Chapter 32.1
Viewers 347

Chapter 32.1


“ဧည့်သည်လာခြင်း”



ကျန်းရှို့က လက်ထဲက တူတစ်စုံကိုချကာ မတ်တပ်ထရ​ပ်လိုက်သည်။ “ငါ အပြင်သွား​ကြည့်လိုက်ဦးမယ်။ မင်ကောအာ… အထဲမှာနေခဲ့။”

 

ထန်ချွန်းမင်က စိတ်မဝင်စားပေ။ သူက ကလေးတွေကို အသားနှင့် အသီးအရွက်စားဖို့ ပြောလိုက်သည်။ ညနေခင်းမှာ ဘာမှလု​ပ်စရာမရှိသည့် လူများက သူများကို နှောင့်ယှက်တတ်သည်။ သူ့အမြင်မှာ ၎င်းက လုပ်အားပေးခွန်ကြောင့် ဖြစ်ရသော မိသားစုပြဿနာဖြစ်ပေမည်။ ဒီလိုဖြစ်လာမှာလား? သူတို့က တာဝန်တွေကို ထမ်းဆောင်နေပေမယ့် ဘယ်သူမှမလာရင် ငွေကိုဘယ်လိုပေးမှာလဲ? ထိုကိစ္စကြောင့် ရွာမှာ ပြဿနာတက်နေပြီး မိသားစုတစ်ခု၊နှစ်ခုတည်းလည်း မဟုတ်ပေ။

 

တကယ်တော့ နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုမှာ ဆင်းရဲမွဲတွေခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းဖြစ်သည်။ လူတိုင်း၏လက်ထဲမှာ ပိုက်ဆံရှိနေလျှင် ဒုက္ခရောက်နေသည့် မိသားစုနည်းပါးလာပေမည်။

 

သို့ပေမယ့် ငွေအလွန်မက်သော ဘိုးဘိုးကျောက်လို မိသားစုကပင် သူတို့မှာပိုက်ဆံဘယ်လောက်ရှိရှိ အဖိုးတန်သားအတွက်ကလွဲလို့ တခြားနေရာမှာ မသုံးစွဲချင်ပေ။

 

ကျောက်လောင်စန်းက အင်ပါယာစာမေးပွဲဖြေတော့မှာမို့ ရလဒ်ကဘယ်လိုဖြစ်လာမလဲ?

 



တာမောင်းနှင့် အာမောင်းက အပြင်က ရန်ဖြစ်နေသူများကို ဂရုမစိုက်ပါပဲ အသားနှင့်အရွက်ကိုသာ စိတ်ဝင်စားနေသည်။

 



ဆယ်မိနစ်ကျော်ကြာပြီးနောက် သူတို့က ရှောင်ဟွာ၏အသံကို ကြားလိုက်ရပြန်သည်။ သူတို့က မတ်တပ်ရပ်ကာ အပြင်ကိုကြည့်လိုက်သည်။ ခဏကြာတော့ ကျန်းရှို့က အထဲပြန်ဝင်လာပြီး ရှောင်ဟွာက ခေါင်းငုံ့ကာ အရိုးဆက်ကိုက်နေလိုက်သည်။

 

ကျန်းရှို့၏မျက်နှာပေါ်မှာ အပြုံးတစ်ခုကို တွေ့လိုက်ရတော့ ထန်ချွန်းမင်က ခန့်မှန်းလိုက်သည်။ “ပြဿနာရှာ​နေတာ ကျောက်မိသားစုလား? ကျွန်တော်လည်း သွားကြည့်ချင်တယ်။ ပြဿနာက အရမ်းကြီးတယ်မလား?” ရွာထဲက ဆူညံသံတွေက သူခြံအထိကြားနေရသည်။

 

