Chapter 27
Viewers 2k

Chapter 27


လွန်ခဲ့သော တစ်နာရီခန့်က။



ယောလ်တစ်ယောက် အနည်းငယ်စိတ်ရှုပ်ပြေသွားပြီး မိုက်ကီရယ်၏ အိပ်ကပ်ထဲသို့ဝင်နေသည်။ သူ့ခန္ဓာကိုယ်ဆိုဒ်နှင့် ကွက်တိချုပ်ထားသော အိပ်ကပ်ထဲမှာ သက်သောင့်သက်သာဖြစ်နေသည့် ခံစားချက်ကို သူသိပ်သဘောမကျပေ။ 



“တကယ်ကြီးလား”



“မင်း ဒီမေးခွန်းကိုပဲ မေးနေတာ ၅ခေါက်လောက် ရှိနေပြီ”



“တောင်းပန်ပါတယ်”



မိုက်ကီရယ်သည် ဆီလက်ဖ်၏ မေးခွန်းကို အေးစက်စွာ ပြန်ဖြေလိုက်သည်။ 



ယောလ်တစ်ယောက် ဆီလက်ဖ်အတွက် စိတ်ကောင်းဖြစ်သွားသည်။ ယောလ်အမြင်မှာ ဆီလက်ဖ်တစ်ယောက် ခံစားချက်များကို မြိုသိပ်ကာ စိတ်ရှည်ရှည်နှင့် ဒီမေးခွန်းကိုပဲ ၅ ခါလောက်မေးနေခြင်းဖြစ်သည်။



တကယ်တမ်း သူ့စိတ်ထဲမှာတော့ “မင်းရူးနေတာလား” ဟု အခါ၅၀လောက် မေးပစ်လိုက်ချင်တာ ဖြစ်လောက်သည်။ သို့သော် ၅ခေါက်တိတိ ဒီလောက်ထိမေးနေခြင်းမှာ မိုက်ကီရယ့်အပေါ် ဆီလက်ဖ် ဘယ်လောက်ထိ ဂရုစိုက်မှန်း ပေါ်လွင်နေ၏။ သို့မဟုတ် လက်အောက်ငယ်သား တစ်ယောက်က သူ့သူဌေးကို အရှက်မရစေချင်သည့် ခံစားချက်လည်း ဖြစ်ပေလိမ့်မည်။



သို့သော်လည်း မိုက်ကီရယ်ကတော့ ဆီလက်ဖ်၏ သဘောထားကို လုံးဝ လျစ်လျူရှုလိုက်၏။ သူ့ကို ပြောရန် လယ်ဗီတစ်ယောက်သာ ကျန်တော့သည်။ ယောလ်သည် လယ်‌ဗီ့အား သနားစရာကောင်းသည့် မျက်လုံးလေးများဖြင့် ကြည့်နေကာ..



ငါ့ကိုကယ်ပါ လယ်ဗီရေ၊ မင်းဘောစိကိုလည်း အရှက်မကွဲအောင် တားပါဦး။



“မြို့စားကြီး တခြားမျိုးရိုးမြင့်တွေက အရှင့်ကို လှောင်မှာမဟုတ်ပေမဲ့ မြို့စား အယ်ဆာရင်းကတော့ သေချာပေါက် လှောင်မှာပါ”



လယ်ဗီတစ်ယောက် ယောလ်၏ အကြည့်တွေကို သနားမိလို့လား သူကိုယ်တိုင်ပင် မခံစားနိုင်လို့လား မသိသော်လည်း နောက်ဆုံးမှာတော့ ပြောချလိုက်တော့သည်။



မြို့စား အယ်ဆာရင်း ဆိုသည့် အသံကြားလိုက်သည်နှင့် မိုက်ကီရယ်၏ မျက်နှာသည် ချက်ခြင်းပင် ခက်ထန်မှု အပြည့်ဖြစ်သွားသည်။



