Chapter 22
Viewers 496


Chapter 22

“စိုးရိမ်ပူပန်ခြင်း”



အပြင်ဘက်ရှုခင်းကို နေရာလွတ်ထဲကနေ ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ ထန်ချွန်းမင်က နေရာလွတ်ထဲမှာ ဆယ်မိနစ်နေပြီး လမ်းကြားထဲတွင် လူမလာတာကိုတွေ့မှ သူက အားလင်းနှင့်အတူ နေရာလွတ်မှ လမ်းကြားထဲသို့ ထွက်လာခဲ့သည်။



မူလပုံစံကို ပြန်ပြောင်းပြီးသော ထန်ချွန်းမင်က အားလင်းကို အောက်ချကာ သူ့လက်ကိုကိုင်ပြီး လမ်းကြားထဲမှထွက်သွားခဲ့သည်။



“အားလင်း… မင်းဘာစားချင်လဲ ဖေဖေ့ကိုပြော။ ဖေဖေ ဝယ်ပေးမယ်။”



ထန်ချွန်းမင်က တစ်ဖက်လူ၏လက်ကို အားရပါးရ လှု​ပ်ခါလိုက်သည်။ နေရာလွတ်ထဲမှာ ငွေပြားငါးဆယ်ကျော်ရှိသည်။ သူဌေးဖြစ်လာပြီးနောက် သူက သူ့သား၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်သည်။



သူ့ဖေဖေက ဟင်းသီးဟင်းရွက်များကို ရောင်းရခဲ့တာ သိလိုက်သော အားလင်းက အရမ်းပျော်နေသည်။ သူက ခေါင်းမော့ကာ တောက်ပသော မျက်ဝန်းဖြင့် မေးလိုက်လေ၏။



“ဖေဖေ… သား တာမောင်းနဲ့ အာမောင်းအတွက် သကြားလုံးချိုချဥ်ဝယ်လို့ရလား?”





“ဖေ့ဖေ့သားလေးအတွက် ချက်ချင်းဝယ်ပေးမယ်။ အိမ်ရောက်ရင် သားကိုယ်တိုင်ပေးလိုက်… ဟုတ်ပြီလား?”



ထန်ချွန်းမင်က သူ့သား၏ရက်ရောမှုကို ချက်ချင်းလက်ခံလိုက်ရသည်။ သူက တွန့်တိုသောကလေးတစ်ယောက် မဖြစ်စေချင်ပေ။



“ဟုတ်ကဲ့!” ကျောက်လင်းက ကြက်ပေါက်လေး အစာကောက်သလို ခေါင်းညိတ်လိုက်သည်။





သားအဖနှစ်ယောက်က အနောက်စျေး​ကိုပြန်လာခဲ့ပြီး ရှန်းဖူလန်၊ တခြားသူများနှင့် ချိန်းထားသော အချိန်နီးလာတာကို တွေ့လိုက်ရသည်။ ထန်ချွန်းမင်က သကြားလုံးသုံးလုံးထပ်ဝယ်ကာ ခြင်းတောင်းထဲထည့်ပြီး စျေးဝယ်ထွက်ဖို့ပြင်လိုက်သည်။



သားဖြစ်သူကို အသားဆိုင်သို့ခေါ်လာသောအခါ သူ့မျက်လုံးများက တောက်ပနေခဲ့သည်။ သူက အရိုးစွပ်ပြုတ်နဲ့ ဝက်အသည်းကို ရံဖန်ရံခါ စားလေ့ရှိပြီး ဤနေရာကို ရောက်ရှိလာပြီးနောက် သူ့အာသီသကိုဖြည့်ဖို့ အသားတုံးကြီးများကို စားခြင်းက လက်လှမ်းမမှီသည့် ဇိမ်ခံပစ္စည်းဖြစ်လာခဲ့သည်။ ယခုတစ်ကြိမ်၌ ထန်ချွန်းမင်က ပိုက်ဆံအိတ်ပြည့်နေသဖြင့် အသားစားချင်စိတ်ကို ဖြည့်ဆည်းဖို့ ဆုံးဖြတ်ခဲ့သည်။ 

