Chapter 15
Viewers 83

Chapter 15


"အ- အွတ် လပ်ကီး!"

 

ယောလ်သည် လပ်ကီးကို အလျင်အမြန် ခေါ်လိုက်ပြီး စိုးရိမ်တကြီး ဖြစ်နေသည်။ 

 

ပေါက်တော့မယ်၊ ပေါက်တော့မယ်!

 

သူသည် စောင့်မျှော်ခဲ့ရသော အခိုက်အတန့်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရခြင်းပင်။ သို့သော် ဤအခြေအနေတွင် သူ အမှန်တကယ် ဘာလုပ်ရမည်ကို မသိတော့။

 

ပေါက်ဖိုကို ဖွင့်ဖို့ ခလုတ်က ဘယ်မှာလဲ? ဒါမှမဟုတ်၊ နည်းနည်းလေး ထပ်စောင့်သင့်လား?

 

ယောလ်တစ်ယောက် ဟိုဟိုဒီဒီ လူးလာလှုပ်ရှားနေစဉ်တွင် တကျွီကျွီအသံ တစ်သံ ထပ်မံ ထွက်ပေါ်လာသည်။ 

သစ်ပင်ကြီး၏ ပင်စည်ထူကြီးမှ စတင်ကာ အက်ကွဲကြောင်းသည် အလယ်မှ ကြီးထွားလာသည်။ သစ်ကိုင်းများ တဖြည်းဖြည်း သေးသွယ်လာပြီး ဘေးတိုက်ကိုင်းများ ပိုမိုများပြားလာသကဲ့သို့ပင်။

 

ဘာလုပ်ရမှန်း မသိသော ယောလ်သည် သူထိုင်နေသော ကုလားထိုင်ပေါ်မှ လျင်မြန်စွာ ခုန်ချလိုက်သည်။ သူ့ခေါင်း၏ အရွယ်အစားကို မထိန်းချုပ်နိုင်ဘဲ ရှေ့သို့ လဲကျသွားသည်။

 

သာမန်အားဖြင့်ဆိုလျှင် ဒဏ်ရာရခြင်းအတွက် သူ ငြီးငြူနေမည် ဖြစ်သော်လည်း ယခုမူ ထိုသို့လုပ်ရန် မှန်ကန်သော စိတ်အခြေအနေတွင် မရှိတော့၍ အလျင်အမြန် ထကာ ပေါက်ဖိုစက်နားသို့ ချဉ်းကပ်လိုက်သည်။

 

"အိုး…ငါ ဘာလုပ်ရမလဲ?"

 

သူ ပေါက်ဖိုစက်ရှေ့သို့ ရောက်လာသောအခါ သူ့ကိုယ်လေးသေးသေးလေးကြောင့် ဘာမှမလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူ ခုန်ဆွခုန်ဆွ လုပ်ပြီး အော်ဟစ်နေရသည်။

ထိုအတောအတွင်း အက်ကွဲသံများက ပို၍ ကျယ်လောင်လာသည်။

 

"မိုက်ကီရယ်၊ ဒီကောင် ဘယ်တော့မှ ပြန်လာမှာလဲ!"

 

အလျင်စလိုဖြင့် ယောလ်သည် ပေါက်ဖိုစက်ကို ပတ်၍ လှည့်ပတ်နေသည်။ သူ အများအားဖြင့် မမြင်ချင်သော မိုက်ကီရယ်ကို ရှာဖွေနေခြင်းပင်။

 

ပထမတစ်ချက်ကြည့်လိုက်သောအခါ သားရဲက ဥကို ဖောက်ထွက်လာရန် အချိန်အနည်းငယ် ကြာဦးမည်ဟု ထင်ရသည်။ လပ်ကီးက သာမန်တိရစ္ဆာန်နှင့် ဆင်တူပုံရသည်။ ထို့ကြောင့် ယခုချက်ချင်း ဘာမှလုပ်ရန် သို့မဟုတ် စိတ်မရှည်ရန် အကြောင်းမရှိခဲ့ပေ။

 

သူ စိတ်ထဲ၌ ထိုသို့တွေးနေသော်လည်း သူ့နှလုံးသားကမူ ပြင်းထန်စွာ ခုန်နေခဲ့သည်။

 

