Chapter 14
Viewers 2k


Chapter 14


ထိုနေ့ နေ့လယ်တွင် မိုက်ကီရယ် ယောလ်ကို ထားခဲ့ပြီး အချိန်အတော်ကြာအောင် အပြင်ထွက်သွား၏။ သူက လယ်ဗီကို ယောလ်အား စောင့်ကြည့်ခိုင်းခဲ့သည်။

 

"လယ်ဗီရေ မင်းက ဘယ်လိုလုပ်ပြီး အဲဒီလို လူမျိုးဆီမှာ အလုပ်လုပ်ဖြစ်သွားတာလဲ၊ အာ ကျွန်တော်ဆိုလိုတာက ဘယ်လိုလုပ်ပြီး အဲဒီ မြိုစားမင်းဆီမှာ အလုပ်လုပ်ဖြစ်သွားတာလဲဟင်" ဟု ယောလ်က မေးလိုက်၏။

 

"သူက ကျွန်တော့်ကို ပိုက်ဆံအများကြီး ပေးတယ်လေ၊ အော် ပြီးတော့ ယဉ်ယဉ်ကျေးကျေး ပြောစရာ မလိုပါဘူးနော်" 

 

"ကောင်းပြီလေ ဒါဆို ငါ သက်သက်သာသာ ပြောတော့မယ် လယ်ဗီလည်း အဲလိုပဲ ပြောသင့်တယ်နော်" 

 

“ကျွန်တော်က ဒီလို ပုံစံနဲ့ပဲ သက်တောင့်သက်သာ ရှိပါတယ်" 

 

ယောလ်က နေရောင်ခြည် ထိုးနေသော ပြတင်းပေါက်ဘေးတွင် ထိုင်ကာ ပြတင်းပေါက်ကို ငေးကြည့်ရင်း စိတ်ထဲ ပေါ်လာသမျှကို မေးမြန်းနေ၏။ လယ်ဗီက လိပ်ထားသော သားရေစာရွက်ကို ဖတ်နေရင်း စာရွက်ပေါ်မှ မျက်လုံးမခွာဘဲ အတိုချုံး ပြန်ဖြေပေးလေသည်။ ထို့အပြင် ယောလ်ကို သက်တောင့်သက်သာ ပြောဆိုခွင့် ပြုလိုက်သည်နှင့် ယောလ်တစ်‌ယောက် ထိုအခွင့်အရေးကို စောင့်နေခဲ့သကဲ့သို့ ချက်ချင်းပင် စကားပြောဟန် ပြောင်းလဲသွားလေ၏။

 

"ဒါပေမဲ့ ဧကရာဇ်က မင်းကို ပိုက်ဆံအများကြီး ပေးမယ်လို့ ပြောထားတာမလား" 

 

"အဲမှာက အလုပ်တွေ အရမ်းများလို့လေ" 

 

"ဟင်း"

 

လယ်ဗီ၏ အဖြေကို ကြားရသောအခါ ယောလ် အချိန်အတော်ကြာအောင် သက်ပြင်းချလိုက်သည်။ မိုက်ကီရယ်က မရူးသေးသော်လည်း အန်ဒရီ့ထံသို့ သွားခြင်းမှာ ပိုစိတ်ချရမည်ဟု သူ ထင်၏။

 

"ဒါပေမဲ့ သူက မင်းကို ပိုက်ဆံနှစ်ဆပေးမယ်လို့ ပြောထားတာလေ" 

 

"ပိုက်ဆံက ပိုက်ဆံပေမဲ့ အခုထက်ပိုပြီး အလုပ်လုပ်ရရင် ပင်ပန်းလွန်းလို့ သေနိုင်တယ်" 

 

"ကျစ် ကံမကောင်းလိုက်တာနော်" 

 

လယ်ဗီ၏ ပြတ်သားသော စကားများကို ကြားရသောအခါ ယောလ်တစ်ယောက် ခါးသက်သော အရသာကို ခံစားလိုက်ရသည်။ 

