Chapter 28
“မိုက်ကီရယ်”
ဖယောင်းရုပ်ကြီးကဲ့သို့ တောင့်တောင့်ကြီးဖြစ်နေသော မိုက်ကီရယ်တစ်ယောက် ယောလ်၏ခေါ်သံကို ကြားမှ သတိပြန်ဝင်လာသည်။ ခဏတာ စိတ်လွတ်သွားပြီးကာမှ အသိပြန်ဝင်လာကာ ယောလ်ကို ဤနေရာမှ ခေါ်ထုတ်သွားသင့်သည်ဟု တွေးမိလိုက်သည်။ မိုက်ကီရယ် သူ၏ အပေါ်ထပ်ဝတ်ရုံကို ချွတ်ကာ ယောလ်အပေါ် လွှမ်းခြုံပေးလိုက်သည်။
“ကျေး..ကျေးဇူးပါ”
ယောလ်သည် တုန့်နှေးစွာဖြင့် သူ၏ ပခုံးသေးသေးလေးများပေါ်တွင် ခြုံပေးထားသော ဝတ်ရုံကို ဝတ်လိုက်သည်။ ချည်အရုပ်ကလေးအနေဖြင့် အချိန်အတော်ကြာ နေခဲ့သောကြောင့် လူပြန်ပြောင်းကာစတွင် သူ၏ လှုပ်ရှားမှုများသည် နှေးကွေးနေသည်။ ထို့နောက် ဖြည်းဖြည်းခြင်း ကြယ်သီးလေးများကို တပ်လိုက်၏။
မိုက်ကီရယ်သည် အရပ်ရှည်သောကြောင့် ဝတ်ရုံသည်လည်း အလွန်ရှည်လျားပြီး ယောလ်၏ ပေါင်ကလေးများအထိ ဖုံးပေးထားသလိုဖြစ်နေလေသည်။ သို့သော် အောက်တွင် ဘာမှ မပါသောကြောင့် သူ့ခန္ဓာကိုယ်၌ ဝတ်ရုံတစ်ခုသာဝတ်ထားရသဖြင့် ယောလ်တစ်ယောက် ရှက်ကာ ပါးလေးတွေ နီနေသည်။
“သွားရအောင်”
ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ယောလ်ကို မိုက်ကီရယ် ခေါ်လိုက်သည်။ ယောလ်လည်း မိုက်ကီရယ်၏ လက်ကို ကိုင်ကာ ထဖို့ ကြိုးစားလေ၏။ သို့သော်ငြား လူပြန်ဖြစ်ကာစ အချိန်မို့လား လန့်နေ၍လားမသိ သူ၏ခြေထောက်များသည် မတ်တပ်ရပ်ဖို့ အားမရှိပေ။
၂ခါ ၃ ခါလောက်ကြိုးစားကာ မတ်တပ်ရပ်ကြည့်ပြီး မရသည့်အဆုံး ယောလ်တစ်ယောက် မိုက်ကီရယ်အား ညှိုးငယ်သော မျက်လုံးများဖြင့် ကြည့်နေတော့သည်။
“မိုက်ကီရယ် တောင်းပန်ပါတယ်၊ တကယ်..တကယ် ထလို့မရဘူး”
“ဟူး”
မိုက်ကီရယ် သက်ပြင်းတစ်ချက်ချကာ ချက်ချင်းပင် ယောလ်ကို ကောက်ချီလိုက်သည်။ မိုက်ကီရယ်၏ အပြုအမူကြောင့် ယောလ်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားရ၏။ သို့သော် အခုလို အကူအညီတောင်းသည်မှာလည်း သူကိုယ်တိုင်ပင် ဖြစ်သဖြင့် တိတ်တိတ်ကလေး မိုက်ကီရယ်၏ လည်ပင်းကို သိုင်းဖက်ကာ လိုက်သွားလေသည်။
မိုက်ကီရယ်တစ်ယောက် တံခါးကို အသာလေးဖွင့်ကာ အပြင်ဘက်တွင် လူရှိမရှိ တစ်ချက်ကြည့်လိုက်သည်။ ခုဏက သူ့ကို အခန်းသို့ခေါ်လာသော အစေခံသည် ဘယ်ရောက်သွားမှန်း မသိတော့ပေ။ သို့သော် မနီးမဝေးတွင် ဆီလက်ဖ်နှင့် လယ်ဗီတို့နှစ်ယောက်သည် ဟိုသွား ဒီသွားနှင့် သူ့ကို လိုက်ရှာနေကြပုံပင်။
