Chapter 30.1
Viewers 487

Chapter 30.1


“စာချုပ်”


ထန်ချွန်းမင်က ကျန်းရှို့နဲ့အတူ မြို့ထဲရှိ ပန်းထိုးအလုပ်ရုံကို လိုက်သွားခဲ့သည်။ ကျန်းရှို့သည် သိပ်မကြာခင်က သိမ်းဆည်းထားသော ပန်းထိုးလက်ရာများကို ငွေအများကြီးနဲ့ လဲလှယ်ခဲ့ပြီးနောက် ငွေစုရန် ပန်းထိုးခြင်းအလုပ်ကို ဆက်လုပ်ရန် ချည်မျှင်များနဲ့ တခြားပစ္စည်းများကို အိမ်သို့ပြန်ပို့ခဲ့သည်။ သူက ဝမ်မော့၏ဝေစုအတွက်လည်း အလားတူလုပ်ဆောင်ခဲ့သည်။ ထန်ချွန်းမင်က ထိုအရာကိုတွေ့တော့ သူ သက်ပြင်းချလိုက်မိသည်။ ငွေရှာရတာခက်ခဲ၏။ သူ့နေရာလွတ်သာ သူနဲ့အတူပါမလာရင် ယခုနေ သူ့ဘဝလွယ်ကူမှာမဟုတ်သလို ငွေလည်းရှာတတ်မှာမဟုတ်ပေ။





နှစ်ယောက်သား ဖြည်းဖြည်းချင်း ပြန်လျှောက်လာခဲ့သည်။ ထန်ချွန်းမင်က အားလင်းအတွက် ဂျုံအရုပ်များ၊ သစ်သားပန်းပုအရုပ်များ၊ ကျားရုပ်များ၊ သကြားလုံးနှင့် သစ်သီးသကြားလုံးများ ဝယ်ပေးခဲ့သည်။ ကျန်းရှို့က သူ့ကိုတားပြီး ဝမ်မော့က ဆိုင်မှာ ဟင်းသီးဟင်းရွက် ကူးရောင်းနေရဆဲဆိုတာကို သတိမပေးလိုက်မိလျှင် ထန်ချွန်းမင်က စျေးဝယ်ထွက်နေဦးမှာဖြစ်၏။ သူက စျေးကွက်ထဲရှိ သစ်သားကြမ်းဖြင့် ပြုလုပ်ထားသော အရုပ်များကိုလည်း သဘောကျနေသည်။



ကျန်းရှို့က သူ့လက်ထဲက ကလေးကို စနောက်လိုက်သည်။ “မင်းဖေဖေက မင်းကို ဘယ်လောက်ချစ်လဲ ကြည့်ပါဦး။ မင်းကြီးလာရင် မင်းဖေဖေကို ကောင်းကောင်းစောင့်ရှောက်ရမယ်နော်။”



အားလင်းက သူ့လက်သီးနှစ်လုံးထက်ကြီးသော သစ်သားကျားရုပ်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး နောက်တစ်ဖက်မှာ သကြားလုံးထုတ်တိုးကို ကိုင်ထား၏။ ထန်ချွန်းမင်က သူ့လက်ထဲမှာ တခြားပစ္စည်းတွေကို ​ကိုင်ထားရသည်။ အားလင်းက တောက်ပသော အနက်ရောင်မျက်ဝန်းဖြင့် ပြောလိုက်၏။ “အားလင်းက ဖေဖေ့ကို အကောင်းဆုံးဆက်ဆံမှာ။ ပြီးတော့ ညီလေးလည်းရှိတယ်နော်။ ဒီအရုပ်ကို သား သူ့အတွက် ချန်ထားပေးမှာ။” သူက လက်ထဲက ကျားရုပ်ကိုကိုင်ပြီး အများကြီးသဘောကျတာကြောင့် သူ့ညီလေးလည်း သဘောကျလိမ့်မည်။



