အခန်း (၇)
"ဓာတ်ပုံ ဆက်ရိုက်ဦးမှာလား"
လုံခြုံရေးဝန်ထမ်းသည်
အံ့အားသင့်သွားပြီး မေးလိုက်သည်။
"မမလေးရဲ့လော့ယီက သိပ်ကြင်နာတတ်တာပဲ ဒီလိုမျိုး
တမ်းတမ်းစွဲဖြစ်နေတဲ့ ပရိက်သတ်တွေကိုတောင် ဒီလောက်ကြင်နာနေတာ"
ရဲ့လော့ယီသည်
လက်ကို ခါယမ်းလိုက်သည်။
"သူတို့က ကျွန်မအတွက်လာကြတာပဲ သူတို့ရဲ့ချစ်ခင်မှုတွေက
ကျွန်မအတွက်တော့ အကြီးမားဆုံးအထောက်အပံ့ပါပဲ"
ယန်ရှီ၏
ခေါင်းထဲတွင် ကိုက်ခဲလာသည်။
ထျန်းဟွေ့အနုပညာကုမ္ပဏီမှာ
ပုံမှန်ဆိုလျှင်လည်း လူတစ်ယောက်တလေမှ မရှိခြင်းများလား။ယန်ရှီသည် နောက်ပြန်လှည့်ပြီး ထျန်းဟွေ့ အဆောက်အဦထဲမှ ထွက်လာခဲ့သည်။
လုံခြုံရေးဝန်ထမ်းသည်
နောက်မှ အော်လိုက်သည်။
"ဟေ့ ကောင်မလေး ဘာလို့ထွက်သွားတာလဲ သူက မင်းနဲ့ဓာတ်ပုံရိုက်ဖို့သဘောတူပြီးပြီလေ
ဘာလို့လှည့်ထွက်သွားတာလဲ”
လက်ထောက်က
သတိထားမိသွားသည်။
"ဒီလိုမျိုးကြီး ရုတ်တရက် ထွက်သွားတာက သူ့ရဲ့
ပရိတ်သတ်မဟုတ်ဘူးလို့ ဆိုလိုတာများလား"
ရဲ့လော့ယီ၏
ပြုံးနေသောမျက်နှာသည် ချက်ချင်းတောင့်တင်းသွားပြီး နှုတ်ခမ်းများက အနည်းငယ်တုန်ယင်သွားသည်။
ထိုအချိန်တွင်
သူတို့သုံးဦးသားသည် ယန်ရှီတစ်ယောက် ထျန်းဟွေ့အဆောက်အဦ၏ အဝင်ဝသို့သွားပြီး လက်ထောက်ပေးခဲ့သည့်
ရဲ့လော့ယီလက်မှတ်ရေးထိုးထားသော ဓာတ်ပုံကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်ကို
မြင်လိုက်ရသည်။
ထိုအခိုက်အတန့်တွင်
ရဲ့လော့ယီ၏မျက်နှာသည် ပို၍ပင်မည်းနက်သွားခဲ့သည်။
ယန်ရှီသည်
အဆောက်အဦအပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ကျုံချင်းယွီ အပေါ်ထပ်သို့တက်သွားသည်မှာ
ဆယ်မိနစ်ကျော်ခဲ့ပြီဖြစ်သော်လည်း သူမ မထွက်လာသေးသလို ဆက်သွယ်မှုလည်းမရှိသေးပေ။
ယန်ရှီတစ်ယောက်
ပေယွဲ့ပိုင်က ကျုံချင်းယွီအား မည်သို့ပြောမည်ဆိုသည့်အကြောင်းနှင့် လက်ရှိအနေအထားတွင်
သူမအနေဖြင့် ဘာမှမပြောင်းလဲနိုင်ကြောင်းကို သိရှိထားခဲ့သည်။ သို့သော် သူမသည် ကျုံချင်းယွီစိတ်ညစ်နေချိန်တွင်
သူမ၏ဘေးမှာရှိနေလိုခြင်းသာဖြစ်သည်။
သူမအနေဖြင့်
အဓိကဝင်ပေါက်ကြီးမှ
မဝင်နိုင်ပါက ဘေးလမ်းကြောင်းမှရော ဝင်ရောက်လို့ရမည်လား။
ထျန်းဟွေ့
အနုပညာကုမ္ပဏီတွင် အနုပညာရှင်များ လျှို့ဝှက်ထွက်ခွာနိုင်သည့် နောက်ဆုံးထွက်ပေါက်တစ်ခုရှိမည်မဟုတ်လော။
ယန်ရှီသည်
ပတ်ဝန်းကျင်ကိုလှည့်ပက်ကြည့်နေစဉ် ရုတ်တရက် သူမ၏ နောက်မှယောက်ျားတစ်ဦး၏အသံကို ကြားလိုက်ရသည်။
"ဟေ့ ကောင်မလေး မင်း အနုပညာကြယ်ပွင့်ဖြစ်ချင်လား”
ယန်ရှီ
အံ့အားသင့်သွားသည်။ လှည့်ကြည့်လိုက်သောအခါ လေးဆယ်ကျော်အရွယ် ယောက်ျားတစ်ဦးကို မြင်လိုက်ရသည်။
