Chapter 3
Viewers 68

အခန်း (၃)

 

ဟိုင်မြို့ရှိ ရိုက်ကူးရေးတစ်ခုတွင်။

 

တစ်မနက်လုံးနီးပါး စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ရှုယန်ယန်၏ ဇာတ်ကွက်များ ရိုက်ကူးရန် အလှည့်ရောက်လာခဲ့သည်။

 

 

စကားငါးခွန်း ပြောရန်သာလိုအပ်သော ဇာတ်ကွက်နှစ်ခုကို ရိုက်ကူးရမည်ဖြစ်သည်။

 

 

ရိုက်ကူးမှုပြီးဆုံးသွားသောအခါ ရှုယန်ယန်သည် မိတ်ကပ်လိမ်းသည့် အခန်းသို့ ပြန်လာခဲ့သည်။ ထို့နောက် အခြားလူများနှင့် မျှ၍ အသုံးပြုရသော မိတ်ကပ်ပညာရှင်သည် သူမ၏မိတ်ကပ်များကို ဖျက်ပေးနေခဲ့သည်။

 

 

ရှုယန်ယန်သည် သူမတို့၏ ဘေးဘက်ရှိ အဓိကဇာတ်ဆောင်များအတွက် သီးသန့်ထားသည့် မိတ်ကပ်ခန်းထဲသို့ လှမ်းကြည့်လိုက်မိသည်။ အဓိကဇာတ်ဆောင်များနှင့် ဇာတ်ပို့သရုပ်ဆောင်များအတွက် သီးသန့်အခန်းများရှိသော်လည်း ဇာတ်ကောင်ငယ်တစ်ဦးဖြစ်သည့် သူမမှာမူ အခြားသူများနှင့်အတူ ဝေမျှအသုံးပြုနေရသည်။

 

မိတ်ကပ်ပစ္စည်းများပင် အခြားသူများနှင့်အတူ ဝေမျှသုံးစွဲနေရသည်မှာ သူမ၏ စိတ်ထဲတွင် ဘဝင်မကျသကဲ့သို့ ဖြစ်နေခဲ့သည်။

 

သူမ၏မန်နေဂျာဖြစ်သူ အစ်ကိုချန်းသည် သူမ၏ အကြည့်ကို သတိပြုမိပြီး ချောင်းကို ခပ်တိုးတိုးဆိုးလိုက်သည်။

 

မိတ်ကပ်ပညာရှင်တစ်‌ယောက်မှာ သူမ၏ မိတ်ကပ်များကို ကုန်စင် အောင်ဖျက်ပေးပြီးနောက် အခြားသရုပ်ဆောင်များထံသို့ ရောက်သွားသည့်နောက်တွင် ရှုယန်ယန်၏ မျက်နှာထက်တွင် လောဘ၏အရိပ်များ ထင်ရှားစွာပေါ်လွင်လာတော့သည်။

 

"အတူခရီးသွားကြစို့ ရသစုံရှိုးကို မှတ်တမ်းတင်ပြီးရင်တော့ မင်းလည်း ဒီလိုအခွင့်အရေးတွေ ရလာမှာပါ"

 

အစ်ကိုချန်းက ခပ်တိုးတိုးပြောလိုက်သည်။

 

"ဒါက S အဆင့်ရှိတဲ့ ရှိုးပွဲတစ်ခုပဲ

ဒီပွဲပြီးသွားရင်‌တော့ မင်းရဲ့အဆင့်အတန်းက မြင့်တက်လာပြီး B အဆင့် ဒရာမာဇာတ်လမ်းတွဲတွေမှာ ပါဝင်ဖို့က ဘာမှမခက်ခဲလောက်တော့ဘူး"

 

ခဏနားပြီးနောက် အစ်ကိုချန်းက ဆက်ပြောသည်။

 

"ဒါပေမဲ့ ကျုံချင်းယွီက ဆက်ဆံရခက်တဲ့သူဆိုတော့ မင်းအနေနဲ့ ပြပွဲမှာ သတိထားဖို့လိုတယ်"

 

ရှုယန်ယန်က သဘောကျစွာဖြင့် တစ်ခစ်ခစ်ရယ်မိသည်။ S အဆင့်ရှိသည့် ရှိုးပွဲ တစ်ခုတွင် ပါဝင်နိုင်သည့်အခွင့်အရေးနှင့်ယှဉ်လျှင် ချမ်းသာသည့်မမလေး ကျုံချင်းယွီနှင့် ဆက်ဆံရမည်ဆိုသည်မှာ သူမအတွက် သိပ်အရေးမကြီးလှပေ။