နှစ်ယောက်သားက အပြုံးတစ်ခုဖြင့် လမ်းလျှောက်လာကြသည်။ ကျင်းကျိစားသောက်ဆိုင်ကထွက်လာပြီးနောက် တစ်နာရီလေးပုံနှစ်ပုံခန့် ကြာသွားခဲ့သည်။ သူတို့က သူတို့ဆိုင်ကို လှမ်းကြည့်လိုက်တော့ ဝိုင်းအုံနေသည့် လူများစွာကို တွေ့လိုက်ရပြီး ဝမ်မော့က ထိုလူတွေအား တစ်ခုခုကို စိုးရိမ်တကြီးရှင်းပြနေ၏။



“ဘာဖြစ်နေတာလဲ? မင်ကောအာ… ဖြည်းဖြည်းလျှောက်… ငါသွားကြည့်လိုက်မယ်။” ကျန်းရှို့က ပြောပြီးသည်နှင့် အားလင်းကိုချီကာ အမြန်ပြေးသွားခဲ့သည်။ သူက မြို့ပေါ်မှာ ပစ္စည်းတွေရောင်းဖို့ မကြာခဏလာလေ့ရှိပြီး တစ်ခါတစ်ရံ မြို့၏အနီးနားဒေသက လူဆိုးတချို့နှင့် ကြုံရလေ့ရှိသည်။ သို့သော် သူတို့ဝတ်စားထားပုံမှာ ငွေညှစ်ဖို့ ရောက်လာတာနဲ့မတူပေ။



ကျန်းရှို့က အနည်းငယ်စိတ်ရှုပ်သွားသည်။ ရွာသားတွေက ဒေသထဲရှိလူဆိုးများအပါအဝင် မြို့ထဲက လူတွေကို ရန်မစရဲကြပေ။ သူတို့ကိုကာကွယ်ဖို့ အမျိုးသားမပါလျှင် သူတို့က တတ်နိုင်သလောက်ရှောင်ကြသည်။ သူ့နောက်က ထန်ချွန်းမင်သည် အခြေအနေကောင်းနေမှန်း ရှင်းရှင်းလင်းလင်း မြင်ပြီးပြီဖြစ်၍ အပြုံးတစ်ခုဖြင့် မျက်လုံးများကျဥ်းမြောင်းသွားသည်။ ထိုလူတွေထဲက တစ်ယောက်မှာ မကြာသေးမီက သူနဲ့ဆုံခဲ့သော ဆိုင်ရှင်ချီဖြစ်ပြီး စီးပွားရေးက သူ့တံခါးကို ရောက်လာခဲ့လေပြီ။



ဆိုင်ရှင်ချီနှင့် သူနဲ့အတူလာသည့် လူတွေအပါအဝင် ပွဲကြည့်ရန် ဆိုင်အနီးအနားတွင် စုဝေးနေသူများလည်းရှိသည်။ အကြောင်းမှာ ကျန်းရှို့က အစပိုင်းတွင် ထိတ်လန့်နေခဲ့ပြီး ဆိုင်ရှန်ချန်ကို မမှတ်မိနိုင်ခဲ့ပေ။ 



အားလင်းကိုဖက်ထားပြီး သူက ဝမ်မော့ဘေးကို တိုးဝင်လိုက်ကာ ရှေသို့ရောက်သွားခဲ့သည်။ ထိုမှသာ ဆိုင်ရှင်ချန်က ကျန်းရှို့ကိုမှတ်မိသွားခဲ့သည်။

“ဒါက ကျုပ်တို့ဆိုင်ကို ထန်ဖူလန်နဲ့အတူ ဟင်းသီးဟင်းရွက်လာပို့တဲ့ ကောလေးလား? ကျုပ်က ကျင်းကျိစားသောက်ဆိုင်ရဲ့ ဆိုင်ရှင်ချီပါ။ မင်းနဲ့ထန်ဖူလန် ထွက်သွားတာ သိပ်မကြာသေးပါဘူး။ ကျုပ်ကို မမှတ်မိတော့ဘူးလား?”