ထိုသို့မြင်လိုက်ရလျှင် ယောလ်၏မျက်နှာ၌ မျှော်လင့်ချက်ရောင်ခြည်လေးများ ပြန်လည်ထွက်ပေါ်လာ၏။ သူအားကုန်သုံးကာ မိုက်ကီရယ့်ကို သူ့စိတ်ထဲမှစကားများအကုန် စိတ်ချင်းဆက်သွယ်ပြီး ပြောချင်နေသည်။



ဒါပဲလေ၊ ခင်ဗျား မြို့စားအယ်ဆာရင်းဆီမှာတော့ သောက်ရှက်မကွဲချင်ဘူးမလား။ ကျွန်တော့်ကိုထားခဲ့ပြီး လစ်လိုက်ပါတော့။



မိုက်ကီရယ်က အေးစက်စွာဖြင့် 



“ကိစ္စမရှိဘူး၊ အယ်ဆာရင်းက အစကတည်းက ငါ့ကိုလှောင်ချင်လို့ ဖိတ်လိုက်တာပဲဟာ”



သူပြောတာလည်း မှန်ပေသည်။ မြို့စားအယ်စာရင်းသည် မိုက်ကီရယ့်အား စိတ်ရင်းဖြင့် ဖိတ်ကြားခြင်းမဖြစ်နိုင်။ လျှို့ဝှက်ကြံစည်မှု တစ်ခုခုရှိနေနိုင်ပြီး ကောင်းသောအရာတော့ မဟုတ်နိုင်ပေ။ 



ဤသို့ဆိုလျှင်တောင် မိုက်ကီရယ်သည် သူ့အားတိုက်ခိုက်ချင်သည့် လူတစ်ယောက်ကို အခွင့်အရေးပေးထားသည်နှင့် တူနေသည်။ ယောလ်တစ်ယောက် မိုက်ကီရယ်၏ အတွေးတွေကို နား‌မလည်နိုင်တော့ပေ။ 



သို့သော် တစ်ချိန်တည်းမှာပင် အားကျ‌နေမိသည်။ ရန်သူက သူ့ကို မည်မျှပင် တိုက်ခိုက်ရန် ကြိုးစားသော်ငြား မျက်တောင်တစ်ချက် မခတ်တတ်သော လူပင်ဖြစ်၏။ 



ဒါမှ အစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်ဓာတ်ပဲကွ။ အရမ်းမာကျောတယ်။



နောက်ဆုံးမှာတော့ ယောလ်တစ်ယောက် မိုက်ကီရယ်၏ အိပ်ကပ်ထဲတွင် လိုက်ပါလျက် မြို့စားအယ်ဆာရင်း အိမ်တော်သို့ ရောက်ချလာလေသည်။



“အို အို”



“ဘာများလဲ ဘာများလဲ”



“မဟုတ်မှလွဲရော အဲဒါ အက်ရှ်မြို့စား အိုလော့ဗ်မလား”



“အယ် ဟုတ်မယ်ထင်တယ်”



မျိုးရိုးမြင့် လူကုန်ထံများ အားလုံး မိုက်ကီရယ်တစ်ယောက် ညစာစားပွဲ ခန်းမထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဟိုမေးဒီမေး ဖြစ်ကုန်ကြသည်။ သူတို့ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောနေကြသော်လည်း ယောလ်အတွက်တော့ တချို့စကားများကို အတိုင်းသား ကြားနေရ၏။ 



ယောလ်တစ်ယောက် မိုက်ကီရယ့်ကို အဆင်ပြေလား ဟု မေးချင်သော်လည်း သူ့ကို မလှုပ်ဖို့ ပြောထားသည့်အတွက် ငြိမ်ငြိမ်လေးနေနေရသည်။ ယောလ်ကိုယ်တိုင်လည်း သူ့ကိုယ်သူ အာရုံစိုက်ခံရမည့် အဖြစ်မျိုး အဖြစ်မခံချင်ပေ။