 

"ကျုံချင်းယွီဆိုတာ အချစ်ရူး ရူးနေတဲ့သူတစ်ယောက်သာသာပါပဲ၊

ပေယွဲ့ပိုင်က သူ့ကိုဘယ်လောက်သဘောကျတဲ့အကြောင်း စကားချို‌ သွေးလိုက်ရင် သူက ပျော်ပျော်ကြီးနဲ့ တောင်းတာ ဘာမဆိုပေးတတ်တဲ့သူမျိုးပဲလေ"

 

ကျုံချင်းယွီသည် အတူခရီးသွားကြစို့ ရှိုးပွဲတွင် ပါဝင်လိုသော်လည်း တွဲဖက်ရှာရန် ခက်ခဲနေခဲ့သည်။ ထို့ကြောင့် ရှင်းယောင်အနုပညာကုမ္ပဏီမှ အမျိုးသမီးအနုပညာရှင်တစ်ဦးကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။ ရှုယန်ယန်သည် ဤအခွင့်အရေးအား ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်တို့၏ ဆက်ဆံရေးကို အမြဲမပြတ်ချီးကျူးခြင်းဖြင့် ရယူနိုင်ခဲ့ခြင်းသာဖြစ်‌ပေသည်။ သူမ၏ ချိုမြိန်သော မြှောက်ပင့်ပြောဆိုသည့်စကားများမှာ ကျုံချင်းယွီကို အလွန်အမင်းပျော်ရွှင်စေခဲ့ပြီး ပြပွဲတွင် ပါဝင်ခွင့်ရရှိခဲ့သည်။

 

ထို့အပြင် ရှုယန်ယန်သည် ကျုံချင်းယွီကို အမှန်တကယ်ပင် ကျေနပ်စေနိုင်သည့်အတွက် သူမထံမှ လို‌အပ်သောအထောက်အပံ့များစွာကို ရယူနိုင်ခဲ့သည်။

 

သူမ ပွဲတတ်အခမ်းအနားတွင် ဝတ်ဆင်ခဲ့သည့် အဆင့်မြင့်ဝတ်စုံသည်လည်း ကျုံချင်းယွီ၏ ပေးကမ်းမှုကြောင့်သာဖြစ်သည်။

 

ချမ်းသာသည့် မမလေး ကျုံချင်းယွီကဲ့သို့သူများသည် လှည့်စားရန် အလွယ်ကူဆုံးသူများဖြစ်သည်။

 

အစ်ကိုချန်းက ခေါင်းညိတ်လိုက်သည်။

 

"မင်အနေနဲ့ ဘာလုပ်ရမယ်ဆိုတာ သိပြီးသားဆိုရင်တော့

 ပြဿနာမရှိပါဘူး"

 

ကျုံစီးပွားရေးလုပ်ငန်းစု၏ သမီးနှင့် အချိတ်အဆက်ရှိခြင်းသည် ရှုယန်ယန်၏အနာဂတ်အတွက် ရွှေတံခါးဖွင့်ပေးနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း အစ်ကိုချန်းမှာ ကောင်းစွာနားလည်ထားသည်။

 

"ဒါနဲ့ ပြောရဦးမယ်၊ ဒီရှိုးပွဲ က လွတ်လွတ်လပ်လပ်ခရီးသွားရတာမျိုးနော် အခုတော့ ကုမ္ပဏီက မင်းကို တစ်သန်းလွှဲပေးထားတယ်၊ ကျုံချင်းယွီက အစီအစဉ်တွေလုပ်ရတာ ပျင်းတတ်တဲ့သူဆို‌တော့ မင်းအနေနဲ့ ဂရုစိုက်ဖို့လိုတယ်"

 

ရှုယန်ယန်၏ မျက်လုံးများ တောက်ပလာသည်။ သူမ ခြောက်လကြာအောင် အစွမ်းကုန် အလုပ်လုပ်နေသော်လည်း တစ်သန်းပြည့်အောင် မရနိုင်သခဲ့‌ပေ။ ကျုံချင်းယွီကတော့ လွယ်လွယ်ကူကူပေးနိုင်လိုက်သည်။

 

အတူခရီးသွားကြစို့ ရသစုံရှိုး၏ ပထမဆုံးခရီးစဉ်မှာ ပြင်သစ်နိုင်ငံသို့ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် နေရသည်မှာ စျေးကြီးသော်လည်း တစ်သန်းဆိုလျှင် ပိုလျှံလောက်အောင်ကို လုံလောက်သည်။