ကျန်းရှို့က ပိုင်ရှင်၏အသံကို နားထောင်ပြီး ရုတ်တရက် နားလည်သွားခဲ့သည်။ သူ့နှလုံးသားက ရုတ်တရက် ဝမ်းသာသွားပြီး ကြည့်ရတာ မင်ကောအာ၏ အစီအစဥ် အောင်မြင်သွားပုံရသည်။ သူက အားလင်းကို ဝမ်မော့လက်ထဲအပ်ပြီး ဆိုင်ရှင်ချီကို ပြောလို​က်သည်။

“ဟူတ်ကဲ့။ ကျွန်တော့်မျိုးရိုးနာမည်က ကျန်းပါ။ ခင်ပွန်းရဲ့ မျိုးရိုးနာမည်က လီပါ။ ဆိုင်ရှင်ချီက မင်ကောအာကို လာရှာတာလား? ဖြစ်ချင်တော့ မင်​ကောအာက နောက်မှာကျန်ခဲ့တယ်။” “မင်ကောအာ…လာ… ကျင်းကျိစားသောက်ဆိုင်က ဆိုင်ရှင်ချီရောက်နေတယ်။” သူက ဖြည်းဖြည်းချင်း လျှောက်လာနေသော မင်ကောအာကို ခေါ်လိုက်သည်။



ဆိုင်ရှင်ချီက သူ လက်ယပ်ခေါ်နေသည့် လမ်းကြောင်းကိုလှည့်ကြည့်လိုက်ပြီး ထန်ချွန်းမင်ကို တွေ့တော့ ပြန့်လှည့်သွားကာ ထန့်ယွီကိုပြောလိုက်သည်။ “သခင်လေး…အဲ့ဒါက ထန်ချွန်းမင်ပဲ။ သူက ဒီကပိုင်ရှင်ထင်တယ်။”



ဝမ်မော့က ကျန်းရှို့၏အင်္ကျီလက်ကိုဆွဲကာ မေးလိုက်သည်။



“ဘာတွေဖြစ်နေတာလဲ? ဒီလူတွေ ဒီကိုရောက်တာနဲ့ ဒီမှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်မှာမို့ အပြင်လူတွေကို မရောင်းဖို့ပြောခဲ့တယ်။ သူတို့က ဘာလို့ မင်ကောအာကိုမေးနေတာလဲ? ငါလန့်လွန်းလို့ ဘာလုပ်ရမလဲတောင် မသိတော့ဘူး။”



ဒါသူ့အပြစ်မဟုတ်ပေ။ ၎င်းမှာ ဘရိုကိတ်ဝတ်ရုံဝတ်ထားသော သခင်လေးက ကြောက်စရာကောင်းသော အပြုအမူရှိပြီး လူလတ်ပိုင်းအမျိုးသားက မင်ကောအာနဲ့ပတ်သက်သော မေးခွန်းအများကြီးမေးနေတာကြောင့် အရှက်ကြီးသော ဝမ်မော့ကပင် ပွစိပွစိရေရွတ်လာခဲ့သည်။ 



အနှီလူတွေကို ဘယ်လိုပဲကြည့်ကြည့် သူတို့ပုံစံက ချမ်းသာပုံပေါ်ပြီး စော်ကားလို့ရသည့် သာမန်လူတစ်ယောက်မဟုတ်ပေ။



“ဒါက ကျင်းကျိစားသောက်ဆိုင်က ဆိုင်ရှင်ချီပါ။ စိတ်မပူပါနဲ့။ သူ မင်ကောအာရဲ့ ဟင်းသီးဟင်းရွက်တွေကို သဘောကျလို့ မင်ကောအာနဲ့ ဆွေးနွေးဖို့လာတာဖြစ်မယ်။” ကျန်းရှို့က သူ့လက်ကိုပုတ်ပြီး နှစ်သိမ့်လိိုက်သည်။

 

အရင်တုန်းက မင်ကောအာသည် ဆူဆူညံညံလုပ်တတ်သည့် စည်းကမ်းမဲ့သူမဟုတ်သော်လည်း သူက သူတို့နဲ့ကွာခြားသည့် ပညာတတ်ဖြစ်သည်။ သူက သူဌေးများနှင့် ရင်ဆိုင်ရာမှာ စိတ်လှုပ်ရှားနေခြင်းမရှိပေ။