သူ၏ဆံပင်များကို နောက်သို့လှန်၍ ဖြီးထားပြီး မုတ်ဆိတ်များအနည်းငယ်ရှိကာ အလယ်အလတ်အသက်အရွယ်ရှိသည့်
အနုပညာရှင်ပုံစံပေါက်နေသည်။
"ကိုယ့်ကိုယ်ကိုမိတ်ဆက်ခွင့်ပြုပါ”
ထိုအမျိုးသားက
ယန်ရှီအား လုပ်ငန်းကတ်ပြားတစ်ခုပေးလိုက်သည်။
“ကိုယ့်နာမည်က ဆွန်းချီပါ ထျန်းဟွေ့ အနုပညာကုမ္ပဏီရဲ့
အရည်အချင်းစစ်ဒါရိုက်တာပါ မင်းမှာ အလားအလာရှိတယ် အနုပညာလောကထဲဝင်ပြီး အနုပညာရှင်ကြယ်ပွင့်တစ်ယောက်ဖြစ်ချင်လား"
ယန်ရှီသည်
သံသယဝင်စွာဖြင့် ကတ်ပြားကိုယူလိုက်သည်။
ကတ်ပြား၏အရည်အသွေးမှာ
အလွန်ကောင်းမွန်ပြီး ချောမွေ့ထူထဲသောကြောင့် ဆွန်းချီသည် ထျန်းဟွေ့ကုမ္ပဏီအတွင်း အဆင့်အတန်းမြင့်မားသည့်
ရာထူးရှိသူဖြစ်ကြောင်း သိသာထင်ရှားသည်။
ယန်ရှီက
ကတ်ပြားကိုကိုင်ထားသော်လည်း ဘာမှမပြောဘဲနေလိုက်သည်။ ဆွန်းချီက ဆက်လက်ပြောဆိုသည်။
"ဒါက ထျန်းဟွေ့ အဆောက်အဦပါ ကိုယ်မင်းကို မညာပါဘူး
၊မယုံရင် အထဲကိုလိုက်ပြီး လျှောက်ကြည့်လို့ရပါတယ်"
ယန်ရှီ၏
မျက်လုံးများ ရုတ်တရက်တောက်ပသွားသည်။
"အခုလား"
"ဟုတ်ပါတယ်"
ယန်ရှီသည်
သံသယမထားတော့ဘဲ ကတ်ပြားကိုလက်ခံလိုက်ပြီး ဆွန်းချီနှင့်အတူ ထျန်းဟွေ့ အဆောက်အဦအတွင်းသို့
ဝင်သွားခဲ့သည်။
လမ်းလျှောက်နေရင်းဖြင့်
ဆွန်းချီသည် ယန်ရှီ၏အသက်ကို သိချင်သည့်အတွက် မေးလိုက်သည်။ အသက် ၂၀ သာရှိသေးကြောင်း
သိရသောအခါ သူသည် ပို၍ပင် ကျေနပ်သွားခဲ့သည်။
အနုပညာရှင်တစ်ယောက်အောင်မြင်ရခြင်းသည်
အရွယ်နုခြင်းနှင့်သက်ဆိုင်သည်။ ပိုငယ်လေ ပိုကောင်းလေဖြစ်သည်။ အသက် ၂၀ တွင် သူမသည် ကောလိပ်တက်နေဆဲဖြစ်ကာ
အချိန်ပိုများစွာရှိမည်ဖြစ်သဖြင့် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
ဆွန်းချီသည်
နောက်ထပ်မမေးတော့သလို ယန်ရှီမှာလည်း သူမသည် အထက်တန်းကျောင်းတုန်းက သုံးတန်းလောက်ပင်
ခုန်ကျော်တတ်ခဲ့ရပြီး
အသက် ၂၀ အရွယ်တွင်ပင် ပထမနှစ် ဘွဲ့သင်တန်းတက်နေသူဖြစ်ကြောင်းကိုလည်း မပြောပြခဲ့ပေ။
သို့သော် ယင်းသည် အရေးမကြီးပေ။ သူမ၏ အဓိကရည်ရွယ်ချက်မှာ ထျန်းဟွေ့ အဆောက်အဦအတွင်းသို့
လျှို့ဝှက်ဝင်ရောက်ကာ ကျုံချင်းယွီကိုရှာဖွေရန်ဖြစ်ပြီး အနုပညာရှင်ဖြစ်ရန်မဟုတ်ပေ။
စားပွဲကြီး၏
အရှေ့သို့
ရောက်လာချိန်တွင် သူတို့သည် မထင်မှတ်ဘဲ ရဲ့လော့ယီနှင့် လုံခြုံရေးဝန်ထမ်းကို ထပ်မံတွေ့ခဲ့သည်။
လုံခြုံရေးဝန်ထမ်းက
အံ့အားသင့်သွားသည်။
"မင်းက မိန်းကလေးရဲ့လော့ယီရဲ့ ပရိတ်သတ်ဟုတ်တယ်မလား ဘာလို့ပြန်လာတာလဲ"
ယန်ရှီတစ်ယောက်
နှုတ်ခမ်းကို အနည်းငယ်စူလိုက်ပြီး ပြောလိုက်သည်။
“ကျွန်မက သူ့ပရိတ်သတ်မဟုတ်ဘူးလို့ အရင်ကတည်းကပြောခဲ့ပြီးသားပါ
ဒါကို နားမလည်သေးဘူးလား”
ဆွန်းချီက
