Chapter 34.2
“ဂုဏ်သတင်း?” ထန်ချွန်းရုံက တုံ့ပြန်လိုက်သည်။
“ဟုတ်တယ်။ ဂုဏ်သတင်းက ဒီလိုလူမျိုးတွေ ဂရုစိုက်ဆုံးအရာပဲ။ သူ ပညာရှင်ဘွဲ့ရထားလို့ လူတစ်ချို့က သူ့ကို မျက်နှာသာပေးချင်ပေမယ့် ငါ့လို မျက်နှာသာမပေးတဲ့လူနဲ့တွေ့ရင် သူငါ့ကိုထိရဲမှာတဲ့လား? ဟမ်… ငါသူ့ကိုအထင်သေးတာတော့မဟုတ်ပေမယ့် သူ့မှာလည်း အားနည်းချက်တွေရှိတယ်။ သူ အင်ပါယာစာမေးပွဲ ဆက်ဖြေမယ်ဆိုရင် သူ့နာမည်ကို ဂရုစိုက်ပြီး မိသားစုက ထိန်းသိမ်းရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူက ကျောက်မိသားစုရဲ့ အသွေးအသားပဲလေ။”
ထန်ချွန်းမင်က ထန်ချွန်းရုံနားလည်အောင် ရှင်းပြနေခြင်းဖြစ်သည်။ တခြားသူတွေ ဘာကိုမှဂရုမစိုက်တာ နားလည်လို့ရပေမယ့် သူ့အတွက်တော့ နာမည်နဲ့ ဂုဏ်သိက္ခာက အရေးကြီးဆုံးပင်။ သူဂရုစိုက်လေ ထိန်းထိန်းသိမ်းသိမ်း ပိုနေရလေဖြစ်၏။ တခြားသူများက သူတို့ကိုယ်သူတို့ထိန်းသိမ်းဖို့ ထိုအရာတွေကို သုံးဖို့ဆန္ဒရှိလျှင် ထန်ချွန်းမင်က မရိုးမသားပြုမူနိုင်လေ၏။ ဘာလိုပဲဖြစ်စေ.. သူက တခြားသူများ၏စကားကို ကြောက်ရွံ့ခြင်းမရှိသော ကောတစ်ယောက်ဖြစ်၍ အဆိုးဆုံးမှ သူသည် အထုပ်ပိုးပြင်ပြီး ထွက်သွားရုံပင်။
“အစ်ကို…” ထန်ချွန်းရုံက တစ်ခုခုကို နားလည်သွားပုံရပေမယ့် သူက စိတ်မကောင်းဖြစ်နေဆဲပင်။ သူ သူ့အစ်ကိုကို ကာကွယ်မပေးနိုင်လျှင် ကျောက်မိသားစုလိုလူတွေကို ခယဝယလုပ်မယ့်အစား နာမည်အပျက်ခံလိုက်တာ ပိုကောင်းသည်။
“ငယ်ငယ်လေးနဲ့ မျက်မှောင်ကြုတ်နေတာ အဘိုးအိုနဲ့တူနေပြီ။ ဒါတွေကိုမတွေးနဲ့တော့။ ရောက်တုန်းရောက်ခိုက် အေးအေးဆေးဆေးနေပါ။ ငါ ညနေကျရင် မင်းအတွက် အရသာရှိတာလေးချက်ပေးမယ်။ ငါ ဦးလေးလျိုကို အသားနည်းနည်းယူလာပေးဖို့ မနက်ကပြောခဲ့တယ်။” ထန်ချွန်းမင်က သူ့ညီ၏ဆံပင်ကို စိတ်ဆိုးသလို ဆွဲလိုက်သည်။