“ထန်ဖူလန်… နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ။ ဒါက ငါတို့သူဌေး၊ မင်းပေးခဲ့တဲ့ ပစ္စည်းတွေကိုချက်ဖို့ ငါ စားဖိုမှူးကို ချက်ချင်းမှာခဲ့တယ်။ ဖြစ်ချင်တော့ အဲ့ဒီနေရာမှာ ငါ့သူဌေးလည်းရှိ​နေတယ်။ ဒါကြောင့် ငါတို့သူဌေးက ဒီကို လူကိုယ်တိုင်လာခဲ့တာ။ မဟုတ်ရင် ရှန်းဖူလန်… မင်းပဲကြည့်တော့…. ဒီနေရာက စကားပြောလို့ရတဲ့နေရာမဟုတ်ဘူး။ ငါတို့စားသောက်ဆိုင်မှာထိုင်ပြီး အသေးစိတ်စကားပြောကြမလား” ဆိုင်ရှင်ချန်က အပြုံးတစ်ခုဖြင့် ပြောလိုက်ပြီး သူ့မျက်နှာက သဘောကောင်းပြီး စိတ်ထားနူးညံ့​ပုံပေါ်ကာ ထိုနောက်ကွယ်၌ ပါးနပ်မှုကို ဖုံးကွယ်ထားသည်။

 

“ငါ့ရဲ့မျိုးရိုးနာမည်က ထန့်မင်ယွီပါ။ နှုတ်ဆက်ပါတယ်။ ထန်ဖူလန်… ငါတို့ရဲ့ ကျင်းကျိက မင်းနဲ့ပူပေါင်းချင်တာ စိတ်ရင်းအမှန်ပါ။ ထန်ဖူးလန်ရဲ့ ဟင်းသီးဟင်းရွက်ပမာဏ လုံလောက်ရဲ့လားမသိဘူး။ ဘယ်လောက်ပဲရှိရှိ.. ငါတို့ကျင်းကျိစားသောက်ဆိုင်က ဝယ်ချင်ပါတယ်။” ထန့်ယွီက ကလေးလွယ်ထားသော ကောအာကိုကြည့်ပြီး ထိုလူက​ လောင်ချန်ရည်ညွှန်းသည့် လူနဲ့ လုံးဝမတူကြောင်း တွေ့ခဲ့ရသည်။ သူက သူ့နားရှိ တ​ခြားကျေးလက်အမျိုးသားတွေလို ဝတ်ဆင်ထားပေမယ့် သူ့မှာ မတူညီသော အပြုအမူရှိသည်။ သို့သော် ဤလူက ယခုလိုဆူညံသော စျေးထဲတွင် စိတ်ပြေန​ပြေ အပန်းဖြေနေခဲ့သည်။ သူတွေ့တာမှန်လျှင် ထိုကော၏ပါးစပ်မှာ အပြုံးတစ်ခုရှိနေသည်။ ထောင်ချောက်ထဲဝင်လာတာကို စောင့်နေသော မြေခွေးလိုပင်။ ကြည့်ရတာ သူတို့လာမှာကို သိနေပုံပင်။



“သဘောတူပါတယ်။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “သခင်လေးထန့်နဲ့ ဆိုင်ရှင်ချီက လူအုပ်ကြားထဲမှာ စိတ်ရှည်ရှည်နဲ့ စောင့်နေတာ။ ဒီနေရာကိုရှင်းပြီး ကျင်းကျိစားသောက်ဆိုင်ကို လိုက်ခဲ့ပါမယ်။ အစ်ကိုရှို့နဲ့ အစ်ကိုမော့.. ဘာစောင့်နေတာလဲ… မြန်မြန်လုပ်မယ်။”