“မြို့စားကြီး အိုလော့ဗ်မလားဗျ၊ မတွေ့ရတာ အတော်ကြာသွားပြီနော်၊ ကျနော်က မြို့စားဝေလ်ဆန်‌လေ”



အတင်းတုပ်နေကာ မိုက်ကီရယ့်ကို မချဉ်းကပ်ရဲသည့်သူများနှင့်မတူဘဲ သတ်လတ်ပိုင်းလူကြီးလူကောင်း တစ်ယောက်သည် မိုက်ကီရယ့်အား အကျွမ်းတဝင် လာနှုတ်ဆက်လေသည်။ ထိုသူမှာ မြို့စားကြီးဝေလ်ဆန်ပင်။ 



ဝေလ်ဆန်ဆိုသည့် နာမည်ကြားသည်နှင့် ယောလ်တစ်ယောက် အံ့ဩတကြီး ကြည့်နေမိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မိုက်ကီရယ်၏ မွေးနေ့တွင် အလွန်တန်ဖိုးကြီးလှသည့် စိန်လက်စွပ်တစ်ကွင်းကို လက်ဆောင်ပေးခဲ့သူဖြစ်သည်။ 



“မ‌တွေ့ရတာ ကြာပြီနော်  ဝေလ်ဆန်၊ ခင်ဗျားပေးလိုက်တဲ့လက်ဆောင် ရလိုက်ပါတယ်” 



“မဟုတ်တာပဲ၊ အဲဒါက အက်ရှ်မြို့စားအတွက် ဘာမှ မဟုတ်တဲ့ အရာလေးတစ်ခုပါ ပြီးတော့ အက်ရှိမြို့စားကို အခုလို တွေ့ရတာ ဝမ်းသာမိပါတယ်” 



မြို့စားဝေလ်ဆန်သည် လူမှုရေး ကောင်းသူတစ်ယောက်ဖြစ်၏။ မိုက်ကီရယ်နှင့် စကားပြောချိန်တွင် သူ့ကိုယ်သူ နှိမ့်ချပြောဆိုတတ်ကာ မိုက်ကီရယ့်ကို‌တော့ အမွှန်းတင်ပြောဆိုတတ်သည်။ 



ဝေလ်ဆန်သည် ယောလ်ကို တစ်ချက်စိုက်ကြည့်ကာ စကားပြောတဲ့ဆီ ပြန်ရောက်သွား၏။ ယောလ်လည်း စိုက်ကြည့်ခံလိုက်ရသည့် အချိန်တစ်ခဏတွင် တောင့်တောင့်ကလေးဖြစ်သွားရသည်။


“အက်ရှ်မြို့စားကြီး ကြည့်ရတာ ဒီနေ့ သာမန်ထက်ပိုပြီး ထူးခြားနေသလိုပဲနော်”



ဒီလူ ဝေလ်ဆန်ကတော့ လူမှုရေးပိုင်းမှာ တကယ့်ကိုဆရာကြီးပင်။ မိုက်ကီရယ်၏ ကြောင်တောင်တောင်နိုင်သည့် အသွင်အပြင်ကိုပင် ယဉ်ယဉ်ကျေးကျေး ချီးမွမ်းနိုင်သည်။ ယောလ်တစ်ယောက် စိတ်ထဲမှ ဝေလ်ဆန်၏ အမြှောက်အပင့်စွမ်းရည်ကို လှောင်ပြောင်နေလေ၏။



“အာ ဘာလို့လဲဆိုတော့ ကျနော် ကလေးတစ်ယောက်မွေးထားလို့ပါ “



“ဗျ ..ဗျာ”



ရား! ဒီအရူးကောင်ဘာတွေ ပြောနေတာလဲ။



ယောလ်တစ်ယောက် မိုက်ကီရယ်၏ စကားကိုကြားကာ ပါးစပ်အဟောင်းသား ဖြစ်သွားပြန်သည်။ ကံကောင်းထောက်မစွာဖြင့် မြို့စား ဝေလ်ဆန်က ယောလ်ပြောချင်နေသည့် စကားကို ဝင်ပြောပေးလိုက်သလို ဖြစ်သွားသည်။ 



