အခန်း (၁၈)
လီချန်းပြတိုက်သို့ရောက်ရှိသည်နှင့် သူတို့အဖွဲ့နှစ်ဖွဲ့သည် သီးခြားစီခွဲသွားကြသည်။
ကျန်းတုံသည် ရိုက်ကွင်းအတွက် သင့်လျော်သောနေရာရွေးချယ်ရန်တာဝန်ဖြင့် ပြတိုက်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ကျုံချင်းယွီနှင့် ယန်ရှီတို့မှာမူ ခရီးသွားဧည့်သည်များအဖြစ် လည်ပတ်ခဲ့ကြသည်။ သူတို့သွားမည့် လမ်းကြောင်းများမတူညီသောကြောင့် အတူတူသွားရန်မလိုအပ်ခဲ့ပေ။
သူတို့ခွဲခါနီးတွင် ကျန်းတုံသည် သည်းမခံနိုင်တော့ဘဲ ကောက်ကာငင်ကာ ထပြောလိုက်သည်။
"ကျုံချင်းယွီ မင်း ငါတာဝန်ယူပြီး ရိုက်ကူးမဲ့ ရှိုးထဲမှာ ပါချင်ရင် မဖြစ်နိုင်တာတော့မဟုတ်ဘူး၊ ငါတို့မှာ မာဖီးယားဂိုဏ်းခေါင်းဆောင်သမီး နေရာက ဇာတ်ကောင်တစ်နေရာစာလွတ်နေသေးတယ်"
သူ့စကားမပြတ်သေးခင်မှာပင် ကျုံချင်းယွီက စကားဖြတ်ပြောလိုက်သည်။
"တော်ပါတော့၊ ရှင့်ပရောဂျက်တွေကို ကျွန်မစိတ်မဝင်စားဘူး"
ကျုံချင်းယွီသည် အမှန်အတိုင်းပြောနေခြင်းဖြစ်သည်။ သူမသရုပ်ဆောင်အလုပ်ကို လုပ်နေရခြင်းသည် ပေယွဲ့ပိုင်အတွက်သာဖြစ်ပြီး သူနှင့် မသက်ဆိုင်သောပရောဂျက်များကို သူမ မလုပ်လိုပေ။
ကျန်းတုံ၏ မျက်နှာသည် ချက်ချင်းဆိုသလို မည်းမှောင်သွားသည်။
"ငါလည်း မင်းကို ငါ့ပရောဂျက်ထဲမှာသရုပ်ဆောင်ခိုင်းချင်တာမဟုတ်ပါဘူး"
သူ၏ ဖိတ်ခေါ်မှုသည် ကျုံချင်းယွီအားရင်းနှီးမြှုပ်နှံလာစေရန် ရည်ရွယ်၍ ပြောလိုက်ခြင်းသာဖြစ်သော်လည်း သူ့တွင် သူ့ကိုယ်ပိုင်ဂုဏ်သိက္ခာတရားရှိသေးသည်။ ကျန်းတုံသည် သူ၏ လုပ်နိုင်စွမ်းကိုယုံကြည်သည်။ အမှန်တော့ ကျုံချင်းယွီတစ်ယောက်တည်းသာ ပိုက်ဆံရှိသည်မဟုတ်ပေ။
"The
Bottom Line" ကဲ့သို့သော လက်ရာကောင်းတစ်ခုဖြင့် သူသည် ငွေကြေးအထောက်အပံ့ရရှိနိုင်လိမ့်မည်ဟု ယုံကြည်သည်။
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် မနက်ပိုင်းတွင်
လီချင်းပြတိုက်အနှံ့ကို အတူတကွလည်ပတ်ခဲ့ကြပြီး ပြတိုက်ဘေးရှိဆိုင်များတွင် လက်ဆောင်ပစ္စည်းများကို ဝယ်ယူခဲ့ကြသည်။ ထို့နောက် အခြားစိတ် ဝင်စားဖွယ်ကောင်းသော နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ထိုသို့လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် လင်းကွန်းကားလေးကို အသုံးပြုခဲ့ကြသည်။
ဤသို့ဖြင့် နေ့လည်စာစားချိန်သို့ရောက်ရှိလာခဲ့လေသည်။
သူတို့သည် လီချန်းမြို့တွင်သာ နေခဲ့ကြသောကြောင့် ယခုအချိန်တွင် ပြင်သစ်အစားအစာအစစ်အမှန်ကို စားသုံးသင့်သည်။
လူးဝစ်သည် စိမ့်မြစ်ကမ်းပါးနဘေးတွင်တည်ရှိသော ပြင်သစ်စားသောက်ဆိုင်တစ်ခုကို အကြံပြုခဲ့သည်။ ထူးခြားပြီး ရှေးကျသည့်ဥရောပဗိသုကာလက်ရာနှင့် မြစ်ကိုဖြတ်သန်းတည်ဆောက်ထားသည့် တံတားကြီးသည် တစ်ခုနှင့်တစ်ခုလိုက်ဖက်ညီစွာ တည်ရှိနေသည်။ စားသောက်ဆိုင်ရှေ့တွင် စက်ဝိုင်းပုံသဏ္ဌာန် နေရာလွတ်တစ်ခုရှိပြီး အဖြူရောင်ခိုငှက်များသည် လှေကားထစ်များပေါ်တွင် ပျံသန်းနေကြသည်။ လမ်းသွားလမ်းလာများအား ခိုငှက်များကို အစာကျွေးချင်လာစေရန် ဆွဲဆောင်မှုရှိစွာ ပုံဖော်ထားသည်။
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ပြတင်းပေါက်ဘေးတွင်ထိုင်နေပြီး လူးဝစ်မှာမူ ခိုငှက်များအတွက် ပြောင်းဖူးအိတ်တစ်လုံးကို ယူလာခဲ့သည်။
"ဒီမှာနေရရင် အရမ်းပျော်စရာကောင်းမှာပဲ အချိန်ရရင် ခိုငှက်တွေကို အစာကျွေးလို့ရတယ်"
ယန်ရှီက ပြောလိုက်သည်။
ကျုံချင်းယွီသည် ပြောင်းဖူးများကို စားနေကြသော ခိုငှက်ခပ်ဝဝကလေးများကိုကြည့်ကာ ညည်းလိုက်မိသည်။
"တကယ်တော့ သူတို့က ဝပြီး ပြည့်ဖြိုးနေတာပဲ၊ သူတို့အသားကပိုပြီး အရသာရှိမယ်ထင်တယ်"
ယန်ရှီ : ?
လူးဝစ် :?
"ဒီဆိုင်ရဲ့ အဓိကဟင်းလျာက ခိုငှက်သားပဲ၊ ငါကတော့ ပေါင်းစားရင်ကောင်းမယ်ထင်တယ် ဒါမှမဟုတ် ပြင်သစ်စတိုင် ခိုသားနှပ်ဟင်းလေးဘာလေးလုပ်စားကြမလား"
ကျုံချင်းယွီသည် မီနူးကိုလှန်လှောကြည့်ရင်းဖြင့် မေးလိုက်သည်။
လူးဝစ်: "မဖြစ်ဘူး ခိုငှက်လေးတွေက ဒီလောက်ချစ်စရာကောင်းတာ ဘယ်လိုတောင်စားရက်နိုင်ရမှာလဲ"
ယန်ရှီ: "ပြင်သစ်စတိုင် ခိုသားနှပ်ဟင်းတစ်ပွဲပေးပါ၊ ကျေးဇူးတင်ပါတယ်"
လူးဝစ်: "..."