 

သူက လယ်ဗီ သူ့စကားကို နားထောင်ပြီး အန်ဒရီ့ထံသို့ လွယ်လွယ်ကူကူ သွားလိမ့်မည်ဟု ထင်ထားခြင်းပင်။ အကယ်၍ ထိုသို့သာ ဖြစ်သွားပါက ဝတ္ထု၏ ဇာတ်လမ်းက လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။

 

"မိုက်ကီရယ်ကရော" 

 

"ဘာကို ဆိုလိုတာလဲ" 

 

သို့တိုင် လယ်ဗီသည် စာရွက်များထံမှ မျက်လုံးမခွာခဲ့ပေ။ အရေးကြီးသော အပိုင်းအချို့ကို ငှက်တောင်မှင်တံဖြင့် မှတ်သားထားသည်မှာ မိုက်ကီရယ်က ၎င်းတို့ကို စစ်ဆေးတော့မည့် ပုံပေါ်၏။

 

အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေသော ယောလ်က သူ့တိုက်ခိုက်မှု၏ ဦးတည်ရာကို ပြောင်းလဲပြီး ထပ်မံကြိုးစားရန် ဆုံးဖြတ်လိုက်သည်။

 

"သူ့ရဲ့ စရိုက်ကရော အဆင်ပြေရဲ့လား" 

 

"ဘယ်လိုဖြစ်နိုင်မှာလဲ" 

 

ပထမဆုံးအကြိမ်အဖြစ် လယ်ဗီက စာရွက်စာတမ်းများမှ အကြည့် လွှဲလိုက်လေသည်။ သူက မခံမရပ်နိုင် ဖြစ်နေသကဲ့သို့ တုန်လှုပ်ပြီး မျက်မှောင်ကျုံ့လိုက်၏။ 

 

ယောလ်သည် ထိုတုံ့ပြန်မှုမှ မျှော်လင့်ချက်ကို ရှာတွေ့လိုက်သည်။ 


ကောင်းပြီ ဒီနည်းအတိုင်းပဲ သွားကြမယ်။

 

"ဟုတ်တယ် အဲဒီလို ထင်တာပဲ မနက်က သူ ငါ့ကို ဘာပြောလဲ သိလား ငါ့ရဲ့ခြေတွေ လက်တွေကို ဖြတ်ပြီး ပြန်ချုပ်ပေးမယ်လို့ ပြောတယ်လေ၊ အဓိပ္ပာယ်ရောရှိရဲ့လား လူတစ်ယောက်ရဲ့ ကိုယ်လက်အင်္ဂါတွေကို ဘယ်လိုများ ဖြတ်ပြီး ပြန်ချုပ်နိုင်မှာလဲ" 

 

"ဒါပေမဲ့ ယူရီက လူမှ မဟုတ်တာ" 

 

"ငါက ဒီလိုပုံစံ ဖြစ်နေရုံနဲ့ လူမဟုတ်ဘူးလို့ မဆိုလိုပါဘူးနော်"  

 

လယ်ဗီ၏သာမန်ကာလျှံကာ ဖြေလိုက်သည့်စကားအား ယောလ်တစ်ယောက်   အသံမြှင့်ကာ ပြန်‌ပြောလိုက်လေ၏။


ထို့နောက် လယ်ဗီသည် "ဪ ဟုတ်သားပဲ" ဟု တီးတိုးပြောလိုက်ပြီး ခေါင်းကို ခါလိုက်၏။

 

သူ့ကို ကြည့်လိုက်ရုံဖြင့် ယောလ်သည် လယ်ဗီအား စိုးရိမ်ခဲ့မိသည့်အတွက် သူ့ကိုယ်သူ ရူးမိုက်လှပါလားဟု ခဏတာမျှ ခံစားမိလိုက်ရသည်။

 

"သူက ပြောရုံပြောတာပါ တကယ်ဖြတ်မှာ မဟုတ်လို့ မစိုးရိမ်ပါနဲ့" 

 

"တကယ်လား"