ထန်ချွန်းရုံက ရှုပ်ပွနေသော ဆံပင်ဖြင့် ဒေါသတကြီး ထွက်ပြေးသွားခဲ့သည်။ သူသာ သူ့အစ်ကို၏ဗိုက်ကို ဂရုမစိုက်လျှင် တွန်းထုတ်လိုက်မှာဖြစ်၏။ ကျန်းရှို့က သူတို့ကို ရွှင်ပြပြကြည့်နေပြီး ထန်ချွန်းမင်အား ပြောလိုက်သည်။ “ညီလေးကို ဒီလိုအနိုင်မကျင့်သင့်ဘူး”
ထိုအချိန်တွင် သူ့စကားများက ထန်ချွန်းရုံ၏ အနာဂတ်အတွေးများအပေါ် သက်ရောက်စေပြီး သူ၏ ဖြူစင်သောညီလေးကို တခြားလမ်းကြောင်းပြောင်းသွားစေခဲ့မယ်လို့ ထန်ချွန်းမင်က သတိမထားမိခဲ့ပေ။ ထန်ချွန်းရုံက သူ့ကိုယ်သူ ထပ်ခါတလဲလဲမေးသည်။ သူ့အားနည်းချက်ကဘာလဲ? သူက ကျောက်လောင်စန်းလိုမဖြစ်ချင်ပေ။ သူက အပေါ်ယံကိစ္စများကိုလည်း ဂရုမစိုက်ပေ။ သို့ပေမယ့် သူ့မိသားစု၊ သူ့အားမူနှင့် အစ်ကိုက သူ့အားနည်းချက်ဖြစ်၏။ သူက သူ့အားနည်းချက်များကို ကာကွယ်ရန် သန်မာလာမှဖြစ်မည်။
အန်ဖျင်ခရိုင်တွင်။
ခရိုင်မြို့က ပညာရှင်စာမေးပွဲအောင်စာရင်းကို မြို့တွင်းထက် စောစောရခဲ့သည်။ အစောပိုင်းက မြို့ပေါ်မှပြန်လာသော ထန့်ယွီက ပညာရှင်စာမေးပွဲကို အာရုံစိုက်နေသည်။ ဆိုင်ရှင်ချန်ကလည်း မနက်စောစောတွင် ပညာရှင်စာမေးပွဲအောင်စာရင်းကို ရရှိခဲ့သည်။ သူ စာရင်းကိုကြည့်လိုက်တော့ ပထမအဆင့်ရခဲ့သည့် နာမည်ကိုတွေ့သွားပြီး အံ့အားသင့်သွားခဲ့သည်။ သူက မျက်လုံးကိုပွတ်သပ်ကာ သူမြင်ခဲ့တာအမှန်လား စစ်ဆေးလိုက်သည်။
ဒီစာမေးပွဲမှာ ဘယ်သူက ပထမနေရာလို့ထင်လဲ? ယင်းမှာ ထင်ကျင့်စားသောက်ဆိုင်ကို လာဖူးသည့် ထောင်ကုန်းဇီဖြစ်သည်။ အစပိုင်းမှာ ဆိုင်ရှင်ချန်က ထင်ကျင့်စားသောက်ဆိုင်အတွက် နာမည်ကောင်းတစ်ခုတည်ဆောက်ရန် ကျယ်ပြန့်သောပိုက်ကွန်ချထားဖို့သာ ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ထားစွာပင် ထိုပိုက်ကွန်က ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့သည်။ ထိုအချိန်က ထောင်ကုန်းဇီ၏ ရှက်ရွံ့နေသော အမူအရာကို စဥ်းစားကြည့်ပြီး ဆိုင်ရှင်ချန်က သူ့ကို ထိုမျှလောက်ပညာတတ်မဲ့လို့ မထင်ထားခဲ့ပေ။