“ခင်ဗျာ”



ကလေးဆိုသည်မှာ သူ့ကို ပြောခြင်းလား လပ်ကီးကို ပြောခြင်းလား ဆိုသည်ကို ယောလ်‌တစ်ယောက် စဉ်းစားနေလေပြီ။ မည်သို့ပင်ဖြစ်စေ “ကလေး”ဆိုသည့် အသုံးအနှုန်းကတော့ အရမ်းလွဲနေသည်ဟု ခံစားရသည်။



သူနှင့် စကားပြောနေသည့် မြို့စားဝေလ်ဆန်သာမက ဘေးမှာရှိသည့် မျိုးရိုးမြင့် လူကုန်ထံများ အားလုံး မိုက်ကီရယ်ကို ကြည့်ကာ တအံ့တဩ ဖြစ်နေကြ၏။ သို့သော် မိုက်ကီရယ်အတွက် ထိုအကြည့်များသည် ပမွှားကလေးများပင်။



“အခုပြောလိုက်သလိုပဲ၊ ကလေးတစ်ယောက် မွေးထားတာလေ”



“က-ကလေးတစ်ယောက် မွေးထားတယ်”



မြို့စားဝေလ်ဆန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောနေသော်လည်း သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေလေပြီ။ ယောလ်တစ်ယောက်လည်း တစ်ခုခု ထူးဆန်းသည်ကို ခံစားလိုက်မိသည်။



မိုက်ကီရယ် ကလေး‌တစ်ယောက် ရှိသည်ဟူသော သတင်းမှာ ထူးဆန်းသည်မှာတော့ အမှန်ပင်။ သို့သော် မြို့စားဝေလ်ဆန်တစ်ယောက် ဒီလောက်ထိ ဖြူဖျော့သွားစရာ အကြောင်းမရှိပေ။



“ဘာလို့ အရမ်းအံ့ဩသွားရတာလဲဗျ၊

ကျွန်တော် ကလေး‌တစ်ယောက် မွေးထားတာ‌ မြို့စားကြီးက ဝမ်းမသာဘူးလား ”



“အာ အာ မဟုတ်ပါဘူးဗျ  ဝမ်းသာတာပေါ့၊ ဒီတိုင်း ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ၊ ဂုဏ်ယူပါတယ်ဗျာ”



မိုက်ကီရယ်၏ ပြတ်သားလွန်းလှ‌သော စကားများကို မြို့စားဝေလ်ဆန် တစ်ယောက် ခေါင်းတငြိမ်ငြိမ့်ဖြင့် ပြန်ပြောနေသော်လည်း သူ့ပုံစံက အနည်းငယ် တုန်ရီနေသည်။



“ဟုတ် အဲဒါဆို ကျနော်…”



ပြောပြောဆိုဆိုနှင့် မြို့စားဝေလ်ဆန်တစ်ယောက် ခပ်သွက်သွက် နှုတ်ဆက်ကာ လူအုပ်ထဲသို့ ပျောက်သွားလေသည်။ မိုက်ကီရယ့်အား စတွေ့တွေ့ခြင်း လာနှုတ်ဆက်သည့်ပုံစံနှင့် ကွာခြားလွန်းလှသည်။ 



ယောလ်သည် အမှတ်တမဲ့ မျက်လုံးများ မှေးလိုက်မိပြီးကာမှ လှုပ်လို့ မဖြစ်မှန်း သတိရသွားသဖြင့် အမြန်ပြန်ဖွင့်လိုက်၏။ 



တစ်ချိန်တည်းမှာပင် မိုက်ကီရယ်၏ရှေ့သို့ အရပ်ရှည်ရှည်လူတစ်ယောက် ရောက်လာလေသည်။



“ဟယ်လို မတွေ့ရတာတောင်ကြာပြီနော်၊ ကျွန်တော်က အယ်ဆာရင်းပါ”



