Chapter 34.3
Viewers 333

Chapter 34.3

  

“ကောင်းပြီ… ဖေဖေ..” ကျောက်ဖျင်ချွမ်က စိတ်မရှည်သလို ပြောလိုက်သည်။ “သူ့မိသားစုကိစ္စတွေမှာ သွားမရှုပ်ဖို့ တတိယဦးလေး ဖေဖေ့ကိုပြောထားတယ်မလား? ဘာလို့နားမထောင်တာလဲ? အစ်ကိုကြီးရောပဲ… ဖေဖေ ခုကစပြီး အေးဆေးနေမယ်မလား? အဲ့ဒီလူက ကျွန်တော်တို့နဲ့ ခွဲထွက်ပြီးပြီမို့ ဘာမှမပတ်သက်တော့ဘူး။ အခု လူတွေအတင်းပြောစရာဖြစ်အောင် လုပ်နေတာလား? ကျောက်မိသားစုက မုဆိုးဖိုကို မခံမရပ်နိုင်ဖြစ်နေတယ်လို့ ပြောစေချင်တာလား? ဖေဖေ… အခုချိန်မှာ လူဘယ်နှစ်ယောက်က ကျွန်တော်တို့မိသားစုကို မနာလိုဖြစ်နေလဲ သိရဲ့လား?”



“ငါ့သားက ပညာရှင်ဖြစ်သွားပြီလေ…ငါက ဘာကိုကြောက်ရဦးမှာလဲ?” ဘိုးဘိုးကျောက်က အော်ဟစ်ပြောဆိုလိုက်သည်။ သူ့ကို အဲ့ဒီကောင်ရှေ့မှာ ဦးညွတ်ဖို့ပြောနေတာက နောင်ဘဝထိတောင် ​မဖြစ်နိုင်ပေ။



“ဟုတ်တယ်…ကြောက်စရာမလိုဘူး။ ဒါပေမယ့် ခင်ဗျားသားကတော့ ကြောက်ရမယ်…နားလည်လား” ကျောက်ဖျင်ချွမ်က သူ့အားမူ၏စိတ်ကို မပြောင်းလဲနိုင်မှန်းသိတာကြောင့် သူက ခြိမ်းခြောက်လိုက်လေသည်။ “ကျွန်တော့်အစ်ကိုရဲ့မုဆိုးဖိုကို သေအောင်တွန်းအားပေးခဲ့တယ်လို့ သတင်းထွက်လာမှာကြောက်တယ်။ အဲ့လိုဖြစ်သွားရင် ပညာရှင်တစ်ယောက်ဆိုတဲ့နာမည်ကိုပါ ဆုံးရှုံးရလိမ့်မယ်။ ကျွန်တော်တောင်းပန်ပါတယ်…ဖေဖေ… ကျွန်တော် အင်ပါယာစာမေးပွဲဆက်ဖြေချင်တယ်။ အဲ့လိုအရှက်မရှိတဲ့ ကောတစ်ယောက်အတွက်နဲ့ ကျွန်တော်က နာမည်အပျက်ခံပြီး အနာဂတ်ကို ဖျက်စီးစရာလား? ကျွန်တော့်အားမူက ကျွန်တော်နဲ့အတူ မြို့ထဲလိုက်လာပြီး ပဒေသရာဇ်ဘုရင်ဖြစ်လာမှာ။ ကောင်းတဲ့နေရက်တွေလာတော့မှာ။ ဖေဖေက အဲ့ဒီလူနဲ့ စာရင်းရှင်းဖို့ပဲ စိတ်ထဲရှိရင် ကျွန်တော် စာမေးပွဲဖြေမယ့်အစား အိမ်မှာနေပြီး လယ်ပဲလုပ်တော့မယ်။ ဒါမှ ကျွန်တော့်ရဲ့ကြိုးစားမှုတွေ အချည်းနှီးမဖြစ်တော့မှာ။”