ကျန်းရှို့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “မင်းပြောတာမှန်တယ်။ အဲ့ဒါ ဒီညနေက ရန်ဖြစ်ခဲ့တဲ့ ဘိုးဘိုးကျောက်နဲ့ ဝမ်ချွန်းဟွာပဲ။ သူတို့ရန်ပွဲ အခုထိမရပ်သေးတာ မယုံနိုင်သေးဘူး။ သူတို့က တော်တော်အားရှိတာပဲ။ မင်းကတော့ အိမ်မှာပဲနေပါ။ ညဘက်လမ်းမှာ သဲသဲကွဲကွဲမမြင်ရဘူး။ မင်းသူနဲ့ဝင်တိုးမိရင် အသတ်ခံရလိမ့်မယ်။” သူက ထန်ချွန်းမင်ကို မျက်စောင်းထိုးလိုက်သည်။

 

ထန်ချွန်းမင်က နှုတ်ခမ်းကို ကွေးညွတ်လိုက်သည်။

 

ကျန်းရှို့က ထန်ချွန်းမင်ကို စနောက်နေတာရပ်လိုက်သည်။ သူက ထိုင်ချပြီး စွပ်ပြုတ်တစ်ဇွန်းသောက်ကာ သူကြားခဲ့တာကို ပြန်ပြောပြလိုက်သည်။ “ဝမ်ချွန်းဟွာက သူ့ပိုက်ဆံတွေကို ဘယ်မှာသွားဖွက်ထားတယ်ထင်လဲ? ဘိုးဘိုးကျောက်က နေ့ခင်းတုန်းက ဘာမှမပြောပေမယ့် စောင့်ကြည့်နေတာ။ ဝမ်ချွန်းဟွာက နောက်နေ့ည ညစာချက်နေတဲ့အချိန် ဘိုးဘိုးကျောက်က တာဟူရဲ့အခန်းထဲမှာ သွားရှာတာ။ ရလဒ်ကတော့ ဘိုးဘိုးကျောက်က ငွေပြားနှစ်ဆယ်နီးပါးတွေ့ခဲ့တယ်။ ညစာစားပြီး ဝမ်ချွန်းဟွာ အိမ်ထဲပြန်ဝင်သွား​တော့ ပိုက်ဆံတွေပျောက်သွားတယ်။ သူ အရူးအမူးလိုက်ရှာခဲ့ပေမယ့် ဘယ်မှာမှမတွေ့လို့ အိမ်ထဲပြန်ဝင်ပြီး သတ်သေမယ်လို့ ခြိမ်းခြောက်တော့တာပဲ။”

  

“ ငွေပြားနှစ်ဆယ်?” ထန်ချွန်းမင်က မျက်လုံးပြူးကျယ်သွားပြီး လက်နှစ်ချောင်းမြှောက်လိုက်သည်။

  

“ဟုတ်တယ်. ဝမ်ချွန်းဟွာ ငွေတွေအများကြီးဖွက်ထားတာကို မင်းယုံမှာမဟုတ်ဘူး။ သူလက်ထပ်ခါစက ဘယ်လိုပုံစံလဲ မှတ်မိလား?” ကျန်းရှို့က ပြောရင်းနဲ့စိတ်ဆိုးနေသည်။ ဝမ်ချွန်းဟွာ လက်ထပ်တုန်းက မင်ကောအာနှင့် ယှဥ်လို့မရသော အိတ်သေးသေးလေးသာ ပါလာခဲ့သည်။ သို့ပေမယ့် ကျောက်မိသားစုနဲ့ လက်ထပ်ပြီးနောက်ပိုင်း သူ့ဘဝက ပိုအဆင်ပြေလာခဲ့သည်။ ဘိုးဘိုးကျောက်ထံမှ ထိုမျှလောက် ပိုက်ဆံကိုရခဲ့တာက သူ၏ကျွမ်းကျင်မှုဖြစ်သည်။ ယခု ပိုက်ဆံအားလုံးပျောက်သွားပြီဆိုတော့ ကျန်းရှို့က သူနဲ့ ထိုက်တန်တယ်လို့ထင်မိသည်။ သူ့ကို မင်ကောအာ၏ မူလအခြေအနေကို ခံစားစေချင်သည်။ သို့ပေမယ့် ဘိုးဘိုးကျောက်က တခြားကံတရားတစ်ခုကို ရရှိခဲ့သည့်အတွက် စိတ်မချမ်းသာဖြစ်နေ၏။