 

ဤညမှာပင် ခရီးသွားအေဂျင်စီနှင့် ဆက်သွယ်ပြီး သုံးသောင်းငါးသောင်းလောက်တန်သည့် အစီအစဉ်လေးတစ်ခု လုပ်လိုက်ရုံပင်။

 

ကျန်သည့်ငွေတွေမှာ သူမအတွက်သာဖြစ်‌လေသည်။

 

ရှုယန်ယန်သည် သူမ၏ဖုန်းကိုထုတ်ယူကာ ဘဏ်အကောင့်ထဲရှိ ဂဏန်းများကို ကြည့်ရှုနေရင်း စိတ်ထဲတွင် တဖြည်းဖြည်း ပျော်ရွှင်လာမိသည်။

 

ဖုန်းအသံမြည်လာခဲ့သည်။ ကျုံချင်းယွီသည် သူမထံ ဖုန်းဆက်လာပြီး တွေ့ဖို့ ပြောနေခြင်းပင်ဖြစ်သည်။

 

ရှုယန်ယန်တစ်ယောက် ယနေ့တွင် ရိုက်ကူးမှုပြီးသွားပြီဖြစ်ကာ မိတ်ကပ်လည်းဖျက်ပြီးပြီဖြစ်သည်။ ကျုံချင်းယွီသည် ယခုအချိန်မှတွေ့ရန် ဖိတ်ခေါ်ခြင်းမှာ မနက်ဖြန် ရှိုးပွဲအစီအစဉ်အတွက် ဆွေးနွေးဖို့သာဖြစ်‌‌ပေလိမ့်မည်။

 

ထိုသို့တွေးပြီးနောက် ရှုယန်ယန်သည် သူမ၏အိတ်ကိုကောက်ယူကာ ဟုန်ရွှေကုန်တိုက်ဘက်သို့ စိတ်အားတက်ကြွစွာဖြင့် ဦးတည် လျှောက်လှမ်းသွားခဲ့သည်။

 

ရှုယန်ယန်နှင့် သူမ၏လက်ထောက်တို့နှစ်ယောက် ကုန်တိုက်၏ ပထမထပ်သို့ ရောက်ရှိလာခဲ့သည်။

 

ဤနေရာမှာ ဟိုင်မြို့၏ အဆင့်မြင့်ဆုံးသော ဇိမ်ခံကုန်တိုက်တစ်ခုဖြစ်သည်။ ရှုယန်ယန်သည် ယခင်ရက်အနည်းငယ်ခန့်က ဤနေရာသို့လာရောက်ခဲ့ပြီး B အဆင့်စတိုးဆိုင်မှ ထုတ်လုပ်သည့် အကန့်အသတ်နှင့်ထုတ်လုပ်ထားသော အိတ်အသစ်တစ်လုံးကို သဘောကျခဲ့သည်။ သို့သော်လည်း ငွေကြေးမလုံလောက်သဖြင့် မဝယ်ယူနိုင်ခဲ့ပေ။

 

ကျုံချင်းယွီသည် ဤနေရာတွင် တွေ့ဆုံရန် ပြောထားသည့်အတွက် သူမ နောက်ဆုံးတွင် ထိုအိတ်လေးကို အိမ်ပြန်ယူသွားနိုင်မည်ဖြစ်သည်။

 

သူတို့ စျေးဝယ်စင်တာထဲသို့ဝင်ရောက်သွားသောအခါ ကျုံချင်းယွီကို A အဆင့်စတိုးဆိုင်ထဲတွင် တွေ့လိုက်ရသည်။

 

ကျုံချင်းယွီသည် ရိုးရှင်းသော အနက်ရောင်ရှပ်အင်္ကျီဝတ်ထားသော်လည်း သူမ၏ အာဏာရှင်ဆန်ကာ ပြည့်စုံမှုနှင့်၊ ဆွဲဆောင်မှုရှိစွာတင့်တယ်နေမှုသည် မည်သူနှင့်မျှမတူဘဲ ထွန်းလင်း‌ တောက်ပနေသည်။

 

ရှုယန်ယန်သည် ကျုံချင်းယွီကို မြင်တိုင်း အားငယ်စိတ်များ ပွက်ပွက်ဆူ‌အောင် ထလာတတ်သည်။ ကံတရားသည် ကျုံချင်းယွီကို သုံးမကုန်နိုင်‌သော ချမ်းသာမှုအပြင် ပြိုင်ဘက်ကင်းသော အလှတရားပါ ပေးထားသလိုခံစားရသည်။