ဆံပင်ငွေရောင်နှင့် လူတစ်ယောက်သည် သူ့ကိုယ်သူ အယ်ဆာရင်းဟု မိတ်ဆက်လာသည်။ ယောလ်တစ်ယောက် နောက်ထပ် အရူးတစ်ယောက်ကြောင့် အနည်းငယ် မအီမသာဖြစ်သွားရ၏။ သူ၏ချည်မျှင်ဖြင့် ပြုလုပ်ထားသည့် လည်ချောင်းလေးထဲသို့ မရှိသော တံတွေးကိုပင် မြိုချလိုက်သေးသည်။ 



“ဟုတ်ပ မတွေ့တာကြာပြီနော်”



“အဝေးကြီးလာခဲ့ရတာပဲ၊ ဒီနေရာက အက်ရှ်အိမ်တော်လို မဟုတ်ပဲ တောင်တွေထဲမှာဆိုတော့ ခရီးကြမ်းပြီး ပင်ပန်းမှာစိုးနေတာ”



“စိုးရိမ်ဖို့မလိုပါဘူး”



“အဲဒါဆို တော်သေးတာပေါ့”



သာမာန်ကြည့်လိုက်လျှင် ပုံမှန်လူနှစ်ယောက် စကားပြောနေသလို ထင်ရသော်လည်း တင်းမာသည့် အ‌ငွေ့အသက်များအား ခံစားနေရသည်မှာတော့ အမှန်ပင်။ နှစ်ဦးသား၏ အေးစက်သော အကြည့်များက တစ်လက်မမျှပင် အလျော့မပေးပဲ အပြိုင်အဆိုင်ရှိလှသည်။



“ဒါနဲ့ စကားမစပ်၊ ကျွန်တော် မြို့ပြင်ရောက်နေတုန်း ဒီက ညစာစားပွဲ ခန်းမပုံစံက နည်းနည်း ပြောင်းလဲသွားသလိုပဲ”



ရုတ်တရုတ် မိုးပြာရောင် မျက်လုံးတစ်စုံက ယောလ်ကို စိုက်ကြည့်‌လာ၏။ ယောလ်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် တစ်ချက်ပြန်ကြည့်လိုက်မိသည်။ 



အယ်ဆာရင်း၊ ဒီလူသည် အသားဖြူဖြူဖျော့ဖျော့ပင်ဖြစ်သော်ငြား အလွန်ချောမောလှပသူပင်။ သို့သော်လည်း ဖြူဖျော့လွန်းလှသည့် အသားအ‌ရေကြောင့် ရေခဲတုံး တစ်တုံးသကဲ့သို့ အေးစက်လှသည့် ခံစားချက်ရနေသည်။



“တော်တော် ချစ်စရာကောင်းတာပဲ အက်ရှ်မြို့စားနဲ့လိုက်တယ်နော်”



“ဟုတ်တယ်မလား တော်တော်ချစ်ဖို့ ကောင်းတယ်နော်၊ ကျွန်တော်နဲ့ တော်တော်လိုက်တယ်”



ရွဲ့စောင်းပြောမှန်း သိသာသော်လည်း မိုက်ကီရယ်က ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သဖြင့် အယ်ဆာရင်းတစ်ယောက် မျက်မှောင်ကျုံ့သွားသည်။ သို့သော် ဘာမှမဖြစ်သလိုနှင့် ချက်ချင်းပင် ပြုံးပြလိုက်သေး၏။ ဖြူ‌ဖျော့လှ‌သော အသားအရေကြောင့်လားမသိ ၊ ငွေဖြူရောင်မြွေတစ်ကောင်ကဲ့သို့ပင်။



“ဒါဆို ဒီ‌အရုပ်လေးရော ညစာစားပွဲမှာ ပျော်ရွှင်ပါစေနော်”