သူက တစ်ပေါင်လျှင် ဒင်္ဂါပြားဆယ့်လေးခုပေးရသည့် ဝမ်းဗိုက်သား နှစ်ဆယ်ကတီလှီးပေးဖို့ သားသတ်သမားကို ပြောခဲ့သည်။ သူ၏သုံးစွဲမှုကြောင့် လူလိမ်ဖြစ်နေမလားဟု ဆိုင်ရှင်က အံ့သြခဲ့ရသည်။







သားသတ်သမားက ငွေလက်ခံပြီးနောက် ပြုံးပြကာ စိတ်ကောင်းဝင်နေသဖြင့် အသားမပါသော အရိုးနည်းနည်းကို အလကားကျွေးခဲ့သည်။

ယင်းမှာ ကြာရွက်ဖြင့် ထုပ်ပိုးထားပြီး ခြင်းတောင်းထဲကို ထည့်လိုက်သည်။ ထန်ချွန်းမင်က ခြင်းတောင်းကို ထပ်မံကောက်ယူလိုက်တာနဲ့ အသားက နေရာလွတ်ထဲသို့ ကူး​ပြောင်းပြီးပြီပင်။



ထို့နောက် ထန်ချွန်းမင်က သူ့သားကိုဆွဲကာ သကြား၊​ရှာလကာရည်၊ ဂျုံဖြူနှင့် ဆန်တို့ကို လိုက်ဝယ်ခဲ့သည်။ သူက လမ်းတစ်လျှောက်မှာ သူ့သားအတွက် မုန့်မျိုးစုံကိုလည်း ဝယ်ခဲ့သည်။ နောက်ဆုံး၌ သူက စာရေးကိရိယာဆိုင်ကို ရောက်လာခဲ့ပြီး စာရွက်နှင့် စုတ်တံများဝယ်ခဲ့သည်။



ပြီးနောက် သူတို့က ချိန်းထားသော လန်ကျီးစားသောက်ဆိုင်ကို အမြန်သွားခဲ့သည်။ တံခါးဝမရောက်ခင်မှာ သူတို့က သူတို့ကိုလိုက်ရှာနေသော လီဖုန်းနဲ့ဆုံခဲ့သည်။



ပြေးလွှားရင်း စိတ်လှုပ်ရှားပြီး မောပန်းနေတာကြောင့် သားအဖနှစ်ယောက်၏ မျက်နှာက နီနေသည်။ အားလင်းက သူ့ဖေဖေ၏လုပ်ရပ်များကြောင့် အစပိုင်းကလို ရှက်ရွံ့​ကြောက်လန့်ခြင်းမရှိတော့ပေ။





လီဖုန်း၏နက်မှောင်သော မျက်နှာကို တွေ့လိုက်ရသောအခါ ထန်ချွန်းမင်က ကမန်းကတန်း​တောင်းပန်လိုက်သည်။





“တောင်းပန်ပါတယ်။ ကြည့်နေရင်း အချိန်မေ့သွားလို့ပါ။ ခင်ဗျားစောင့်ရတာကြာပြီလား?”



အားလင်းက ဝမ်းသာအားရခေါ်လိုက်သည်။ “ဦးလေးဖုန်း!”



လီဖုန်းက သူ့ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲမသိပေ။ သူတို့နှစ်ယောက်ကို ထားခဲ့ရလို့ စိတ်မသက်မသာဖြစ်ခဲ့ရသည်။ အနောက်စျေးမှာ လူအများကြီးရှိပြီး ထန်ချွန်းမင်က ကလေးနှင့် လူကွဲသွားနိုင်သည်။ ထိုနေရာမှာ လူကုန်ကူးသူများအပါအဝင် လူမျိုးစုံရှိသည်။ သားအဖနှစ်ယောက်က ထိုလူတွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်သည်။

သူသာ ကြိုသိခဲ့ရင် သူနဲ့အတူ ယွိမုကိုခေါ်လာပြီး သူတို့ကို​ စောင့်ကြည့်ခိုင်းထားကာ သူစိတ်မပူရတော့မှာဖြစ်၏။