 

ထိုသို့ခံစားရသည့်အခါတိုင်း ရှုယန်ယန်သည် Weibo တွင်ရေပန်းစားနေသော ကျုံချင်းယွီ၏ ဝေဖန်စာများကိုဖတ်ကာ သက်သာရာရှာလေ့ရှိသည်။ လူအများက သူမကိုဝေဖန်နေသည်ကို သိရသည့်အခါ နည်းနည်းသက်သာသလိုခံစားရသည်။

 

ကုန်တိုက်ရှိ ဖန်သားပြင်မှတဆင့် ရှုယန်ယန်မြင်လိုက်ရသည်မှာ ကျုံချင်းယွီသည် အဝတ်အစားရွေးနေပြီး ယွမ်တစ်ရာခန့်တန်သော စျေးပေါအဝတ်အစားများဝတ်ဆင်ထားသည့် အရွယ်ငယ်မိန်းကလေးတစ်ဦးက သူမ၏နောက်မှလိုက်နေသည်။

 

ထိုမိန်းကလေးလက်တွင် အိတ်များစွာကိုင်ထားသည်ကိုကြည့်ရသည်မှာ ကျုံချင်းယွီ၏ လက်‌ထောက်မိန်းက‌လေးပင်ဖြစ်လောက်မည်။

 

ရှုယန်ယန်သိသည်မှာ ကျုံချင်းယွီသည် စိတ်တိုလွယ်ပြီး       ပတ်ဝန်းကျင်ရှိသူများကို ဆိုးဆိုးဝါးဝါးဆက်ဆံတတ်ကာ လက် ထောက်များကို အကြိမ်ကြိမ်လဲလေ့ရှိသည်။

 

ထိုအချိန်တွင် ကျုံချင်းယွီ၏နောက်တွင် မတူညီသောအမှတ်တံဆိပ်များမှ ဈေးအိတ်များစွာစုပုံနေပြီး ကြည့်ရသည်မှာ အလွန်မျက်စိကျိန်းသောမြင်ကွင်းတစ်ခုနှယ်ဖြစ်နေသည်။

 

သူမ၏ လက်ထောက်ကက အံ့အားသင့်စွာမေးလိုက်သည်။

 

 "အစ်မယန် ကျွန်တော်သိတာတော့ အစ်မကျုံက A အမှတ်တံဆိပ်ပစ္စည်းတွေကိုမကြိုက်ပါဘူး၊ ဒီတစ်ခါ အဲဒီလောက်အများကြီးဝယ်ထားတာ ကြည့်ရတာတော့ အစ်မယန် အတွက်ဝယ်ထားတာထင်တယ်နော်"

 

ရှုယန်ယန်အနေဖြင့် သူမလည်းထိုအချက်ကိုသတိပြုမိရာ မျက်မှောင် အနည်းငယ်ကြုတ်လိုက်မိသည်။

 

ကျုံချင်းယွီသည် အမျိုးသမီးဝတ်အဝတ်အစားများစွာကိုရွေးချယ်ပြီး ယန်ရှီကို အဝတ်လဲခန်းအတွင်းသို့ ဆွဲ‌ခေါ်နေသည်။

 

ရှုယန်ယန်နှင့် သူမ၏ လက်ထောက်တို့သည် A အဆင့်စတိုးဆိုင်အတွင်းသို့ဝင်လာကြသည်။

 

ကျုံချင်းယွီသည် A အမှတ်တံဆိပ်ကိုမကြိုက်သော်လည်း ရှုယန်ယန်ကမူ သူမ၏အိတ်အသစ်ဖြစ်သော လေးထောင့်ပုံစံအိတ်ကလေးကို အထူးသဘောကျနေသည်။ သူမအနေဖြင့် အချိန်အတော်ကြာ လိုချင်တပ်မတ်မိခဲ့သောအိတ်လေးဖြစ်ပြီး Weibo တွင်ပင် ထိုအိတ်ကလေးကိုကိုင်၍ ဓာတ်ပုံများမျှဝေခဲ့ဖူးသည်။

 

ရှုယန်ယန်သည် ဈေးအိတ်ထဲမှ လေးထောင့်ပုံစံအိတ်လေးကိုယူကာ အားရပါးရကြည့်ရှုစစ်‌ဆေးနေမိသည်။

 

ထိုစဉ် ဝန်ထမ်းမိန်းကလေးတစ်ဦးအလျင်အမြန်ချဉ်းကပ်လာသည်။

 