“မဖြစ်ရပါဘူး။ သူ့လိုကောင်အတွက် ငါ့သားရဲ့အနာဂတ်ကို ဖျက်စီးစရာလား? ငါသူ့ကို လည်ပင်းညှစ်သတ်လိုက်မှာ!” ထန်ချွန်းမင်က သူ့သား၏အနာဂတ်ကို နှောင့်နှေးစေခဲ့သလိုပင် သူ့မျက်လုံးများက အမုန်းတရားနဲ့ပြည့်နေ၏။ ယခု ထန်ချွန်းမင်က အများကြီးပြောင်းလဲသွားခဲ့သော်လည်း ဘိုးဘိုးကျောက်၏ရင်ထဲမှာ သူက သူထိန်းချုပ်လို့ရခဲ့သည့် ကောအာလေးဖြစ်နေဆဲပင်။ သို့ဖြစ်၍ သူ ယခု ထိန်းချုပ်မှုအောက်က လွတ်သွားလေ ဘိုးဘိုးကျောက်က ဒေါသထွက်လေဖြစ်၏။



“ကျွန်တော် အနာဂတ်မှာ အန်ဖျင်ခရိုင်ကို အုပ်ချုပ်နိုင်ခဲ့ရင် ဖေဖေ သူ့ကိုလုပ်ချင်သလို လုပ်လို့ရတယ်။ ဒါပေမယ့် အခုတော့မရဘူး။” ကျောက်ဖျင်ချွမ်က ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့အားမူကို မျှော်လင့်ချက်ပေးခဲ့သည်။ ကျောက်ဖျင်ချွမ်က ရည်မှန်းချက်ကြီးပြီး ထိုနေ့ကို ရောက်မလာနိုင်ဘူးလို့ မထင်ခဲ့ပေ။ သူက သူရှေ့ဆက်မည့်လမ်းတွင် အနာဂတ်ကိုပျက်စီးစေမည့် လူတွေကို အလိုမရှိပေ။

  



“ကောင်းပြီ…” ဘိုးဘိုးကျောက်က သူ့ဒေါသကိုမျိုချကာ ပြောလိုက်သည်။ “ဖေဖေ…အဲ့နေ့ကို စောင့်နေမယ်!” သူက ထိုကောင်ကို အလွတ်ပေးမှာမဟုတ်ပေ။

 

ကျောက်ဖျင်ချွမ်က သူ့အားမူ၏ယုတ်မာမှုကို သဘောမကျသော်လည်း သူက သူ့အကျိုးစီးပွားကို မထိခိုက်သရွေ့ အဆင်ပြေသည်။ သူ ယခုလို ပညာရှင်ဖြစ်လာတာ သူ့အားမူ၏ပံ့ပိုးမှုကြောင့်ဆိုတာ သူသိသည်။ သူ့အားမူမရှိရင် သူ့ဖခင်ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ကျောင်းတက်ဖို့ ငွေအများကြီးသုံးနိုင်ခဲ့မှာမဟုတ်ပေ။ သို့ဖြစ်၍ သူ့အားမူစိတ်ကျေနပ်စေဖို့ ကျင်းကျိစားသောက်ဆိုင်နှင့် သူဌေးအကြောင်းကို သူ့အတန်းဖော်များအား မေးရန်ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူသာ ထိုလူ၏ငွေအရင်းအမြစ်ကို ဖြတ်တောက်နိုင်ခဲ့လျှင်….