သူ ထိုအတွေးများကို ထုတ်ဖော်မပြခဲ့ပေမယ့် ကံအားလျော်စွာ ရှန်းဖူလန်က သူတို့နှစ်ယောက်ကို စိတ်မချတာ​ကြောင့် ကျောင်းမှာအကြာကြီးမနေပဲ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက် မြင်းလှည်းရပ်ပြီး လန်ကျီးစားသောက်ဆိုင်ကို ရောက်သောအခါ အကြီးလေးနဲ့အသေးလေးကို လုံးဝရှာမတွေ့ခဲ့ပေ။

လီဖုန်းက လက်သီးဆုပ်ထားပြီး သူ့မှာ သူတို့ကို အပြစ်တင်ခွင့်မရှိတာကြောင့် သူက ငုံ့ကိုင်းကာ အားလင်းခေါင်းကို ပုတ်ပေးလိုက်သည်။ “လိမ္မာတဲ့ကလေး”



ထို့နောက် သူက ထန်ချွန်းမင်ဘက်ကို လက်ဆန့်လိုက်သည်။ ထန်ချွန်းမင်က သူ့ရှေ့ကလက်ကို အူလည်လည်ဖြင့် ကြည့်လိုက်သည်။ လက်ဖဝါးက အလွန်ကြီးမားကြမ်းတမ်းသည်။



“ခြင်းတောင်း” လီဖုန်း၏အသံနက်ကြီး ထွက်ပေါ်လာပြိး ထိုမှသာ ထန်ချွန်းမင်က သူ၏ဆိုလိုရင်းကို နားလည်ခဲ့သည်။



အနှီလူက သူ့ပစ္စည်းတွေကို ကူသယ်ပေးချင်တာပင်။ ထိုလူက စိတ်ထားကောင်းသော အမျိုးသားတစ်ယောက်ဖြစ်သည်။ ထန်ချွန်းမင်က အမျိုးသားတစ်ယောက်ဖြစ်ပြီး ပစ္စည်းအများစုကို နေရာလွတ်ထဲမှာထားခဲ့၍ သယ်စရာနည်းနည်းပဲကျန်သော်လည်း သူ၏ မကျန်းမာသော ခန္ဓာကိုယ်နှင့် ပြေးလွှားနေရသဖြင့် အချိန်တိုအတွင်းမှာ ပင်ပန်းလာခဲ့သည်။ သို့ဖြစ်၍ သူက ​ခြင်းတောင်းကို လီဖုန်းလက်ထဲပေးကာ ပြောလိုက်သည်။ “ကျေးဇူးပါ”

လီဖုန်းက ခြင်းတောင်းကို နောက်ကျောမှာသယ်ပြီး အားလင်းကိုချီကာ ထန်ချွန်းမင်၏ ယခုနကမေးခွန်းကို ဖြေလိုက်၏။ “မကြာသေးဘူး။ ရှန်းဖူလန် အထဲမှာစောင့်နေတယ်။”



ထို့နောက် သူက နောက်လှည့်ကာ လမ်းပြလိုက်သည်။



သူ့ရှေ့လှည့်ပြီး လမ်းလျှောက်သွားတာကိုတွေ့တော့ ထန်ချွန်းမင်က စိတ်သက်သာရာရသွားသည်။ လီဖုန်းက သူ့ရှေ့မှာရပ်ပြီး နက်နဲသောမျက်ဝန်းဖြင့် ကြည့်လာသောအခါ အကြောင်းတချို့ကြောင့် သူက ဖိအားများစွာ ခံစားလိုက်ရသည်။





သူ့ရှေ့ကလူကို မော့ကြည့်လိုက်မိသည်။ သူ ယခုနက ခံစားခဲ့ရသော ဖိအားက အရပ်ကွာခြားမှုကြီးကြောင့် ဖြစ်နိုင်ပြီး သူက ထိုလူ၏အရပ်ကို ရုတ်တရက် မနာလိုဖြစ်သွားခဲ့သည်။



ထန်ချွန်းမင်က လက်ဗလာဖြင့် လီဖုန်းနောက်ကို လိုက်သွားပြီး လန်ကျီးစားသောက်ဆိုင်ထဲ ဝင်သွားခဲ့သည်။