 "မစ္စ ကျွန်မတောင်းပန်ပါတယ် ဒီအိတ်က တခြားဖောက်သည်တစ်ယောက်မှာပြီးသားပါ မစ္စလိုချင်ရင်ရုံးချုပ်ကိုဆက်သွယ်ပြီးစီစဉ်ပေးနိုင်ပါတယ်ရှင့်"

 

ရှုယန်းယန်းသည် မှန်ပေါ်တွင်ကိုယ့်ကိုယ်ကိုကြည့်ရင်း ဆိုလိုက်သည်။

 

"စိတ်မပူပါနဲ့ သူကကျွန်မအတွက်ဝယ်ထားတာပါ"

 

လေးထောင့်ပုံစံအိတ်လေးသည် သူမ၏ ပုံစံနှင့်အလွန်လိုက်ဖက်နေသည်။ ရှုယန်ယန်သည် ဖုန်းကိုထုတ်ယူကာ လက်ထောက်အားဓာတ်ပုံရိုက်ခိုင်းသော်လည်း ဝန်ထမ်းမိန်းကလေးသည် သူမပုံ ဓာတ်ပုံထဲပါနေသဖြင့် အလွန်စိတ်တိုသွားသည်။

 

 ရှုယန်းယန်းစိတ်ဆိုးစွာကြည့်လိုက်သည်။

 

"ဘာလဲ အစ်မကျုံနဲ့ကျွန်မ အရင်တုန်းက ဒီကိုလာခဲ့တာမေ့သွားပြီလား"

 

ဝန်ထမ်းမိန်းကလေးလည်း ယခုမှသတိရသည်။ ကျုံချင်းယွီသည် ရှုယန်ယန်ကို ပြီးခဲ့သည့်အပတ်က ဆိုင်သို့ခေါ်လာခဲ့ဖူးသည်။ ထို့ ကြောင့်ပင် အစကတည်းက သူမကိုတားမြစ်ခြင်းမပြုခဲ့ခြင်းဖြစ်သည်။

 

ဆိုင်မန်နေဂျာသည် ဝန်ထမ်းမိန်းကလေးကိုဘေးသို့ဆွဲယူကာ အရှုပ်တွေမဖြစ်စေရန် အချက်ပေးလိုက်သည်။

 

လက်ထောက်သည် ချက်ချင်းပင် ဒူးထောက်ထိုင်ချလိုက်ပြီး ဓာတ်ပုံများရိုက်ယူပေးသည်။ ရှုယန်းယန်းက ဓာတ်ပုံများကို ပြင်ဆင်ပြီး Weibo တွင်တင်လိုက်သည်။

 

ပရိသတ်များရောက်ရှိလာကြသည်။

 

ယန်ယန်ဒီနေ့အရမ်းလှနေတယ်နော်

 

ယန်ယန်ဈေးဝယ်ထွက်တာလား ဒီ‌ လေးထောင့်ပုံစံအိတ်လေးကဈေးကြီးမယ်ထင်တယ်နော်

 

A အမှတ်တံဆိပ်ရဲ့ အကန့်အသတ်နဲ့ထုတ်အိတ်လေး သုံးသောင်းကျော်တယ်  အဲဒါဈေးမကြီးလွန်းဘူးလား

 

ယန်ယန်ကလည်းချမ်းသာတဲ့သူပါနော် အလှတရားနဲ့ချမ်းသာမှုနှစ်ခုလုံးရှိတဲ့သူကိုအားကျလိုက်တာ

 

ယန်ယန်‌ရေမနက်ဖြန်ခရီးထွက်မှာလား Live လွှင့်တာကိုစောင့်နေမယ်‌နော်

 

ရှိုးပွဲမှာယန်းယန်းကိုမျှော်နေတယ် ပန်းခင်းလမ်းပေါ်မှာ လမ်းလျှောက်မယ်နော်

 

Weibo တွင် ပရိသတ်တစ်သန်းရှိသော်လည်း ကိုးသိန်းမှာအမှန်တကယ်ပရိက်သတ်များမဟုတ်ကြပေ။ သို့သော်လည်း ကျန်ပရိသတ်များ၏ချီးမွမ်းမှုသည် သူမကိုကျေနပ်စေသည်။

 

ထိုအချိန်တွင် ကျုံချင်းယွီသည် အဝတ်လဲခန်းမှထွက်လာသည်။

 