“သခင်လေး…ထောင်ကုန်းဇီ ဘယ်မှာနေလဲစုံစမ်းပြီး သူ့ကို လက်ဆောင်ကြီးကြီးပေးလိုက်ရမလား?” ဆိုင်ရှင်ချန်က အကြံပြုသည်။
“အင်း ဒါပေမယ့် အဲ့ဒီတုန်းကဖြစ်ပျက်ခဲ့တာကို ပြန်မပြောနဲ့။ ထင်ကျင့်စားသောက်ဆိုင်က အဲ့ဒီတုန်းက ကိစ္စကို ကျေးဇူးတရားတစ်ခုလို မှတ်ယူလို့မရဘူး။ ငါတို့က စီးပွားရေးသမားတွေဆိုတာကို သိရမယ်။ ငါတို့က တစ်ဖက်နဲ့ ငွေပေးပြီး တစ်ဖက်နဲ့ ကုန်ပစ္စည်းကိုယူတယ်။ ဘယ်သူကမှ ထင်ကျင့်စားသောက်ဆိုင်ကို ကျေးဇူးကြွေးတင်မနေဘူး။” ထန့်ယွီက ဆိုင်ရှင်ချန်ကို သတိပေးလိုက်သည်။ ပညာရှင်တစ်ယောက်အတွက် အရေးကြီးဆုံးက ဂုဏ်သတင်းဖြစ်သည်။ ထင်ကျင့်စားသောက်ဆိုင်က သူ့ကိုထောက်ပံ့ထားမှန်း လူတွေသိသွားရင် ၎င်းက ထိုလူအတွက် မကျေမနပ်ဖြစ်စေပြီး နောက်ဆုံးမှာ ထင်ကျင့်စားသောက်ဆိုင်ကို ထိခိုက်စေလိမ့်မည်။
“ဟုတ်ကဲ့ပါ…သခင်လေး. မှတ်ထားလိုက်ပါမယ်။” ဆိုင်ရှန်ချန်၏နှလုံးက တင်းကျပ်လာသည်။ တကယ်တော့ သူ့မှာ ထိုအတွေးမျိုးရှိခဲ့သည်။ သူတို့၏ပံ့ပိုးမှုကြောင့် ထောင်ကုန်းဇီက ပထမနေရာကိုရခဲ့တာဖြစ်၏။ မဟုတ်ပါက ထောင်ကုန်းဇီ၏ အရှက်ရစရာအခြေအနေကြောင့် စာမေးပွဲဝင်ဖြေနိုင််ခဲ့မှာမဟုတ်ပေ။ သို့ပေမယ့် သခင်လေးပြောသည့်အတိုင်းပင် ထိုနေ့ကအဖြစ်အပျက်အတွက် အမြတ်ထုတ်ခံရတယ်လို့ ထောင်ကုန်းဇီထင်သွားလျှင် သူက တေးမှတ်ထားပြီး ထင်ကျင့်စားသောက်ဆိုင်ကို ဘေးဥပဒ်များ သယ်ဆောင်လာနိုင်သည်။
သို့ဖြစ်၍ ဆိုင်ရှင်ချန်က တခြားမိသားစုတွေလိုပင် ရတနာလေးပါးနှင့် စာအိတ်နီတစ်အိတ်ပြင်ဆင်ပြီး ထောင်ကုန်းဇီ၏အိမ်ကို ပို့ပေးလိုက်သည်။ သူက လက်ဆောင်ပေးသူများစာရင်း၌ မထင်ရှားသော်လည်း အောင်ပွဲခံပြီးနောက် သူတို့ဆီကို အရင်ဆုံးရောက်လာခဲ့သည်။ သူက ထင်ကျင့်ဆိုင်က သူဌေးကို ကျေးဇူးတင်ကြောင်းဖော်ပြရန် ရောက်ရှိလာခဲ့သည်။