လီဖုန်းချီထားသော ကလေးကို ထွက်ကြည့်နေသည့် ရှန်းဖူလန်၏မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေတာကို သူတွေ့လိုက်ရသည်။ လီဖုန်းက လျှောက်သွားလိုက်ပြီး ရှန်းဖူလန်လက်ထဲ ကလေးအပ်ကာ သူသယ်လာသော ခြင်းတောင်းကို စားပွဲဘေးက ကြမ်းပြင်ပေါ်ချလိုက်သည်။ ထိုမှသာ ရှန်းဖူလန်က ခြင်းထဲက ပစ္စည်းအများကြီးကို တွေ့သွားပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မင်ကောအာ အများကြီးဝယ်ခဲ့တာပဲ။” 



“သကြားလုံးချိုချဥ်လည်းပါတယ်။” အားလင်းက ​လက်ထဲတွင် သကြားလုံးသေးသေးလေးကို ကိုင်ထားသည်။



သူတို့သုံးယောက် စကားပြောနေတုန်း လီဖုန်းက သူ့လက်ထဲက ပစ္စည်းကိုချကာ သူတို့အတွက် စားစရာပြင်ပေးလိုက်သည်။



သူတို့ရှေ့မှာ အသားစွပ်ပြုတ်ပန်းကန်လုံးကြီး ရောက်လာသောအခါ ထန်ချွန်းမင်က အံ့အားသင့်ကာ ခေါင်းမော့ပြီး ကျေးဇူးတင်လိုက်သည်။



ထိုလူက မထင်မှတ်ထားတာတွေ အမြဲလုပ်နေသည်။ ဤလူ့အဖွဲ့အစည်းတွင် အမျိုးသားများက လေးစားခံရပြီး အမျိုးသားမျိုးချစ်ဝါဒီ ကြီးစိုးထား၍ ကောတွေကို စားဖွယ်တည်ခင်းပေးသော အမျိုးသားများ သိပ်မရှိပါပေ။



အထူးသဖြင့် ထိုလူက အားလင်းကို ခေါက်ဆွဲကျွေးဖို့ သူဌေးဖြစ်သူထံမှ ပန်းကန်လေးတစ်လုံးပါ အဆစ်တောင်းပေးခဲ့သည်။ ရှန်းဖူလန်က အပြုံးတစ်ခုဖြင့် အရွှန်းဖောက်လိုက်သည်။ “ဖုန်းရှောင်ကျစ်က စကားနည်းပေမယ့် တခြားသူတွေကို ဂရုစိုက်ပေးတတ်မယ်လို့ မထင်ထားခဲ့ဘူး။ မင်းကိုကြိုက်တဲ့သူကတော့ တကယ်ကောင်းချီးပေးခံရမှာပဲ။”



ထန်ချွန်းမင်က ဇလုံအလွတ်ထဲကို ခေါက်ဆွဲထည့်လိုက်ပြီး ပန်းကန်လုံးကြီးတစ်လုံးက သားအဖနှစ်ယောက်အတွက် လုံလောက်သည်။ သူက လက်ကျန်သကြားလုံးကို လွှင့်ပစ်လိုက်ပြီး တူတစ်စုံကိုင်ကာ အားလင်းကို သူ့ဖာသာစားစေသည်။



ထိုစကားကြားတော့ သူက လီဖုန်းကို ကြည့်လိုက်မိသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ၏ နေလောင်နေသော မျက်နှာပေါ်မှာ အထွေးအထူးမရှိသော်လည်း သူရှက်သွေးဖြာနေတယ်လို့ ထန်ချွန်းမင်ခံစားမိပြီး စိတ်ထဲမှာ ပျော်ရွှင်သွားမိသည်။





လီဖုန်းက ရှန်းဖူလန်၏စကားကို မကြားသလိုပင် ခေါက်ဆွဲကို ဖြည်းဖြည်းချင်းစားနေ၏။ ရှန်းဖူလန်ကလည်း ထူးဆန်းတယ်လို့ မထင်ခဲ့ပါပေ။ အနှီလူက ကြောက်ဖို့ကောင်းပေမယ့် စိတ်ထားကောင်းတာကိုသိသည်။ ယင်းမှာ အားလင်းအပေါ် သူ၏သဘောထားက သက်သေပြနေ၏။