A အဆင့်စတိုးဆိုင်သည် ကျယ်ဝန်းပြီး အဝတ်အစားဗီရိုများစွာဖြင့် ပစ္စည်းပြခန်းနှင့် ရှေ့ခန်းကို ခွဲခြားထားသည်။ ကျုံချင်းယွီသည် အစပိုင်းတွင် ရှုယန်ယန်ကို သတိမထားမိခဲ့ပေ။ အကြောင်းမှာ သူမသည် ဝတ်စုံများ အဆင်ပြေမပြေကိုသာ အာရုံစိုက်နေသောကြောင့်ဖြစ်သည်။

 

ကျုံချင်းယွီနှင့်အတူရှိနေသော ဝန်ထမ်းအမျိုးသမီးသည် ချက်ချင်းချီးမွမ်းလိုက်သည်။

 

"မစ္စကျုံက ဒီဝတ်စုံနဲ့တကယ့်ကိုလှနေတာပဲ၊ ခါးကို ဖော်ထားတဲ့ဒီဇိုင်းက မစ္စရဲ့ ခန္ဓာကိုယ်အချိုးအစားအလှကို ပေါ်လွင်နေစေပါတယ် ပြီးတော့ ဒီဝတ်စုံက မစ္စကို ပိုပြီးလှနေအောင် လုပ်ပေးထားတယ် မစ္စကို ဒီလိုလေးကြည့်ရတာ တလတ်လတ်တောက်ပနေသလိုပဲ”

 

သို့သော်လည်း ကျုံချင်းယွီသည် စိတ်ဝင်စားမှုမရှိဘဲ ပြန်ပြောလိုက်သည်။

 

"သာမန်ပါပဲ D အဆင့်အမှတ်တံဆိပ်ရဲ့ အနက်ရောင်ဝတ်စုံလေးနဲ့ ဒီဇိုင်းဆင်တူနေတယ် အရမ်းထူးခြားနေတယ်လို့တော့ မထင်မိပါဘူး”

 

ထို့နောက် ယန်ရှီလည်း အဝတ်လဲခန်းမှ ထွက်လာကာ ကျုံချင်းယွီထံချဉ်းကပ်ကာ လှည့်ပတ်ပြလိုက်သည်။

 

"ဘယ်လိုလဲ"

 

ကျုံချင်းယွီက ပြန်ဖြေလိုက်သည်။

 

"အရမ်းကောင်းတယ် ခါးအလှကို ပေါ်အောင်လုပ်ထားတဲ့အသေးစိတ်ဒီဇိုင်းက ခန္ဓာကိုယ်အလှကို ပိုပြီး ပေါ်လွင်စေတယ် ပြီးတော့ ဒီဝတ်စုံက နင့်ကို ပိုပြီးလှအောင်လုပ်ပေးထားတယ် အားလုံးပြည့်စုံနေပြီ"

 

 ရောင်းသူဝန်ထမ်း “.......”

 

ကျုံချင်းယွီက အဆုံးအဖြတ်ပေးလိုက်သည်။

 

"ဒါလင် ဒါကိုဝယ်လိုက်ရအောင် အဲတာဆို ခရီးထွက်တဲ့အခါ ငါနဲ့ တွဲပြီး ဆင်တူဝတ်လို့ရတာပေါ့"

 

ယန်ရှီသည် စနစ်မှ ပြသနေသည့် ကျုံချင်းယွီ၏ ကံကောင်းခြင်းတန်ဖိုး [၂ ပွိုင့်] ကို တိတ်တဆိတ် စိုက်ကြည့်လိုက်မိသည်။ သုံးမှတ်အထိ မရောက်သေးသော်လည်း အနည်းငယ်စီပေါင်းထည့်လျှင် ရနိုင်ပါသည်။

 

ထို့ကြောင့်ပင် ယန်ရှီက ခေါင်းညိတ်လိုက်သည်။

 

"အိုကေ"

 

လိုက်ဖက်သောဝတ်စုံများဝတ်ဆင်ထားသော သူတို့နှစ်ဦးသည် ရှေ့ခန်းသို့သွားကြသည်။ ထိုနေရာတွင် ရှုယန်ယန်သည် သူမ၏ ပခုံးပေါ်တွင် သေးငယ်သော လေးထောင့်အိတ်လေးကို တင်ထားလျက် ပျော်ရွှင်စွာချဉ်းကပ်လာနေသည်ကို တွေ့ရသည်။

 

ရှုယန်ယန်သည် ကျုံချင်းယွီ၏လက်ကို ကိုင်ကာ ပြောလိုက်သည်။

 