ကျောက်မိသားစုတွင် သက်ဝင်နေသောလူအုပ်က လူစုကွဲသွားခဲ့သည်။ ဘိုးဘိုးကျောက်က ဝမ်ချွန်းဟွာကို အိမ်သန့်ရှင်းရေးလုပ်ဖို့ တွန်းအားပေးခဲ့သည်။ ဝမ်ချွန်းဟွာကလည်း အပြုံးတစ်ခုဖြင့် လက်ခံခဲ့သည်။ ယခင်က ဘိုးဘိုးကျောက် သူ့ကို အမိန့်ပေးလျှင် တွန့်ဆုတ်ခဲ့ပေမယ့် ယခုအခါ သူက သူ့သားကို မောင်းထုတ်ပြီး ဘိုးဘိုးကျောက်ကို အဖော်ပြုပေးနေသည်။ သူက ကျောက်မိန်ကို ဆွဲဆိတ်ကာ မပျင်းရိပဲ အလုပ်အမြန်လုပ်ဖို့ပြောခဲ့ပြီး ကျောက်မိန်ကိုဆူပြီးနောက် သူ စိတ်သက်သာရာရသွားသည်။
သူက ဘိုးဘိုးကျောက်၏ ယခုလိုဆက်ဆံခြင်းကို စိတ်မဆိုးပေမယ့် ကောင်းမွန်သောဘဝမှာ နေထိုင်နိုင်ရန် သူက ဘိုးဘိုးကျောက်ကို ချော့မော့ပေးရဦးမည်။
ဘိုးဘိုးကျောက်က ငွေတွေအားလုံးကိုသိမ်းသွားတာ နှမြောစရာပင်။ တွေးကြည့်ရုံဖြင့် နှလုံးသားက သွေးတွေစီးကျလာသည်။
ကျောက်ဖျင်ချွမ်က နောက်ဆုံးဧည့်သည်ကို ပြန်ပို့ပြီး ဘိုးဘိုးကျောက်နှင့် လက်ထပ်ပွဲကိစ္စဆွေးနွေးလိုက်သည်။ ယနေ့မှာ ရှန်းမိသားစုက သူတို့ကိုဂုဏ်ပြုဖို့ ရောက်လာပေမယ့် သူနဲ့ ဘိုးဘိုးကျောက်က ဆိုလိုရင်းကိုနားလည်သည်။ သူတို့က ကျောက်ဖျင်ချွမ်ကို သားမက်အဖြစ်လိုချင်တာပင်။
“ဖျင်ချွမ်… မင်းဘယ်လိုထင်လဲ? တတိယဦးလေးဘာပြောလဲ?” ဘိုးဘိုးကျောက်က စိတ်မရှည်စွာမေးလိုက်သည်။ သူ့မျက်နှာပေါ်က လျော့တွဲနေသော အသားအရေမှာ ဘောလုံးလိုတွန့်လာသည်။
“တတိယဦးလေးလား? သူကတော့ သဘောတူတာပေါ့။” ကျောက်ဖျင်ချွမ်က လက်ဖက်ရည်တစ်ခွက်ထည့်သောက်လိုက်သည်။ သူ့မှာတစ်နေကုန်အနားယူဖို့ အချိန်မရှိသလို လည်ချောင်းကလည်း ခြောက်သွေ့နေသည်။ “ဒါပေမယ့် ကျွန်တော် အဲ့ဒါနဲ့ပတ်သက်ပြီး မြို့ထဲမှာ အများကြီးမကြားခဲ့ဘူး။ ရှန်းတာဟူမိသားစုရဲ့ကောက ဘယ်လိုမျိုးလဲ?”