  

“ဒီလိုလား?” ထန်ချွန်းမင်က လက်မထောင်ပြလိုက်ပြီး ဝမ်ချွန်းဟွာကို လေးစားနေသည်။ “သူပြဿနာရှာနေတာပဲ။ အသံတွေဒီလောက်ကျယ်နေတာကို ကျောက်တာနျိုက ဘယ်ရောက်နေတာလဲ? သူဘာပြောလဲ?”

  

“ကျစ်” ကျန်းရှို့က အထင်သေးသလို ရယ်လိုက်သည်။ “အဲဲ့ဒီလူယုတ်မာက ဝမ်ချွန်းဟွာနဲ့ ဘိုးဘိုးကျောက်ကို ရန်ဖြစ်ခွင့်ပေးထားတာ။ သူက ကြမ်းကြမ်းတမ်းတမ်း စကားလုံးတစ်ချို့ဝင်ပြောပေမယ့် သူ့စကားကို ဘယ်သူကနားထောင်မှာလဲ? ငါထွက်သွားတော့ တတိယဦးလေးကျောက်လည်း အဲ့ဒီမှာရောက်နေတယ်။ တတိယဦးလေးကျောက်ကတော့ ကျောက်မိသားစုကို အရမ်းဂရုစိုက်တာပဲ။”

  

“အဲ့ဒါက ကျောက်လောင်စန်းအတွက်ပဲမလား” ထန်ချွန်းမင်က မျက်စောင်းထိုးလိုက်သည်။ “ကြည့်၊ တတိယဦးလေးက ကျောက်လောင်စန်းကို ကူညီနေတာပဲဖြစ်ရမယ်။ ဒီလိုဆိုရင် ဝမ်ချွန်းဟွာစုထားတဲ့ငွေက ကျောက်လောင်စန်းအတွက်ပဲဖြစ်မယ်။ သူ ပိုက်ဆံယူသွားရင် ကျောက်လောင်စန်းရဲ့ ဂုဏ်သိက္ခာထိခိုက်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောက်လောင်စန်းအတွက် မိသားစုကောင်းရဖို့ ခက်ခဲလိမ့်မယ်။ ဘယ်သူက အဲ့လိုအိမ်မှာလက်ထပ်ရဲမှာလဲ? ဒါပေါ့။ ကျောက်လောင်စန်း ပညာရှင်ဖြစ်လာရင်တော့ တစ်မျိုးလေ။”

 

တကယ်တော့ ကျောက်လောင်စန်းက ပညာရှင်ဖြစ်လာလျှင် သူ့အတွက် အဆင်ပြေလာလိမ့်မည်။ ဝမ်ချွန်းဟွာက ​ကျောက်လောင်စန်း၏ မျက်နှာသာပေးမှုကိုရဖို့ အစွမ်းကုန်ကြိုးစားမှာဖြစ်၏။ ဒါပေမယ့် ထန်ချွန်းမင်နဲ့ ဘာဆိုင်လို့လဲ? ထိုသို့သော မိသားစုနှင့် တတ်နိုင်သမျှ ဝေးဝေးနေမည်ဟု သူပြောပြီးလေပြီ။ သူအောင်မြင်သွားလျှင်ပင် သူက တခြားသူများ နှောင့်ယှက်တာကို မခံချင်ပေ။ ဘဝက ဘယ်လောက်ပဲအဆင်ပြေပါစေ ပြဿနာက မလွဲမသွေရှိလာမှာပင်။ ထိုအချိန်ရောက်လာရင် သူထိုင်ကြည့်ဖို့ပဲလိုသည်။

 