အချိန်အနည်းငယ်ကြာဦးမည်ဖြစ်သောကြောင့် ဥထဲမှ ပေါက်ဖွားလာသည်ကို မြင်ရလျှင် ကောင်းမွန်ပေလိမ့်မည်။ သို့သော်‌ ယောလ်က ယခင်ကတည်းက ကုလားထိုင်ပေါ်မှ ဆင်းလာခဲ့ပြီးဖြစ်၍ ထိုသို့လုပ်၍ မရခဲ့ပေ။

 

"ပြန်တက်ရအောင်"

 

အတော်အတန် စဉ်းစားပြီးနောက် ယောလ်သည် ကုလားထိုင်ပေါ် ပြန်တက်ရန် ဆုံးဖြတ်လိုက်သည်။ ကုလားထိုင်ခြေထောက်ဆီသို့ အလုပ်များစွာ ပြေးသွားသော ယောက ကုလားထိုင်ခြေထောက်ကို ဖမ်းဆုပ်ကာ တက်ရန် ရုန်းကန်ခဲ့သည်။ သို့သော် သူ စိုးရိမ်စိတ်များနေသောကြောင့်ဖြစ်မည်၊ အပေါ်သို့ တက်မည့်အစား ထိုနေရာတွင်သာ ရှိနေခဲ့သည်။

 

"အူဝါးးးးးး၊ ငါတော့ ရူးတော့မှာပဲ!"

 

ထိုအတောအတွင်း ဥများအက်ကွဲသံက တ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေခဲ့သည်။

 

ယောလ်၏ စိတ်မထိန်းနိုင်မှု အထွတ်အထိပ်သို့ ရောက်ရှိသော အခိုက်အတန့်ပင်။

 

"ဘာဖြစ်နေတာလဲ?"

 

တံခါးပွင့်လာပြီး မိုက်ကီရယ် ပေါ်လာသည်။ ယောလ်သည် ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

 

သူ ခြေတိုလေးများဖြင့် မိုက်ကီရယ်ဆီသို့ ပြေးသွားပြီး သူ့ဘောင်းဘီအနားစကို ဆွဲကိုင်ကာ ခိုလိုက်သည်။

 

"မိုက်ကီရယ်၊ မိုက်ကီရယ်! လပ်ကီး ပေါက်တော့မယ်ထင်တယ် ကျွန်တော် ဘာလုပ်ရမလဲ? ကျေးဇူးပြုပြီး ကျွန်တော့်ကို ချီပေးပါဦး!"

 

"ပေါက်တော့မှာလား?"

 

"ဟုတ်တယ်! အက်ကွဲကြောင်းတွေ မြင်လိုက်တယ်!"

 

မိုက်ကီရယ်၏ မေးခွန်းကို ယောလ်က သူ့ လက်သီးစုပ်အရွယ် ခေါင်းကို အပေါ်အောက် ငြိမ့်ပြခဲ့သည်။ မိုက်ကီရယ်က သူ့မျက်လုံးအစုံထဲက စိတ်အားထက်သန်မှုကို မြင်သောအခါ ယောလ်ကို ပေါက်ဖိုစက်ဆီသို့ ခေါ်သွားသည်။

 

"အယ် တိတ်ဆိတ်နေပါလား"

 

အက်ကွဲသံများ မရှိတော့။ တစ်ဝက်တစ်ပျက် စိုးရိမ်စိတ်နှင့် တစ်ဝက်တစ်ပျက် စိတ်လှုပ်ရှားမှုတို့ဖြင့် ယောလ်က တံတွေးကို မျိုချလိုက်သည်။ သူသည် လည်ပင်းမရှိဘဲ မျက်နှာတစ်ခုတည်းကို ခန္ဓာကိုယ်နှင့် တွဲထားသော နှစ်ပိုင်းခန္ဓာကိုယ် ပုံစံဖြစ်နေသောကြောင့် လည်စိတက်လိုက်ကျလိုက် မဟုတ်ဘဲ သူ့ပါးပြင်များ ဖောင်းလာပြီး မူလအတိုင်း ပြန်ဖြစ်သွားသည်။

 

"မိုက်ကီရယ်၊ ခင်ဗျား အတွင်းထဲကို မြင်ရလား? ဘယ်လိုလဲ? မဟုတ်ဘူး၊ အခုဖွင့်ပေး! ခလုတ်က အပေါ်မှာ၊ ကျွန်တော် နှိပ်လို့မရဘူး"

 