[ခိုငှက်လေးတွေက အရမ်းချစ်စရာကောင်းပေမဲ့ ပေါင်းစားရင် ပိုကောင်းလောက်တယ်]
[စစ်ချွမ်းမှာ နေတဲ့သူတွေကတော့ ခိုသားကို အမွှေးအကြိုင်လေး တွေထည့်ပြီး မွှေကြော်ကြော်မယ်ဆိုရင်ပိုကောင်းတယ်လို့ပြောကြတာပဲ]
[ပေါင်းပြီးမှ စားတာကအကောင်းဆုံးပဲ ဘယ်သူမှငြင်းမနေကြတော့နဲ့]
စားသောက်ဆိုင်၏ အတွင်းပိုင်းသည် ရှေးခေတ်ဗိသုကာလက်ရာများဖြင့် အလွန်လှပစွာ ပြင်ဆင်ထားသည်။ သို့ဖြစ်ရာ ညစာစားနေချိန်၌ ရှေးခေတ်၏ အငွေ့အသက်တို့ကို
ပြန်လည်ခံစားရစေသည်။
အစားအစာများမှာယူပြီးနောက် ကျုံချင်းယွီ၏ ဖုန်းမြည်လာပြီး သူမသည် အလုပ်ကိစ္စအတွက် ဖုန်းပြောရန် ဘေးသို့ထွက်သွားလေသည်။
ဟင်းများလာချပေးမည့်အချိန်ကို စောင့်နေစဉ် ယန်ရှီသည် ခိုငှက်ကလေးများကို အစာကျွေးရင်းဖြင့် မည်သည့်ကံမကောင်းသည့် ခိုငှက်က သူမ၏ပန်းကန်ပြားပေါ် လာနားမည်နည်းဟု တွေးနေမိသည်။
မဝေးလှသောနေရာတွင် ခိုငှက်များကြောင့် စားသောက်ဆိုင်အတွင်းသို့ဝင်လာသည့် ဧည့်သည်များသည် လန့်သွားကြသည်။ စားသောက်ဆိုင်ဝန်ထမ်းများသည် ခိုငှက်များကို မောင်းထုတ်ရန်ပြေးလာကြသည်။
ယန်ရှီသည် ထိုဘက်သို့ကြည့်လိုက်ရာ ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဝင်လာသည်ကို မြင်လိုက်ရသည်။
အမျိုးသမီးသည် သူမအသက်အရွယ်ခန့်ရှိပြီး ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ လည်ပင်းတွင်ပုလဲဆွဲကြိုးလေးကို ဆွဲထားသည်။ ယောက်ျားဖြစ်သူမှာ အထူးသီးသန့် ချုပ်လုပ်ထားသော ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူ၏ဟန်ပန်ကို ကြည့်ရသည်မှာချမ်းသာသောလူငယ်တစ်ယောက်နှင့်တူလှသည်။
သူတို့နှစ်ဦး စားသောက်ဆိုင်အတွင်းသို့ဝင်လာသည်နှင့် အမျိုးသမီးက ယောက်ျားဖြစ်သူ၏ လက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ ကြောက်လန့်တကြားဆိုသည်။
"ချူမို ဒီခိုငှက်တွေက ကြောက်စရာကောင်းလိုက်တာ"
"အဆင်ပြေပါပြီ သူတို့သွားကုန်ကြပြီ မကြောက်ပါနဲ့"
ချူမိုက သူမ၏ဆံပင်ကိုပွတ်သပ်ပေးကာ ပြောလိုက်သည်။
ယန်ရှီတစ်ယောက်ကတော့ သက်ပြင်ရှည်ကြီးတစ်ခုကိုသာ ချမိလိုက်သည်။
လီချင်းကဲ့သို့သော မြို့အကျယ်ကြီးတွင် လင်းရန်ရန်တို့ ချူမိုတို့နှင့်ဆုံတွေ့ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဤကမ္ဘာကြီးသည် အမှန်တကယ်ပင် သေးငယ်လွန်းလှသည်။
စားသောက်ဆိုင်သည် လူရှင်းနေသဖြင့် လင်းရန်ရန်နှင့် ချူမိုတို့သည်လည်း ယန်ရှီကိုသတိပြုမိကြသည်။
"အစ်မ"
တဒင်္ဂအတွင်း လင်းရန်ရန်သည် ချူမို၏ လက်ကိုပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်မိသော်လည်း သူမ၏အပြုံးက ပိုမိုတောက်ပလာသည်။
"အစ်မ မတွေ့ရတာတောင်ကြာပြီနော်"
ယန်ရှီသည် သူမ၏ အနောက်မှကင်မရာအဖွဲ့ကို လှည့်ကြည့်ရင်း ဤအပိုင်းကို ရိုက်ကူးခြင်းမပြုရန် မှာကြားလိုက်သည်။
ထို့နောက် လင်းရန်ရန်ဘက်သို့လှည့်ကာ အေးဆေးစွာပြောလိုက်သည်။
"ဟုတ်တယ် မတွေ့တာကြာပြီ"
သူမသည် လင်းမိသားစုမှထွက်ခွာလာခဲ့သည်မှာ ငါးနှစ်တိုင်ကြာခဲ့ပြီဖြစ်သည်။
လင်းရန်ရန်တစ်ယောက် ယန်ရှီ၏ အနောက်ဘက်မှကင်မရာ ကြောင့် အနေရကြပ်နေသော်လည်း ဘာမျှထပ်မပြောတော့ပေ။
သူမသည် ချူမို၏ လက်ကိုလွှတ်လိုက်ပြီး ယန်ရှီရှိရာဘက်သို့ တိုးကပ်ကာ ခင်မင်ရင်းနှီးစွာဖြင့် လက်ချင်းချိတ်လိုက်သည်။
"အစ်မ ဒီတစ်ခါရော ဘာလို့နှုတ်ဆက်စကားမပြောဘဲထွက်သွားရတာလဲ၊ အစ်မလည်း လင်းမိသားစုနဲ့အတူတူနေလို့ရပါတယ်၊ ညီမလေးကတော့ တကယ့်လင်းမိသားစုသမီးတစ်ယောက်ဆိုပေမဲ့အစ်မလည်း မွေးစားသမီးတစ်ယောက်ပဲလေ၊ မိသားစုနဲ့အတူနေတာက အပြင်မှာတစ်ယောက်တည်းနေတာထက် တော့ပိုကောင်းမှာပါ"
"အစ်မလို မိန်းမပျိုလေး တစ်ယောက်တည်းအပြင်မှာနေရတာ၊ ကောင်းကောင်းမဝတ်ရ ကောင်းကောင်းမစားရနဲ့"
လင်းရန်ရန်သည် သူမကြိုတင်ပြင်ဆင်ထားသော စကားများကို ပေါ့ပေါ့တန်တန်ပြောနေစဉ် ယန်ရှီ ဝတ်ထားသော အဝတ်အစားများမှာ သူမ၏ အဝတ်အစားထက်ပိုမို၍ ဈေးကြီးသည်ကို သတိပြုမိသွားသည်။ ထို့အပြင် သူတို့ရောက်နေသည့် စားသောက်ဆိုင်မှာလည်း အဆင့်မြင့်နေသည်ကို သတိထားမိသွားသည်။ သူမ အတွေးများနေခြင်းကို ခေတ္တခဏရပ်တန့်လိုက်သည်။
ထို့နောက် သူမက အတင်းလုပ်ယူကာ ရယ်မောလိုက်ပြီး သူမ၏မျက်လုံးများတွင်တော့ မနာလိုမှုနှင့် သံသယများဖြင့်ပြည့်နေသည်။
"အစ်မ အစ်မရဲ့အဝတ်အစားတွေက အရမ်းမိုက်တယ်နော်၊ ဒါပေမဲ့ လင်းမိသားစုရဲ့ မွေးစားသမီးတစ်ယောက်အနေနဲ့ ဘရန်းအတုတွေဝယ်ဝတ်တာက မသင့်တော်ဘူး၊ အပြင်ကလူတွေသာသိသွားရင် မားမားနဲ့ ပါးပါးတို့ရဲ့ ဂုဏ်သိက္ခာ တွေ ဘယ်လိုဖြစ်သွားမလဲ"
လင်းရန်ရန်တစ်ယောက် ယန်ရှီသည် လင်းမိသားစုမှထွက်သွားပြီးနောက် ပိုမိုကောင်းမွန်စွာနေထိုင်နိုင်လိမ့်မည်ကို လုံးဝမယုံကြည်နိုင်ပေ။
ယန်ရှီသည် အေးဆေးစွာဖြင့် ပြုံးပြရင်း လင်းရန်ရန်၏ လက်ကို ခါချပစ်လိုက်သည်။
"ညီမလေး အစ်မကို စိတ်ပူစရာမလိုပါဘူး၊ လင်းမိသားစုက နေထွက်လာပြီးကတည်းက အစ်မ ကောင်းကောင်းနေနိုင်ခဲ့ပါတယ်"
"အစ်မ ဘာလို့ဒီလောက်ခေါင်းမာနေတာလဲ"
လင်းရန်ရန်သည် ပါးစပ်ကို လက်ဖြင့်အုပ်ရင်း ပြုံးလိုက်သည်။
"အစ်မရဲ့ ပညာသင်ဆုစရိတ် နည်းနည်းလေးနဲ့ အေ အဆင့်ရှိတဲ့အဝတ်အစားတွေဝယ်ဖို့ ဘယ်လိုတတ်နိုင်မှာလဲ၊ ဒါမှမဟုတ် ဒီလိုဈေးကြီးတဲ့စားသောက်ဆိုင်မှာ ဘယ်လိုစားနိုင်မှာလဲ၊ ညီမနဲ့အတူတူ ပြန်လိုက်လာခဲ့ပါ ပြီးတော့ မားမားနဲ့ ပါးပါးကို တောင်းပန်လိုက်ပါ သူတို့က အစ်မကို ခွင့်လွှတ်ပေးမှာ သေချာပါတယ်"