 

"အင်း ဟုတ်တယ် သူက နည်းနည်းတော့ အေးစက်ပြီး ကျွန်တော် နားမလည်နိုင်တာတွေ ရှိတယ်၊ ဒါပေမယ့် သူက ဘယ်သူ့ကိုမှ တကယ် ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး" 

 

သူ့စကားကို ကြားသောအခါ ယောလ် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

 

မင်းက ငတုံးပဲ အဲဒါ အမှန်မဟုတ်ဘူး မင်း မှားနေပြီ၊ မင်းကို အများဆုံး ဒုက္ခပေးမယ့်သူက အဲ အရူး မိုက်ကီရယ်ပဲ။

 

ယောလ်တစ်ယောက် အသံထွက်၍ မပြောနိုင်သော စကားလုံးများကြောင့် စိတ်ပျက်သွားခဲ့ရ၏။

 

"အင်း သူ့ရဲ့ သဘောထားက နည်းနည်း ပြင်းထန်ပေမယ့်...သူက သိပ်တော့မဆိုးပါဘူး" 

 

"လီးကို မဆိုး" 

 

"ဗျာ" 

 

"မဟုတ်ဘူး ဘာမှမဟုတ်ဘူး" 

 

ယောလ်တစ်ယောက် တီးတိုးပြောနေရာမှ လယ်ဗီက မေးလိုက်သောအခါ မည်သည်မျှ မသိသကဲ့သို့ ဟန်ဆောင်လိုက်၏။ ဒီလို ထုံအပြီး တုံးတဲ့ကောင်နဲ့ ဘယ်လိုလုပ်ရပါ့ဟု တွေးမိကာ ညည်းညူလိုက်မိ၏။


 

"ဒါနဲ့ ယူရီလည်း မူရင်းခန္ဓာကိုယ်ဆီကို အမြန်ဆုံး ပြန်သွားသင့်တယ်နော် ဘာမှ မမှတ်မိတော့ဘူးလား" 

 

"အမ်…အင်း လုံးဝ မမှတ်မိဘူး" 

 

လယ်ဗီ၏ ရုတ်တရက် မေး‌လာသော မေးခွန်းကြောင့် ယောလ် မျက်မှောင်ကျုံလိုက်မိ၏။


တကယ်တော့ အဲဒါတွေ အားလုံးက အလိမ်အညာတွေပဲ၊ သူ့ဘဝကို လုံးဝ ပြောင်းလဲပစ်ခဲ့တဲ့ အဲဒီအချိန်ကို သူ ဘယ်လိုများ မေ့နိုင်မှာတဲ့လဲ။

 

သို့သော် သူ တမင်တကာ ဟန်ဆောင်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသာ အမှန်အတိုင်း ပြောလိုက်ပါက လယ်ဗီက သူ အခြားကမ္ဘာမှ လာသည်ကို သတိထားမိသွားနိုင်ပြီး ဤကမ္ဘာမှာလည်း ဝတ္ထုတစ်ပုဒ်ထဲမှ ကမ္ဘာဖြစ်သည်ကို သိရှိသွားနိုင်ခြင်းကြောင့်ပင်။

 

"အားတင်းထား ယူရီ အဆင်ပြေသွားမှာပါ မင်းက မင်းရဲ့ မူရင်းကိုယ်ခန္ဓာဆီ ပြန်သွားနိုင်မှာ သေချာတယ် အဲဒီအခါကျရင် ငါတို့ အတူတူ သောက်ကြတာပေါ့" 

 

"အာ...ဟုတ် ကျေးဇူးပါ" 

 

လယ်ဗီ၏ တောက်ပသော အကြံပြုချက်ကို တုံ့ပြန်ရင်း ယောလ် ဆွံ့အသွားခဲ့သည်။ သူ မူရင်းကိုယ်ခန္ဓာထံ ပြန်သွားပါက သူတို့ ထပ်မတွေ့ရတော့မည်ကို သိနေခြင်းကြောင့် ဖြစ်၏။