ကျန်းရှို့က ကျောက်လောင်စန်း ပညာရှင်ဖြစ်လာမလား မသေချာပေ။ ကျောင်လောင်စန်းကို ကျောင်းအပ်တုန်းက ကျောက်လောင်စန်းဟာ ကမ္ဘာပေါ်ကို အပို့ခံခဲ့ရသော စာပေပညာရှင်ဖြစ်ပြီး ကလေးပါရမီရှင်ဖြစ်ကြောင်း ရွာ၏အတွင်းအပြင်၌ ပျံ့နှံ့သွားခဲ့သည်။ ဘိုးဘိုးကျောက်သည်လည်း လူအများ၏ ချီးကျူးခံရပြီး ဉာဏ်ကြီးရှင်ကို မွေးဖွားခဲ့တယ်လို့ ဆိုကြသည်။ သို့ဖြစ်၍ ထိုအချိန်မှာ ဘိုးဘိုးကျောက်က ဂုဏ်ယူဝံ့ကြွားခဲ့သည်။ ကျန်းရှို့၏အ​မြင်တွင် ကျောက်လောင်စန်းက အကျင့်စရိုက်မကောင်းသော်လည်း လေ့လာသင်ယူမှုတွင် သူ၌ အရည်အချင်းအနည်းငယ်ရှိလောက်သည်။ သို့ပေမယ့် မင်ကောအာကိုကြည့်ကာ သူ စာမေးပွဲမအောင်ဖို့ မျှော်လင့်သည်။ မဟုတ်ပါက အနှီလူတွေက သူ့ကို အနှောင့်ယှက်ပေးလိမ့်မည်။



  



“ဖေဖေ… သားလည်း အင်ပါယာစာ​မေးပွဲဖြေမယ်။” သူ့အားမူ၏အတွေးကို ခံစားလိုက်ရသလိုပင် အာ​မောင်းက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

 

ကျန်းရှို့က ချက်ချင်းဆိုသလိုပင် ပြုံးလိုက်သည်။ “ဟုတ်ပါပြီဗျာ။ အာမောင်းလေး ကျောင်းအပ်ပြီးရင် ဖေဖေက ကျောင်းသားလေးရဲ့ ဖေဖေဖြစ်လာတော့မှာ။ ပြီးတော့ တာမောင်းကလည်း မင်အားမော့နဲ့ စာကောင်းကောင်းသင်ရမယ်နော်။”

 

တာမောင်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

  

“သားရောပဲ…သားလည်းစာမွေးပွဲဖြေမယ်!” အားလင်းကလည်း ကျန်မနေချင်သဖြင့် ကျန်းရှို့က ပို၍ပင် ဝမ်းသာသွားခဲ့သည်။ ကောတွေက စာမေးပွဲဖြေလို့မရဘူးလို့ သူနဲ့ထန်ချွန်းမင်က အားလင်းကိုမပြောခဲ့ပေ။ သူတို့က ကလေးတွေဖြစ်တာကြောင့် ယခုချိန်မှာ ပျော်ရွှင်နေဖို့ထိုက်တန်သည်။

 

နောက်တစ်နေ့မှာ ထန်ချွန်းမင်က စောစောထလာပြီး သိုးနှင့်ကြက်ပေါက်များကို အစာရေစာကျွေးပြီး​နောက် သူက ဟင်းသီးဟင်းရွက်ခူးဖို့ နောက်ဖေးကိုသွားခဲ့သည်။ ယနေ့မှာ ကျင်းကျိကလူတွေက အသီးအရွက်တစ်သုတ် လာကောက်ကြမှာဖြစ်၏။ ကျင်းကျိက အဓိကအားဖြင့် သူ့ဟင်းသီးဟင်းရွက်ဥယျာဥ် အခြေအနေကို လာကြည့်ချင်တာ ထန်ချွန်းမင်သိသည်။ သူတို့က မမြင်ရလျှင် စိတ်မချမ်းမသာဖြစ်မှာ သေချာသည်။