"ချင်းယွီ ငါ့အတွက်ဆို အရမ်းဝယ်ပေးတာပဲနော် နင်က ငါ့အ‌ပေါ်အရမ်းကောင်းတာပဲ"

 

ကျုံချင်းယွီသည် ရှုယန်ယန်ကို သံသယဖြင့်ကြည့်ကာ သူမ၏ ပခုံးပေါ်ရှိ အိတ်လေးကို ညွှန်ပြရင်း ပြောလိုက်သည်။

 

"ဒါက နင့်အတွက်ဝယ်ပေးတာလို့ ဘယ်သူကပြောလို့လဲ”

 

ရှုယန်ယန် မျက်နှာအနည်းငယ်ပျက်သွားသည်။

 

ဆိုင်ထဲတွင် အခြားဝယ်ယူသူများလည်း ရှိနေပြီး အားလုံးက သူတို့၏ အပြန်အလှန် စကားပြောဆိုမှုကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။

 

ရှုယန်ယန်သည် သူမ၏ မျက်နှာအမူအရာကို ထိန်းသိမ်းရမည်ဟု မသိစိတ်မှ သတိပြုလိုက်မိသည်။

 

"ချင်းယွီ ဘာတွေပြောနေတာလဲ ဒီတံဆိပ်ကိုမကြိုက်ဘူးမလား၊

 ငါ့အတွက် မဟုတ်ရင် ဘယ်သူ့အတွက်လဲ"

 

သူမအတွက် မဟုတ်လျှင် သူမကို အစကတည်းက အဘယ့်ကြောင့် ခေါ်လာရသနည်း။

 

ကျုံချင်းယွီ၏ မျက်နှာတွင် စိတ်မရှည်သည့်အကြည့်မျိုးပေါ်လာပြီး ဆိုင်မန်နေဂျာထံ လှည့်ကြည့်လိုက်သည်။

 

"ဒီလိုကိစ္စတွေကို ရှင်တို့က ဒီလိုပဲ စီမံတာလား တစ်စုံတစ်ယောက်က ဒါသူတို့ဥစ္စာပါလို့ပြောတာနဲ့ အလွယ်တကူ ပေးလိုက်တာလား"

 

ဆိုင်မန်နေဂျာက အနည်းငယ် အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။

 

"မစ္စကျုံ ဒါကလေ မစ္စရှုက မစ္စရဲ့သူငယ်ချင်းလို့ ထင်မိလို့ပါ ပြီးတော့ သူက ဒါတွေကို မစ္စဝယ်ပေးထားတာလို့ ပြောလို့ကျွန်တော်တို့က မတားမိတာပါ"

 

ကျုံချင်းယွီက မဲ့ပြုံးပြုံးလိုက်သည်။

 

"ဘယ်သူပြောပြော ယုံလိုက်တာပဲလား ခြေဦးတည့်ရာသွားနေတဲ့ ခွေးအလေအလွင့်တစ်ကောင်ကလာပြီး ငါ့သူငယ်ချင်းလို့ပြောရင် ရော ရှင်တို့ ဆက်ပြီးဝန်ဆောင်မှုပေးဦးမှာလား”

 

"ကျွန်တော်စိတ်မကောင်းပါဘူး တကယ်ကို တောင်းပန်ပါတယ်"

 

ဆိုင်မန်နေဂျာက ဆက်တိုက်တောင်းပန်နေပြီး ရှုယန်ယန်ထံသို့ အလျှင်အမြန်သွားကာ ပြောလိုက်သည်။

 

"မိန်းကလေးရှု ဒီအိတ်က မစ္စကျုံရဲ့ အိတ်ပါ ကျေးဇူးပြု၍ ပြန်အပ်ပေးပါ"

 

ရှုယန်ယန်၏ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ လူအုပ်ကြီးမှာ တဖြည်းဖြည်းများလာသောကြောင့် သူမအနေဖြင့် အိတ်လေးကို မယူချင်ယူချင်ဖြင့် ကိုင်ပြီး ဆိုင်မန်နေဂျာထံ ပြန်အပ်လိုက်ရသည်။

 

ဆိုင်မန်နေဂျာသည် အိတ်ကို ဈေးဝယ်အိတ်ထဲသို့ လျင်မြန်စွာ ပြန်ထည့်ကာ ကျုံချင်းယွီထံ လွှဲအပ်လိုက်သည်။

 

ကျုံချင်းယွီမှာ မျက်နှာညိုးသွားသည်။ သူမသည် အသုံးပြုထားသော ပစ္စည်းများကို အမြဲတမ်း မနှစ်သက်တတ်ပေ။ တစ်စုံတစ်ယောက်က တစ်ခဏကိုင်ထားသည့်တိုင် သူမအတွက် မလိုချင်တော့ပေ။