ယောလ်က မေးခွန်းများ မေးရန် အလျင်စလို ပြင်ဆင်လိုက်သော်လည်း စိတ်ကို တစ်ဝက်တစ်ပျက် လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ မျက်စိနှစ်ဖက်ဖြင့် မြင်ရခြင်းက ပို၍ စိတ်အေးရလိမ့်မည်ဟု သူ တွေးခဲ့သည်။

 

မိုက်ကီရယ်က ဘာမှမပြောဘဲ ပေါက်ဖိုစက်၏ အပေါ်ဘက်ရှိ ဖွင့်ရန် ခလုတ်ကို နှိပ်လိုက်သည်။

 

ယောလ်၏ နှလုံးသားသည် လက်သည်းခွံအရွယ်သာ ရှိသော်လည်း ပေါက်ကွဲတော့မတတ် ခုန်နေခဲ့သည်။ ပေါက်ဖိုစက်တံခါး ပွင့်သွားသော အခိုက်အတန့်သည် အချိန်အတော်ကြာ သလိုပင်။

 

နောက်ဆုံးတွင် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ပေါက်ဖိုစက်၏ တံခါးမှာ ကျယ်ပြန့်စွာ ပွင့်လာသည်။

 

[ဘီး၊ ဘီး!]

 

အသံတိုးတိုးလေး ပြုလုပ်ခဲ့သော ယောလ်နှင့် လပ်ကီးတို့သည် မျက်နှာချင်းဆိုင် တွေ့ဆုံကြသည်။ ရွှေရောင်ခန္ဓာကိုယ်ကို ကြည့်ကာ ယောလ်၏ နူးညံ့သော ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။

 

ကြီးမားသော မြကျောက်ရောင် မျက်လုံးများ၊ ချောမွေ့သော ကိုယ်ခန္ဓာနှင့် ရွှေရောင်အကြေးခွံများ။ အကြေးခွံများပင် ရွှေကဲ့သို့ တောက်ပနေ၏။ 

 

ထို့အပြင် ခန္ဓာကိုယ်နှင့် အချိုးအစားညီမျှသော အတောင်ပံများနှင့် ၎င်း၏ အလားတူအရွယ်အစားက အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

 

"ဒါ... ဒါ မဖြစ်နိုင်ဘူး..."

 

ယောလ် စကားပင် မပြောနိုင်ခဲ့ချေ။

 

ငါ့ လပ်ကီး လေး၊ ငါ့ လပ်ကီးလေး ... မဖြစ်နိုင်တာ…

 

"ဒါ နဂါးတစ်ကောင်ပဲ"

 

လပ်ကီးသည် အမှန်တကယ် နဂါးတစ်ကောင် ဖြစ်ခဲ့သည်။ သူ အမှန်တကယ် နဂါးတစ်ကောင်ကို မမြင်ဖူးခဲ့သော်လည်း ယောလ်သည် လပ်ကီး၏ ပုံပန်းသဏ္ဌာန်ကို မြင်သည်နှင့် နဂါးတစ်ကောင်ဖြစ်သည်ဟု ဝိုးတဝါး သိလိုက်သည်။

 

သူ ရုပ်ရှင်များတွင်သာ မြင်ဖူးခဲ့သော နဂါးသည် သူ့ရှေ့တွင် အမှန်တကယ် ရှိနေခဲ့ခြင်းပင်။ ရုပ်ရှင်ထဲကနှင့် မတူဘဲ အလွန်သေးငယ်ပြီး ချစ်ဖို့ကောင်းနေခဲ့သည်။

 

["ဘီး!"]

 

လက်ကီးတစ်ယောက် ယောလ်ကို ခဏလောက် စိုက်ကြည့်ပြီး အော်လိုက်၏။ ပြီးတော့ ယောလ်ဆီကို ပြေးသွားလေသည်။

 

အမှန်တော့ လက်ကီးဟာ မီဒီယာထဲမှာ မြင်နေကျ နဂါးတွေနဲ့ ယှဉ်ရင် အရမ်းသေးငယ်နေခဲ့သည်။ လက်ကီးက ယောလ်ထက်တော့ ပိုကြီး၏။

 

လက်ကီးက ယောလ်ဆီကို အပြေးအလွှား သွားလိုက်တာနဲ့ ယောလ်က မသိစိတ်ကြောင့် လှည့်ပြေးသွားသည်။

 

"အား! မလာနဲ့!"