“ဆီလက်ဖ်”
“အာ အရှင်က ဒီမှာပဲ၊ အမ် ..ဒါက ဘယ်သူပါလဲဗျ”
ဆီလက်ဖ်သည် မိုက်ကီရယ့်ကို ကြည့်လိုက် သူ့လက်ထဲက ဆံပင်ပန်းရောင်နှင့် ကောင်လေးကို ကြည့်လိုက်နှင့် ကြောင်အမ်းအမ်းဖြစ်နေသည်။ အဖြူရောင် ခြေသလုံး ဖွေးဖွေးကလေးများနှင့် မရေးတစ်ရေး ပေါ်နေသော ညှပ်ရိုးကလေးများကို မြင်နေရသဖြင့် ဤကောင်လေးသည် အောက်တွင် ကိုယ်လုံးတီး ဖြစ်နေမှန်း ဆီလက်ဖ် သတိထားမိလိုက်၏။ ဒါ့အပြင် မိုက်ကီရယ်သည် ဒီကောင်လေးကို ပွေ့ဖက်ထားသည့်အတွက် ဆီလက်ဖ်တစ်ယောက် ဘာတွေဖြစ်နေမှန်းမသိ တွေဝေသွားလေသည်။
“ယူရီ”
“ဗျ…ဗျာ”
ဆီလက်ဖ်တစ်ယောက် မိုက်ကီရယ်၏ အဖြေကြောင့် အနည်းငယ် ကြောင်သွားသည်။ ယူရီဆိုသည်မှာ လွန်ခဲ့သော ၁၀ မိနစ်လောက်ကပင် သူ့အိပ်ကပ်ထဲမှာ ထည့်ထားသည့် အရုပ်ကလေး မဟုတ်ပေလား။ သို့သော်လည်း လူတစ်ယောက်ကို ချီထားကာ ရုတ်တရက် အရုပ်နာမည်ကို ပြောလိုက်သဖြင့် ဆီလက်ဖ် ခေါင်းရှုပ်သွားရသည်။
“သူက ယူရီလို့၊ ငါနောက်မှ ရှင်းပြမယ် ဆီလက်ဖ် မင်းအခု သွားပြီး ရထားလုံး ယူထားနှင့်လိုက်၊ ငါနောက်ကနေ လိုက်ခဲ့မယ်”
“ဟုတ်.. နားလည်ပါပြီ”
ဆီလက်ဖ်သည် ဘာတွေ ဖြစ်နေသည်ကို မသိသော်လည်း မိုက်ကီရယ်က အမိန့်ပေးသည်နှင့် ချက်ချင်း ခန်းမအပြင်ဘက်သို့ ပြေးထွက်သွားသည်။
ကျန်ရစ်ခဲ့သည့် လယ်ဗီတစ်ယောက်လည်း ဘာတွေဖြစ်မှန်းမသိ၍ ဇဝေဇဝါဖြစ်နေသည်။ သို့သော် ဒီအခြေအနေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းရမည်မှန်း သူသိလိုက်သည်။
တစ်စုံတစ်ယောက်ကသာ အက်ရှ်မြို့စားကြီးက ဝတ်ရုံလေးသာ အုပ်ထားသော ကိုယ်လုံးတီးဖြစ်နေသည့် လူတစ်ယောက်ကို ချီထားမှန်း မြင်သွားခဲ့လျှင် မိုက်ကီရယ့်အား သိက္ခာချ အရှက်ခွဲရန် လွယ်ကူသွားပေလိမ့်မည်။ ထို့ကြောင့် လယ်ဗီသည် ဘေးပတ်လည်တွင် လူရှင်းမရှင်းကြည့်ကာ သူကိုယ်တိုင်ဦး ဆောင်ပြီး ခေါ်ထုတ်သွားတော့၏။
မိုက်ကီရယ်လည်း ယောလ်ကို ချီကာ လယ်ဗီ့နောက်မှ ခပ်သွက်သွက်လေး လိုက်သွားသည်။ လယ်ဗီ့ကျေးဇူးဖြင့် ဘယ်သူနှင့်မှ မတိုးဘဲ 3 ယောက်စလုံး အပြင်ထွက်လာနိုင်လိုက်၏။