 

အမှောင်ရိပ်တစ်ခုက ပြတင်းပေါက်မှ ဖြည်းဖြည်းချင်းရွေ့လျားလာခဲ့သည်။ ယင်းက အဝေးသို့ရောက်သွားမှ အရိပ်က တဖြေး​ဖြေးဖြောင့်တန်းသွားကာ သက်ပြင်းရှည်ချလိုက်သည်။ တတိယညီက သူနဲ့တာဟူကို အထင်သေးမှန်း သူအမြဲသိခဲ့သည်။ သူ့အားမူကလည်း တတိယညီကိုသာ သူ့သားအဖြစ်သတ်မှတ်ခဲ့သည်။ သူက တာဟူနဲ့သူ့ကို အလေးမထားပေ။ တာဟူဆုံးသွားတာတောင် သူ့အားမူငိုတာကို မတွေ့ခဲ့ရပေ။

 

ဂုဏ်သတင်း? ဟားဟား.. ကျောက်တာနျိုက ရယ်လိုက်သည်။ ကျောက်ဖျင်ချွမ်က နာမည်ပျက်မှာကို ကြောက်တာလား? ကျောက်တာနျို၏နေ့ရက်ကောင်းများ ရောက်လာတော့မည်။ ကျောက်ဖျင်ချွမ်က သူ့အစ်ကိုကြီးကိုလုပ်ခဲ့သလို သူ့ကိုဖယ်ရှားနိုင်မှာမဟုတ်ပေ။ မဟုတ်လျှင် သူ့ဂုဏ်သတင်းပျက်စီးသွားလိမ့်မည်!

 

ပိုက်ဆံ! ပိုက်ဆံထက် အရေးကြီးတာဘာမှမရှိပေ! သူ့တံခါးဆီကို ရောက်လာသော လက်ဆောင်များကိုကြည့်ရင်း ကျောက်တာနျို၏မျက်ဝန်းက လောဘဇောတွေ တဖျပ်ဖျပ်တောက်နေခဲ့သည်။

 



ထန်ချွန်းရုံက သူ့အစ်ကို၏နေရာမှာ နှစ်ရက်ဆက်တိုက်နေခဲ့သည်။ ကျောက်မိသားစုမှ ဧည့်သည်များပြန်သွား​ပြီးနောက် ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာက ပြဿနာလာမရှာသောအခါ သူက စိတ်သက်သာရာရသွားခဲ့သည်။ သူ့အစ်ကိုပြောတာမှန်သည်။ ကျောက်ဖျင်ချွမ်က ယုတ်မာသောမိသားစုဝင်များကို ထိန်းချုပ်ထားပေမယ့် ထိုချုပ်နှောင်ထားခြင်းက ယာယီမှန်းသိသည်။ တချို့လူတွေက အကျင့်ဆိုးများကို မပြောင်းလဲနိုင်ပေ။ သုံးနှစ်အကြာမှာ သူ ကျောက်လောင်စန်းထက် မြင့်သော ရာထူးတစ်ခုကို ရောက်လာရမည်!

 

ထန်ချွန်းရုံက သူ့အစ်ကို မြေဝယ်ပြီး စားသောက်ဆိုင်ကို ဟင်းသီးဟင်းရွက်တင်သွင်းတာနဲ့ ပတ်သက်၍ အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ့ဘဝပို​ကောင်းလေ သူပိုပြီး စိတ်သက်သာရာရလေဖြစ်၏။ သူ့မှာမျိုးစေ့ကောင်းတွေရှိပြီး မူရင်းထက်ပိုကောင်းနိုင်တယ်လို့ သူ့အစ်ကိုက ပြောခဲ့သည်။ ယခုနှစ်မှာ စပါးအထွက်နှုန်းတိုးရင် နောက်နှစ်မှာ တချို့မျိုးစေ့များကို သူ့အားမူအား ပေးလိုက်မယ်လို့ ပြောသည်။ ထန်ချွန်းမင်က ထိုစကားကြားတော့ ပိုလို့ပင် ပျော်ရွှင်သွားခဲ့သည်။ သူ့အစ်ကိုက သူ့အားမူနဲ့ ဆက်ဆံရေးတိုးတက်လာအောင် ကြိုးစားနေမှန်းသိ၍ သူက စိတ်ချမ်းသာနေခဲ့သည်။

 