ယန်ရှီသည် ရုတ်တရက်ထရယ်လိုက်မိသွားသည်။ သူမ၏အသံသည် ငွေခေါင်းလောင်းသံလေးကဲ့သို့ ကြည်လင်လှသည်။
သူမက လင်းရန်ရန်ကို ပျော်ရွှင်နေသော မျက်နှာအမူအရာဖြင့်ကြည့်ကာ ပြန်တုံ့ပြန်လိုက်သည်။
"လင်းရန်ရန် နင်တကယ်ပဲ ငါ့ကို လင်းမိသားစုဆီပြန်လာစေချင်တာလား၊ ငါပြန်လာရင် နင့်ထက်ပိုပြီး လင်းမိသားစုသမီးတစ်ယောက်နဲ့တူတယ်လို့ လူတွေပြောမှာကို မကြောက်ဘူးလား"
လင်းရန်ရန်၏ မျက်နှာအမူအရာသည် ရုတ်တရက် အေးစက်သွားပြီး သူမ ပထမဆုံးလင်းမိသားစုထံသို့ ပြန်လာစဉ်က ရင်ဆိုင်ခဲ့ရသော အထင်သေးခံရခြင်းနှင့် လှောင်ပြောင်ခံရခြင်းများအကြောင်းကို ပြန်လည် အောက်မေ့လာမိသည်။
လင်းရန်ရန်သည် အမှန်တကယ်ပင် လင်းမိသားစု၏ သမီးတစ်ယောက်ဖြစ်သော်လည်း မိသားစုထဲတွင် ယဉ်ကျေးမှုမရှိသော ကလေးတစ်ယောက်အဖြစ် ဝေဖန်ခံခဲ့ရသည်ကို ဘယ်တော့မှမေ့မည်မဟုတ်ပေ။
သူမ မည်မျှကြိုးစားသည်ဖြစ်စေ ယန်ရှီနှင့်မည်သို့မျှယှဉ်နိုင်မည်မဟုတ်ပေ။
တစ်ယောက်မှာ မိဘမဲ့ဂေဟာတွင် ဆယ်ငါးနှစ်နေခဲ့ရသော မွေးစားသမီးတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာ လင်းမိသားစုတွင် ဆယ်ငါးနှစ်တာခန့်မျှကြီးပြင်းလာခဲ့သော သမီးတစ်ယောက်ဖြစ်သည်။
သူတို့နှစ်ယောက်ကို မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
လင်းရန်ရန်သည် နောက်ဆုံးတွင် ယန်ရှီကို လင်းမိသားစုမှထွက်ခွာ အောင်လုပ်နိုင်ခဲ့ပြီး ပြန်မလာစေချင်ခဲ့ပေ။ သို့သော် ယန်ရှီကိုမြင်လိုက်ရသည်နှင့် လင်းရန်ရန်၏ အတိတ်က အရှက်ရမှုများကို ပြန်လည်အမှတ်ရလာမိသည်။ ထို့ကြောင့် ယန်ရှီကို ပြန်ခေါ်လာပြီး လက်ရှိလင်းမိသားစုတွင် သူမ မည်မျှအောင်မြင်နေပြီး အရေးပေးခံနေရသည်ကို မြင်စေချင်သည်။
ထို့အပြင် သူမသည် ယန်ရှီနှင့် စေ့စပ်ထားသည့်သူကိုပင် အပိုင်ယူပြီးပြီဖြစ်သည်။
ယန်ရှီကိုတစ်ချိန်ကချစ်ခဲ့သော ချူမိုသည် ယခုအခါ သူမ၏လူဖြစ်နေချေပြီ။
လင်းရန်ရန်၏စိတ်ထဲတွင် ဂုဏ်ဆာမှုတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။
ဟုတ်ပါသည်။
သူမသည် အမှန်တကယ်ပင် လင်းမိသားစု၏ တရားဝင်သမီး တစ်ယောက်ဖြစ်ပြီး ယန်ရှီမှာမူ အတုအယောင်သာဖြစ်သည်။ ယန်ရှီတွင် ယခုဘာမှမရှိတော့ပေ။
လင်းရန်ရန်သည် သူမအနိုင်ရပြီဖြစ်ကြောင်း သိလိုက်သည်။
သူမက မော့ကြည့်ကာ ချူမို၏လက်ကိုတွဲ၍ အောင်ပွဲခံသူတစ်ယောက်၏ အပြုံးဖြင့် ပြောလိုက်သည်။
"အစ်မမပြန်ချင်တော့ရင် ညီမလေး အတင်းမတိုက်တွန်းတော့ပါဘူး၊ ချူမိုနဲ့ကျွန်မ စေ့စပ်ဖို့ စီစဉ်နေကြပြီ အဲဒါ အစ်မလည်း ကျွန်မတို့ စေ့စပ်ပွဲကိုလာဖို့မျှော်လင့်ပါတယ်"
ယန်ရှီက သူတို့နှစ်ယောက်ကိုကြည့်ကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ငါမှာ အချိန်ပိုမရှိဘူး"
လင်းရန်ရန် မျက်ခုံးကိုပင့်လိုက်ပြီး ကျေနပ်နေသည့် မျက်နှာပေးဖြင့် စောင်းမြောင်းပြောဆိုလိုက်သည်။
"အိုး ဆောရီးပါ အစ်မရယ်၊ ချူမိုက တစ်ချိန်တုန်းက အစ်မနဲ့ စေ့စပ်ထားတဲ့သူဆိုတာကို မေ့သွားတယ်၊ အစ်မရဲ့ အရှိုက်ကို ထိသွားမှာပဲ ခွင့်လွှတ်ပေးပါနော်"
ချူမို၏ မျက်လုံးများသည် ယန်ရှီအပေါ်တွင် ရှုပ်ထွေးသောခံစားချက်များဖြင့် ငေးစိုက်ကြည့်နေမိသည်။
ယန်ရှီသည် လင်းမိသားစု၏ သွေးသားတစ်စက်မျှမပါကြောင်း သိလာသောအခါ ချူမိသားစုသည် ချက်ချင်းပင် စေ့စပ်ပွဲကိုဖျက်သိမ်းရန် သို့မဟုတ် လင်းရန်ရန်နှင့် အစားထိုးရန် တောင်းဆိုခဲ့သည်။ မွေးစားသမီးတစ်ယောက်သည် လင်းမိသားစု၏ အကျိုးစီးပွားကို ကိုယ်စားမပြုနိုင်ဟု ဆိုခဲ့သည်။
ချူမိုမှာမူ စိတ်မပါခဲ့ပေ။ ယန်ရှီသည် အမွေဆက်ခံသူမဟုတ်သော်လည်း နတ်သမီးလေးတစ်ပါးလို လှပသူတစ်ယောက်ဖြစ်နေခြင်းကြောင့် သူမကိုစွန့်လွှတ်ရမည်ဆိုသောအခါ တွန့်ဆုတ်ခဲ့ရသည်။
သူ၏မိခင်သည် လင်းရန်ရန်ကိုပင် လှပလာစေရန် ပြုပြင်ယူလို့ရကြောင်း အလှအပရေးရာကုထုံးများဖြင့် လှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်လာအောင် လုပ်ယူလို့ရကြောင်းပြောကာ နှစ်သိမ့်ပေးခဲ့သည်။
သို့သော် ငါးနှစ်ကြာပြီးနောက် လင်းရန်ရန်သည် ပို၍ဖြူဖပ်ဖြူရော်ပုံစံမျိုးဖြစ်လာခဲ့ပြီး အနည်းပင်ပို၍ ဝလာသည်။ ယန်ရှီမှာမူ ပန်းပွင့်လေးတစ်ပွင့်နှယ် ယခင်ကထက်ပင် ပိုမိုလှပလာသည်ကို မြင်ရသောအခါ ချူမိုတစ်ယောက် မခံမရပ်နိုင်ဖြစ်ခဲ့ရသည်။
လင်းရန်ရန်၏ စေ့စပ်ပွဲအတွက် ဖိတ်ခေါ်မှုကို အခွင့်ကောင်းယူကာ ချူမိုကလည်း အမှတ်ယူရန်ကြိုးစားလိုက်သည်။
"ရှီရှီ ငါတို့က အတူတူကြီးပြင်းလာခဲ့ကြတာပဲ၊ ငါ့ စေ့စပ်ပွဲကို မင်းမလာလို့မှမရတာ၊ ငါမင်းကို လွမ်းနေတာ ကြာနေပြီ"
ချူမို၏စကားများက လင်းရန်ရန်၏နှလုံးသားကို မနာလိုမှုမီးတောက်များဖြင့် ပူလောင်စေခဲ့သည်။ သို့သော် သူမ တုန့်ပြန်နိုင်ခြင်းမရှိမီ ချူမို၏မျက်နှာပေါ်သို့ ရေဖြင့် အပက်ခံလိုက်ရသည်။
ချူမိုသည် အံ့အားသင့်သွားပြီး တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။ လင်းရန်ရန်မှာကား ဒေါသသံဖြင့် အော်ဟစ်လိုက်မိသည်။
"ယန်ရှီ နင်ဘာလုပ်လိုက်တာလဲ၊ ငါတို့ကို တကယ်ကြီး ရေနဲ့ပက်တယ်ပေါ့ ဟုတ်လား နင်အသက်မရှင်ချင်တော့ဘူးလား"
"ငါက ရည်ရွယ်ချက်ရှိရှိပက်လိုက်တာ"
ကျုံချင်းယွီက ဝိုင်ခွက်ကို ပြန်ချထားလိုက်သည်။
"ရှင်က မသတီစရာ ကောင်းတဲ့ကောင်ပဲ ၊အရှက်လေးဘာလေးရှိစမ်းပါဦး ရှင်ရယ်"
