောင်းလာပြီး စားသုံးသူတွေ ပိုများလာမယ်လို့ အာမခံတယ်။”.
ထန်ချွန်းမင်က စကားပြောကောင်းသူတင်မဟုတ်ပဲ လက်တွေ့ကျသော လုပ်ဆောင်ချက်များကိုပါ လုပ်ဆောင်တတ်သူဖြစ်၏။ ချက်ကျလက်ကျပြောဆိုခြင်းက လူအများကိုဆွဲဆောင်ရန် အယုံကြည်ရဆုံးနည်းလမ်းဖြစ်သည်။ သို့ဖြစ်၍ သူက ခြင်းတောင်းထဲမှ သခွားသီးတစ်လုံးထုတ်ကာ နှစ်ခြမ်းခွဲလိုက်သည်။
သူက တစ်ကိုက်ကိုက်ကာ စားလိုက်ပြီး နောက်တစ်ခြမ်းကို ဆိုင်ရှင်ချန်အား ပေးကာ ပြောလိုက်၏။ “မြည်းကြည့်ပြီးရင် ကျွန်တော်အပိုပြောတာမဟုတ်မှန်း သိလိမ့်မယ်။”
အရည်ရွှမ်းသော သခွားသီးက မျက်စိပဒေသာဖြစ်ပြီး လင်းဖူလန်က ယုံကြည်မှုရှိနေတာကို တွေ့ရသဖြင့် ဆိုင်ရှန်ချန်က တစ်ခြမ်းကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။ ချက်ချင်းပင် လတ်ဆတ်သောရနံ့က သူ့ပါးစပ်ထဲ တိုးဝင်လာ၏။ ဆိုင်ရှင်ချန်က သခွားသီး၏အရသာကို ဘယ်လိုဖော်ပြရမှန်းမသိပေ။ ရာသီပေါ်သခွားသီးတွေတောင် ယခုလောက် အရသာမကောင်းပါချေ။
သူက တခြားဟင်းသီးဟင်းရွက်များမှ နည်းနည်းချွေပြီး ပါးစပ်ထဲထည့်လိုက်သည်။ သူ့မျက်လုံးကတောက်ပသွားသည်။ ဤအစိမ်းရောင်ဟင်းသီးဟင်းရွက်များဖြင့်ဆိုလျှင် တစ်ဖက်ခြမ်းက မင်လန်ကျွီစားသောက်ဆိုင်၏ ဖိနှိပ်ခံရမှုအတွက် စိုးရိမ်စရာမလိုတော့ပေ။
“လင်းဖူလန်က ဘယ်လောက်လိုချင်လဲမသိဘူး။ အိမ်မှာရောကျန်နေသေးလား?”
ဆိုင်ရှင်ချန်က ဉာဏ်ကောင်းသည်။ ဤဟင်းသီးဟင်းရွက်များက လက်ရှိရာသီတွင် ထိပ်တန်းဖြစ်၏။ သူတို့ ဤလမ်းကြောင်းကို ဆုပ်ကိုင်ထားနိုင်လျှင် ထင်ကျင့်လုပ်ငန်းက အမှန်တကယ် ကြီးပွားလာပေမည်။
ထန်ချွန်းမင်ကလည်း အရောင်းသမားတစ်ဦးဖြစ်တာကြောင့် ဆိုင်ရှင်ချန်၏ စကားမှ နက်နဲသောအဓိပ္ပါယ်ကို နားလည်သည်။ သူက ဤလုပ်ငန်းကို ယခုမှစလုပ်ဖူးသလို ဟန်ဆောင်ကာ လက်ကိုဝှေ့ယမ်းပြလိုက်သည်။
“အန်ဖျင်ခရိုင်ကိုလာရတာမလွယ်ပါဘူး။ ဆိုင်ရှင်က စျေးနှုန်းနဲ့ပတ်သက်ပြီး သဘောကောင်းမယ်လို့ ယုံကြည်တယ်။ ဒါမှ ကျွန်တော်က ကျွန်တော့်သူဌေးကို ပြန်ရှင်းပြပြီး ဆိုင်ရှင်နဲ့ နောက်တစ်ကြိမ် အလုပ်လုပ်ခွင့်ရမှာပါ။”
ဆိုင်ရှင်ချန်၏ပါးစပ်က တုန်လှုပ်သွားကာ သူက သဘောကောင်းတယ်ဆိုသော စကားကို အတည်ယူလိုက်သည်။ ထိုစကားကြားတော့ ယခုတစ်ခေါက်ပေးသော စျေးနှုန်းကိုမကျေနပ်ရင် နောင်မှာ သူ့သူဌေးနဲ့ပူးပေါင်းနိုင်ဖို့ အခွင့်အရေးရှိမှာမဟုတ်ပေ။
ထန်ချွန်းမင်ပြောခဲ့သော သူဌေးဆိုသူကိုတော့ ဆိုင်ရှင်က သံသယမဝင်ခဲ့ပေ။ ယခုလိုအေးသောရာသီမှာ ဖန်လုံအိမ်တစ်ခုတည်းကပဲ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ပြီး ဖန်လုံအိမ်စျေးက မနည်းလို့ပင်။