ဇဝေဇဝါဖြစ်နေသဖြင့် လုံခြုံရေးဝန်ထမ်းမှ အဖြစ် အပျက်အစအဆုံးကို ပြန်ပြောပြလိုက်သည်။
တမ်းတမ်းစွဲဖြစ်နေသော
ပရိတ်သတ်တစ်ဦးဆိုသည်ထက် ဆွန်းချီအတွက်မူ ယန်ရှီသည် ကျုံချင်းယွီ၏ လက်ထောက်တစ်ဦးဖြစ်နိုင်သည်ဟု
ပို၍ယုံကြည်သည်။
လက်ထောက်တစ်ဦးအတွက်
ဈေးကြီးသောအင်္ကျီများ မတတ်နိုင်သော်လည်း ယခုဝတ်ထားသည်မှာ ကျုံချင်းယွီပေးထားသော အသုံးပြုပြီးသား
အင်္ကျီတစ်ထည်ဖြစ်နိုင်သည်။ ကျုံချင်းယွီသည် ပေယွဲ့ပိုင်အား သန်းနှင့်ချီသော အရင်းအမြစ်များပေးတတ်သည့်အကျင့်ရှိသဖြင့်
သောင်းဂဏန်းအင်္ကျီတစ်ထည်မှာ ဘာမျှမဟုတ်ချေ။
“ကောင်းပါပြီ ဒါအထင်အမြင်လွဲမှားတာပဲဖြစ်မှာပါ”
ဆွန်းချီက
လုံခြုံရေးဝန်ထမ်းနှင့် ရဲ့လော့ယီအား ပြောလိုက်သည်။
“တမ်းတမ်းစွဲဖြစ်နေတဲ့ ပရိတ်သတ်တစ်ယောက်က သူတို့အားကျတဲ့သူကို
ဒီလိုမျိုး အေးဆေးတည်ငြိမ်တဲ့ အကြည့်နဲ့ ကြည့်တတ်လို့လား”
အနုပညာလောကတွင်
ဆယ်စုနှစ်ကျော်ကြာအောင်ရပ်တည်ခဲ့သော ဆွန်းချီအတွက် လူတစ်ဦးသည် ပရိတ်သတ်အစစ်ဟုတ်မဟုတ်ကို
တစ်ချက်ကြည့်လျှင်ပင် သိနိုင်သည်။
ရဲ့လော့ယီပို၍သိမ်ငယ်လာကာ
စိတ်ရှုပ်ထွေးသွားပြီး အချိုးမကျစွာပြောလိုက်သည်။
“ဆွန်းအစ်ကို သူ့ကို ဆရာမကျုံချင်းယွီဆီကို
တစ်ခုခုပေးဖို့
ခေါ် လာတာလား”
“မဟုတ်ပါဘူး ငါက သူ့ကိုအနုပညာရှင်အဖြစ်ပဲ လက်မှတ်ထိုးချင်လို့ခေါ်လာတာပါ”
ဆွန်းချီစိတ်လှုပ်ရှားစွာဖြင့်
ဖြေလိုက်သည်။
“ယန်ရှီမှာ အရိုးအဆစ်နဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေအရမ်းမိုက်တယ်
နူးညံ့သိမ်မွေ့တယ် ပြီးတော့ အပြစ်ကင်းတဲ့ မိန်းကလေးလိုပုံစံမျိုးဖြစ်နေတော့ ဒရာမာဇာတ်လမ်းတွေအတွက်
အိုင်ဒေါလုပ်ဖို့အကောင်းဆုံးပဲ”
ကျုံချင်းယွီကလည်း
အလားတူမှတ်ချက်ပေးဖူးသည်။ ကျုံချင်းယွီ၏ ရဲရင့်ပြီး ထက်မြတ်သော အလှနှင့်နှိုင်းယှဉ်လျှင်
ယန်ရှီ၏ အလှမှာ နူးညံ့ပြီး သဘာဝကျကာ ဘာမှမဖျက်ဆီးနိုင်သောပုံစံရှိသည်။ ဤကဲ့သို့ပုံစံမျိုးသည်
အမျိုးသားသရုပ်ဆောင်များနှင့် အချိတ်အဆက်မိအောင် ဖန်တီးရန်လွယ်ကူစေသည်။
ဒရာမာဇာတ်လမ်များအတွက် တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိရန်မှာ အရေးအကြီးဆုံးအချက်ဖြစ်ပါသည်။
သို့သော် ယန်ရှီတွင် သရုပ်ဆောင်ရန်စိတ်ဝင်စားမှုမရှိဘဲ
ကျုံချင်းယွီ၏ကမ်းလှမ်းမှုကိုလည်း အချိန်ကြာမြင့်စွာငြင်းဆန်ခဲ့ပြီးဖြစ်သည်။
ထိုအချိန်တွင်
ယန်ရှီသည် အဘယ်အရာမျှမပြောဘဲ လက်မှတ်ထိုးရန် စိတ်အားထက်သန်သောကျောင်းသူတစ်ဦးအဖြစ် အယောင်ဆောင်နေသည်။
ဆွန်းချီက
ယန်ရှီအား ဤမျှ မြှောက်ပင့်စွာ ချီးမွမ်းနေသည်ကို ကြားရသောအခါ ရဲ့လော့ယီ၏မျက်နှာသည်
ပိုမိုမည်းနက်သွားခဲ့သည်။
သူမလည်း