ချူမိုသည် မျက်နှာမှရေများကိုသုတ်ပြီးနောက် သူ့ရှေ့တွင်ရပ်နေသူကို မှတ်မိသွားသည်။
"ကျုံချင်းယွီ"
ချူမိုသည် ဒေါသဖြင့် အံကို တင်းတင်းကြိတ်ကာ လက်နှင့်ရိုက်ရန် လက်မြှောက်လိုက်သော်လည်း စားသောက်ဆိုင်လုံခြုံရေးများက သူ့ကိုချက်ချင်းဖမ်းထားလိုက်သည်။
"ဘာလုပ်နေကြတာလဲ သူက ငါတို့ကို ရေနဲ့အရင်ပက်တာလေ၊ တကယ်လို့ ဖမ်းရမယ်ဆိုရင် သူ့ကိုဖမ်းရမှာပေါ့၊ ငါ့ကိုဘာလို့ဖမ်းနေကြတာလဲ"
ချူမိုအော်ဟစ်လိုက်သည်။
လင်းရန်ရန်လည်း ထိတ်လန့်စွာပြောလိုက်သည်။
"ငါတို့က ဒီမှာစားသောက်ဖို့လာတဲ့ဧည့်သည်တွေပဲ၊ ငါတို့ကိုဒီလိုဆက်ဆံလို့မရဘူး"
လူးဝစ်သည် စားသောက်ဆိုင်မန်နေဂျာနှင့်အတူထွက်လာပြီး ပြင်သစ်ဘာသာဖြင့်
အသံခပ်မာမာပြောလိုက်သည်။
"ဒီအနှောင့်အယှက်ပေးနေတဲ့သူတွေကို နှင်ထုတ်လိုက်ပါ၊ သူတို့ကကျွန်တော့်ဧည့်သည်တွေကိုနှောင့်ယှက်နေတယ်"
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ၊လူးဝစ်ရဲ့ဧည့်သည်တွေဆိုတော့ ကျွန်တော်တို့ရဲ့အထူးဧည့်သည်တွေပါပဲ ကျွန်တော်တို့ဂရုစိုက်ပါမယ်”
မန်နေဂျာမှာလည်း ဦးညွှတ်၍ တုံ့ပြန်ပြောဆိုလိုက်သည်။
ထို့နောက် မန်နေဂျာက လုံခြုံရေးများကို အမိန့်ပေးလိုက်သည်။
"ဒီနှစ်ယောက်ကိုအပြင်ကိုထုတ်ပစ်လိုက်"
ချူမိုနှင့် လင်းရန်ရန်တို့သည် ဖရုဿဝါစာစကားများဖြင့် ဆဲဆိုနေသော်လည်း နောက်ဆုံးတွင် လုံခြုံရေးများ၏ ဆွဲထုတ်ခြင်းကို ခံခဲ့သည်။ ချူမိသားစုနှင့် လင်းမိသားစုဝင်များသည် ဟိုင်မြို့တွင်ထင်ရှားသော်လည်း ဤသည်မှာက လီချင်းမြို့ဖြစ်ပြီး သူတို့၏ ဩဇာလွှမ်းမိုးနိုင်မှုမရှိပေ။
"လူးဝစ်"
ကျုံချင်းယွီက လူးဝစ်ဘက်လှည့်ကာ ဆိုလိုက်သည်။
"ငါခဏလောက်ပဲထွက်သွားတာကို ရှင်က ပြဿနာကောင်တွေကို၊ ဝင်လာခွင့်ပေးလိုက်တာလား"
လူးဝစ်က အမြန်တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် မိန်းကလေးကျုံ၊ ကျွန်တော့် သတိမထားမိတာကြောင့်ပါ စားသောက်ဆိုင်တစ်ခုလုံးကို ကြိုဘွတ်ကင်လုပ်ပြီး ဘယ်သူမှမနှောင့်ယှက်နိုင်အောင် စီစဉ်ပေးပါမယ်"
"ငါအဆင်ပြေပါတယ်"
ယန်ရှီက ကျုံချင်းယွီ၏ လက်ကိုကိုင်ပြီး ပြောလိုက်သည်။
လင်းရန်ရန်၏ ပုတ်ခတ်ပြောဆိုသည့်စကားလုံးများမှာ သူမကို မနာလို၍ ပြောခြင်းမျှသာဖြစ်သည်။ ထို့အပြင် သူမသည် အငြင်းအခုံစကားဝိုင်းတွင်ပင် အနိုင်မရခဲ့ပေ။ ယန်ရှီကိုလည်း မခြိမ်းခြောက်နိုင်ခဲ့ပါ။
ယန်ရှီ၏ အေးဆေးတည်ငြိမ်သောအမူအရာကိုမြင်ပြီး ကျုံချင်းယွီလည်း စိတ်သက်သာရာရသွားသည်။ သူမသည် ယန်ရှီကို စိတ်ဖြေစေရန်ခေါ်လာခြင်းဖြစ်ပြီး သူမ ထပ်မံ၍ စိတ်အဆင်မပြေဖြစ်မည်ကိုစိုးရိမ်ခဲ့မိသည်။
ယန်ရှီသည် တစ်ချိန်က ချမ်းသာသောမိသားစု၏ သမီးတစ်ဦးဖြစ်ခဲ့သည်။ အကယ်၍ သူမတွင် ထိုကဲ့သို့သော နောက်ခံအကြောင်း တရားမရှိခဲ့ပါက သူမနှင့်ကျုံချင်းယွီတို့ မည်သည့်အခါမျှဆုံခဲ့ကြမည် မဟုတ်ပေ။
ငါးနှစ်အကြာတွင် လင်းမိသားစုဝင်များသည် ယန်ရှီက သူတို့၏ သမီးအရင်းမဟုတ်ကြောင်း သိရှိခဲ့သည်။ လင်းရန်ရန်သာလျှင် သူတို့၏ သွေးသားဖြစ်သည်။ လင်းရန်ရန်ပြန်ရောက်လာပြီးနောက် ယန်ရှီကို
သူမ၏ နေရာကိုခိုးယူသည်ဟု စွပ်စွဲကာ အဆက်မပြတ်နှိပ်စက်ခဲ့သည်။ လင်းမိသားစုကလည်း သူတို့၏ သမီးအရင်းကို နှစ်ပေါင်းများစွာ ဆုံးရှုံးအောင်လုပ်ခဲ့သည်ဟု အပြစ်တင်ကာ သူမအပေါ် ပိုမိုဆိုးရွားစွာ ဆက်ဆံလာခဲ့သည်။
သို့သော် ထိုအချိန်က ကလေးငယ်တစ်ဦးသာဖြစ်သော ယန်ရှီအနေဖြင့် ဤအရာများကို မည်သို့သိရှိနိုင်မည်နည်း။
နောက်ပိုင်းတွင် ယန်ရှီသည် လင်းမိသားစုအား ပြန်လည်ပေးဆပ်ရန် ကျုံချင်းယွီထံမှငွေချေးခဲ့သည်။ ထိုအချိန်က ကျုံချင်းယွီသည် အထက်တန်းကျောင်းသူသာဖြစ်ပြီး ထိုငွေပမာဏမရှိခဲ့ပေ။
ကျုံချင်းယွီ၏ဖခင်မှာ ဝင်ရောက်ကူညီခဲ့ပြီး ယန်ရှီအား ကျောင်းပြီးလျှင် ကျုံစီးပွားရေးလုပ်ငန်းစုတွင် ဆယ်နှစ်တာအလုပ်လုပ်ပေးရန် သဘောတူခဲ့သည်။
ယန်ရှီကလည်း
သဘောတူခဲ့သည်။
ကျုံချင်းယွီသည်
ဤကိစ္စကို စိတ်မကောင်းဖြစ်နေခဲ့သည်။ ယန်ရှီသည် သူမ၏ သူငယ်ချင်းဖြစ်ပြီး သူမ၏ဖခင်သည်
ယန်ရှီကို ထိုကဲ့သို့ ဖိအားပေးသင့်သည်ဟု သူမ မမှတ်ယူခဲ့ပေ။ သို့သော် ယန်ရှီက ဤသို့လုပ်ဆောင်ရန်
လိုအပ်သည်ဟု ယုံကြည်ကာ ကျုံမိသားစု ခေါင်းဆောင်၏
ငွေကြေးအကူအညီကို ကျေးဇူးတင်စွာ လက်ခံခဲ့သည်။
ဤကိစ္စတွင်
သူမအမှားမရှိသော်လည်း သူမသည် လင်းရန်ရန်၏ နေရာတွင် ဆယ့်ငါးနှစ်ကြာ ဝင်ရောက်နေထိုင်ခဲ့သည်။
လင်းရန်ရန်နှင့် လင်းမိသားစုအပေါ် အားနာစိတ်ဖြင့် အသက်မဆက်ရလေအောင် သူမသည် ထိုအရာအားလုံးအတွက်
ပြန်လည်ပေးဆပ်ရန် လိုအပ်နေသည်။
လင်းမိသားစုထံမှ
ထွက်ခွာခဲ့ပြီးနောက် ယန်ရှီသည် တက္ကသိုလ်တက်ရောက်ကာ ပညာသင်ဆုများနှင့် သုတေသနလုပ်ငန်းများဖြင့်
ကိုယ့်အားကိုယ်ကိုး၍ ရပ်တည်ခဲ့သည်။
သူမ၏
မိဘအရင်းများနှင့်ပတ်သက်၍မူ လင်းရန်ရန်သည် မိဘမဲ့အဖြစ် နေခဲ့ရသဖြင့် ယန်ရှီအနေဖြင့်
သူမ၏ မိဘအရင်းတို့ကို မသိခဲ့ရပေ။ သူမ၏ ကိုယ်ရေးမှတ်တမ်းတွင် မိဘကိုယ်ရေးအကျဥ်းသည် ဗလာချန်ထားခံခဲ့ရသည်။
သူမသည် သူ့ကိုယ်သူ မိဘမဲ့တစ်ဦးအဖြစ် မြင်တတ်လာခဲ့သည်။
နေ့လည်စာစားနေစဉ်
ကျုံချင်းယွီသည် သတိထားကာဖြင့် ယန်ရှီကိုမေးလိုက်သည်။
"မိဘအရင်းတွေကို မရှာတော့ဘူးလား"
ယန်ရှီက
ခေါင်းငြိမ့်လိုက်သည်။
လင်းမိဘများမှာ
လင်းရန့်ရန့်၏နေရာကို လုယူသည်ဟု သူ့အား ကျိန်ဆဲခဲ့သည့်အချိန်တွင် သူမ၏နှလုံးသား လောင်ကျွမ်းသွားသကဲ့သို့