 

ဆိုင်မန်နေဂျာသည် နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ အာမခံလိုက်သည်။

 

"စိတ်မပူပါနဲ့ မစ္စကျုံ ကျွန်တော်တို့ ချက်ချင်းပဲ ဌာနချုပ်ကနေ အသစ်တစ်ခုမှာယူပြီး ဒီညပဲ မစ္စရဲ့ အိမ်ကို အရောက်ပို့ပေးပါမယ်"

 

ကျုံချင်းယွီသည် သူမလက်ကို ခါယမ်းပြလိုက်သည်။

 

"အဲဒီလိုပဲ လုပ်ကြတာပေါ့"

 

အခြေအနေက တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဆိုင်မန်နေဂျာနှင့် အရောင်းဝန်ထမ်းများ အားလုံး စိတ်အေးသွားကြသည်။

 

ရှုယန်ယန်တစ်ယောက်သာ သူမ၏ အံကိုကြိတ်ရင်း လက်စားချေလိုသော ဒေါသကို ဖြေဖျောက်နေခဲ့ရသည်။ သူမ၏ မျက်နှာပေါ်တွင် ဘာမှမဖြစ်ဟန်ဖြင့် အေးဆေးတည်ငြိမ်သော အပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။

 

ဒါက အိတ်တစ်လုံးပင်ဖြစ်သည် မဟုတ်လား။

 

ရှုယန်ယန်၏ စိတ်ထဲ၌ တွေးလိုက်မိသည်…"S အဆင့်ရှိုးပွဲထဲမှာ ပါဝင်ဖြစ်ပြီး နာမည်ကြီးသွားခဲ့ရင် ဒီထက် ပိုကောင်းတဲ့ ဘယ်လိုအိတ်ကိုမှ ငါ မဝယ်နိုင်စရာ အကြောင်းမရှိဘူး"

 

ကျုံချင်းယွီသည် ယန်ရှီ၏ လက်ကိုဖွဖွလေးကိုင်ကာ နူးညံ့စွာပြောလိုက်သည်။

 

"အိတ်အသစ်တစ်လုံးဝယ်လိုက်ကြရအောင်

 မကြိုက်ရင်လည်း နောက်တစ်လုံးထပ်ရွေးလို့ရသေးတယ်လေ"

 

ယန်ရှီ “........”

 

ကံ‌ကောင်းခြင်းပွိုင့်များအား သူမ၏ ရည်မှန်းချက်အရ စုဆောင်းနေရသော်လည်း  ကျုံချင်းယွီ၏ ဤမျှ ရက်ရက်ရောရော စွန့်ကြဲမှုများသည် သူမ၏ သဘောထားကြီးမှုကိုမြင်နေရသည်။

 

သို့သော် ကံကောင်းခြင်းပွိုင့်သည်သာ ပထမဆုံးဖြစ်သည်။

 

သိမ်မွေ့စွာနှုတ်ဆက်ရန်အတွက် သူမ၏ လက်ချောင်းလေးများသည် ကျုံချင်းယွီ၏ လက်ဖဝါးပေါ်သို့ ရောက်သွားသည်။

 

"ရသစုံရှိုးအကြောင်း"

 

"အိုး"

 

ကျုံချင်းယွီက ရုတ်တရက် နားလည်သွားသကဲ့သို့ ရှုယန်ယန်ဘက်သို့ လှည့်လိုက်သည်

 

"ဒါနဲ့ ယန်ယန်ရေ ရှီရှီက အခုမှ သူ့ချစ်သူနဲ့ လမ်းခွဲထားတာဆိုတော့လေ အဲဒါ  သူနဲ့ အတူနေပြီး အချိန်ပိုပေးချင်တယ် မနက်ဖြန် ရှိုးပွဲအတွက် နင့်အစား သူ့ကိုပဲ ခေါ်သွားရင် ကောင်းမလားလို့"

 

Aအဆင့်စတိုးဆိုင်၏ ဇိမ်ကျသော အလင်းရောင်အောက်တွင် 

အချိန်တိုင်း ယဉ်ကျေးသိမ်မွေ့ကာ အပြုံးမပျက်ခဲ့သည့် ရှုယန်ယန်၏ မျက်နှာထက်တွင် နောက်ဆုံးတော့ အက်ကြောင်းငယ်လေးတစ်ခုပေါ်လာခဲ့တော့သည်။