“ထန်ဖူလန်ကိုယ်တိုင်လုပ်ဖို့မလိုဘူး။ စားသောက်ဆိုင်အတူသွားလို့ရအောင် သခင်လေးထန့်ရဲ့ သူငယ်ချင်းတွေက ကူသိမ်းပေးပါလိမ့်မယ်။” ထန့်ယွီက သူ့စားသောက်ဆိုင်က အလုပ်သမားကောင်လေးနှစ်ယောက်ကို အတူခေါ်လာသည်။ သူတို့က သခင်ရဲ့ ညွှန်ကြားချက်ကို ဘယ်လိုဆန့်ကျင်လို့ရမလဲ? သူတို့က ရှေ့တိုးလာပြီး ကျန်းရှို့နှင့် ဝမ်မော့၏အလု​ပ်ကိုလုပ်ပေးကာ ဥတွေပါသော ခြင်းတောင်း​တွေကိုပဲ သယ်ပေးခဲ့တာကြောင့် နောက်ကနှစ်ယောက်က ဘေးမှာရပ်နေပြီး ငေးစိုက်ကြည့်နေသည်။



“ထန်ဖူလန်…ကျေးဇူးပြုပြီး…”



“သခင်လေးထန့်နဲ့ ဆိုင်ရှင်ချီ ကျေးဇူးပြုပြီး အရင်သွားပါ။” ထန်ချွန်းမင်က ယဥ်ယဥ်ကျေးကျေး ပြောလိုက်ပြီး အားလင်းကို လက်ဝေ့ယမ်းပြလိုက်သည်။ “အားလင်း…ဖေဖေနဲ့လိုက်ခဲ့။”



အားလင်းက နာနာခံခံ တုံ့ပြန်လိုက်ပြီး သူ့အားမူ၏ဘေးကို လျှောက်လာ​ကာ လက်ကို တင်းတင်းဆု​ပ်ကိုင်လိုက်သည်။ ဦးလေးချီက သူ့အတွက် မုန့်တွေပေးလိုက်ဖူးတာကို သိပေမယ့်လည်း သူက သူစိမ်းတွေကို သတိထားနေသည်။



“မင်ကောအာ။” ကျန်းရှို့က ထန်ချွန်းမင်၏အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်သည်။ “ငါတို့်အပြင်မှာစောင့်နေရင်ရော… ထားလိုက်ပါတော့… ငါမင်းနဲ့ သတ္တိရှိရှိလိုက်လာတာ ကောင်းပါတယ်။” ကျန်းရှို့​က သူနည်းနည်းနေရခက်တယ်လို့ ပြောခဲ့ပေမယ့် ပြန်တွေးကြည့်လိုက်တော့ သူတို့မဝင်သွားရင် ထန်ချွန်းမင်က ထိုသခင်လေးကို တစ်ယောက်တည်းရင်ဆိုင်ရပြီး နေရခက်နေလိမ့်မည်။



ရှေ့မှာလျှောက်နေသော ဆိုင်ရှင်ချီက ထိုစကားကြားတော့ နှုတ်ခမ်းကွေးညွတ်သွားသည်။ သူတို့ကျင်းကျိကို သားရဲတွင်းလို့ သတ်မှတ်ထားတာလား? လှည့်ကြည့်လိုက်တော့ သခင်လေးကလည်း ဘာမှမကြားသလို ပြုံးနေတာကို တွေ့လိုက်ရသည်။





သူတို့စားသောက်ဆိုင်ကိုရောက်တော့ ဆိုင်ရှင်ချီက သူတို့ကို ဒုတိယထပ်က သီးသန့်ခန်းကို ဖိတ်လိုက်သည်။ ၎င်းက ယခုနက ထန့်ယွီထိုင်နေခဲ့သည့် အခန်းပြတင်းပေါက်၏ဘေး၌ရှိသည်။



သခင်လေးက ထန်ချွန်းမင်ကို သဘောကျတာကြောင့် သူက သူတို့ကို ကောင်းကောင်းဆက်ဆံရမည်။ ဆိုင်ရှင်ချီ၏စိတ်ထဲ၌ သူက ထိုသူသုံးယောက်ကို မနှိမ်ခဲ့ခြင်းက သူတို့၏သရုပ်မှန်ကြောင့်ဖြစ်သည်။



မုန့်ချပေးရင်း ဆိုင်ရှင်ချီက ထိုအရွယ်ကော​လေး စားရတာကြိုက်သော စားစရာပြင်ပေးလိုက်ပြီး သူ့ရှေ့ချပေးခဲ့သည်။ အကြောင်းမှာ ထန်ဖူလန်က သူ့ကလေးကို အရမ်းချစ်ပြီး ကလေးစိတ်ကျေနပ်အောင် လုပ်ပေးခြင်းက ထန်ချွန်းမင်ကို စိတ်ချမ်းသာစေလို့ပင်။