အသားခေါက်ဆွဲအရသာက သာမန်မျှဖြစ်သော်လည်း ထန်ချွန်းမင်က အရသာရှိသလို အများကြီးစားခဲ့သည်။

 





သို့ပေမယ့် ထိုလူကတော့ မတူပေ။ ခေါက်ဆွဲတစ်ပန်းကန်စားပြီးနောက်မှာ လီဖုန်းက ပေါင်မုန့်နှစ်လုံး မရပ်မနားစားခဲ့သေးသည်။ ထန်ချွန်းမင်က သူဗိုက်မပြည့်သေးဘူးလို့ တိတ်တဆိတ်မှန်းဆလိုက်သည်။



သူတို့စားလို့ပြီးတော့ လူတိုင်းက ကိုယ့်ငွေကိုယ်ရှင်းပြီး ထန်ချွန်းမင်က လီဖုန်းကို ငါးဆင့်ပေးခဲ့ပြီး လီဖုန်းက မငြင်းခဲ့ပေ။ ဤအရာက ထန်ချွန်းမင်ကို ပို၍ လက်ခံရလွယ်ကူစေသည်။ သူက ထိုလူ၏နောက်ကြောင်းကို မသိသော်လည်း တခြားသူများကို အကြောင်းပြချက်မရှိ အခွင့်အရေးမယူချင်ပေ။



စားသောက်ဆိုင်က ထွက်ခွာပြီးနောက် ရှန်းဖူလန်နှင့် ထန်ချွန်းမင်က တူတူထွက်သွားခဲ့ပြီး လီဖုန်းက သူ့အလုပ်သူလုပ်ရန် ထွက်သွားခဲ့သည်။





ရှန်းဖူလန်က အားလင်းကိုဖက်ထားပြီး ထန်ချွန်းမင်ကို ပြောလိုက်သည်။ “ဖုန်းရှောင်ကျစ်က ပစ္စည်းတချို့ဝယ်ဖို့လိုလို့။ တချို့ပစ္စည်းတွေက ခရိုင်မြို့ထဲမှာ စျေးသက်သာတယ်လေ။ ပြီးတော့ ငါတို့နေရာကလည်း ခရိုင်မြို့နဲ့ သိပ်မဝေးဘူး။”



နွားလှည်းဖြင့် မြို့ထဲသွားရန် တစ်နာရီကျော်ကြာပြီး လီကျန့်ကျား၏မိသားစုမှာ နွားလှည်းထက်မြန်သော အပြာရောင်မြင်းကြီးတစ်ကောင်ရှိသည်။ ယင်းက ခရိုင်မြို့ကိုရောက်ဖို့ နှစ်နာရီပဲကြာသည်။ နွားလှည်းက အချိန်ပိုပေးရပြီး ခရိုင်မြို့ကိုသွား​ရင် အသွားအပြန် တစ်နေကုန်မှာဖြစ်တာကြောင့် မြို့ထဲမှာ အကြာကြီးနေလို့ရမှာမဟုတ်ပေ။

(ရွာလူကြီးနာမည်- လီကျန့်၊ လီကျန့်ကျားပါ)



လီကျန့်ကျား၏မိသားစုတွင် ခရိုင်မြို့မှာကျောင်းတက်နေသော ကျောင်းသားနှစ်​ယောက်ရှိ၍ ထိုမြင်းပြာရောင်ကို ဝယ်ခဲ့တာဖြစ်၏။



ရှန်းဖူလန်၏အဆိုအရ ခရိုင်မြို့ပေါ်ရှိ အဝတ်အစားများမှာ မြို့ထဲကထက် စျေးပိုပေါပြီး သူ ခရိုင်မြို့ကို လာတိုင်း အသိမိတ်ဆွေတချို့က အဝတ်အစားတချို့ ပြန်ဝယ်လာပေးဖို့ မှာတတ်သည်။





ဤနေရာသို့လာသော လမ်းပေါ်မှာ ရှန်းဖူလန်က ထိုကိစ္စကို ပြောပြခဲ့တာကြောင့် ထန်ချွန်းမင်က တခြားပစ္စည်းတွေဝယ်ပြီးပေမယ့် အထည်ဆိုင်ကို မသွားခဲ့ရပေ။