 

လယ်ဗီသည် ခပ်ညံ့ညံ့ လူတစ်ယောက်ဟု ထင်ရပုံပေါ်သော်လည်း သေချာကြည့်လိုက်ပါက မဆိုးလှပေ။ တစ်နည်းပြောရလျှင် သူက ဖော်ရွေသော လူတစ်ယောက်ပင်။

 

ယောလ် ဤသို့ ကောင်းမွန်သော လူ၏ မှောင်မိုက်သည့် အနာဂတ်အကြောင်းကို တွေးမိသော် ရင်ထဲ၌ မွန်းကျပ်လာခဲ့သည်။

 

"သွားပြီနော် ယောလ် ဧည့်သည်တစ်ယောက်ကို စောင့်နေတာမို့လို့" 

 

လယ်ဗီက သူ့အိတ်ကပ်ထဲမှ နာရီအိတ်ကို ထုတ်ပြီး အချိန်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူ ဖတ်နေသော စာရွက်များကို ချက်ချင်း စတင် စီစစ်တော့၏။ နေရာအနှံ့ ပြန့်ကျဲနေသော သားရေစာရွက် အများအပြားကို လျင်မြန်စွာ သပ်သပ်ရပ်ရပ် စီလိုက်သည်။ ယောလ်မှာ သူ ထိုသို့ ထောင့်စေ့အောင် လုပ်ဆောင်ခဲ့သည်ကို ချီးကျူးရင်း သက်ပြင်းရှည်ကြီး ချလိုက်မိ၏။

 

"သွားပြီနော်" 

 

"အင်း တာ့တာ" 

 

ထို့နောက် လယ်ဗီသည် သူ့အဝတ်အစားများကို စစ်ဆေးကာ စာရွက်စာတမ်းများနှင့်အတူ အခန်းထဲမှ ထွက်သွားတော့၏။ ယောလ်လည်း လယ်‌ဗီ အခန်းထဲမှ ထွက်သွားသည်အထိ သူ၏ လက်တိုတိုလေးဖြင့် ညင်သာစွာ နှုတ်ဆက်လိုက်သည်။

 

"သနားစရာ လယ်ဗီလေး"

 

သူ လုံးဝ ပျောက်ကွယ်သွားသော် ယောလ် တိုးညှင်းသော အသံဖြင့် တီးတိုးပြောလိုက်၏။ သူ မည်သည့် အကြောင်းကြောင့်မှန်းမသိ စိတ်ဓာတ်ကျနေခဲ့သည်။

 

ထို့ကြောင့် စိတ်ဖြေဖျောက်ရန် လပ်ကီးဘက်သို့ လှည့်လိုက်၏။

 

လယ်ဗီ မထွက်ခွာမီက ယောလ် လပ်ကီးကို မြင်နိုင်စေရန် ကုလားထိုင် အမြင့်တစ်လုံး ယူပေးခဲ့သည်။ ကျေးဇူးတင်စရာပင်၊ ယောလ် ထိုကုလားထိုင်တွင် သက်တောင့်သက်သာ ထိုင်ပြီး လပ်ကီးကို ငုံ့ကြည့်နိုင်၏။

 

"လပ်ကီးရေ လပ်ကီး ဘယ်လိုလုပ်ရမလဲ၊ ဖေဖေက မင်းနဲ့ အကြာကြီး အတူရှိနိုင်တော့မှာ မဟုတ်ဘူး ထင်ပါရဲ့၊ ဒီအိမ်ရဲ့ ပိုင်ရှင်က စောက်ရူးကြီး တစ်ယောက်နော်"  

 

ယောလ်တစ်ယောက် မှိုင်တွေစွာ တီးတိုးပြောလိုက်သည်။ လပ်ကီးကတော့ မကြားနိုင်သော်လည်း သူ ထိုသို့ ပြောလိုက်သည်မှာ သေရမလို ဝမ်းနည်းနေပုံရသော အသံနှင့်ပင်။

 