အပြစ်ကင်းစင်ပြီး သိမ်မွေ့စွာဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေပြီး ပေယွဲ့ပိုင်နှင့်
ဆက်ဆံရေးကိုအသုံးပြုကာ ယနေ့အဆင့်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယန်ရှီသည် သူမ၏ ပြိုင်ဘက်ဖြစ်ပြီး
ပိုဆိုးသည်မှာ သူမထက်ပိုငယ်နေခြင်းဖြစ်သည်။ ဤအရာသည် ရဲ့လော့ယီအတွက် ရုတ်တရက်ကံဆိုးမိုးမှောင်ကျသလိုမျိုးဖြစ်သည်။
သို့သော်
ကုမ္ပဏီ၏ အရည်အချင်းစစ်ဒါရိုက်တာက အိုင်ဒေါအသစ်လက်မှတ်ထိုးရန် လိုလားနေပါက ရဲ့လော့ယီအနေဖြင့်မျက်ကွယ်ပြုရန်မဖြစ်နိုင်ပေ။
ထျန်းဟွေ့ အနုပညာကုမ္ပဏီတွင် ငွေကြေးအကုန်အကျနည်းသော ဒရာမာဇာတ်လမ်းအများအပြားရှိသည်။
ယခုတော့
ရဲ့လော့ယီတစ်ယောက် ထိုဇာတ်လမ်းများကို သူမသရုပ်ဆောင်ခွင့်ရှိတော့မည်မဟုတ်တော့ကြောင်းသဘောပေါက်လိုက်သည်။
ထိုပရောဂျက်များသည် ယန်ရှီကဲ့သို့သော အိုင်ဒေါအသစ်တို့ထံသို့ရောက်ရှိမည်ဖြစ်သည်။
ယန်ရှီနှင့်
အနာဂတ်တွင်ပြိုင်ဆိုင်ရန်မလိုအပ်သေးကြောင်း သိသော်လည်း ရဲ့လော့ယီ၏ စိတ်ထဲတွင် မသက်သာခံစားမှုရှိနေဆဲဖြစ်သည်။
ဆွန်းချီသည်
ယန်ရှီအား ဓာတ်လှေကားထဲသို့ခေါ်ဆောင်သွားပြီး လမ်းတလျှောက်တွင် ကုမ္ပဏီ၏ဖွဲ့စည်းပုံကို
ရှင်းပြသည်။ သို့သော် ယန်ရှီ၏ မျက်လုံးများသည် တတိယထပ်သို့သာ ရောက်နေသည်။ ထိုအထပ်တွင်
ပေယွဲ့ပိုင်၏ ရုံးခန်းတည်ရှိသည်။
အကပြခန်းသို့ရောက်သောအခါ
ယန်ရှီက ဗိုက်နာသည်ဟုအကြောင်းပြကာ ဆွန်းချီထံမှထွက်ခွာသွားသည်။
ဆွန်းချီသည်
ဘာမှမသံသယရှိပေ။ သူ၏မျက်လုံးများတွင် အနုပညာရှင်ဖြစ်လာခြင်းသည် အံ့အားသင့်ဖွယ်အခွင့်အလမ်းဖြစ်ပြီး
ယန်ရှီ ငြင်းဆန်လိမ့်မည်ဟု မတွေးမိပေ။
ရဲ့လော့ယီက
လှောင်ပြောင်လိုက်သည်။
“ကြည့်ရတာ ကျုံချင်းယွီဆီကို တစ်ခုခုပို့မယ်ဆိုတာ
အတုအယောင်ပဲထင်တယ် အမှန်က လက်မှတ်ထိုးပြီး အနုပညာသမားဖြစ်ချင်တာပါလား ဒီကောင်မလေးက
အပြစ်ကင်းသလို ထင်ရပေမဲ့ အကြံအ စည်တွေပြည့်နေတာပါလား”
လှပသည့်ရုပ်ရည်ရှိသော
မိန်းကလေးများ အနုပညာကုမ္ပဏီများပတ်ဝန်းကျင်တွင် လျှောက်သွားလျှောက်လာလုပ်ကာ အရည်အချင်းစစ်သူများက
မြင်ပြီး ညတွင်းခြင်း ကျော်ကြားလာရန်မျှော်လင့်နေခြင်းမှာ အဖြစ်များသောအရာဖြစ်သည်။
“အကြံအစည်ရှိတာကောင်းပါတယ်”
ဆွန်းချီက
စိတ်မပူပဲပြောလိုက်သည်။ သူသည် ရည်မှန်းချက်ကင်းမဲ့သော အနုပညာရှင်များကို ပို၍စိုးရိမ်လေ့ရှိသည်။
“အေးဆေးတည်ငြိမ်သူ” သို့မဟုတ် “မပြိုင်ဘဲနေသူ”
ဆိုသော အမည်နာမများသည် ဇာတ်ကောင်တစ်ခုသာဖြစ်ပါသည်။
အနုပညာလောကသည် ပြင်းထန်သောနယ်ပယ်ဖြစ်သည်။ သင့်အနေဖြင့် မိမိနေရာအတွက် မတိုက်ခိုက်ပါက
နစ်မြှုပ်သွားမည်ဖြစ်သည်။
ရဲ့လော့ယီ