ဖြစ်သွားခဲ့သည်။ သူ့အား ဆယ့်ငါးနှစ်ကြာ ပြုစုစောင့် ရှောက်ခဲ့သော မွေးစားမိဘများပင်
ဤသို့ဆက်ဆံနိုင်လျှင် သူ့အား စွန့်ပစ်ထားခဲ့သော မိဘဆိုသူများက အဘယ်သို့ ဂရုစိုက်လိမ့်မည်နည်း။
တစ်ကြိမ်တွင်
မိဘအရင်းများထံမှ စွန့်ပစ်ခံရပြီး နောက်တစ်ကြိမ်တွင်လည် မွေးစားမိဘများထံမှလည်း စွန့်ပစ်ခံခဲ့ရသော
ယန်ရှီအတွက် ဤမျှလောက်နှင့် လုံလောက်နေပြီဖြစ်သည်။ သူမသည် မည်သည့်အကြောင်းပြချက်ဖြင့်မဆို
နောက်ထပ်စွန့်ပစ်ခံရနိုင်သည့်မိဘအရင်းများနှင့် တွေ့ဆုံရန် မလိုလားတော့ပေ။
တစ်ကိုယ်တည်း
နေရသည်မှာပင် ကောင်းသည်။ အနည်းဆုံး သူမထံတွင် ကျုံချင်းယွီ ရှိနေသေးသည်။
ယန်ရှီသည်
ကျုံချင်းယွီ၏လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်သည်။
အတုအယောင်အမွေဆက်ခံသူအဖြစ်
သူမ၏ အထောက်အထားအမှန်ထွက်ပေါ်လာသောအခါ တစ်ချိန်က သူမနှင့်ရင်းနှီးခဲ့ကြသော ချမ်းသာကြွယ်ဝသည့်မိတ်ဆွေများအားလုံး
သူမထံမှ ထွက်ခွာသွားခဲ့ကြပြီး နောက်ကွယ်တွင် သူမ၏ အဆင့်အတန်းနိမ့်ကျမှုကို လှောင်ပြောင်ခဲ့ကြသည်။
ကျုံချင်းယွီတစ်ယောက်တည်းသာ
သူမကို မည်သည့်အခါကမျှ မထီမဲ့မြင်ပြုခဲ့ခြင်း မရှိခဲ့ပေ။
သူမအဖို့
ယန်ရှီသည် လင်းမိသားစု၏အမွေဆက်ခံသူဖြစ်စေ၊ မိဘမဲ့တစ်ဦးဖြစ်စေ အမြဲတမ်းပင် သူမအတွက်တော့
အခင်ဆုံးသူငယ်ချင်းတစ်ယောက်သာ ဖြစ်သည်။
ကျုံပါးပါးက
ယန်ရှီအား ကျုံစီးပွားရေးလုပ်ငန်းစုတွင် ဆယ်နှစ်အလုပ်လုပ်ပေးရန်
ပြောခဲ့သော်လည်း ယန်ရှီက ဝမ်းသာစွာ လက်ခံခဲ့သည်။ သူမအတွက် မကျေနပ်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။
သူမသည် စီးပွားရေးဘာသာရပ်ကို အဓိကရွေးချယ်ထားခြင်းမှာပင် နောင်တွင် ကျုံပါးပါးနှင့်
ကျုံချင်းယွီအား ကူညီနိုင်ရန်အတွက်ပင် ဖြစ်သည်။
သူမ၏အိပ်မက်ထဲမှ
အဖြစ်အပျက်များ ဘယ်သောအခါမျှ မဖြစ်ပျက်စေရန် ကျုံချင်းယွီ ကောင်းကောင်းမွန်မွန်နေနိုင်စေရမည်။
နေ့လည်စာပြီးနောက်
ကျုံချင်းယွီသည် ယန်ရှီအား အနီးရှိ ဈေးဝယ်စင်တာသို့ ခေါ်ဆောင်သွားခဲ့သည်။
ကျုံချင်းယွီသည်
အခြားလူတစ်ယောက်ကို နှစ်သိမ့်မှုပေးရန် မကျွမ်းကျင်ပေ။ ယန်ရှီအား စိတ်ဓာတ်တက်ကြွစေလိုလျှင်
သူမသိ သောနည်းလမ်းတစ်ခုမှာ ဈေးဝယ်ထွက်ရန်သာဖြစ်သည်။ ငွေကုန်ခြင်းသည် စိတ်ပူပန်မှုများကို
မေ့ပျောက်စေရန် အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။
အိတ်တစ်လုံးဝယ်လို့မှ
ပျော်ရွှင်မှုမရနိုင်လျှင် နှစ်လုံးဝယ်လိုက်မည်။
စင်္ကြံတစ်လျှောက်လျှောက်ရှိ
ပစ္စည်းတင်စင်များကြားကို ဖြတ်သန်းရင်း ကျုံချင်းယွီက အိတ်များကိုညွှန်ပြနေသည်။
"ဒီတစ်လုံး ဒီတစ်လုံး ဒီတစ်လုံး "
လူးဝစ်က
တရုတ်စကားပြောတတ်သော အရောင်းဝန်ထမ်းတစ်ဦးကို ခေါ်လာသည်။ အရောင်းဝန်ထမ်းက ယဉ်ကျေးစွာပြုံးပြလျက်
မေးလိုက်လေသည်။
"အကုန်လုံးကို ထုပ်ပိုးပေးရမှာလားရှင့်"
ကျုံချင်းယွီက
ပြန်ပြောသည်။
"ဒါတွေက လှမှမလှတာဘာဖြစ်လို့ဝယ်ရမှာလဲ"
အရောင်းဝန်ထမ်း- "?"
ကျုံချင်းယွီက
ထပ်ပြောသည်။
"ကျန်တဲ့ဟာတွေကတော့ သိပ်မဆိုးဘူး အကုန်လုံးကို
ထည့် ပေး လိုက်ပါ"
အရောင်းဝန်ထမ်း-"!!!"
[အကုန်လုံးကိုထုပ်မှာလား ဘယ်လောက်ကုန်လောက်မလဲဟင်
တွက်ကြည့်ရအောင်]
[အနည်းဆုံး ရှစ်လုံးနဲ့အထက်ပဲ]
[ကျုံချင်းယွီရဲ့ ဘောစိအဖေက ဘယ်လောက်ချမ်းသာလို့
ဒီလိုသုံးဖို့ ခွင့်ပြုတာလဲ]
[အာ အားကျလိုက်တာနော် ဒီလိုဈေးဝယ်ရရင် သိပ်ကောင်းမှာပဲ]
[ဒါပေမဲ့ ကျုံချင်းယွီက ဒီအိတ်တွေအကုန်လုံးကို
တကယ်သုံးမှာလား များလွန်းတယ်နော်]
ယန်ရှီလည်း
သံသယဝင်သွားမိပြီး မေးလိုက်သည်။
"ဒီလောက်အများကြီးကိုလား"
ကျုံချင်းယွီက
သူမ၏ လက်နှစ်ဖက်ကိုယှက်၍ ယန်ရှီ ပခုံးကို သိုင်းဖက်ကာ ရေတွက်ပြနေသည်။
"ဒီတစ်လုံးက ဈေးဝယ်တဲ့အခါ သုံးဖို့ ဒီတစ်လုံးက
ပါတီတက်တဲ့အခါ ဒီတစ်လုံးက ခရီးသွားတဲ့အခါ သုံးဖို့လေ"
ယန်ရှီ
မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။
"ငါတို့က ရေဘဝဲမှ မဟုတ်တာ"
သူမက
အိတ်များကို စတင်ကြည့်ရှုလိုက်မိသည်။ ကျုံချင်းယွီကဲ့သို့သော အမြင်ကျယ်သည့် ဖက်ရှင်အာရုံမရှိသည့်အတွက်
ယန်ရှီမှာကား အိတ်များစွာသည် အလားတူပုံစံများဖြစ်နေသည်ဟု ထင်မိသည်။
"အိမ်မှာ ဒါတွေနဲ့ ဒီဇိုင်းတူတဲ့အိတ်တွေ တွေ့ဖူးသလိုပဲ"
"အဲဒါတွေက ဒိတ်အောက်သွားပြီ"
ကျုံချင်းယွီကလည်း
လက်နှစ်ဖက်ကို ခါယမ်းပြီး ပြောလိုက်သည်။
"ဒိတ်အောက်တဲ့ပစ္စည်းတွေကို ဘယ်သူကသုံးမှာလဲ၊
ရှေးဟောင်းပစ္စည်းတွေမဟုတ်ဘူးဆိုရင် ကိုယ်သုံးမဲ့ ပစ္စည်းတွေက နောက်ဆုံးပေါ်ပစ္စည်းတွေဆိုမှ
အဆင်ပြေမှာ"
"ဒါဆို ဒိတ်အောက်သွားတဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ်မှာလဲ"
ယန်ရှီက
မေးလိုက်သည်။
ကျုံချင်းယွီ
တွေးနေမိသည်။ သူမ၏အိမ်တွင် ဒိတ်အောက်သွားသော ဖက်ရှင်ပစ္စည်းများစွာ ရှိနေပြီး ပုံမှန်အားဖြင့်
သူမကိုယ်တိုင်က ဂရုမစိုက်တတ်ပေ။
"အဲဒါတွေကို ဒီအတိုင်းထားလိုက်ပါ အိမ်အကူတွေ ရှင်းပေးလိမ့်မယ်။"
[အရမ်းဖြုန်းတာပဲ]
[ဒါပေမဲ့ ဒါကလည်း သူဌေးသမီးတွေရဲ့ ဘဝပဲလေ၊
သူတို့က ငါတို့လို ဇိမ်ခံအိတ်တစ်လုံးကို နှစ်တွေအကြာကြီးသုံးမဲ့ သူတွေမှမဟုတ်တာ]
[အားကျလိုက်တာဟာ ငါလည်း အိတ်တစ်လုံးပြီးတစ်လုံး
ကိုင်နိုင်ရင်ကောင်းမှာပဲ]
[
ချမ်းသာတဲ့အမွေဆက်ခံသူတွေက ဒီလိုမျိုး ဈေးမဝယ်ဘူး၊