ကျောက်ဖျင်ချွမ်က ဘိုးဘိုးကျောက်နဲ့ တတိယဦးလေးလို ချက်ချင်းသဘောမတူပေ။ ကျောက်ဖျင်ချွမ်က ထိုအတောအတွင်း တင်းကျိုးခရိုင်မှာနေခဲ့ပြီး တင်းကျိုးမှာပဲ စားသောက်ခဲ့သည်။ တင်းကျိုးခရိုင်၏ သာယာဝပြောမှုကို မြင်ပြီး တင်းကျိုးခရိုင်ရှိ အတန်းဖော်မိသားစုများနှင့် မိတ်ဆက်ခွင့်ရပြီးနောက် သူ့အမြင်က ကျယ်ပြန့်လာခဲ့သည်။
အပြင်လောကက သူထင်ထားတာထက် အများကြီးပိုကျယ်သည်။ ဒီလိုသေးငယ်တဲ့နေရာမှာ သူဘယ်လိုနေနိုင်မလဲ? ရှန်းတာဟူမိသားစု၏အခြေအနေ ပိုကောင်းလာလျှင်ပင် သူ့အမြင်မှာ သူတို့က နည်းနည်းလေးသာချမ်းသာပြီး တခြားသူတွေလို မျိုးရိုးနောက်ခံမရှိသည့်အပြင် သူ၏ပညာရှင်စာမေးပွဲ၌ အကျိုးရှိစေမှာမဟုတ်ပေ။
သူ တတိယဦးလေးကို ထိုအကြောင်းပြောပြပြီးနောက် သူ့ရင်ထဲက စိတ်လှုပ်ရှားမှုမှာ အနည်းငယ်ငြိမ်သက်သွားခဲ့သည်။ ကျောက်လောင်စန်း၏ အနာဂတ်လမ်းကြောင်းက ရိုးရှင်းသောပညာရှင်တစ်ဦးထက် ပိုနိုင်သည်။ သို့ဖြစ်၍ ကျောက်လောင်စန်းပြောသလိုပင် ရှန်းမိသားစုက သူအရာရှိဖြစ်လာစေဖို့ မကူညီနိုင်ပေ။ ရှန်းတာဟူလို မိသားစုက ကျောက်လောင်စန်းရဲ့အနာဂတ်ကို နှောင့်နှေးစေမှာလား?
“ကိုင်တွယ်ရလွယ်ပါတယ်။”ဘိုးဘိုးကျောက်က သူ့ပေါင်ကိုရိုက်ကာ ပြောလိုက်သည်။ “မနက်ဖြန်… ငါအဖြေရှာဖို့ မြို့ကိုသွားမယ်။ မြို့ပေါ်က အောင်သွယ်တော်တွေက ရှန်းတာဟူရဲ့ကောအကြောင်းကို သိမှာပဲ။ သူတို့ကောက တစ်ခုခုဖြစ်နေမလားဆိုတာကိုပေါ့! သူတို့ ခန်းဝင်ပစ္စည်းဘယ်လောက်ပေးပေး… ငါဂရုစိုက်မှာမဟုတ်ဘူး။!” ဘိုးဘိုးကျောက်က တခြားသူများအပေါ်ရက်စက်သည်။ သူက ငွေမက်လို့ သုံးဖို့တွန့်တိုပေမယ့် သူ့သားကိုတော့ တကယ်ချစ်ပြီး ဂရုစိုက်သည်။ ငွေကြေးက သူ့သားလောက်အရေးမကြီးပေ။
“ကောင်းပြီ…ဖေဖေ… မနက်ဖြန်စုံစမ်းပြီးတဲ့ထိ စောင့်ကြတာပေါ့။ ဖေဖေ ဒီနေ့ပင်ပန်းနေပြီ။ စောစောအနားယူတော့” သူကိုယ်တိုင်လည်း ပင်ပန်းနေပေမယ့် သူ့မျက်နှာပေါ်တွင် စဥ်းစားပေးတတ်သည့် သားတစ်ယောက်လို ပြုမူနိုင်သေးသည်။