ဘာ..ဘာကြီးလဲ ငါ့ကို ပြောသွားတာလား။



အယ်ဆာရင်း၏ စကားတွင် ယောလ်ကိုပင် တမင်ပြောသည်လား သို့မဟုတ် ဒီအတိုင်းသာမာန်ပဲလား စသည့် သံသယဖြစ်ဖွယ် စကားများ ပါနေလေသည်။ ယောလ်တစ်ယောက် သူ၏ပုံစံအမှန်ကို သိသွားမည် စိုးသဖြင့် ပြာယာခတ်နေလေ၏။



သို့သော်လည်း ယောလ်စိတ်ပူနေသလို မဟုတ်ဘဲ အယ်ဆာရင်းသည် သာမန်အတိုင်းပင် နှုတ်ဆက်ကာ လှည့်ထွက်သွားလေသည်။



အား…ရင်တုန်ပန်းတုန်ဖြစ်ပြီး သေတော့မှာပဲ။



ထိုမှသာ ယောလ်တစ်ယောက် စိတ်လျော့နိုင်တော့သည်။


ထိုအချိန်မှစ၍ မိုက်ကီရယ်အား မျိူးရိုးမြင့်လူကုန်ထံများ တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်ကြလေသည်။ 



လာနှုတ်ဆက်သည့် လူတစ်ယောက်စီတိုင်းအား မြို့စားဝေလ်ဆန်ကို ပြောလိုက်သကဲ့သို့ “ကျွန်တော့်မှာ ကလေးရှိတယ်” ဟု ပြောလွှတ်နေလေသည်။



အချိန်အတော်ကြာပြီးနောက် ယောလ်တစ်ယောက် ခေါင်းကိုက်လာလေသည်။



ချည်အရုပ်လေး စဖြစ်ကတည်းက အပြင်ပိုင်းထိခိုက်မှုများမှလွဲ၍ ယခုလို ခေါင်းကိုက်တတ်ခြင်းမှာ ပထမဆုံးပင်ဖြစ်၏။ အစပိုင်းမှာတော့ စိတ်အခြေအနေကြောင့် ခေါင်းကိုက်သည်ဟုထင်ကာ သူ့ကိုယ်သူအပြစ်တင်နေသည်။ သို့သော် ခေါင်းကိုက်သည်မှာ တဖြည်းဖြည်း ပို၍ဆိုးလာ‌လေ၏။



ယောလ်တစ်ယောက် ဘယ်လိုမှ မခံနိုင်တော့သည့် အဆုံးတွင် မိုက်ကီရယ်အား အိပ်ကပ်ထဲမှ လက်ပုတ်ကာ ခေါ်ရတော့သည်။



မိုက်ကီရယ်လည်း ယောလ်၏ အသံ တစ်ခုခု ထူးဆန်းသည်ကို ခံစားမိပြီး ချက်ချင်းပင် ခန်းမ၏ လူမရှိသော ထောင့်တစ်နေရာသို့ ပြေးထွက်သွားလေသည်။



“ဘာဖြစ်လို့လဲ”



“ကျွန်- ကျွန်တော့်ခေါင်း အရမ်း အရမ်း ကိုက်တယ် အား..”



မိုက်ကီရယ်၏ အမေးကို ယောလ်တစ်ယောက် ခပ်သွက်သွက်လေးပင် ဖြေလိုက်ရ၏။ ယောလ် အသံကြားရုံနှင့်ပင် ဘယ်လောက်နာကျင်နေမှန်း မိုက်ကီရယ် ခံစားမိလိုက်သည်။



မိုက်ကီရယ်လည်း ယောလ် အခြေအနေ မကောင်းမှန်းသိသဖြင့် ခန်းမအပြင်သို့ ချက်ချင်းပြေးထွက်သွားကာ လူမရှိသော တစ်နေရာသို့ ခေါ်သွားလေသည်။



“ခေါင်းက ဘယ်နေရာက နာနေတာလဲ‌ အရမ်းနာနေတာလား”