“ဒါက တောင်ဘက်ကလာတဲ့ လက်ဖက်ရည်အသစ်။ သောက်ကြည့်ရအောင်။ “ထန့်ယွီက ဖိတ်ခေါ်သည့်အမူအရာဖြင့် သူ့အာရုံက ထန်ချွန်းမင်အပေါ်ရှိနေ၏။ သူ့မျက်နှာပေါ်တွင် တခြားကောနှစ်​ယောက်လို နေရခက်နေမှုမရှိချေ။

 

လက်ဖက်ရည်အသစ်၊ ထန်ချွန်းမင်က တစ်ငုံသောက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ ကောင်းလိုက်တဲ့လက်ဖက်ရည်! သူက လက်ဖက်ရည်ကို အရသာမခံတတ်သော လူကြမ်းကြီးဖြစ်သော်ငြား ကောင်းတဲ့အရသာနှင့် ဆိုးတဲ့အရသာကိုတော့ ခွဲခြားနိုင်သည်။ အထူးသဖြင့် သူ့မှာနေရာလွတ်ရှိပြီး မကြာခဏ နေရာလွတ်အစားအစာကို စားခဲ့တာကြောင့် သူ့လျှာက ပိုအသုံးဝင်လာသည်။ သူက သောက်ပြီးတာနဲ့ အရသာကောင်းမကောင်း သိနိုင်သည်။ နေရာလွတ်ထဲက စမ်းရေနှင့် ရောစပ်နိုင်ပါက အရသာက ပိုကောင်းလာလိမ့်မည်။



လက်ဖက်ရည်က တိုင်းသူပြည်သားတို့အတွက် အဖိုးတန်ပစ္စည်းတစ်ခုဖြစ်သည်။ ဧည့်သည်တွေကို ဖျော်ဖြေသည့်အခါ သကြားတစ်ဇွန်းကို သကြားရေတစ်ခွက်ထဲထည့်တာက ကောင်းတဲ့အရာလို့ ယူဆရသည်။ ကျန်းရှို့နဲ့ ဝမ်မော့က ထန်ချွန်းမင်ကို အားပေးဖို့ လာရောက်ခဲ့သော်လည်း ယခုမူ သူတို့က စိတ်ထဲကသာ ရေရွတ်နိုင်တော့သည်။

  

လူချမ်းသာတွေက သူတို့နဲ့ကွာခြားသည်။ လက်ဖက်ရည်ကိုမဆိုနှင့်၊ စားပွဲပေါ်မှာ မုန့်မျိုးစုံရှိပြီး အများစုက သူတို့တစ်ခါမှ မမြည်းစမ်းဖူးပေ။ ပုံမှန်အချိန်မှာ သူတို့မြင်ခဲ့လျှင် တည်တည်ငြိမ်ငြိမ် ထိုင်နေနိုင်မှာမဟုတ်ပေမယ့် ယခုမူ မင်ကောအာကြောင့် သူတို့က ငြိမ်ငြိမ်ထိုင်နေရသည်။ ကျည်ဆံကိုက်ပြီး နောက်မဆုတ်တမ်း သူတို့က တစ်ယောက်ကိုတစ်​ယောက် တူညီသော ဆုံးဖြတ်ချက်ဖြင့် ကြည့်နေကြ၏။



ထန့်ယွီက ဘယ်သူမို့လဲ? သူက ဆယ်ကျော်သက်ဘဝတည်းက သူ့လုပ်ငန်းသူ လည်ပတ်ခဲ့သည်။ သူ လူဘယ်နှစ်ယောက်ကို ကိုင်တွယ်ရင်ဆိုင်ခဲ့တာမို့လဲ? ကျန်းရှို့နဲ့ဝမ်မော့က ဘယ်လိုလူစားမျိုးလဲ တစ်ချက်ကြည့်ရုံနဲ့ သူသိနိုင်သော်လည်း ထန်ချွန်းမင်ကတော့… လူတွေက သူ့ကိုမမြင်နိုင်လို့ စူးစမ်းချင်စိတ်ကို ထိန်းမရဖြစ်နေ၏။