“တတိယသားက တခြားညီအစ်ကိုနှစ်ယောက်နဲ့မတူပဲ အလိုက်သိတယ်။” ဘိုးဘိုးကျောက်က စိတ်လှုပ်ရှားသွားပြီး တတိယသား၏လက်ကိုယူကာ ညည်းတွားလိုက်သည်။ “မင်းမရှိတုန်းက အဲ့ဒီလာဘ်ပိတ်ကောင် ဘာလုပ်ခဲ့လဲ မင်းမသိပါဘူး။ အခု မင်းစာမေးပွဲအောင်ပြီဆိုတော့ မင်းရဲ့အားမူဘက်က ရပ်တည်လို့ရပြီ။ မနက်ဖြန်… မဟုတ်ဘူး… သဘက်ခါကျရင် ငါ အဲ့ဒီကောင်ကို ဘယ်လိုလုပ်မလဲကြည့်ထား။”
ထိုနေ့မှာ သူက နေမကောင်းဖြစ်ဟန်ဆောင်ကာ ဘိုးဘိုးကျောက်ကို အရှက်ခွဲခဲ့သည်။ သူက ထန်ချွန်းမင်ကို အပြစ်တင်လိုက်သည်။ ထိုလာဘ်ပိတ်ကောင်ကြောင့်သာမဟုတ်လျှင် သူလူငယ်တွေရဲ့ လှောင်ပြောင်ခံရပြီး တတိယဦးလေးဆူတာကို ခံရမှာမဟုတ်ပေ။ ယခုသူက ပညာရှင်၏မိခင်ဖြစ်လာပြီမို့ ဘယ်သူမှ သူ့ကိုလှောင်ရဲမှာမဟုတ်သလို တတိယဦးလေးကလည်း သူ့ကို မလေးမစားလုပ်လို့မရတော့ပေ။
ဘိုးဘိုးကျောက်က သူ့ရင်ထဲက ဒေါသကို ဖြေဖျောက်ချင်သည်။
ကျောက်ဖျင်ချွန်က ထိုစကားကြားတော့ သူ့အားမူပြောနေသည့် လူကိုချက်ချင်းသိသွားသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အဲ့ဒီလူကို ပြဿနာထပ်မရှာဖို့ သူ့အားမူကို ပြောခဲ့ပြီးပြီမဟုတ်ဘူးလား? ထိုကိစ္စက သူ့အားမူ ဒေါသထွက်ပြီး ထိုလူကို ပြဿနာရှာခဲ့လို့ ဖြစ်လာမှန်းလည်း သူသိသည်။ သူ့အားမူက ထိုလူကို အမြဲနိုင်ကျင့်တတ်တာ သူသိသည်။ သူ့အရှုံးကိုလက်ခံလိုက်ဖို့ ဘယ်လိုပြောရမလဲ?
ထိုအကြောင်းစဥ်းစားကြည့်တော့ သူ့အားမူ၏ မသိနားမလည်မှုကို ရှုတ်ချချင်ခဲ့သည်။ ဒီလိုအားမူမျိုး ဘယ်လိုထွက်လာတာလဲ?
“ဖေဖေ” ကျောက်ဖျင်ချွမ်က စိတ်မရှည်သလို မေးလိုက်သည်။ “ဘာဖြစ်ခဲ့တာလဲ?”
ယခုမှ ဘိုးဘိုးကျောက်က ထုတ်ပြောခွင့်ရတော့သည်။ လယ်ထွန်ဖို့ ယောကျာ်းများကို မြှူစွယ်ခြင်းမှစ၍ သူလုပ်ခဲ့တာအားလုံးအပါအဝင် ထန်ချွန်းမင်၏အရှက်မဲ့သည့် ကိစ္စများကို ပြောပြလိုက်သည်။ သူက စားသောက်ဆိုင်ပိုင်ရှင်နဲ့ ပရော်ပရည်လုပ်ခဲ့သည်။ မဟုတ်ရင် ထိုလူက သူ့ဟင်းသီးဟင်းရွက်တွေကိုဝယ်ဖို့ ပိုက်ဆံအများကြီးသုံးပါ့မလား? ယခုမူ သူ့လယ်ကွင်းထဲ၌ ယောကျာ်းတွေအများကြီး ဝင်ထွက်နေကြသည်။ ၎င်းက ကောတစ်ယောက်၏ပုံရိပ်ကို ပျက်စီးစေပြီး ရှက်ဖို့ကောင်းလှသည်။ ဒီကောင့်လိုလူကို ဝက်လှောင်အိမ်ထဲမှာ ပိတ်ထားသင့်သည်။
သားရှေ့၌ ဘိုးဘိုးကျောက်က အားရပါးရကြိမ်းမောင်းခဲ့သည်။