ဤအဆင့်သို့ရောက်ရှိလာခြင်းမှာ သူမ၌ အနည်းငယ်ရည်မှန်းချက်ရှိပြီး ပေယွဲ့ပိုင်ကို အချိတ်အဆက်မိနေသောကြောင့်ဖြစ်သည်။
ယင်းသည် လူတိုင်းသိသော်လည်း မဖော်ပြသောအမှန်တရားတစ်ခုဖြစ်သည်။
အချိန်အတန်ကြာသည်အထိ
ယန်ရှီတစ်ယောက်အိမ်သာမှပြန်မလာသေးပေ။
ဆွန်းချီတစ်ယောက်သံသယဝင်လာပြီး
အမျိုးသမီးအိမ်သာကို စစ်ဆေးရန် လက်ထောက်တစ်ဦးစေလွှတ်လိုက်သည်။ ရှာဖွေပြီးနောက် လက်ထောက်က
ဘယ်သူမျှမရှိကြောင်း အစီရင်ခံသည်။
“သူထွက်ပြေးသွားတာလား သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့
ဒီလိုကောင်းတဲ့အခွင့်အရေးကို မလိုချင်ဘူးလား”
ဆွန်းချီမှာ
နားမလည်နိုင်ဖြစ်နေသည်။
လက်ထောက်က
ယန်ရှီ၏ ရှေ့စားပွဲတွင်မိတ်ဆက်ခဲ့ပုံကိုအမှတ်ရကာ သတိထားမိပြီးအကြံပြုလိုက်သည်။
“သူက ပရိတ်သတ်မဟုတ်ဘဲ လက်မှတ်ထိုးဖို့ကို မလိုချင်တာဖြစ်နိုင်တယ်
တကယ်တော့ ဆရာမ ကျုံချင်းယွီအတွက် တစ်ခုခုယူလာပေးတာဖြစ်နိုင်တယ်နော်”
********
ထျန်းဟွေ့
အနုပညာကုမ္ပဏီ တတိယထပ်
ကျုံချင်းယွီသည်
အဆင့်မြင့်ဓာတ်လှေကားထဲကထွက်လာပြီး စီအီးအိုရုံးခန်းတံခါးကိုဖွင့်လိုက်သည်။
သူမနှလုံးခုန်နှုန်းမြန်နေသော်လည်း
မျက်နှာထက်တွင် ပြုံးနေရုံ ပြုံးနေသည်။
ပေယွဲ့ပိုင်က
သူမကိုခဏခဏဆက်သွယ်လေ့မရှိပေ။ ယနေ့တွေ့ဆုံမှုသည် မနက်ဖြန်လုပ်မည့် ရသစုံရှိုးအစီအစဉ်အတွက်ဖြစ်ကြောင်းသိသော်လည်း
ကျုံချင်းယွီမှာ စိတ်လှုပ်ရှားနေမိသည်။
သို့သော်
သူမ ရုံးခန်းထဲဝင်ရောက်သည်နှင့်တပြိုင်နက် ပေယွဲ့ပိုင်၏ စွပ်စွဲချက်များက
သူမအား လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်လာသည်။
“ထျန်းဟွေ့က အရေးကြီးတဲ့ အချိန်ကာလကို ရောက်နေတာမသိဘူးလား
ရိုက်ကွင်းမှာ ရဲ့လော့ယီကို ဘာလို့ရိုက်လိုက်တာလဲ သူက ငါ့ကုမ္ပဏီရဲ့ အနုပညာရှင်တစ်ယောက်ပဲ
မင်းက ငါ့ကိုဒုက္ခပေးနေတာလား”
ကျုံချင်းယွီတစ်ယောက်
ရေအေးထဲတွင် ငုပ်နေရသလို ခံစားချက်မျိုးဖြစ်နေသည်။ သူမ၏အပြုံးသည်လည်း အေးစက်သွားသည်။
“ကျွန်မက သူရှင့်ဘေးနားမှာ အမြဲတမ်းရှိနေတာနဲ့
သည်းမခံနိုင်ဘဲ ဖြစ်သွားတာပါ စိတ်မဆိုးပါနဲ့ အစ်ကိုယွဲ့ပိုင်”
“ငါက ဘာလို့စိတ်မဆိုးရမှာလဲ”
ပေယွဲ့ပိုင်၏
အသံကပိုမိုကြမ်းတမ်းလာသည်။
“ငါပြောပြီးသားမဟုတ်လား ရဲ့လော့ယီနဲ့ငါနဲ့က
ပရိသတ်ကိုအာရုံစိုက်လာအောင်လုပ်ရုံသက်သက်ပဲလို့၊ မင်းဘာလို့
ဒီလိုမဆင်မခြင်ဖြစ်နေတာလဲ ၊မင်းက ငါ့ကို ပေဟန်လီကို ရှုံးစေချင်လို့လား၊ ဒီပြိုင်ပွဲမှာ ငါ့ကို
အရှုံးပေး စေချင်တာလား”
“ကျွန်မအဲဒီလိုမဆိုလိုပါဘူး အဲဒီလိုမတွေးမိပါဘူး”
ကျုံချင်းယွီသည်
ထိတ်လန့်သွားပြီး အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
ထိုနေ့အစောပိုင်းတွင် ‘Fallen Glory’ ရိုက်ကူးနေစဉ်