“အင်း…ကျွန်တော် လက်ဖက်ရည်သောက်ပြီးပြီ၊ ဟင်းသီးဟင်းရွက် ကိစ္စပြောကြမလား.. ခင်ဗျားတို့စားသောက်ဆိုင်က ဘယ်စျေးနဲ့ဝယ်ချင်တာလဲ.. ဘယ်လောက်အရေတွက်လိုချင်တာလဲ?” ထန်ချွန်းမင်က လက်ဖက်ရည်ခွက်ကိုချကာ ပြောပြောဆိုဆိုဖြင့် အသီးတစ်လုံးကို ကောက်ကိုင်လိုက်သည်။



သစ်သီးသကြားလုံးကို အားလင်းပါးစပ်ထဲထည့်လိုက်သည်။ အားလင်းက သူမယူပေးပဲ မစားခဲ့ပေ။ အားလင်းက နာနာခံခံ ပါးစပ်ဖွင့်ပေးပြီး အပြုံးတစ်ခုဖြင့် စားလိုက်တာကိုတွေ့တော့ ထန်ချွန်းမင်ကလည်း ပြုံးလိုက်သည်။



“ထန်ဖူလန်က ရိုးသားတဲ့လူတစ်ယောက်ပဲ ဒါကြောင့် ကျွန်တော်အများကြီးမပြောတော့ဘူး။ ထန်ဖူလန်မှာ စုစုပေါင်းပျိုးပင်ဘယ်နှစ်ပင်ရှိလဲဲ? ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့ဝယ်နိုင်ပါတယ်။ စျေးနှုန်းကတော့ ညှိနှိုင်းရလွယ်ပါတယ်။ စျေးကွက်ပေါက်စျေးအတိုင်းပါ။ စျေးကွက်ထဲမှာ ဘယ်လောက်ကျလဲ? ကျွန်တော်တို့ နောက်ထပ် 20% တိုးပေးရင်ရော?”



ထန့်ယွီက ထန်ဖူလန်နှင့် ဆိုင်ရှင်ချန်ပြောခဲ့သည့် အသားမဲမဲ အမျိုးသားတစ်ယောက်ကြားက ဆက်ဆံရေးကို သိချင်သော်လည်း ကိစ္စကို အလျင်မလိုသင့်ဘူးဆိုတာ သူသိသည်။ သူက ထန်ဖူလန်ကို တည်ငြိမ်အောင်အရင်လုပ်ပြီး သူ့နောက်ကွယ်က လူကို ဖြည်းဖြည်းချင်း စုံစမ်းသွားရမည်။ ဆက်စပ်နေသလားဆိုတာကတော့ ထင်ကျင့်စားသောက်ဆိုင်နဲ့ အနီးဆုံးလက်ရာကို ထန်ဖူလန်က ပေးခဲ့တာဖြစ်၏။ ထန့်ယွီက ဤဟင်းလျာများကို လက်လွှတ်မခံနိုင်ပေ။





သေချာပါသည်။ သူက အနာဂတ်မှာ ထန်ဖူလန်ပေးသွင်းသည့် ဟင်းလျာအရည်အသွေးကိုလည်း လက်ရှိအသုတ်ထက် မနိမ့်အောင် စစ်ဆေးရမည်။