သို့ပေသိ ကျောက်ဖျင်ချွမ်က နဖူးတွန့်သွားသည်။ သူ၏စိတ်ရှည်သည်းခံမှုက တစ်ရက်တည်းဖြင့် ကုန်ဆုံးလုနီးပါးပင်။ သူ့တတိယဦးလေးက သူ့ကိုသတိပေးပြီး သူ့အားမူကို ဖျောင်းဖျခိုင်းခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။ ယခုလိုဖြစ်လာမှာမို့ဖြစ်၏။ သူက ထန်ချွန်းမင်ကို စိတ်ပျက်ရွံရှာနေတာကြာပြီပင်။ ထန်ချွန်းမင်ကြောင့်သာမဟုတ်လျှင် သူဟာ ရွာသားများ၏ ဝေဖန်ခံခဲ့ရမှာမဟုတ်သလို မြို့ကိုလည်း စောစောထွက်သွားဖို့ လိုမှာမဟုတ်ခဲ့ပေ။
ယခု ထန်ချွန်းမင်က ရွာရှိအမျိုးသားများနှင့် တစ်နေကုန်ပတ်သက်နေသဖြင့် သူ့ရင်ထဲက ရွံရှာမှုက ပိုဆိုးလာခဲ့သည်။ သို့သော် သူ့ကိုစိတ်ပျက်စေသည်မှာ ထန်ချွန်းမင်ဘဝက ပိုကောင်းလာပြီး မြေဝယ်ကာ မြို့ထဲရှိ ကျင်းကျိစားသောက်ဆိုင်နှင့်ပင် အလုပ်တွဲလုပ်နိုင်ခဲ့သည်။
ထန်ချွန်းမင်နှင့် သတင်းထွက်နေသည့် ကျင်းကျိစားသောက်ဆိုင်ပိုင်ရှင်ကို သူသိသည်။ သူက ကျင်းကျိကိုရောက်ဖူးပြီး ၎င်းက မြို့ထဲက အကောင်းဆုံးစားသောက်ဆိုင်ဖြစ်သည်။ အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်က ကျေးလက်နေကောတစ်ယောက်ကို သဘောကျမှာတဲ့လား? သူပြန်ရောက်တော့ ကျင်းကျိစားသောက်ဆိုင်က ယခင်ကထက် ပိုကောင်းလာပြီး တစ်ရက် သူ့ကို ဖိတ်ကျွေးမယ်လို့ သူ့သူငယ်ချင်းတွေက ပြောဖူးသည်။ ထန်ချွန်းမင်၏ဟင်းသီးဟင်းရွက်တွေက ထိုကိစ္စနဲ့သက်ဆိုင်နေမယ်လို့ သူမတွေးမိခဲ့ပဲ သူက သူ့အားမူ၏စကားကိုပဲယုံခဲ့သည်။
သူက ထန်ချွန်းမင် အကူအညီလာတောင်းတာကို မြင်ချင်ခဲ့ပေမယ့် ယခုတော့ ဆန့်ကျင်ဘက်ဖြစ်လာခဲ့သည်။
ထန်ချွန်းမင်က တာဟူ၏ငွေကို အလွဲသုံးစားလုပ်သည်ဟု ဘိုးဘိုးကျောက်ပြောခဲ့တာကို ကျောက်ဖျင်ချွမ်မယုံပေ။ ကျောက်တာဟူက ဘယ်လိုလူစားမျိုးလဲသူသိသည်။ သူ့အစ်ကိုနှစ်ယောက်မှာ တစ်ယောက်က ပျင်းပြီး တစ်ယောက်ကတုံးသည်။ တစ်ယောက်ကရိုးသားပြီး သစ္စာရှိသလို သူ့အားမူကိုလည်း သိတတ်ပြီး ညီငယ်လေးကိုလည်း ဂရုစိုက်သည်။ သို့သော် တချို့အကြောင်းကြောင့် ကျောက်ဖျင်ချွမ်က သူ့အစ်ကို၏နိမ့်ကျမှုကို မကျေမနပ်ဖြစ်ပြီး အစ်ကိုကိုမျက်ကွယ်ပြုဖို့ သူ့အားမူကိုပြောခဲ့သည်။
သူ့အားမူက ပိုက်ဆံမက်တာ သူသိသည်။