ကျုံချင်းယွီနှင့် ရဲ့လော့ယီတို့၏ ရိုက်ကွင်းတွင် ဒါရိုက်တာက ကျုံချင်းယွီအား ရဲ့လော့ယီကို
အမှန်တကယ် ရိုက်ရန် တောင်းဆိုခဲ့သည်။ ကျုံချင်းယွီသည် စိတ်အားထက်သန်သွားပြီး သူမစိတ်ထဲတွင်
ဖိထားရသော စိတ်ဆင်းရဲခြင်းများကို လွှင့်ထုတ်လိုက်နိုင်သည်ဟု ခံစားရသည်။ သူမက ရဲ့လော့ယီကို
အလွန်ပြင်းထန်စွာ ရိုက်လိုက်သည်မှာ သူမ၏မျက်နှာတွင် အနီစက်များပေါ်လာခဲ့သည်အထိပင်။
လျှို့ဝှက်ဓာတ်ပုံရိုက်သူများမှာ
ထိုအခိုက်အတန့်လေးကို ဖမ်းယူပြီး အွန်လိုင်းတွင် ကျုံချင်းယွီသည် ရဲ့လော့ယီကို ရန်ငြိုးဖြင့်ရိုက်သည်ဟု
ဖော်ပြခဲ့သည်။
သို့သော်
ဒါရိုက်တာက အမှန်တကယ်ရိုက်ရန် တောင်းဆိုခဲ့သည်မဟုတ်လော။
ကျုံချင်းယွီမှာ
သူမသည် ညွှန်ကြားချက်အတိုင်းလိုက်နာခဲ့သည်ဟု ခံစားရပြီး ဘာကြောင့် လူတိုင်းက သူ့ကိုအပြစ်တင်နေကြသနည်း။
“ဒါကိုအခုဖြေရှင်းကြရအောင်”
ပေယွဲ့ပိုင်သည်
နှာခေါင်းရှုံ့ပြီးပြောလိုက်သည်။
ကျုံချင်းယွီသည်
သူ့အတွက် အသုံးဝင်သေးသည်။ ပေမိသားစု၏ အချုပ်အခြာအာဏာကို ပြန်လည်၍ အပြည့်အဝမရရှိသေးချိန်အထိ
သူမကို ခွဲမသွားစေချင်ပေ။
“ရိုက်တဲ့ဖြစ်ရပ်ကြောင့် ငါက ရဲ့လော့ယီကို
ရသစုံရှိုးမှာ နေရာပေးလိုက်ပြီ မင်းမနက်ဖြန် ရိုက်ကူးရမဲ့အချိန်မှာ သူ့ကိုတောင်းပန်ပြီး
ရိုက်ကွင်းထဲမှာ သူနဲ့အဆင်ပြေပြေနေဖို့လိုတယ်”
“ရှင်က ဆက်မရိုက်တော့ဘူးလား”
ကျုံချင်းယွီသည်
မျက်လုံးအဝိုင်းသားဖြင့် ပြူးကျယ်သွားသည်။ သူမသည် ပေယွဲ့ပိုင်နှင့်အတူ ခရီးထွက်ရန်
ဤမျှကြာမြင့်စွာမျှော်လင့်နေခဲ့သည်။ သူက ဘာကြောင့် ရုတ်တရက်မသွားတော့သနည်း။
ပေယွဲ့ပိုင်၏
နောက်ထပ်စကားများဟာ ကျုံချင်းယွီ၏ မျက်နှာကို ဒေါသအရိပ်များ
သမ်းသွားစေခဲ့သည်။
“ပြီးတော့ ကျွန်မကဘာလို့ ရဲ့လော့ယီကိုတောင်းပန်ရမှာလဲ၊ ကျွန်မမှာ
ဘာအမှားမှမရှိဘူး၊ ရှင်မသွားရင် ကျွန်မလည်းမသွားဘူး”
ပေယွဲ့ပိုင်သည်
ကျုံချင်းယွီငြင်းဆန်မည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်ရာ ပို၍တင်းကျပ်စွာပြောလိုက်သည်။
“မင်းဘာလို့ ဒီလိုမရင့်ကျက်တဲ့အပြုအမူမျိုး
လုပ်နေတာလဲ၊ မင်းငါ့ကိုတကယ်ချစ်တယ်ဆိုရင် ငါ့ရဲ့အနေအထားကို ထည့်သွင်းစဉ်းစားသင့်တယ်မဟုတ်လား၊ ပေလုပ်ငန်းစုကို
ငါပြန်မရနိုင်ရင် ငါတို့ဘယ်လိုအတူနိုင်မှာလဲ”
ကျုံချင်းယွီသည်
တစ်ခုခုမှားယွင်းနေသကဲ့သို့ ခံစားနေရသည်။
“ပေမိသားစုမရှိရင်တောင် ရှင့်မှာ ကျွန်မရှိတယ်”
ပေယွဲ့ပိုင်က
စကားလမ်းစဖြတ်လိုက်သည်။
“ယောက်ျားတစ်ယောက်မှာ ကိုယ်ပိုင်အလုပ်အကိုင်ရှိရမယ်၊ ငါ့ကို
မင်းလုပ်စာ ခိုစားတဲ့သူတစ်ယောက်ဖြစ်စေချင်တာလား၊ ကျုံချင်းယွီ