နှစ်ဆယ်ရာခိုင်နှုန်း? ကျန်းရှို့နှင့် ဝမ်မော့က ဝမ်းသာသွားသည်။ နှစ်ဆယ်ရာခိုင်နှုန်းဆိုလျှင် မင်ကောအာကို ထောက်ပံ့ပေးနိုင်လိမ့်မည်။ သူတို့က မင်ကောအာ သဘောတူလိုက်ဖို့ မစောင့်နိုင်တော့ပေ။ သို့သော် ထန်ချွန်းမင်က စိတ်ထဲကတွေးလိုက်သည်။ နှစ်ဆယ်ရာခိုင်နှုန်းက စျေးနှုန်းတစ်ခုတိုးလာပေမယ့် ယခုခေတ်တွင် ဤဟင်းရွက်တွေက ဤရာသီမှာ စျေးအသက်သာဆုံးဖြစ်၏။ ဆင့်အနည်းငယ်နဲ့ အများကြီးဝယ်လို့ရပေမယ့် သူကတော့ သူ့အသီးအရွက်တွေကို ကောင်းကောင်းသိသည်။ စမ်းရေရောစပ်ပြီး ပျိုးထားသော အစားအစာက အရသာအပြင် အာဟာရဓာတ်လည်းတိုးစေသည်။ သူ နေရာလွတ်အစားအစာကို ပုံမှန်စားသုံးလျှင် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေသည်။ တ​ခြားအရာတွေအပြင် သူ ဤနေရာကိုရောက်လာပြီးနောက်မှာ သူနဲ့အားလင်းရဲ့ ခန္ဓာကိုယ်ကို တ​ခြားလူတွေမရနိုင်သည့် လ​က်ရှိအဆင့်ရောက်အောင် ညှိယူနိုင်ခဲ့သည်။



လုပ်ငန်းက အပေးအယူသဘောတရားဖြစ်၏။ တစ်ဖက်လူက စျေးနှုန်းသတ်မှတ်လိုက်တာနဲ့ သဘောတူလိုက်လို့မရပေ။ သို့ဖြစ်၍ ထန်ချွန်းမင်က ခေါင်းခါပြီး ပြောလိုက်သည်။ “အရမ်းနည်းတယ်။ ခင်ဗျားစားပြီးလို့ ကျွန်တော့်အစားအစာကို မှာမလို့ ဆုံးဖြတ်ခဲ့တာမလား? အပြင်က ဟင်းသီးဟင်းရွက်တွေက တန်ဖိုးမမဲ့ပေမယ့် ကျွန်တော့်ဟင်းသီးဟင်းရွက်က ကွာ​ခြားတယ်။ ပျိုးပင်တွေကို ထူးထူးခြားခြား ပျိုးထောင်ထားရတာ။ လယ်ထဲမှာ ရေလောင်း၊ မြေသြဇာတူးထားပုံက တခြားလူတွေနဲ့မတူဘူး။ ဘာလို့လဲ? အဲ့ဒီစျေးက ကုန်ကျစရိတ်ကို မကာမိဘူး။”







ကျန်းရှို့နဲ့ ဝမ်မော့၏မေးရိုးများ ပြုတ်ကျသွားမတတ်ပင်။ ဤမင်ကောအာက အလွန်အမင်း အတင့်ရဲသည်။ စျေးနှုန်းက အရမ်းနိမ့်တယ်တဲ့။ သူတို့နှစ်​ယောက်က တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီး စိုက်ကြည့်လိုက်သည်။


ဆိုင်ရှင်ချီက မျက်တောင်ခတ်လိုက်သည်။ ဒါ​က ကျောက်တာဟူရဲ့ ကောလေးလား? သူ့စိတ်သဘောထားက ဘာလို့ ကျောက်တာဟူနဲ့ကွာတာလဲ? သူက ရိုးသားလိုက်တာ! ဒါပေါ့.. သူတို့စားသောက်ဆိုင်က ရိုးသားသော လူတွေကို အနိုင်မကျင့်ဖူးသလို သူပို့ပေးခဲ့သည့် တောရိုင်းတိရစ္ဆာန်တွေကိုလည်း စျေးမနှိမ်ခဲ့ဖူးပေ။ တာဟူပြောတာကို တွေးကြည့်လိုက်သည်။ သူ့ကောလေးက အရှက်အကြောက်ကြီးပြီး သူစိမ်းတွေနဲ့ ဆက်ဆံရတာ မကြိုက်ဘူးတဲ့လား? ဆိုင်ရှင်ချန်က တာဟူနောက်ကိုလိုက်သွားပြီး မေးလိုက်ချင်သည်။ သူက သူ့ကောလေးအကြောင်းပြောနေတာလား?