ဝင်္ကပါသဖွယ် ရှုပ်ထွေးလှသော ရဲတိုက်အတွင်းမှ အပြင်သို့ထွက်နိုင်ခဲ့ပြီး ရဲတိုက်ရှေ့တွင် ဆီလက်ဖ်သည် ရထားလုံးနှင့်အတူ စောင့်နေလေသည်။
“အက်ရှ်မြို့စားကြီး ရထားလုံးထဲကို ဝင်နှင့်လိုက်ပါ၊ ကျွန်တော် အစောင့်တွေကို အာရုံလွှဲထားလိုက်ပါ့မယ်”
ပြောပြောဆိုဆိုနှင့် လယ်ဗီ တစ်ယောက် အနီးအနားရှိ အစောင့်တွေဆီ ပြေး ထွက်သွားလေသည်။ အစောင့်တွေကို ဟိုမေးဒီမေးနှင့် အာရုံလွှဲနေရာ မိုက်ကီရယ်လည်း အချိန်ဆွဲမနေဘဲ ရထားလုံးထဲသို့ ဝင်လိုက်သည်။ လယ်ဗီသည် မိုက်ကီရယ် ရထားလုံးထဲရောက်သည်နှင့် တစ်ပြိုက်နက် စကားစဖြတ်ကာ အမြန်ပင် ဝင်တက်လိုက်တော့သည်။
***
“ဒီကောင်!”
အယ်ဆာရင်း တစ်ယောက် လသာဆောင်ပေါ်မှထွက်ကာ သံသယမျက်လုံးများဖြင့် ကြည့်နေလေသည်။ ဒီညစာစားပွဲ လုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မိုက်ကီရယ်အား လူကြားထဲ ခေါ်ထုတ်ရန်သာဖြစ်ပြီး တခြားဘာကိုမှ စိတ်မဝင်စားချေ။
သူ့အား ဟန်ဆောင်မျက်နှာဖုံးများဖြင့် စကားပြောနှုတ်ဆက်နေသော လူကုန်ထံများနှင့်ဆက်ဆံပြီးနောက် အယ်ဆာရင်း တစ်ယောက် ညစာစားပွဲ ခန်းမမှ ထွက်လာကာ လသာဆောင်တွင် အနားယူနေလေသည်။
ထိုစဉ် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။ မိုက်ကီရယ်၏ ကိုယ်ရံတော်တစ်ယောက် အလောတကြီးဖြင့် ခန်းမထဲမှ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။
မိုက်ကီရယ် တစ်ခုခုဖြစ်နေမှန်းရိပ်မိသဖြင့် အယ်ဆာရင်းတစ်ယောက် တိုင်နောက်တွင် ပုန်းကာ အခြေအနေအား အကဲခတ်နေ၏။
သိပ်မကြာခင်မှာပင် မိုက်ကီရယ် ကောင်လေးတစ်ယောက်အား ပွေ့ချီကာ သူ့ကိုယ်ရံတော်နောက်တစ်ယောက်နှင့်အတူ ထွက်လာသည်။
ထိုအကွာအဝေးမှ ကောင်လေး၏ ရုပ်ကို သေချာမတွေ့လိုက်ရသော်လည်း သူ၏ ပန်းရောင်ဆံပင်ကိုတော့ ထင်းနေအောင် တွေ့လိုက်သည်။
ရထားလုံးပေါ် အမြန်တက်သွားသဖြင့် သေချာမမြင်လိုက်ရသော်လည်း ထိုကောင်လေးသည် မိုက်ကီရယ် အစောပိုင်းက ဝတ်ထားသော အပေါ်ထပ် ဝတ်ရုံကို ခြုံထားပြီး မိုက်ကီရယ်ကတော့ ရှပ်အင်္ကျီတစ်ထည်နှင့် waistcoat လေးပဲ ဝတ်ထားသည်။
မိုက်ကီရယ် သူ့အပေါ်ထပ်အင်္ကျီချွတ်ကာ ထိုကောင်လေးအား ခြုံပေးထားမှန်း ရိပ်မိလိုက်သည်။
“စိတ်ဝင်စားစရာပဲကွ”