ဒါက ငါ့ကိုဖျက်ဆီးနေတာနဲ့ ဘာကွာလို့လဲ”
ပေယွဲ့ပိုင်၏မျက်နှာတွင်
အရေပြားများက နီမြန်းနေပြီး အသံမှာလည်းစူးရှနေသည်။
သူ၏ဒေါသများတက်လာသည်ကိုမြင်သော
ကျုံချင်းယွီက ညင်သာစွာဖြင့်ဖြေသိမ့်ပေးရန် ကြိုးစားသည်။
“အစ်ကိုယွဲ့ပိုင် စိတ်မဆိုးပါနဲ့ ကျွန်မအဲဒီလိုဆိုလိုတာ
မဟုတ်ပါဘူး”
“မင်းမှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာ
ငါသိပါတယ်”
ပေယွဲ့ပိုင်၏
လေသံ အနည်းငယ်ပျော့သွားသည်။
“ဒါပေမဲ့ ချင်းယွီ မင်း ရင့်ကျက်ဖို့လိုတယ်
၊ ငါ့အတွက် ပြီးတော့
ငါတို့အနာဂတ်အတွက် ရသစုံရှိုးမှာ ရဲ့လော့ယီနဲ့ အဆင်ပြေပြေနေပြီး နောက်နေ့ကျရင် ရိုက်တဲ့ကိစ္စအတွက်
သူ့ကို တောင်းပန်ပေးပါလား”
ကျုံချင်းယွီက
ဘာမျှဆက်မပြောလိုသေးပါ။ သူမသည် ပင်ကိုယ်စိတ်ကြီးပြီး ခေါင်းမာတတ်သူဖြစ်သော်လည်း ပေယွဲ့ပိုင်နှင့်ပတ်သက်လျှင်
သူမ၏မူဝါဒများအားလုံး ဖျောက်ဖျက်ခံရသည်။
သူ့ကိုကြည့်ရုံနှင့်
သူမ၏နှလုံးသားသည် နူးညံ့သွားတော့သည်။
သူမ
စိတ်မပါတစ်ပါဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပြီ”
ယန်ရှီသည် ဗိုက်နာယောင်ဆောင်ပြီး ပြေးထွက်လာခဲ့သည်။ တတိယထပ်သို့ ရောက်သည့်အခါ
ကျုံချင်းယွီကို စီအီးအိုရုံးခန်းမှ စိတ်ဓာတ်ကျပြီး ဖျော့တော့သည့်မျက်နှာဖြင့် ထွက်လာသည်ကို
မြင်လိုက်ရသည်။
ကျုံချင်းယွီ၏
မိတ်ကပ်သည် အင်မတန်ပြည့်စုံလှပသော်လည်း မျက်လုံးများနီရဲနေကာ ငိုထားသကဲ့သို့ ဖြစ်နေသည်။
ယန်ရှီကို မြင်သည်နှင့် ကျုံချင်းယွီ သည်
ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကာ သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီး မျက်ရည်များ
စီးကျလာခဲ့သည်။ ယန်ရှီကလည်း ဘာမှမေးမြန်းခြင်းမရှိဘဲ သူမကို ပြန်ဖက်ပေးကာ ပခုံးကို ညင်သာစွာ ပုတ်သပ်ပေးလိုက်သည်။
ထိုအချိန်တွင်
ပေယွဲ့ပိုင် သည် ရုံးခန်းမှထွက်လာပြီး ယန်ရှီကို တွေ့မြင်ရသည့်အခါ အနည်းငယ်အံ့အားသင့်သွားသော်လည်း
ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"မတွေ့ရတာ ကြာပြီ"
ယန်ရှီက
လှောင်ပြောင်သည့်အသံဖြင့် ပြန်ပြောလိုက်သည်။
"မတွေ့တာ ကြာပြီတဲ့လား ကျွန်မက ရှင့်ကို ခဏခဏတွေ့နေတယ် နော် ဒုတိယသခင်လေး ပေယွဲ့ပိုင်"
"ဪ”
ပေယွဲ့ပိုင်
သည် အရင်ဆုံး ဇဝေဇဝါဖြစ်သွားသော်လည်း ချက်ချင်းနားလည်သွားသည်။
"ငွေရေးကြေးရေးအစီအစဉ်တွေ ကြည့်နေတာလား ငါ မကြာသေးခင်ကမှ
အစီအစဉ်နှစ်ခု ရိုက်ထားတယ် အထင်ကြီးစရာကောင်းတယ်မလား"
ယန်ရှီက
နှုတ်ခမ်းကို တွန့်ပြလိုက်ကာ စူးရှသည့်အသံဖြင့် ဖြေလိုက်သည်။
"ငွေကြေးဆိုင်ရာအင်တာဗျူးတွေလား ပျင်းစရာကြီး