ထန်ချွန်းရုံပြန်သွားပေမယ့် ရွာထဲရှိ ပွဲကြည့်ပရိသတ်များက စိတ်ပျက်နေသည်။ ထိုနေ့က ကျောက်မိသားစုပြောခဲ့သည့်စကားကို တစ်​ယောက်ယောက်က ဖြန့်ခဲ့သည်။ တချို့လူတွေက ထန်ချွန်းမင်၏ကံတရားကို မနာလိုဖြစ်နေပြီး သူ့ကို အစတည်းက သဘောမကျသူများသည် ပွဲကြည့်ဖို့စောင့်နေခဲ့သည်။ 

 

မထင်မှတ်ထားသည်မှာ ရက်အနည်းငယ်ကြာအောင် စောင့်ဆိုင်းပြီးနောက် ဘာလှုပ်ရှားမှုမှမရှိခဲ့ပေ။ ဘိုးဘိုးကျောက်က အိမ်ပြင်ထွက်တာ ရှားပေမယ့် သူက ယနေ့မှာ မြို့ပေါ်သွားခဲ့သည်။ သူက ထိုနေရာကို ခြေလျင်လျှောက်သွားခဲ့တာဖြစ်၏။ ဦးလေးကျောက်လျိုက ဘယ်လိုကိစ္စပဲရှိရှိ သူ့နွားလှည်းပေါ် တက်ခွင့်မပေးခဲ့သလို တတိယဦးလေး၏ တောင်းဆိုမှုကလည်း အသုံးမဝင်ခဲ့ပေ။

 

ထန်ချွန်းမင်လိုပင် ကျောက်လောင်စန်း၏ သြဇာလွှမ်းမိုးမှုကို သူဂရုမစိုက်ပေ။ သူက အတိတ်ကအမုန်းတရားကို ကျေအေးမပေးနိုင်လို့ သူတို့နဲ့ ဝေးဝေးနေချင်သည်။

 

ဘိုးဘိုးကျောက် ပြဿနာမရှာတာကိုတွေ့တော့ တတိယဦးလေးက နာခံသော ကျောက်ဖျင်ချွမ်နဲ့အတူ ကျေနပ်သွားခဲ့ပြီး ကျောက်ဖျင်ချွမ်၏ဂုဏ်သတင်းကို ရွာနှင့်အနီးနားဒေသ၌ ပျံ့နှံ့စေရန် အများကြီးအားစိုက်ထုတ်ခဲ့လေသည်။

 

တချို့လူတွေက ပွဲကြည့်ဖို့စောင့်နေပေမယ့် မျှော်လင့်ချက်မရှိတော့ပေ။ ထန်ချွန်းမင်အိမ်တစ်ဝိုက်က တံတိုင်းအသစ်က ဆောက်လုပ်ပြီးစီးသွားခဲ့သည်။ ၎င်းကို မြေကြီးနှင့်ကျောက်တုံးများ ရောနှော၍ ပြုလုပ်ထားသည်။ ထို့အပြင် ထန်ချွန်းမင်သည် နံရံပေါ် လူတက်လာခြင်းကိုတားဆီးရန် ချွန်ထက်သော ကျောက်စရစ်ခဲများကို ချထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထန်ချွန်းမင်က ငွေပေးထားတာမို့ အလုပ်သမားများက သူပြောသလို လုပ်ကြရသည်။ သူတို့လုပ်ရသည့် အပိုဆောင်းအလုပ်များအတွက် အပိုလုပ်အားခများရခဲ့သည်။

 

နောက်ဆုံးနေ့တွင် သူတို့က ဦးလေးကျောက်လျို၏ မိသားစုထံမှ နွားနှင့် လီကျန့်မိသားစုမှ ​မြင်းပြာကြီးကိုငှားခဲ့ပြီး ခြံခတ်ထားသောမြေ​ကို ထွန်ယက်ကာ ထန်ချွန်းမင် စုဆောင်းထားသော မြေသြဇာများချပေးခဲ့သည်။ လုပ်အားခများ ပေးချေပြီးနောက် ထန်ချွန်းမင်က ထိုလူများကို စိတ်ကျေနပ်စေမည့် အစားအသောက်ကောင်းကောင်း ချက်ကျွေးခဲ့သည်။ ထန်ချွန်းမင်၏ အချက်အပြုတ်စွမ်းရည်က ရွာထဲ၌ ပျံ့နှံ့သွားလေသည်။