မထင်မှတ်ထားသည်ကို တွေ့လိုက်ရသဖြင့် အယ်ဆာရင်းတစ်ယောက် နှုတ်ခမ်း နားရွက်တက်ချိတ်အောင် ပြုံးနေသည်။
***
“ဘာ..ဘာတွေဖြစ်နေတာလဲ၊ ဒါတကယ်ပဲ ယူရီလား”
ရထားလုံးပေါ်ရောက်သည့်တိုင်အောင် ဆီလက်ဖ်တစ်ယောက် ဘာကိုမှ နားမလည်နိုင်သည့်ပုံဖြင့် မေးနေရှာသည်။ ယောလ် ရှက်ရှက်နှင့် သူ့ပါးသူသာ ပြန်ကုတ်နေသည်။ ထို့နောက် ရုတ်တရုက် သူ့မှာ လက်ချောင်းလေးတွေ ပြန်ရလာသည်ကို သတိထားမိသွားကာ
“ငါ့..ငါ့လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေရော အာ နေဦး အဲဒါဆို…”
ယောလ်တစ်ယောက် ချက်ချင်းပင် အရုပ်ဖြစ်စဉ်က ပျောက်သွားသည့် သူ၏ လိင်အင်္ဂါကို သတိရသွားသည်။ အစောပိုင်းက အလျှင်လိုနေသဖြင့် သေချာ မကြည့်လိုက်ရပေ။ သို့သော် လက်ချောင်းခြေချောင်းလေးတွေပင် ပြန်ပေါက်လာပါက ထိုအရာလည်း ပြန်မပေါက်ဘဲ မနေ ဟု တွေးမိလေသည်။ သို့ပေမဲ့ လယ်ဗီနှင့် ဆီလက်ဖ်တို့ ဘေးတွင် ရှိနေသဖြင့် ပေါ်တင်ကြီး ကြည့်လို့မဖြစ်ပေ။ သို့သော်လည်း ဝတ်ရုံအထဲသို့ ငုံ့ကာ မျှော်လင့်ချက်အပြည့်ဖြင့် ရှာနေလေသည်။
“အာ…ကြည့်ရတာ တကယ် ယူရီပဲထင်ပါတယ်!”
ယောလ်ကို ကြည့်ရင်း ဆီလက်ဖ် နောက်ဆုံးတွင် ယုံသွားလေပြီ။ ချည်အရုပ်လေးဖြစ်စဉ်က ဒီ့ထက်ပိုပြီး အသံတိုးသော်လည်း လူကောင်ပိုကြီးလာသဖြင့် အသံပိုကျယ်လာသလိုပင်။ သို့သော် အသံနေအသံထား စကားပြောပုံ စသည်တို့မှာ အတူတူပင်။
“မြို့စားကြီး ဘယ်လိုဖြစ်တာပါလဲ”
ဒီတစ်ခေါက် လယ်ဗီထပ်မေးလေသည်။
“ခေါင်းကိုက်တယ် ပြောပြီး ချက်ချင်းကြီး လူပြောင်းသွားတာပဲ”
မိုက်ကီရယ်တစ်ယောက် ရှင်းပြနေရသော်လည်း သူကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့လိုက်ရသည့် အရာကို အခုထိ မယုံနိုင်ဖြစ်နေသည်။ ဆီလက်ဖ် နှင့် လယ်ဗီတို့မှာ ဘာပြောမှန်းနားမလည်ပေ။ သို့သော် မိုက်ကီရယ်လည်း သူကိုယ်တိုင်ပင် နားမလည်သဖြင့် ထိုနှစ်ယောက်နားလည်အောင် ထပ်မရှင်းပြတတ်တော့ပေ။
မိုက်ကီရယ် ယောလ်ကို နားမလည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။ ချည်အရုပ်လေးတုန်းက အတိုင်းပင် ယော်လ်၏ ဆံပင်သည် ပန်းရောင်ဖြစ်ကာ မျက်ဝန်းများသည် အပြာရောင်ပင်။ သို့သော် လူတစ်ယောက်အနေဖြင့် ယောလ်သည် အများကြီး ပို၍….