ကျွန်မက ဖျော်ဖြေရေးသတင်းတွေ ကြည့်နေတာ ၊ဒုတိယသခင်လေးမှာကျတော့ ဖျော်ဖြေရေးလောကက ချစ်သူရယ် အထက်တန်းလွှာမိသားစုက
စေ့စပ်ထားတဲ့သူရယ်နဲ့ အစုံရှိနေမှန်း ဘယ်သူထင်မိမှာလဲနော် အထင်ကြီးစရာကောင်းလိုက်တာ"
ပေယွဲ့ပိုင်၏
မျက်နှာသည် အေးစက်သွားသည်။
သူနှင့်
ကျုံချင်းယွီတို့၏ စေ့စပ်မှုကို ပေမိသားစုနှင့် ကျုံမိသားစုဝင်များကသာ သိရှိကြသည်။
မိသားစုမှ အကြီးများဟာလည်း ဖျော်ဖြေရေးသတင်းများကို ဂရုမစိုက်သောကြောင့်
ပေယွဲ့ပိုင်အနေဖြင့် ယခင်က စိုးရိမ်စရာမရှိခဲ့ပေ။
သို့သော်
အခုအခါ ယန်ရှီသည် ဤမျှပြတ်ပြတ်သားသား ထုတ်ဖော်ပြောလိုက်သည့်အတွက် သူ၏ မာနသည် ကြေမွသွားသကဲ့သို့
ခံစားရသည်။
သူသည်
ရှင်းပြရန် ပြင်နေစဉ် ယန်ရှီက သဘောထားကြီးသည့်ဟန်ဖြင့် စကားကို ဖြတ်လိုက်သည်။
"ရှင်းပြစရာမလိုပါဘူး ရှင်နဲ့ ရဲ့လော့ယီတို့က
သရုပ်ဆောင်ရမဲ့ ဇာတ်ကောင်ပုံစံအတိုင်းလုပ်ယူထားတယ်ဆိုတာ ကျွန်မနားလည်ပါတယ်"
ပေယွဲ့ပိုင်သည်
အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း ယန်ရှီ၏ ခနဲ့တဲ့တဲ့အသံကို နောက်တစ်ကြိမ် ကြားလိုက်ရသည်။
"ဒါပေမဲ့ ဒုတိယသခင်လေးက ဇာတ်ကောင်ယူရင်းနဲ့
အလွန်အကျွံဖြစ်သွားမှာကိုတော့ စိုးရိမ်မိတယ်၊ တကယ်လို့ ပေအကြီးအကဲသာ သိသွားရင် အဆိုးဆုံးအခြေအနေက
ခြေထောက်နှစ်ချောင်းကိုချိုးလိုက်တာတောင် ကျေနပ်မှာမဟုတ်သေးဘူးနော်၊ ကျွန်မပြောတာဟုတ်တယ်မလား"
ယန်ရှီက
ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း ပေယွဲ့ပိုင်သည် သူမစကားကြောင့် ကျောရိုးတစ်လျှောက်
ချမ်းစိမ့်သွားသကဲ့သို့ ခံစားရသည်။ သူ့လျှို့ဝှက်ချက်များကို သူမ မြင်နေသကဲ့သို့ ခံစားရသည်။
ကံကောင်းစွာပင်
ကျုံချင်းယွီက သူ့ဘက်မှ ရပ်တည်ပေးနေသေးသည်။
"ရှီရှီရယ် အဲဒီလို မပြောပါနဲ့ အစ်ကိုယွဲ့ပိုင်က
ငါ့ကိုပဲချစ်တာပါ၊ ဒါက ငါတို့အနာဂတ်အတွက်လုပ်နေရတာပါ"
ယန်ရှီ
သည် အသက်ပြင်းပြင်းရှူလိုက်မိသည်။ ဤစကားများ သည် ကျုံချင်းယွီ၏ စစ်မှန်သောခံစားချက်မဟုတ်။
ချစ်ကြိုက်နေရသူဟူသောဇာတ်ကောင်၏ ဇာတ်ညွှန်းအတိုင်းသာ ဖြစ်သည်ကို သူမသိသည်။ ထို့ကြောင့်
ကျုံချင်းယွီကို အပြစ်မတင်ဘဲ သူမ၏ဘေးမှာ ရပ်တည်ပေးနေခဲ့သည်။
"ငါက စနေတာပါ"
ယန်ရှီက
ပြောလိုက်ကာ ပေယွဲ့ပိုင်ဘက်သို့ မျက်စပစ်လိုက်သည်။
"မိန်းကလေးနှစ်ယောက်ရဲ့ နှလုံးသားကို လှည့်စားတဲ့
စိတ်ယုတ်တဲ့ ယာက်ျားတစ်ယောက်လား၊ ဒုတိယသခင်လေး ပေယွဲ့ပိုင်ဒီလိုတော့ လုပ်မှာမဟုတ်ဘူးလေဟုတ်တယ်မလား"
ပေယွဲ့ပိုင်သည်
ဤထိုးနှက်မှုကို ခံစားရသော်လည်း ပြန်လည်ခုခံနိုင်ခြင်းမရှိပေ။ သူသည် မျက်နှာထားတင်းတင်းထားရင်း
အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် ဘာလို့လုပ်ရမှာလဲ"