“မ ..မသိဘူး ကွဲထွက်တော့မလိုပဲ၊ အား.. ကွဲထွက်သွားပြီလို့တောင် ခံစားရတယ်”



ယောလ်ခမျာ ပြန်ဖြေဖို့ပင် ခက်ခဲနေရှာသည်။ အရုပ်လေးတစ်ရုပ်ပင်ဖြစ်သော်လည်း သူ့အသားအရေသည် ဖြူဖျော့လာသလိုပင်။



ယောလ်ကိုကြည့်ကာ မိုက်ကီရယ့်ခမျာလည်း အနည်းငယ် စိတ်မသက်မသာဖြစ်နေသည်။ အက်ရှ်အိမ်တော်သို့ ချက်ချင်းပင် ပြန်သွားချင်သော်လည်း ရထားလုံးအား ချက်ချင်းခေါ်ခိုင်းလို့ ရသည့် အခြေအနေ ဟုတ်မနေပေ။



ညစာစားပွဲ တစ်ခုကျင်းပတိုင်း နေမကောင်းသည့် သူများအတွက် နားနေခန်းတစ်ခန်း ထားပေးလေ့ရှိသည်။ မြို့စားအယ်ဆာရင်းလည်း ထိုကဲ့သို့ ထားပေးလိမ့်ပေမည်။ မိုက်ကီရယ်လည်း အစေခံတစ်‌ယောက်ဖြတ်သွားသည်ကို ရုတ်တရက်မြင်လိုက်ရပြီး ဆွဲခေါ်ကာ နားနေခန်းတစ်ခန်း ရှာပေးရန် ပြောလိုက်၏။



“ယူရီ ခဏ သည်းခံထားဦးနော်”



မိုက်ကီရယ်တစ်ယောက် နားနေခန်းထဲသို့ ချက်ချင်းပင် ပြေးသွားလေတော့သည်။ အခန်းသို့ ရောက်ရောက်ချင်း ယောလ်ကို အိပ်ကပ်လေးထဲမှ အသာအယာထုတ်ကာ စားပွဲခုံပေါ်သို့ ညင်သာစွာတင်ပေးလိုက်သည်။



“ဟေး..ဟေး.. သတိထားပါဦး ၊ ဘတ်ယောလ်! ဘတ်ယောလ်! အရူးကောင် သတိကပ်စမ်း ငါ 911ကိုခေါ်ထားတယ်၊ သတိလစ်မသွားနဲ့နော်! ငါပြောတာကြားရလား!”



“အာ အမ်..”



ယောလ်တစ်ယောက် ဘယ်ကမှန်းမသိသော ချန်ဟျွန်း၏ အသံကိုကြားလိုက်ရကာ ခေါင်းကို တစ်ဖက်ခြမ်းသို့ လှည့်လိုက်သည်။



ယောလ်ခမျာလည်း ခေါင်းကိုက်ကာ စိတ်ရှုပ်နေလေ၏။ သူအခု ချန်ဟျွန်း၏ အသံကို အဘယ့်ကြောင့် ကြားနေရသည်ကို နားမလည်နိုင်ပေ။



“ယူရီ.. စိတ်အေးအေးထား.. ငါပြောတာ ကြားရလား”



ဟေး! ဘတ်ယောလ်! ဘတ်ယောလ်!



ယောလ်၏ခေါင်းထဲတွင် မိုက်ကီရယ်နှင့် ချန်ဟျွန်း၏ အသံနှစ်သံမှာ ရှုပ်ထွေးနေလေသည်။ မတူကွဲပြားသည့် နေရာနှစ်ခုမှ လူနှစ်ယောက်၏ အသံကို ကြားနေရသဖြင့် ယောလ်တစ်ယောက် စိတ်ရှုပ်နေလေ၏။



“အမ်..အာ..အာ..”