“အယ်.. ကျွန်တော့် ဆံပင်က အခုထိ ပန်းရောင်ပဲလား”
ယောလ်သည် ရထားလုံးပြတင်းပေါက်မှန်တွင် ထင်ဟပ်နေသော သူ၏ ပုံရိပ်ကို ကြည့်ကာ ဆံချည်မျှင်လေးတွေကို တစ်ပင်ခြင်း ကိုင်ကြည့်နေသည်။ မိုက်ကီရယ်သည် သူ့ကို တိတ်တိတ်ကလေး ကြည့်နေလျက်။
ထို့နောက် ယောလ်သည် မိုက်ကီရယ်၏ နှာခေါင်းရှေ့ထိ ရောက်အောင် သူ့မျက်နှာကို တိုးလာသည်။ နှစ်ယောက်သား၏ အသက်ရှူသံများ ရောလျှပ်နေလောက်အောင်ပင် နီးကပ်နေ၏။ ယောလ်သည် ခေါင်းကလေးကို စောင်းလျက် မျက်လုံးများလည်း တဖြည်းဖြည်းကျယ်လာကာ တစ်ခုခုကို စူးစမ်းနေသည်။
“မိုက်ကီရယ် ကျွန်တော့် မျက်လုံးတွေက အပြာရောင်ပဲလား ဟင်”
“အင်း ဟုတ်တယ် အပြာရောင်ပဲ”
ယောလ်၏ နှုတ်ခမ်းလေးများ ပြုံးသွားသည်။ မိုက်ကီရယ် တစ်ယောက်ကို ထို နှုတ်ခမ်းလေးများကို ငေးကြည့်ပြီးကာမှ ပြတင်းပေါက်ဘက်သို့ အကြည့်လွှဲလိုက်သည်။
“အာ သိပြီ၊ ရုပ်က ကျွန်တော့် အရင်ရုပ်ပဲ မျက်လုံးနဲ့ ဆံပင်ပဲ အရင် ချည်အရုပ်ပုံနဲ့ သွားတူနေတာ”
မိုက်ကီရယ်လည်း တစ်ယောက်တည်း စကားပြောနေသော ယောလ်ကို ကြည့်နေမိသည်။ ခွေးလေးတစ်ကောင်လို ချစ်စရာမျက်ဝန်း ဝိုင်းဝိုင်းလေးများ၊ နှာတံစဉ်းလေးနှင့် နှုတ်ခမ်းရဲရဲလေး။ ချည်အရုပ်လေးဖြစ်စဉ်အခါက မိုက်ကီရယ် တစ်ခါမျှပင် မစဉ်းစားမိသော ယော်၏ ပုံပန်းသွင်ပြင်ပင်။ ဒါ့အပြင် အသားဖြူဖြူဥဥ နှင့် သွယ်လျသည့် မျက်နှာလေးကလည်း ဆွဲဆောင်နေသည်။
ချုံပြောရလျှင် ယောလ်သည် အလွန်တရာပင် ချောမော လှပလွန်းလှသည်။
“ဝိုးး ခြေချောင်းလေးတွေကို ကြည့်ပါဦး၊ ချစ်စရာလေးတွေ”
ခြေချောင်းလေးတွေကို တစ်ချောင်းခြင်းလှုပ်ကြည့်ကာ ပျော်ရွှင်မြူးတူးနေသော ယောလ်တစ်ယောက်၊ ချည်အရုပ်လေးတုန်းက အတိုင်း ဘာမှ မပြောင်းလဲပေ။ သို့သော် ယခုလို လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားသော ယောလ်ကို ကြည့်ရသည်မှာ တစ်ခုခုထူးဆန်းနေသည်။ အရုပ်လေး တစ်ရုပ်ဖြစ်စဉ်က သူ၏ မျက်လုံးများသည် အငြိမ်မနေ ဟိုကြည့်ဒီကြည့် ဖြစ်နေတတ်၏။ သိုသော် လူပြန်ပြောင်းလဲချိန်တွင် တစ်ခုခု ထူးခြားနေသည်။
မိုက်ကီရယ်လည်း ထိုသို့ ပြောင်းလဲနေသည်ကို သတိထားမိသဖြင့် ဂရုတစိုက်ကြည့်နေသည်။
ရထားလုံးသည်လည်း မရပ်မနား ဆက် လက် မောင်းနှင်လျက်ပင်။