အားလင်းက ရှန်းဖူလန်၏ ပခုံးပေါ်မှာ လဲလျောင်းနေပြီး သူ့မျက်လုံးက ငိုက်မျဥ်းနေသည်။ အမျိုးသားနှစ်ယောက်က ရှန်းဖူလန် သွားလေ့ရှိသော အထည်ဆိုင်ကို ဝင်သွားခဲ့သည်။



ထန်ချွန်းမင်က အဝတ်အစားအများကြီးဝယ်ဖို့ မရည်ရွယ်ထားတာကြောင့် ဒုတိယနှစ်ဝက်လောက်ထိ ချည်ပိတ်အင်္ကျီများကို စဥ်းစားမှာမဟုတ်ပေ။



ရာသီဥတု ပူလာသောအခါ သူအားလင်ကို ပေါ့ပေါးပါးပါး ဆင်ပေးဖို့လိုပြီး သူ့ဗိုက်ထဲက ကလေးကိုလည်း လျစ်လျူရှုလို့မရပေ။ အိမ်က အိပ်ရာခင်းနှင့် စောင်များကိုလည်း လဲဖို့လိုသည်။





ကျီးရှန်းအထည်ဆိုင်က တန်ဖိုးကြီးအထည်ဆိုင်မဟုတ်ပေ။ ၎င်း၏ အဓိကပစ်မှတ်ဖောက်သည်များမှာ အနီးနားပတ်ဝန်းကျင်ရှိ သာမန်လူများနှင့် ခရိုင်မြို့တဝိုက်​ရှိ ကျေးလက်ရွာသားများဖြစ်သည်။ 



သို့ဖြစ်၍ လူနှစ်ဦးဝင်လာတာကိုတွေ့တော့အခါ အရောင်းစာရေးက အလွန်အမင်းတက်ကြွနေပြီး သူတို့ကို ပစ္စည်းအသစ်များ မိတ်ဆက်ပေးခဲ့သည်။







ရှန်းဖူလန်က ဤဆိုင်ကို ရံဖန်ရံခါလာလေ့ရှိ၍ သူက အရောင်းသမားကို ပိတ်စတချို့ ဖြတ်ပေးဖို့ ပြောလိုက်ပြီး သူ့သားနှစ်ယောက်အတွက် ချည်ထည်တစ်စကို ရွေးထုတ်လိုက်သည်။



“မင်ကောအာ… ဒါလေးကောင်းတယ်။ အိမ်က ကောင်လေးနှစ်​ယောက်အတွက် ဝတ်စုံချုပ်ပေးလိုက်မယ်။ မင်း အားလင်းအတွက် တစ်ထည်ဝယ်ချင်တယ်လို့ ပြောခဲ့တယ်မလား။ ဒီအစလေးကောင်းတယ်။ မင်းလည်း အရောင်ဖျော့တာလေး ယူလိုက်ပါလား”





အားလင်းက ငယ်သေးလို့ သူ့အတွက် လိုအပ်ချက်က လူကြီးတွေလောက် မများပေ။ ဒါကြောင့် သူက ထန်ချွန်းမင်ကို အရောက်တောက်တာ အကြံမပြုခဲ့ပေ။



ရှန်းဖူလန်လက်ထဲမှ ချည်ထည်က အပြာရောင်ဖြစ်ပြီး အရောင်လေးက လှတယ်လို့ ထန်ချွန်းမင်ထင်မိသည်။ သူက ကောတွေကို အရောင်တောက်မဝတ်စေချင်ပေ။ အားလင်းကတော့ ငယ်သေးတာကြောင့် ဘာပဲဝတ်ဝတ် ချစ်ဖို့ကောင်းနေလိမ့်မည်။



ရှန်းဖူလန်၏စကားအရ သူက အားလင်းအတွက် အရောင်ဖျော့အထည်ကိုဖြတ်ကာ အပြာနှင့် အဖြူချည်ထည်ကိုလည်း မှာလိုက်သည်။



တကယ်တော့ သူက လယ်ကွင်းထဲမှာ လုပ်ရတာဖြစ်၍ ပိတ်ချောဖြင့် လုပ်ထားသော အထည်က ပို၍ အကြမ်းခံလိမ့်မည်။