 

ငါ့ရဲ့လက်ကီးလေး၊ ချစ်စရာကောင်းပြီး အဖိုးတန်တဲ့ လက်ကီးလေးက နဂါးလေးတဲ့! နဂါးတွေက တကယ် မိုက်တာ! သူက မိုက်လို့ ချစ်ဖို့ကောင်းတာပေါ့! ဒါပေမဲ့ ငါ့ဆီကိုတော့ မပြေးလာနဲ့နော်! ငါ ကြောက်တယ်!

 

ရှုပ်ထွေးတဲ့ အတွေးတွေ သူ့ခေါင်းထဲမှာ ဝဲနေသည်။ ယောလ်ဟာ သူ့ရဲ့ ခြေတံတိုတိုလေးတွေနဲ့ အလောတကြီး ပြေးရင်း လက်ကီးကို ရှောင်ဖယ်နေသည်။

 

ဒါပေမဲ့ သူက နဂါးလေးဖြစ်နေလို့များလားမသိ၊ မွေးကာစလေးပဲ ရှိသေးပေမဲ့ လက်ကီးဟာ မယုံနိုင်လောက်အောင် မြန်မြန်ပြေးနေသည်။ နောက်ဆုံးမှာတော့ မကြာခင် ယောလ်ကို လက်ကီး ဖမ်းမိသွားတော့သည်။

 

"မိုက်ကီရယ်၊ မိုက်ကီရယ်လို့၊ ကျွန်တော့်ကို ကယ်ပါဦး!!!"

 

လက်ကီးဟာ သူ့ရဲ့ ရှေ့ခြေထောက်နဲ့ ယူလ်ကို ဖိထားပြီး မလှုပ်နိုင်အောင် လုပ်လိုက်၏။ ပြီးတာနဲ့ တစ်ခဏအတွင်း ယောလ်ကို သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။

 

ဒီအချိန်အထိ မိုက်ကီရယ်ရဲ့ မျက်လုံးတွေမှာ အံ့သြတကြီး ဖြစ်နေသည်။ အန်ဒရီဆိုတဲ့ လူယုတ်မာက သူ့ကို နဂါးလေးတစ်ကောင် ပေးလိုက်တဲ့အတွက် သူ တော်တော်လေး ဒေါသထွက်နေခဲ့ခြင်းပင်။

 

ယေညလ်ရဲ့ အလောတကြီး အော်ဟစ်သံကို ပြန်ကြားလိုက်တော့ မိုက်ကီရယ် မြင်လိုက်ရတာက လက်ကီးရဲ့ ပါးစပ်ထဲမှာ တစ်ဝက်တစ်ပျက် ငုံထားလို့ မရဘဲ အပြင်ကို သနားစဖွယ် ထွက်နေတဲ့ ယောလ်ရဲ့ လက်တစ်ဖက်ဖြစ်၏။

 

"Damn it! ယူရီ!"

 

မိုက်ကီရယ်ဟာ ယောလ်ရဲ့ နာမည်ကို အော်ခေါ်ပြီး လက်ကီးကို ဆွဲယူလိုက်သည်။ လည်ပင်းကို ယားကျိကျိ လုပ်ပေးလိုက်တော့ လကိကီးဟာ သူ့ကိုယ်လုံးကို လှုပ်ခါပြီး ပါးစပ်ကို ဟလိုက်သည်။ မိုက်ကီရယ်ဟာ အချိန်မဆိုင်းဘဲ ‌ယောလ်ကို လက်ကီးရဲ့ ပါးစပ်ထဲကနေ အမြန်ဆုံး ဆွဲထုတ်လိုက်၏။

 

ကံကောင်းထောက်မစွာ မွေးကင်းစ လက်ကီးရဲ့ သွားလေးတွေဟာ အရမ်းသေးငယ်ပြီး မချွန်ထက်သေးပေ။ ဒါကြောင့် ယောလ်မှာ ဘာဒဏ်ရာမှ မရခဲ့ပုံရပေ။ မိုက်ကီရယ်ဟာ သက်ပြင်းချပြီး ယောလ်ကို ကြမ်းပြင်ပေါ် ဖြည်းညှင်းစွာ ချပေးလိုက်သည်။

 

"အူးဝါးးး ဟင့် ဟင့်၊ ကျွန်တော် သေတော့မယ်လို့ ထင်နေတာ! ရား! လက်ကီး၊ ငါမင်းကို ပျိုးထောင်ခဲ့တာကို! မင်း ငါ့ကို ဘယ်လိုလုပ်လိုက်တာလဲ! အမလေးလေ အိုး ဘုရားရေ!"