အရေးကြီးဆုံးက ဖန်လုံအိမ်ပိုင်သော သူဌေးက စားသောက်ဆိုင်ကို လုံးဝလာမှာမဟုတ်ပေ။ လင်းဖူလန်၏ ဝတ်စားဆင်ယင်ပုံအရ ဖန်လုံအိမ်ဝယ်နိုင်မယ်မထင်ပေ။
“ဒါဆို မူရင်းဝယ်စျေးပေါ်မှာ ၅၀% ထပ်တိုးပေးရင်ရော? ပြီးတော့ လင်းဖူလန်လည်း ကျုပ်တို့စားသောက်ဆိုင်ကို ဆက်လက်တင်သွင်းနိုင်ဖို့ မျှော်လင့်တယ်။”
“၅၀%?” ထန်ချွန်းမင်က မူရင်းစျေးနှုန်းကိုမသိသော်လည်း တိုးလာသောပမာဏက မနည်းတာတော့ သေချာသည်။
“ကောင်းပါပြီ။ ဆိုင်ရှင်က ရိုးသားတယ်လို့မြင်မိတယ်။ ကျွန်တော်ထပ်မတောင်းတော့ဘူး။ တစ်ယောက်ယောက်နဲ့ ပစ္စည်းတွေကို စစ်ဆေးလိုက်ပါ။ အထဲမှာရှိတဲ့ ပစ္စည်းတွေက အပေါ်ကပစ္စည်းနဲ့ အရည်သွေးတူတူပါပဲ။ ကျွန်တော်တို့က ဆိုင်ရှင်ချန်တို့လို ရိုးသားပြီး သဘောကောင်းတဲ့လူတွေကို လှည့်စားမှာမဟုတ်ပါဘူး။”
ဆိုင်ရှင်ချန်က ပြောစရာပျောက်ရှသွားသည်။ အနှီကောက “ရိုးသားတယ်” ဆိုတဲ့ စကားလုံးကို အရမ်းတန်ဖိုးထားပုံပဲ။ ထို့အပြင် လူတွေနဲ့စကားပြောသောအခါ သူ့ပုံစံက အမျိုးသားတစ်ယောက်နဲ့တူပြီး အမူအရာက ကျေနပ်စရာကောင်းလှသည်။ ယခုထိတော့ သူဌေးက ဘယ်သူလဲမပြောသေးပေ။ ဆိုင်ရှင်ချန်က ဤဟင်းသီးဟင်းရွက်များကို အရင်ဝယ်ပြီး နောက်မှစဥ်းစားလို့ရသည်။ အတိုချုပ်ပြောရလျှင် သူက တစ်ဖက်လူ ကျေနပ်လောက်သော စျေးနှုန်းကိုပေးရမည်ဖြစ်၍ နောင်မှာ ထိုလူ ဟင်းသီးဟင်းရွက်ရောင်းသောအခါ ထင်ကျင့်စားသောက်ဆိုင်ကို ဦးစားပေးလိမ့်မည်။
ဆိုင်ရှင်ချန်က လူတစ်ယောက်ကိုခေါ်ကာ ပစ္စည်းစစ်ခိုင်းခဲ့သည်။ သူက စာရင်းစာအုပ်ကိုယူပြီး အမျိုးအစားအလိုက် စျေးနှုန်းများကို ရေးလိုက်သည်။ အသီးအရွက်အမျိုးမျိုးမှာ စျေးနှုန်းအမျိုးမျိုးရှိသည်။ ဥပမာဆိုရရင် သခွားသီးက မုန်လာဥထက် စျေးပိုကြီးသည်။
အဆုံးမှာ ထန်ချွန်းမင်ရောင်းချခဲ့သည့် ပစ္စည်းပမာဏာစုစုပေါင်းက ကတီ၅၀၀ ကျော်သွားပြီး ငွေလေးဆယ့်နှစ်ပြားရခဲ့သည်။
ထန်ချွန်းမင်က မျက်နှာပေါ်တွင် တည်ငြိမ်သော်လည်း စိတ်ထဲမှာ ပျော်ရွှင်နေ၏။
ဆိုင်ရှင်ချန်က အမှန်ပင်ရိုးသားသူဖြစ်၏။ ထန်ချွန်းမင် ပိုက်ဆံယူပြီးတော့ နွားလှည်းယူကာ ထွက်သွားခဲ့သည်။ သူက သဘောကောင်းသော ဆိုင်ရှင်ကို နှုတ်ဆက်ဖို့လည်းမမေ့ပေ။
“ဆိုင်ရှင်ချန်… ကျွန်တော်ပြန်ရင် ကျင့်ကောအကြောင်း ကောင်းတာလေးတွေ သေချာပေါက်ပြောပေးမှာပါ။”
ထို့နောက် သူက ဘောင်းဘီခါကာ ထွက်သွားခဲ့သည်။ ဆိုင်ရှင်ချန်က မျှော်လင့်ချက်အပြည့်ရှိနေပေမယ့် ထိုလူက ဘယ်တော့မှပြန်မလာတော့ဘူးဆိုတာ မသိခဲ့ပေ။ သူဘယ်လောက်ရှာရှာ အသားမည်းသော ကောတစ်ယောက်ကို ရှာတွေ့နိုင်မှာမဟုတ်ပေ။