သူတို့ကယဉ်ကျေးသိမ်မွေ့တဲ့သူတွေဖြစ်သင့်တာလေ၊ ယီယီနဲ့လင်းလင်းတို့ကတော့ တကယ့်သူဌေးသမီးတွေဆိုတော့
ဒီလိုသုံးဖြုန်းတာမျိုးမလုပ်ဘူး၊ ကျုံချင်းယွီကတော့ သူ့အဖေ ဘောစိရဲ့ပိုက်ဆံကို ဒီလိုမျိုးအလွန်အကျွံသုံးနေတာကို
ကြည့်ပါလား၊ အဲဒါမလို့ သူ့ကိုစွန့်ပစ်လိုက်ရင် ဘာပိုက်ဆံမှ ကျန်တော့မှာမဟုတ်ဘူး]
[ဟုတ်တယ်နော် ကျုံချင်းယွီက မကြာသေးခင်လောက်ကမှ
ချမ်းသာလာသူတွေရဲ့ပုံစံပဲ တကယ့်သူဌေးသမီးတွေက ဒီလိုမှမဟုတ်တာ]
ကျုံချင်းယွီဝယ်ထားသည့်
အိတ်များမှာ အလွန်များလွန်းသောကြောင့် ထုတ်လုပ်ရေးအဖွဲ့ကြိုတင်ဘွတ်ကင်တင်ထားသော ဟိုတယ်တွင်ပင်
အကုန်မဆန့်ခဲ့ပေ။ ကံကောင်းစွာဖြင့် သူမသည် လီချန်းမြို့ပေါ်တွင် တိုက်ခန်းတစ်ခုပိုင်ဆိုင်ထားသည်။
ထို့ကြောင့်ပင် လူးဝစ်ကို သူမဝယ်ယူထားသောပစ္စည်းအများစုကို ထိုနေရာသို့ပို့ခိုင်းကာ
သူမကြိုက်နှစ်သက်သောအရာများကိုသာ ထားခဲ့ခိုင်းလိုက်သည်။
"ချင်းယွီ အိမ်မှာရှိတဲ့ ဒိတ်အောက်တဲ့ အိတ်တွေနဲ့အဝတ်အစားတွေ
မလိုတော့ဘူးဆိုတာ သေချာလား"
ယန်ရှီက
စဉ်းစားကြည့်ပြီး ပြောလိုက်သည်။
"မလိုတော့ဘူး"
ကျုံချင်းယွီက
ပေါ့ပေါ့တန်တန်ဖြေလိုက်ပြီး ယန်ရှီကို ပြန်ကြည့်လိုက်သည်။
"ဘာလို့လဲ နင်လိုချင်လို့လား ဒါပေမဲ့ အဲဒါတွေက
ဒိတ်အောက်တဲ့ပစ္စည်းတွေလေ၊ ငါ နင့်ကိုအသစ်တစ်လုံးဝယ်ပေးမယ်၊ နင်ကြိုက်တာပြောပါ ဝယ်တာကလည်း
သိပ်ပြီးမကုန်ပါဘူး"
ယန်ရှီက
ပြုံးလိုက်သည်။
"ငါတွေးမိတာက နင်မလိုတော့တဲ့အရာတွေကို ပရိတ်သတ်တွေကဆီကိုလက်ဆောင်ပေးလိုက်ရင်
ကောင်းမယ်ထင်လို့ပါ"
ကျုံချင်းယွီသည်
ထိုအရာများကို မလိုချင်တော့သောကြောင့် ကောင်းမွန်စွာအသုံးချရန်ဖြစ်သည်။
ကျုံချင်းယွီ
မျက်ခုံးကြုတ်သွားမိပြီး အံ့ဩမိသွားသည်။
"ပရိတ်သတ်တွေကိုပေးမှာလား သူတို့က တကယ်လိုချင်လို့လား"
ယန်ရှီသည်
ဖုန်းကိုဖွင့်ပြီး ကျုံချင်းယွီအား သူတို့ Livestream ထဲရှိ ကောမန့်များကိုပြလိုက်သည်။
သူတို့၏ Livestream သည် လူကြိုက်အများဆုံးဒုတိယနေရာသို့ တက်လာခဲ့ပြီး
ကောမန့်များတွင် ပရိသတ်များက အော်ဟစ်တောင်ဆိုနေကြသည်။
[ ဘာမှမဖြစ်ဘူး ငါတော့လိုချင်တယ် ]
[ကျုံချင်းယွီဝယ်တဲ့ ပိုက်ဆံပမာဏကိုကြည့်ရင်
မနှစ်က ဝယ်ထားတာတောင်အသစ်လိုပဲ ဟုတ်တယ်မလား ငါတော့တစ်ခုလိုချင်တယ်]
[ငါလည်းဂရုမစိုက်ဘူး ငါဇိမ်ခံအိတ်တစ်လုံးလိုချင်တယ်]
[ခုနှစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်
အသစ်ဖြစ်နေရင်တောင် ဆိုင်တွေမှာ နှစ်ဆယ်ရာခိုင်နှုန်းလျှော့ပြီးရောင်းလို့ရတာပဲ ဘာလို့မလိုချင်ရမှာလဲ]
ပထမဆုံးအကြိမ်အဖြစ်
ကျုံချင်းယွီတစ်ယောက် သူမ မလိုချင်တော့သော ဒိတ်အောက်နေသည့်ပစ္စည်းများကို လူများစွာလိုချင်နေသည်ကို
သတိပြုမိသွားသည်။
သူမက
သက်ပြင်းကို သဲ့သဲ့ချလိုက်သည်။
"နင်တို့က တကယ်ကို ဂျီးမများဘူးပဲ"
သူတို့သည်
နေ့လည်စာကို မကြာသေးမီစားပြီးပြီဖြစ်သည်။ ထို့ကြောင့် ကျုံချင်းယွီသည် ဟိုင်မြို့ရှိ
သူမ၏ အိမ်အကူကို ဆက်သွယ်ပြီး အသုံးမပြုသောပစ္စည်းများအားလုံးကို ထုတ်ယူထားရန် မှာထားလိုက်သည်။
အိမ်စောင့်က
သေချာအောင်ထပ်မေးသည်။
"မမလေးကျုံ ဘယ်နှစ်ကဟာကို ထုတ်ရမှာလဲ မနှစ်ကပစ္စည်းတွေလား ဒါမှမဟုတ် အဲဒိမတိုင်ခင်နှစ်ကဟာကိုလား"
"အကုန်လုံးကိုထုတ်ပေးပါ"
ကျုံချင်းယွီက
ပြန်ပြောလိုက်သည်။
အိမ်အကူသည်
ကျုံချင်းယွီ၏ တိုက်ခန်းဘေးရှိ စတိုခန်းသို့သွားပြီး ကင်မရာကိုရှိရာသို့လှည့်ကာ ဗီဒီယိုခေါ်ဆိုမှုစတင်လိုက်သည်။
စတိုခန်းအတွင်း
ပစ္စည်းတင်သည့် စင်များစီတန်းလျက်ရှိပြီး အိတ်များ၊ အဝတ်အစားများဖြင့် ပြည့်နှက်နေသည်။
ပစ္စည်းအားလုံးကို
စနစ်တကျ ထားရှိထားပြီး အသုံးပြုထားသည့်လက္ခဏာများပင်မပြပေ။ အချို့အဝတ်အစားများတွင်
တံဆိပ်များပင် တပ်ဆင်ထားသေးသည်ဖြစ်ပြီး ကျုံချင်းယွီ မည်သည့်အခါမျှ မဝတ်ဖူးခဲ့ပေ။ သူမသည်
ဒိတ်အောက်သွားပြီဖြစ်သောကြောင့်သာ ထိုအရာများကို စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပါသည်။
စတိုခန်းသည်
ဒိတ်လွန်အဝတ်အစားများနှင့်အိတ်များဖြင့် ပြည့်နှက်နေပြီး သေးငယ်သောကုန်တိုက်တစ်ခု၏
တစ်ဝက်ခန့်ပင်ရှိသည်။
[အမလေး ဘုရာသကြားကယ်တော်မူပါ များလိုက်တာ ငါတော့
တစ်ခါမှမမြင်ဖူးဘူး]
[အိုး အဲဒီဝတ်စုံက အဆင့်စီအမှတ်တံဆိပ်ရဲ့ မနှစ်ကမှ
ထွက်တဲ့အသစ်ကြီးပါလား တံဆိပ်တောင်မဖြုတ်ရသေးဘူး]
[အဲဒီပခုံးလွယ်အိတ်လေးကိုကြည့်ကြပါဦး အဆင့်ဒီအမှတ်တံဆိပ်ရဲ့နောက်ဆုံးပေါ်အိတ်ကြီးပဲငါထင်တာ
မမှားဘူးဆိုရင် ဈေးနှုန်းက ခုနစ်သောင်း
ရှစ်သောင်းလောက်တန်လောက်တယ်တယ် အခုကျတော့ဒီမှာ အခုလိုဖုန်တက်နေတယ်ပေါ့]
[နှလုံးတွေကွဲကြေရချည်ရဲ့ မိန်းကလေးကျုံချင်းယွီရယ်၊
ဒီအဝတ်တွေ အိတ်တွေကို ဒီလိုနည်းနဲ့ဆက်ဆံရတာလား၊ ကျွန်မပဲ ပြန်စီစဥ်ပေးပါ့မယ်၊ ကျွန်မက
ရေဘဝဲတွေလိုမျိုး ရှစ်လုံးတစ်ချိန်တည်းသယ်နိုင်ပါတယ်]
ကျုံချင်းယွီသည်
ကောမန့်များစွာကို ကြည့်ရင်းရယ်မောလိုက်မိသည်။
“အားလုံးက တကယ်ပဲ ဂျီးမများကြဘူးနဲ့တူတယ်”
သူမပြောလိုက်သည်။
ယန်ရှီက
ထပ်ဖြည့်ပြောသည်။
“ဖန်တွေကို လက်ဆောင်ပေးဖို့ပစ္စည်းတချို့ရွေးလို့ရတယ်၊
နင့်ဖန်တွေက ဒီလောက်အကြာကြီး အားပေးနေကြတာ၊ ကျေးဇူးတင်ကြောင်းပြဖို့လိုတယ်”
ကျုံချင်းယွီသည်
ခေါင်းညိတ်သဘောတူလိုက်ပြီး အိမ်အကူအား ဂိုဒေါင်မှ အိတ်များနှင့် အဝတ်အစားများကိုပါ