 

ဒဏ်ရာတွေ မရှိပေမဲ့ သူ့ရဲ့ စိတ်ဒဏ်ရာကတော့ တော်တော်ကြီးမားသည်။ လက်ကီးရဲ့ တံတွေးတင်မကဘူး၊ ယောလ်ရဲ့ မျက်ရည်တွေပါ ပါသွားတဲ့ ယောလ်ဟာ ခဏလေးအတွင်းမှာပဲ အဝတ်စုတ်တစ်ခုလို ဖြစ်သွားပြီး ကြမ်းပြင်ပေါ်မှာ ထိုင်ကာ တရှုံ့ရှုံ့ ငိုနေတော့သည်။ တစ်ဖက်မှာလည်း လက်ကီးဟာ ယောလ်ကို ကြည့်ရင်း သူ့ရဲ့ လျှာရှည်ကြီးကို လျှာထုတ်လိုက် သွင်းလိုက် လုပ်နေ၏။

 

["ဘီး၊ ဘီး—]

 

"ဘာလဲ! ချစ်စရာကောင်းအောင် ငိုပြနေရင် ငါက လွှတ်ပေးမယ်ထင်နေလား? ချစ်စရာကောင်းတာက ကမ္ဘာကြီးလို့ထင်နေတာလား ဟမ်? ကောင်းပြီ၊ မင်းချစ်စရာကောင်းပါတယ် မှန်တယ် မင်း လုပ်ချင်တာလုပ် ဒါပေမဲ့ ငါ့ကိုတော့ မစားနဲ့နော်! ငါက စားစရာ မဟုတ်ဘူး၊ မင်းရဲ့ ဖေဖေကွ!"

 

ယောလ်ဟာ လက်ကီးကို ခပ်ဆတ်ဆတ် ငေါက်ငမ်းလိုက်သည်။ တစ်ချိန်တည်းမှာပဲ လက်ကီးဟာ မိုက်ကီရယ်ရဲ့ လက်မောင်းထဲမှာ ရုန်းကန်ပြီး သူ့ရဲ့ ချောမွတ်တဲ့ အမြီးလေးကို ရမ်းခါနေသည်၊ သူ့ကို လွှတ်ပေးစေချင်နေပုံပင်။

 

"ဟင့်၊ ချွဲကျိနာပဲ နေရတာ အဆင်ပြေဘူး!"

 

ယောလ်ဟာ သူ့ကိုယ်ပေါ်မှာ ပေကျံနေတဲ့ အရည်တွေကို စိတ်ရှုပ်စွာ သုတ်လိုက်ပြီး ငိုနေသည်။ လက်ကီးကလည်း 'ဘီး...ဘီး...' နဲ့ တရှုံ့ရှုံ့ ငိုပြီး သူ့ကို လွှတ်ပေးဖို့ ပြောနေသလိုပင်။

 

မိုက်ကီရယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်၏။ နှစ်ဖက်စလုံးက မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ ဆူညံနေတာကြောင့် သူ့ခေါင်းတွေ ပေါက်ထွက်တော့မတတ်ပင်။ သူဟာ တိတ်ဆိတ်တဲ့ အခန်းမှာ တစ်ယောက်တည်း နေဖို့ပဲ အမြဲလိုချင်ခဲ့တာ၊ အခုတော့ အသံဆူညံတဲ့ သတ္တဝါလေးနှစ်ကောင် ရောက်လာတာကို သူ ဘယ်လိုမှ လက်မခံနိုင်သေးပေ။

 

"မကိုက်နဲ့၊ မမျိုနဲ့၊ မစားနဲ့! ငါက စားစရာ မဟုတ်ဘူး၊ ငါက မင်းဖေဖေနော်! ကောင်းပြီလား? လက်ကီး၊ ပြောကြည့်! ဖေဖေ—"

 

["ဘီး!"]