ယောလ်သည် ခေါင်းအရမ်းကိုက်ကာ

မျက်လုံးပင် မဖွင့်နိုင်ပေ။



တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်ကို လှုပ်နှိုးနေသည်အားသိနေ၏။ သို့သော် အရုပ်တစ်ရုပ်၏ ခန္ဓာကိုယ်ဟု မခံစားရပဲ လူသားတစ်ယောက်၏ ခန္ဓာကိုယ်ဟု ခံစားနေရသည်။



အဝတ်စ စုတ်ပြဲသံများ သူ့နားထဲတွင် ကြားနေရကာ ထိုအချိန်အခိုက်အတန့်တွင် ယောလ်သည် တစ်ခုခုထူးဆန်းသည်ဟု ခံစားရပြီး မျက်လုံးဖွင့်ကြည့်လိုက်၏။ 



သူသတိလွတ်ကာ စားပွဲပေါ်မှ ပြုတ်ကျတော့မည့် အချိန်မှာပင် မိုက်ကီရယ်သည် ယောလ်အား လှမ်းဖမ်းလိုက်‌လေသည်။



မိုက်ကီရယ်၏ကျေးဇူးဖြင့် ယောလ်တစ်ယောက် စားပွဲခုံပေါ်မှ ပြုတ်ကျမသွားဘဲ သူ့လက်မောင်းများကြားတွင် ဘာဖြစ်မှန်းမသိ နိုးလာလေတော့သည်။



ပုံမှန် မိုက်ကီရယ်၏မျက်လုံးများသည် မော့ကြည့်ရပြီး အခု သူနှင့်မတိမ်းမရိမ်းဖြစ်နေသည်ကို ယောလ်တစ်ယောက် သတိထားမိလိုက်သည်။



ဘာတွေဖြစ်နေမှန်းမသိသော ယောလ်တစ်ယောက် မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်လုပ်ကာ အနည်းငယ် အေးသည့်ဒဏ်ကို ခံစားရသဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။



ထို့နောက် အဝတ်ဗလာဖြစ်နေသော သူ့ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ လုံးဝ ဘာအဝတ်အစားမှ ဝတ်မထားပဲ ကိုယ်တုံးလုံးချွတ်ပင်။ 



“အား ..အား!!!”



အံ့ဩသင့်သွားပြီး ဟိုလှည့်ကြည့်ဒီလှည့်ကြည့်နှင့် သူ့အဝတ်တွေကို ရှာနေလေသည်။ 



ယခင်က ဝတ်ထားသော အဝတ်များမှာ အပိုင်းပိုင်းအစအစနှင့် အောက်တွင်ပြန့်ကျဲနေလေသည်။ 



ယောလ်တစ်ယောက် ရှက်ရှက်နှင့် သူ၏ အဝတ်များကို ကောက်ခြုံလိုက်သော်လည်း အရုပ်တစ်ရုပ်ဖြစ်စဉ်က ဝတ်ခဲ့သော အဝတ်များသည် အခုတွင် လက်ဖဝါးသာသာလောက်သာ ရှိတော့၏။



ယောလ်တစ်ယောက် ပြာယာခတ်ကာ သူ၏ အသားဖွေးဖွေးဥဥလေးကို ငုံကြည့်လိုက်ပြီး ဘေးနားက စားပွဲစကို ဆွဲကာ ခြုံလိုက်တော့သည်။



“မိုက်.. မိုက်ကီရယ်!”


နုနယ်လွန်းသော အသား‌ပေါ်တွင် စားပွဲစသည် ကြာကြာ မတင်ပဲ လျောကျသွားကာ ပန်းနုရောင် နို့သီးခေါင်းလေးများက အတိုင်းသားပေါ်လာလေသည်။



“ကျွန်တော်။။ကျွန်တော် ဘာလုပ်ရမလဲ ဟင်”



ယောလ်လည်း စားပွဲစကို တစ်ဖန်ဖြန့်ကာ သူ၏ ရင်ဘတ်ပေါ်သို့ ကောက်ခြုံလိုက်လေသည်။