 



ခြံတံခါးအသစ်ဆောက်လုပ်ထားပြီး ခြံတံခါးဟောင်းနှင့် ချိတ်ဆက်ထားတာကြောင့် အပြင်ထွက်စရာမလိုပဲ မူလခြံကနေ ဖြတ်သန်းသွားလာနိုင်သည်။ ခြံအသစ်ကပိုကျယ်သည်။ မကြားသေးမီက ကလေးသုံးယောက်နှင့် လာရောက်ဆော့ကစားလေ့ရှိသော ရှောင်ကျိုးက ရှောင်ဟွာနဲ့အတူ ​ပျော်ရွှင်စွာ ​ပြေးလွှားကစားနေကြသည်။ ထန်ချွန်းမင်က သူတို့ကိုမတားပဲ လေ့ကျင့်ခန်းလုပ်ဖို့သာပြင်လိုက်သည်။ သူကိုယ်တိုင်လည်း ခြံသစ်ကိုလျှောက်သွားချင်နေခဲ့သည်။ သူသွားနိုင်သည့် နေရာက အကန့်အသတ်ရှိ၏။ သူက ဗိုက်ပူကြီးဖြင့် ရွာထဲမသွားချင်တာကြောင့် အိမ်မှာပဲ စိတ်ပျက်လက်ပျက် နေခဲ့ရသည်။ ထိုအကြောင်းစဥ်းစားရုံဖြင့် သနားစရာကောင်းလှသည်။ ယခုသူ့မှာ ကြီးမားကျယ်ပြန့်သော နေရာတစ်ခုရှိနေ၍ ထန်ချွန်းမင်က ဆန္ဒပြည့်သွားသလို ခံစားလိုက်ရသည်။

 

ခြံအသစ်ကိုဆောက်ပြီးနောက် ထန်ချွန်းမင်က ရေတွင်းတူးဖို့ အစီအစဥ်ချမှတ်ခဲ့သည်။ မဟုတ်ပါက နောင်မှာ တာရှန်ကို ရေခပ်ပေးဖို့ပြောပြီး အရှက်ရနေလိမ့်မည်။ ကျန်းရှို့ကလည်း လုပ်အားခမယူတာကြောင့် ရေတွင်းတူးဖို့ လိုအပ်လာသည်။

 

ယခုချိန်တွင် လူတိုင်း၏အာရုံက ကျောက်မိသားစုထံမှာ ရှိနေသည်။ ထန်ချွန်းမင်က ကျွမ်းကျင်ပညာရှင်ဟောင်းတစ်ယောက်ကို ရှာရန် လီကျန့်ကို အမြန်ဆုံးအကူအညီတောင်းလိုက်သည်။ ထိုလူက မြေအောက်ရေကြောများကို ကောင်းကောင်းသိပြီး အချိန်မှန်မှာ တူးဖော်ပေးဖို့လိုအပ်သည်။ ခြံတံခါးကိုပိတ်လိုက်သည်နှင့် အထဲမှာဘာဖြစ်နေလဲ ဘယ်သူမှမသိပေ။ ကျောက်မိသားစုက မြို့ပေါ်က လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်မည့်သတင်း ရွာထဲမှာ ပျံ့နှံ့လာစဥ် ထန်ချွန်းမင်၏ရေတွင်းက တူးဖော်ပြီးစီးသွားခဲ့သည်။ ရေတွင်းမှထွက်လာသော ရေကြည်အေးများကိုကြည့်ရင်း ထန်ချွန်းမင်က အားပါးတရပြုံးလိုက်သည်။