သူ မည်မျှပင် ပြောပါစေ အနက်ရောင် တောက်တောက်ပပ ဥလေးထံမှ မည်သည့် တုံ့ပြန်မှုမျှ ရလာမည်မဟုတ်ပေ။

 

တိတိကျကျ မသိသော်လည်း ယခုမှာ ဝတ္ထုမစတင်မီ အချိန်ဖြစ်မည်ဟု သူ ထင်သည်။ ထို့ကြောင့် မိုက်ကီရယ်က ရူးသွပ်မသွားသေးဘဲ ဝတ္ထုထဲတွင် မပါဝင်သော ဇာတ်ကောင်ဖြစ်သည့် လပ်ကီးကလည်း ပေါ်လာခဲ့၏။

 

သို့သော် တစ်နေ့တွင်တော့ ဝတ္ထု စတင်လိမ့်မည်။ ထိုအချိန်သို့ ရောက်သောအခါ မိုက်ကီရယ်က လယ်ဗီ့ကို မြတ်နိုးပြီး ဇာတ်လမ်းအတိုင်း အရူးတစ်ယောက် ဖြစ်လာကာ အမျိုးမျိုးသော ရူးသွပ်သည့် အလုပ်များကို လုပ်ဆောင်တော့မည်ပင်။

 

လယ်ဗီက အကျဉ်းချခံရပြီး ပြော၍ မကောင်းသော အရာများကို လုပ်ခံရပေမည်။ ထို့နောက် လွတ်မြောက်လာသော လယ်ဗီက အကူအညီတောင်းရန် ဧကရာဇ်ထံသို့ သွားလိမ့်မည်။ မိုက်ကီရယ်ကတော့ ရူးသွပ်သွားပြီ ဖြစ်သဖြင့် အခြား မှူးမတ်မျိုးနွယ်စုများနှင့် သူ၏ သူရဲကောင်းများကို နန်းတော်သို့ စေလွှတ်မည်ပင်။

 

"ဘာလို့ အဲနောက်ပိုင်း ဖြစ်တာတွေကို ငါ မမှတ်မိနိုင်ရတာလဲ" 

 

ယောလ်က သူ့ခေါင်းလေးကို စောင်းပြီးနောက် လက်လျှော့သကဲ့သို့ ခေါင်းညိတ်လိုက်၏။

 

သူ ယခုအချိန်အထိ စိတ်ကူးယဉ်ဝတ္ထု အတော်များများကို ဖတ်ခဲ့သော်လည်း စာအုပ်များ၏ အကြောင်းအရာ အားလုံးကို မမှတ်မိပေ။

 

သို့သော် “သွေးနီရောင်ထောင်” မှာမူ အလွန် ထိတ်လန့်ဖွယ် ကောင်းလွန်းသောကြောင့် သူ အတော်အတန် မှတ်မိနေခဲ့သည်။ အခြားဝတ္ထုဖြစ်ခဲ့ပါက ဇာတ်ကောင်များ၏ အမည်များကို ကြားရုံနှင့်ပင် ဝတ္ထု၏ ခေါင်းစဉ်ကို သူ တွေးနိုင်မည် မဟုတ်ပေ။

 

ဇာတ်သိမ်းပိုင်း မည်သို့ဖြစ်မည်ကို သူ မသိပေ။ သို့သော် ဝတ္ထုဇာတ်ကြောင်း မစတင်မီ ထွက်ပြေးခြင်းက ပို၍ ဘေးကင်း၏။ ဤခန္ဓာကိုယ်နှင့် ဘာလုပ်ရမည်ကို မသိဘဲ မူရင်းခန္ဓာကိုယ်သို့ ပြန်သွားရန် နည်းလမ်းရှာသည်ဖြစ်စေ၊ အခြားအိမ်သို့ သွားပြီး ချစ်မြတ်နိုးခံရသော အရုပ်တစ်ခု ဖြစ်လာသည်ဖြစ်စေ၊ စွဲလမ်းနေသော အရူး၏ လက်ထဲတွင် ရှိနေသည်ထက်တော့ ပို၍ ဘေးကင်းပေမည်။