ထိုပိတ်စများက ထန်ချွန်းမင်ကို ငွေတစ်ပြားနီးပါး ကုန်ကျစေခဲ့သည်။ ထန်ချွန်းမင်က မျက်ခွံအနည်းငယ်လှုပ်သွားခဲ့သည်။ ယခင်က စျေးဝယ်ထွက်ခြင်းနှင့်အတူ သူက ယနေ့မှာ ငွေခြောက်ပြားကျော်သုံးစွဲခဲ့သည်။ အထူးသဖြင့် စုတ်တံနှင့် သာမန်ဆန်သော ထိုစက္ကူများက ပို၍ပင် အသုံးစရိတ်များသည်။ 



အစောပိုင်းကတော့ အရမ်းချမ်းသာတယ်လို့ ခံစားခဲ့ရ​ပေမယ့် ယခုတော့ ထိုနှုန်းဖြင့် သူ့လက်ထဲကပိုက်​ဆံက ကြာရှည်မခံဘူးဆိုတာသိလိုက်သည်။



ရှန်းဖူလန်က သူ့ကို အကြံပေးခဲ့သည်။ “မင်ကောအာ… မင်းပိုက်ဆံစုရမယ်နော်။ မင်းမှာ အခု ကလေးရှိလို့ ဒုတိယနှစ်ဝက်မှာ အခွန်ဆောင်ရမှာ။ ကလေးလေးက နွေကုန်ရင် ထွက်လာတော့မှာမို့ မင်း အားလုံး ပြင်ဆင်ထားဖို့လိုတယ်။”







ထန်ချွန်းမင်က ရွေးချယ်စရာမရှိတော့ပဲ ကျည်ဆံကိုက်ကာ ဖြေလိုက်ရသည်။



“ကျွန်တော် အားလုံးကို သီးသန့်သိမ်းထားပါတယ်။ သိတဲ့အတိုင်းပဲ ကျွန်တော်က အသီးအရွက်စောစောရောင်းလို့ရအောင် ခြံထဲမှာစိုက်နေပြီ။ အိမ်မှာ ကြက်ပေါက်တွေလည်းရှိတယ်။ သူတို့ကို ကောင်းကောင်းမွေးပြီးရင် အများကြီးထပ်မွေးဖို့ စီစဥ်ထားတယ်။ ငွေစုတာတစ်ခုတည်းနဲ့ ကျွန်တော်တို့ဘဝ ပိုကောင်းလာမှာ မဟုတ်ဘူးလို့ ထင်မိတယ်။”





ထန်ချွန်းမင်၏ အစီအစဥ်ကိုကြားတော့ ရှန်းဖူလန်က သူ့မှာ စိတ်ကူးတစ်ခုရှိကြောင်း သိလိုက်ပြီး သူ့လက်ကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။ “ဒီအကြံတွေက ကောင်းတယ်လို့ ငါထင်တယ်။ ပြီးတော့ မင်းဒီနှစ်မှာ ကိုယ်တိုင်လယ်မစိုက်နိုင်တော့ တခြားနေရာတွေကို အာရုံစိုက်တာပိုကောင်းပါတယ်။ ဒါပေမယ့် ကြက်အများကြီးမွေးမယ်ဆိုရင် ပိုဂရုစိုက်ရလိမ့်မယ်။”



နေ့ခင်းဘက်တွင် လှည်းအပြည့်ကြီးနဲ့ လူသုံးယောက်က ထန်ချွန်းမင်၏အိမ်ရှေ့မှာ ရပ်သွားခဲ့သည်။ အားလင်းက ရှန်းဖူလန်၏ ပခုံးပေါ်မှာ လမ်းတစ်လျှောက်လုံး အိပ်ပျော်နေခဲ့သည်။



တံခါးဖွင့်လိုက်တာနဲ့ ရှောင်ဟွာက ပြေးထွက်လာသည်။ အားလင်းက သူ့မျက်လုံးသူပွတ်ပြီး ရှောင်ဟွာက သူ့ခြေထောက်အောက်မှာ ပတ်ပြေးနေကာ တာမောင်းနှင့် အာမောင်းကလည်း ပြေးထွက်လာသည်။