စင်စစ်ပင် ကျင်းကျိနှင့် ထင်ကျင့်စားသောက်ဆိုင်က ပိုင်ရှင်တူမှန်း သူမသိခဲ့ပေ။ သူဟာ ဟင်းသီးဟင်းရွက်ပို့ဆောင်ပေးခဲ့သော အသားမဲမဲအမျိုးသားနှင့် ပတ်သက်မှုရှိမရှိကို ထန့်ယွီကလည်း သံသယရှိနေခဲ့သည်။ သူက ထန်ချွန်းမင်၏အိမ်ကို စုံစမ်းရန် သေချာပေါက်လာမှာဖြစ်၏။

 

ဤနယ်ပယ်မှာ ဟင်းသီးဟင်းရွက်တွေ အများကြီးရှိသည်။ ထန်ချွန်းမင်က ၎င်းတို့ကို မိသားစုအချို့ကို ပို့ပေးခြင်းမှလွဲ၍ ထိတွေ့ခဲလှသည်။ နေရာလွတ်ထဲက ဟင်းသီးဟင်းရွက်များက အာဟာရဖြစ်ပြီး အပြင်ကထက် ပိုကောင်းသည်။ အရည့်အသွေးက ပိုကောင်းသဖြင့် ဒီတိုင်းထားလိုက်ရင် နှမြောစရာပင်။ နေရာလွတ်ဟင်းသီးဟင်းရွက်တစ်သုတ်ကို ရောင်းချပြီးနောက် ထန်ချွန်းမင်က သူတို့ကို အပြင်မထုတ်ချင်တော့ပေ။ သူ ငွေအရေးပေါ်မလိုသရွေ့ အများကြီးထုတ်ခြင်းက လူတွေရဲ့သံသယကို နှိုးဆွပေးလိမ့်မည်။ ယခုလိုမျိုး သူ့အရင်ဘဝမှာဖြစ်ဖူးသည်။ ကံအားလျော်စွာ သူက ငွေအများကြီးအသုံးမလိုခဲ့ပေ။ တစ်​ကြိမ်လုပ်ပြီးတာနဲ့ သူက သတိပိုရှိလာပြီး ဖုံးကွယ်ထားခဲ့သည်။

 

စင်များပေါ်တွင် သခွားနွယ်ပင်များက ထိုးထွက်ပွင့်လန်းလာပြီး တချို့နေရာမှာ သခွားသီးအသေးလေးများ ရှိနေ၏။ အိမ်နောက်ဘက်တွင် သပွတ်နွယ်ပင်များရှိပြီး ထန်ချွန်းမင်က နေရာလွတ်ကို အပြည့်အဝအသုံးချခဲ့သည်။ အိမ်နောက်ဖေးနံရံတွင် ဖရဲသီးနွယ်ပင်များလည်းရှိသည်။ သို့ဖြစ်၍ ကြီးထွားလာဖို့က အချိန်မကြာခဲ့ပေ။

 

သို့ပေမယ့် ဧရိယာက သိပ်မကျယ်ပေ။ ဟင်းသီးဟင်းရွက်တွေ ခဏလောက်ရောင်းပြီးရင် ဘေးခြံက မြေကွက်ကို သိမ်းပိုက်ပြီး ခြံချဲ့ခိုင်းရမည်။ သို့ပေမယ့် ယင်းက ခွေးတစ်ကောင်နဲ့မလုံလောက်ပဲ သူ ခွေးနောက်တစ်ကောင် ထပ်ဝယ်ဖို့လိုအပ်သည်။

 

ယနေ့မနက်တွင် ရွာသားတွေက မနေ့ညက ကျောက်မိသားစု၏ ရုန်းရင်းဆန်ခတ်မှုကို ပြောနေကြဆဲဖြစ်၏။ မြင်းလှည်းတစ်စီးက ရွာဝင်ပေါက်ကိုဝင်လာပြီး လူအများစု၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ မြင်းတွေက တန်ဖိုးအကြီးဆုံးတိရစ္ဆာန်တွေဖြစ်သည်။ ရွာထဲက လီကျန့်၏မိသားစုတောင် မြင်းမွေးဖို့ တွန့်ဆုတ်ခဲ့သေးသည်။ ဘယ်သူ့မိသားစုကို မနက်အစောကြီး ဧည့်သည်ရောက်လာတာလဲ?