 

"ဟုတ်တယ် ဟုတ်တယ်။"

 

ယောလ်ဟာ လက်ကီးကို သံယောဇဉ် မဖြတ်နိုင်ဘဲ၊ အဝတ်စုတ်တစ်ခုလို ဖြစ်နေတဲ့ကြားထဲကပင် မိုက်ကီရယ်ရဲ့ လက်ထဲမှာ ရှိနေတဲ့ လက်ကီးကို လှမ်းပြောလိုက်သည်။

 

သူ ခဏလောက် ငရဲတံခါးကို ခေါက်လိုက်ရပေမဲ့၊ အဲဒါက သူ နေ့ရောညပါ စောင့်မျှော်ခဲ့တဲ့ လက်ကီးအပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို လျော့ပါးမသွားစေခဲ့ပေ။

 

ဟုတ်တယ်လေ၊ ဒါဟာ နဂါးလေးပဲကိုး။ နဂါးလေးတွေက ဒီလိုမျိုး ဖြစ်နိုင်တာပဲ။

 

ယောလ် ဒီလိုတွေးပြီး သူ့ရဲ့ အံ့သြတုန်လှုပ်နေတဲ့ နှလုံးသားကို သာယာစေလိုက်သည်။

 

တစ်ဖက်မှာလည်း လက်ကီးဟာ တော်တော်လေး တိတ်ဆိတ်သွားသည်။ သူဟာ သူ့ရဲ့ အမြီးကို မခါတော့ဘူး၊ မလူးလွန့်တော့ဘူး။ အဲဒီအစား သူ့ခေါင်းလေးကို စောင်းပြီး တောက်ပတဲ့ မြစိမ်းရောင် မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့  ပေကလပ် ပေကလပ် မှိတ်ပြနေသည်။

 

အဲဒါက အရမ်းချစ်စရာကောင်းတာမို့ ယောလ်တစ်ယောက် ရင်ဘတ်ကို ဖိလိုက်မိ၏။

 

"ဟူးဟူး၊ မင်းချစ်ဖို့ကောင်းနေလို့သာ ငါ တော်တော်သည်းခံနေရတာနော်"

 

ယောလ်က မကျေမနပ် ရေရွတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် လက်ကီးဟာ အားရပါးရ သမ်းဝေပြီး ကြောင်လေးတစ်ကောင်လို သူ့ရဲ့ ခြေသည်းလက်သည်းလေးတွေနဲ့ မျက်နှာကို ပွတ်သပ်နေသည်။ တော်တော်ကြာ လက်ကီးဟာ ယောလ်ကို စိတ်မဝင်စားတော့ပုံရသည်။

 

"အခုတော့ နည်းနည်းတည်ငြိမ်လာပြီ ထင်တယ်။ ချပေးလို့ ရပါပြီ ထင်တယ်နော်"

 

မြင်ကွင်းကြောင့် စိတ်သက်သာရာရသွားတဲ့ ယောလ်က မိုက်ကီရယ်ကို ပြောလိုက်သည်။ မိုက်ကီရယ်ကတော့ စိတ်ပူနေတုန်းပဲ၊ ဒါပေမဲ့ ယောလ်ပြောတဲ့အတိုင်း လက်ကီးဟာ အရင်ကထက် အများကြီး ငြိမ်သွားပုံရတာကြောင့် သူ လက်ကီးကို ကြမ်းပြင်ပေါ် ဖြည်းညှင်းစွာ ချပေးလိုက်သည်။

 

လက်ကီးဟာ ကြမ်းပြင်ပေါ်က ကော်ဇောကို အနံ့ခံကြည့်ပြီး သူ့ရဲ့ အမြီးကို လှည့်ဖမ်းဖို့ ကြိုးစားနေသည်။

 

"ဘာ၊ မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ"

 

ယောလ်ဟာ သူ့ရဲ့ ပုံပန်းသဏ္ဌာန်ကို ကြွေလွန်ပြီး သူ့ဘာသာသူ ရေရွတ်နေတုန်းမှာပဲ လက်ကီးဟာ ရုတ်တရက် လှုပ်ရှားတာကို ရပ်လိုက်၏။ သူ သူ့အကြောင်း ပြောနေတာကို သိနေပုံပင်။ ပြီးတော့ သူက ယောလ်ကို လှည့်ကြည့်လာသည်။

 

ဒီလို အရင်က ကြုံဖူးသလို ခံစားချက်ကြီးက ဘာများလဲ? အရင်ကလည်း သူ ဒီလိုမျိုး ကြည့်ဖူးသလိုပဲ…

 

"အားးးးး! မိုက်ကီရယ်၊ ကယ်ပါဦး!"

 

ယောလ်ကို လက်ကီး ထပ်ကိုက်လိုက်ပြန်သည်။