ရွေးချယ်ပြီး ထုတ်ပိုးထားရန် အမိန့်ပေးလိုက်သည်။ ဆုလက်ဆောင်ပေးခြင်းဖြစ်သည့်အတွက် ဖန်များက
မကြိုက်လျှင် အခြားသူကို ထပ်ပေး၍ ရသလို တစ်ဆင့်ပြန်ရောင်းချင် ရောင်းချနိုင်သည်။
အိမ်အကူက ရွေးချယ်ရန် အချိန်လိုအပ်သဖြင့် လက်ဆောင်ပေးမည့်အချိန်ကို ညနေငါးနာရီဟု
သတ်မှတ်လိုက်သည်။
ယန်ရှီသည်
ကျုံချင်းယွီ၏ဖုန်းကိုယူကာ သူမ၏ Weibo အကောင့်မှတစ်ဆင့်
ဆုလက်ဆောင်ကြေညာချက်တင်လိုက်သည်။ ဖန်များအနေဖြင့် ကျုံချင်းယွီကို follow လုပ်ပြီး ချီးမွမ်းစကားတစ်ခွန်း ရေးသားရန်သာ
လိုအပ်သည်။
ပို့စ်တင်လိုက်သည်နှင့်တစ်ပြိုင်နက်
မှတ်ချက်များတွင် ကျုံချင်းယွီအား ချီးမွမ်းသူများဖြင့် ပြည့်သွားသည်။
ကျုံချင်းယွီအတွက်
ဤမျှလောက်အများအပြား ချီးမွမ်းခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ပို့စ်သည်
မြန်ဆန်စွာ ပျံ့နှံ့သွားပြီး #ကျုံချင်းယွီကို
ချီးမွမ်းခြင်းစသည့်
hashtag များက
ထိပ်တန်းရောက်လာသည်။ အင်တာနက်သုံးစွဲသူများသည် သိချင်စိတ်ကြီးစွာဖြင့် ကျုံချင်းယွီ၏ Giveaway ပို့်ကိုရှာရန်အတွက် နာမည်ကြီးနေသော သတင်း
ခေါင်းစဉ်များအောက်တွင် ဝင်ရောက်ရှာဖွေကြတော့သည်။
မည်သို့ပင်ဆိုစေကာမူ
ပစ္စည်းအခမဲ့ရနိုင်မည့်အခွင့်အရေးကို မည်သူကမှ လက်လွတ်ခံနိုင်မည်မဟုတ်ပါ။ follow လုပ်ရန်နှင့် ချီးမွမ်းစကားတစ်ခွန်းရေးရန်သာ
လိုအပ်သည်။ ထို့ကြောင့် လူပိုမိုများပြားလာပြီး ကျုံချင်းယွီ၏ live ကိုကြည့်ရှုလာကြသည်။
[ကျုံချင်းယွီက အလှဆုံးပဲ ငါက လက်ဆောင်ပေးမယ်ဆိုလို့
ရောက်လာခဲ့တာ ဆုရတဲ့သူ ဘယ်နှစ်ယောက်လောက်ရှိမလဲ၊ ငါဖြစ်ချင်လိုက်တာ]
[ကျုံချင်းယွီက အလှဆုံးနတ်သမီးလေးပဲ ဒီအနေအထားကြည့်ရတာ တော့ အနည်းဆုံး ဆုရတဲ့သူ ဆယ်ယောက်လောက်တော့ရှိမယ်နော်]
[ကျုံချင်းယွီက ပရိသတ်အားပေးမှုအများဆုံးရတဲ့
မင်းသမီးလေးပဲ သူ့ကိုမြင်ရတာနဲ့တင် အနိုင်ရသလိုပါပဲ၊ Giveaway ကျရင် ငါရအောင် ဘုရားသိကြားမ စပါ]
[ကျုံချင်းယွီက နာမည်ကြီးချင်လို့ လက်ဆောင်ပေးနေတာပါ
၊ လက်ဆောင်ပေးပြီးသွားတာနဲ့ အကုန်လုံးပြန်ငြိမ်သွားလိမ့်မယ် ကြည့်ထားလိုက် ဒါပေမဲ့
ကျုံချင်းယွီက အသက်ရှူမှား လောက်အောင်ကို
လှတယ်နော်]
[ကျုံချင်းယွီက စရိုက်ဆိုးတယ် လက်ဆောင်ပေးတာ
ပြီးတာနဲ့ငါထွက်သွားမှာ ဒါပေမဲ့ သူက တကယ်ကိုချောတာနော်]
[နင်တို့နှစ်ယောက် မရှက်ဘူးလား ရှက်တတ်ရင်
နေရာတကာ ၊ဝင်မပါနဲ့]
[ကြီးကြပ်တဲ့သူတွေ ဒီလူတွေကိုထုတ်ပစ်လိုက်ပါ
ဒီလိုမျိုး ပရိတ်သတ်အရေအတွက်များဖို့ မလိုပါဘူး]
အတိုချုပ်ပြောရလျှင် Weibo ရှိ ပရိုမိုးရှင်းကြော်ငြာကြောင့် ကျုံချင်းယွီ၏ live သည် ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။
ကြည့်ရှုသူအများစုသည်
ဆုလက်ဆောင်အတွက်သာ ရောက်ရှိလာကြသောကြောင့် chat box သည် ကျုံချင်းယွီအား ချီးမွမ်းသူများဖြင့် ပြည့်နှက်နေသည်။ အနည်းငယ်သော
ဝေဖန်မှုများပင် ချီးမွမ်းသံများကြားတွင် ပျောက်ကွယ်သွားသည်။
တချို့သူများမှာ
လွန်ကဲစွာချီးမွမ်းကြသည်။
[ကျုံချင်းယွီရဲ့ ခေါင်းပုံစံလေးက တကယ့်ကိုလှတယ်
လုံးဝကို ပြည့်စုံတဲ့ အနေအထားမျိုး ဝိုင်းဝိုင်းလေးနဲ့]
[ကျုံချင်းယွီရဲ့နားရွက်လေးတွေကလည်း ချစ်စရာကောင်းတယ်နတ်သမီးတစ်ပါးရဲ့
နားရွက်လေးတွေလိုပဲ]
[ကျုံချင်းယွီရဲ့ ခြေချောင်းလေးတွေကတောင် ချစ်စရာကောင်းနေတယ်]
[ဆံပင်တစ်ချောင်းချောင်းစီတိုင်းက ချစ်စရာလေးတွေ]
[ကူညီကြပါဦး သဘောကျလို့သေတော့မှာပဲ နှာခေါင်းလေးကလည်း
အရမ်းချစ်စရာကောင်းတယ်]
မိနစ်
၃၀ အတွင်း
#ကျုံချင်းယွီကိုချီးမွမ်းခြင်း #ကျုံချင်းယွီ၏ခြေချောင်းလေးများ #ကျုံချင်းယွီ၏နတ်သမီးလိုလှတဲ့နားရွက်လေး အစရှိသော hashtag အသစ်များ ထိပ်တန်းရောက်လာသည်။
System
သည် အွန်လိုင်းအခြေအနေကို စောင့်ကြည့်ရင်း
အံ့အားသင့်နေသည်။
[ဘုရားရေ Host ကြည့်ပါဦး ဝတ္ထုထဲမှာ ကျုံချင်းယွီက အပြစ်တင်ခံရတဲ့ hashtag တွေနဲ့ပဲ ထိပ်ဆုံးရောက်ဖူးတာ ချီးမွမ်းခံရတာ
ဒီတစ်ခါပထမဆုံးပဲ]
[ကျုံချင်းယွီရဲ့ live ကလည်း နံပါတ် ၁ ကို ရောက်နေပြီး ရဲ့လော့ယီကိုတောင်
ကျော်သွားပြီ]
System
သိသည်မှာ ဤချီးမွမ်းမှုအများစုသည် ယန်ရှီ၏ဆုလက်ဆောင်ကြောင့်သာ
ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ ချီးမွမ်းမှုများသာဖြစ်ပါသည်။
ယန်ရှီမှာ
ဤသို့ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ ငွေကြေးဆိုသည်က အလွန်စကားပြောသည်။
ချီးကျူးစကားတစ်ခွန်းပြောရုံဖြင့်
လက်ဆောင်ရနိုင်မည်ဖြစ်ရာ မည်သူက မပြောမည်နည်း။ သူတို့အတွက်ရော ကျုံချင်းယွီအတွက်ပါ
အကျိုးအမြတ်ရမည့် အနေအထားမျိုးပင်ဖြစ်နေလေသည်။
ဘာမျှထွေထွေထူးထူးလုပ်စရာမရှိသူများအတွက်
ကျုံချင်းယွီ၏
Livestream ကို
ကြည့်ရှုခြင်းသည်လည်း မဆိုးလှသည့် အကြံတစ်ခုဖြစ်သည်။
လိုက်ဗ်ရှိုးကိုစတင်ချိန်မှစ၍
ယခုထိတိုင် ကျုံချင်းယွီသည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူမ၏ ရသစုံရှိုးတင်ဆက်သည့်
ကျွမ်းကျင်မှုသည် သာမန်ဖြစ်နေသော်လည်း သူမ၏အလှတရားတစ်ခုတည်းကပင် ပရိသတ်အချို့ကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
System
သည် စိတ်လှုပ်ရှားနေသည်။
[အို Host ရေ
မင်းတကယ်ကိုတော်တာပဲ၊
ဒီလိုဆက်သွားရင် ကျုံချင်းယွီဟာ လူတွေအများကြီး အမုန်းခံရမဲ့ကံကြမ္မာကနေ တကယ်လွတ်မြောက်သွားနိုင်တယ်]
…….