 

“လယ်ဗီ့ကိစ္စ ဘာလုပ်ရမလဲ”

 

ဤကမ္ဘာကြီးက "သွေးနီရောင်ထောင်" ဝတ္ထု ဖြစ်ကြောင်း ပထမဆုံးအကြိမ် သိလိုက်ရသောအခါ ယောလ်မှာ လယ်ဗီ၏ ဆိုးရွားသည့် အနာဂတ်အတွက် စာနာမိ၏။ သို့သော် သူ အထူးတလည် စိုးရိမ်ပူပန်ခြင်းတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် လယ်ဗီက ဝတ္ထုထဲမှ ဇာတ်ကောင်ဖြစ်ပြီး ဤကမ္ဘာကြီးမှာ ဝတ္ထု၏ ဇာတ်ကြောင်း စီးဆင်းမှုအတိုင်း ဖြစ်ပေါ်လာလိမ့်မည်ဟု သူ ယူဆသည်။ ထို့ကြောင့် လယ်ဗီ၏


ကြေကွဲဖွယ် ဘဝက ရှောင်လွှဲ၍ ရမည် မဟုတ်ပေ။

 

သို့သော် လယ်ဗီနှင့် စကားပြော၍ ကိုယ်တိုင် အတူတူ အချိန်ကုန်လွန်ပြီးသောအခါ လယ်ဗီ၏ အနာဂတ်အတွက် သူ စတင် စိုးရိမ်လာသည်။

 

လယ်ဗီကို အမှန်အတိုင်း ပြောပြပြီး ထွက်ပြေးခိုင်းသင့်လား…သူ့ကိုပါ ခေါ်သွားခိုင်းရင် ကိစ္စမရှိဘူးမလား။

 

မဟုတ်ဘူး၊ သူ့ကို ရူးနေတယ်လို့ ထင်လိမ့်မယ်။ အဆိုးဆုံးက မိုက်ကီရယ့်ကို ပြောပြလိုက်ရင်ရော… ဒါပေမဲ့ သူက ပါးစပ်ဖွာတဲ့ပုံတော့ မပေါ်ဘူး။

 

ယောလ်တစ်ယောက် တွေဝေစိတ်များဖြင့် လမ်းပျောက်နေလေသည်။ လယ်ဗီက သူ့ကို ယုံကြည်ပြီး ထွက်ပြေးခွင့်ပေးကာ အတူတူ ထွက်ပြေးနိုင်လျှင် သူတို့နှစ်ဦးစလုံးအတွက် အကောင်းဆုံး ဖြစ်မည်ပင်။ သို့မဟုတ်ပါက အလွန် အန္တရာယ် ကြီးပေသည်။

 

“အာ စိတ်ရှုပ်စရာကြီး ဘာလဲဟာ”

 

ယောလ် သက်ပြင်းချလိုက်ပြီး ခေါင်းကို ဝေ့ပတ်ကြည့်၍ မျက်လုံးများကို ကျယ်ကျယ် ဖွင့်လိုက်သည်။ စက်ထဲရှိ လပ်ကီးမှာ အကြီးအကျယ် လှုပ်ယမ်းသွားပုံရ၏။

 

လပ်ကီး လှုပ်ရှားသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သော်လည်း ယခုက ပထမဆုံးအကြိမ် ဤမျှ လှုပ်ရှားခြင်းဖြစ်ပြီး ယောလ်၏ နှလုံးမှာ တဒုန်းဒုန်း ခုန်နေလေသည်။ ယောလ် သိပ်မကြာခင်မှာပင် ဥပေါက်မည့် အခိုက်အတန့်အား ကြုံတွေ့ရတော့မည်။

 

ထိုအချိန်တွင် ဥမှ အက်ကွဲသံ တစ်ခုနှင့်အတူ ကြီးမားသော အက်ကွဲကြောင်း ပေါ်လာလေ၏။