 

မြင်းလှည်းက ရွာတစ်ဖက်ခြမ်းမှာရပ်သွားသည်။ မြင်းလှည်းသမားက ရွာသားတွေကို လမ်းညွှန်ခိုင်းလိုက်သည်။ သူတို့ ထန်ချွန်းမင်ကိုရှာနေကြောင်း ပြောလိုက်တော့ ရွာသားများက နားကြားမှားသည်ဟု ထင်လိုက်ကြသည်။ သို့ပေမယ့် ရွာသားအများစုက ရိုးသားပြီး လမ်းညွန်းပေးခဲ့ကြသည်။ တောင်ခြေမှာ ခြံကျယ်ကြီးရှိသည့် မိသားစုက ထန်မိသားစုဖြစ်၏။ ထန်ချွန်းမင် အိမ်ထောင်စုတစ်ခု ထူထောင်ပြီးကတည်းက ရွာထဲကလူတွေက သူတို့ကို နာမည်ပြောင်းခေါ်ကြသည်။ ထန်ချွန်းမင်သည် မနေ့က နှောင့်နှေးခြင်းမရှိ အခွန်ပေးဆောင်ခဲ့တာကြောင့် ရွာသားတစ်ချို့က သူ့ကိုပိုပြီး အသိအမှတ်ပြုလာသည်။

 

မြင်းလှည်းပေါ်တွင် ထန့်ယွီနှင့် ဆိုင်ရှင်ချီက အတူရောက်လာခဲ့သည်။ သူတို့က မြင်းပေါ်ကနေ ရွာ၏ရှုခင်းများနဲ့ တောင်တန်းများကို လှမ်းကြည့်လိုက်သည်။ ထန့်ယွီက သက်ပြင်းချလိုက်သည်။ “ဒါက နေရာကောင်းပဲ။ တောင်နဲ့ရေလည်းရှိတယ်။ နေထိုင်ရအဆင်ပြေမှာပဲ။”





“ဒီနေရာက ​မြေဆီလွှာနဲ့ရေကြောင့် အသီးအနှံတွေ စိုက်ပျိုးလို့ရနေတာလား?”

 

ဆိုင်ရှင်ချီက တိတ်တိတ်လေး ရယ်မောလိုက်သည်။ သခင်လေးက မြို့ထဲမှာကြီးပြင်းလာတော့ ရွာသူရွာသားတွေရဲ့ဘဝကို ဘယ်လိုမြင်နိုင်မှာလဲ? တောင်နဲ့ရေက နေလို့ကောင်းပေမယ့် လုပ်အားခွန်က ရွာကိုရောက်လာတော့မယ်လို့ ကြားခဲ့သည်။ သူက ရွာသားတွေကို စိတ်ပူနေသည်။ သူတို့က ဘယ်လိုဘဝကောင်းရမှာလဲ? တောင်တွေများပြားလာပြီး လယ်ကွင်းတွေနည်းပါးလာကာ သူတို့က ​တောင်ပေါ်က သားရဲများ၏ ခြိမ်းခြောက်မှုကိုလည်း ခံရသေးသည်။ မိသားစုများစွာက ကောင်းမွန်သောဘဝကို မနေထိုင်နေကြပေ။

   

ရွာသားများ၏အကြည့်အောက်တွင် မြင်းလှည်းက ထန်ချွန်းမင်၏အိမ်တံခါးရှေ့မှာ ရပ်သွားပြီး မြင်းလှည်းမောင်းသူက လှည်းပေါ်မှဆင်းကာ တံခါးခေါက်လိုက်သည်။