ထိုအချိန်တွင်
တစ်ဖက်တွင်လည်း…
“သစ်ရွက်လေးတို့ရေ ဒီစားသောက်ဆိုင်လေးကို လင်းလင်းနဲ့ကျွန်မတို့
ရှာတွေ့ထားတာပါ၊
Instagram က review တွေ ကြည့်ရတာတော့ ဈေးနှုန်းသင့်တင့်ပြီး အရသာရှိတယ်ဆိုတော့
ဒီနေ့စားကြည့်ရအောင်”
ရထားဘူတာမှထွက်သည်နှင့်
ပူပြင်းသောနေရောင်ခြည်အောက်တွင် ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် ချွေးများဖြင့် ရွှဲနေကြသည်။
ဆုလင်းလင်းသည်
ပင်ပန်းနွမ်းနယ်နေပြီး ရထားခရီးတစ်လျှောက် မတ်တပ်ရပ်ခဲ့ရသဖြင့် ခြေထောက်များတွင် သွေားများခဲနေသကဲ့သို့
လေးလံနေသည်။
ရဲ့လော့ယီသည်လည်း
နေရာမရခဲ့ပေ။ ခြေသလုံးသွယ်လျစေရန် Botox Treatment လုပ်ထားသဖြင့် သူမ၏ ခြေသလုံး များသည် ရောင်ကိုင်းနေသော်လည်း ထုတ်လုပ်သူဒါရိုက်တာ၏
ကင်မရာက သူမဘက်သို့သာ ချိန်ထားသဖြင့် အားအင်ပြည့်နေဟန်ဆောင်ရသည်။
သို့သော်
နောက်ဆုံးတွင် နေ့လည်စာစားချိန်ရောက်လာခဲ့ပြီး အနားယူနိုင်ခဲ့သည်။
ရဲ့လော့ယီရွေးချယ်ထားသော
စားသောက်ဆိုင်မှာ လမ်းကြားတစ်ခုအတွင်းရှိ ပြင်သစ်အစားအစာဆိုင်ဖြစ်သည်။
[လီ မြို့မှာ စာသင်တုန်းက အဲဒီဆိုင်ကိုသွားဖူးတယ်
လက်ရာတွေက အရမ်းကောင်းတယ်]
[ယီယီရဲ့အရသာခံနိုင်မှုက တကယ့်ကိုအဆင့်မြင့်တယ်
ဒီဆိုင်လေးရဲ့အပြင်အဆင်က သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်]
[ယီယီရဲ့
livestream ကို
ကြည့်ရင်းနဲ့ လီမြို့တော်မှာ စိတ်ဝင်စားစရာနေရာတွေအများကြီးတွေ့ခွင့်ရခဲ့တယ်]
အစားအစာများမှာယူပြီးမကြာမီ
ပူနွေးသောပြင်သစ်အစားအစာများ ရောက်ရှိလာသည်။
ဆုလင်းလင်းသည်
မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေသော်လည်း အစားအစာ၏ အပြင်အဆင်အားနည်းသည်ကိုမြင်သည်နှင့်
စိတ်ပျက်မိသလိုဖြစ်သွားမိသည်။
ပြင်သစ်မုန့်သည်
ချိုမြိန်သော်လည်း အလွန်အမင်းချိုလွန်းပြီး နို့အနှစ်များလည်း များလှသည်။ တစ်ကိုက်
ကိုက်လိုက်သည်နှင့် နို့အနှစ်များက ဆုလင်းလင်း၏အဝတ်ပေါ်သို့ပင် လွင့်စင်တော့မတက်ဖြစ်နေသည်။
ပုစွန်ဆန်းဒ်ဝှစ်သည်
အရသာကောင်းမွန်လှသော်လည်း တစ်ကိုက်နှစ်ကိုက်ကိုက်ပြီးသည်နှင့် မာသလိုလိုခံစားချက်မျိုး
ရနေခဲ့သည်။
ဆုလင်းလင်းသည်
ဆုမိသားစု၏ သမီးဖြစ်သဖြင့် အမေရိကန်ဒေါ်လာ ၅၀ တန် အမဲသားခေါက်ဆွဲများစားဖူးသော်လည်း
ဒေါ်လာ ၅၀ တန် ပြင်သစ်အစားအစာကိုမူ မစားဖူးပေ။
ထိုနေ့၏နေ့လည်စာသည်
ဆုလင်းလင်းအတွက် စိတ်မဝင်စားစရာဖြစ်နေသည်။ ဤဆိုင်မှာ သန့်ရှင်းသပ်ရပ်မှုမရှိဘဲ ဝန်ဆောင်မှုမကောင်းသော
လမ်းဘေးဆိုင်တစ်ဆိုင်သာသာပင်
ဖြစ်သည်။
ရဲ့လော့ယီသည်လည်း
အစားအစာကို သိပ်မကြိုက်သော်လည်း သရုပ်ဆောင်အတတ်ဖြင့် မျက်နှာအမူအရာကို အနည်းငယ်မျှပင်မပြောင်းလဲဘဲ
ချီးမွမ်းနေသည်။
အစားအသောက်များ ကောင်းခြင်း၊ မကောင်းခြင်းထက် live ကြည့်နေသော ပရိတ်သတ်များ ကျေနပ်မှုသာ အရေးကြီးသည်။
ရဲ့လော့ယီ၏
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများက အမှန်တကယ်ပင် အလွန်နှစ်သက်နေပုံရသည်။
[ငါလည်း ရီရီသွားတဲ့အတိုင်း လဲ့ချင်းမြို့တော်ကိုသွားမယ်]
[ယီယီရွေးချယ်တဲ့နေရာတွေက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်နော်
ဒီနွေရာသီကျရင်
M နိုင်ငံကိုသွားဖို့စီစဉ်ထားပေမဲ့
အခုတော့
F နိုင်ငံကိုပြောင်းသွားဖို့စဉ်းစားနေရပြီ]
[ယီယီရဲ့ခရီးစဉ်က တခြားတစ်ခုထက် ပိုပြီးစစ်မှန်တယ်
နောက်တစ်ခုက ဆုကြေးပေးပြီး ပရိသတ်ဆွယ်နေတာ]
[တကယ်တမ်းကျတော့ ပညာချင်းမယှဉ်နိုင်လို့ ငွေနဲ့ဆွယ်တာပဲလေ၊
သနားစရာကောင်းလိုက်တာနော်]
[ဟင် နောက်တစ်ခုမှာ ဆုလက်ဆောင်ပေးတာလား ငါသွားကြည့်ဦးမှ]
ရဲ့လော့ယီသည် Livestreamရှိ ကောမန့်များကို မမြင်နိုင်သော်လည်း သူမ၏ထုတ်လွှင့်မှုအပေါ်
ယုံကြည်မှုအပြည့်ရှိနေသည်။
မနေ့က
စတင်ထုတ်လွှင့်ခဲ့သည့်အချိန်မှစ၍ လေယာဉ်ခရီးကြောင့် ဆယ့်နှစ်နာရီခန့် နားခဲ့ရသော်လည်း
ယနေ့မနက်ပိုင်းတွင် ပြန်လည်ထုတ်လွှင့်သည့်အခါ သူမ၏ထုတ်လွှင့်မှုသည် ထိပ်ဆုံးနေရာတွင်
ဆက်လက်ရှိနေဆဲဖြစ်သည်။
ရဲ့လော့ယီသည်
သူမ၏ ကြိုးစားမှုများကြောင့် Livestream ၏ ရေပန်းစားမှုလာမှာ ပိုမိုတိုးတက်လာမည်ဟု ထင်မှတ်ထားသည်။
ထို့အပြင်
ထျန်းဟွေ့ အနုပညာကုမ္ပဏီကလည်း လှုပ်ရှားမှုများစတင်ခဲ့ပြီးဖြစ်သည်။ မနေ့နှင့် ယနေ့မနက်ပိုင်းတွင်
ဆောင်ရွက်ခဲ့သော သူမ၏ လှုပ်ရှားမှုများအကြောင်းများဖြင့် သူမနှင့်သက်ဆိုင်သော ခေါင်းစဉ်များကို
တင်ထားပြီး ထိပ်ဆုံးနေရာသို့ ရောက်ရှိလာမည်သာဖြစ်သည်။ ရဲ့လော့ယီသည် "အတူခရီးသွားကြစို့" ရသစုံရှိုးကို အသုံးချ၍ သူမ၏ရေပန်းစားမှုကို
ပိုမိုမြှင့်တင်ရန် စီစဉ်ထားသည်။
ပြင်သစ်ပေါင်မုန့်ကင်ကို
အနည်းငယ်ထပ်စားပြီးနောက် ရဲ့လော့ယီသည် ဆက်စားနိုင်စွမ်းမရှိတော့ဘဲ သစ်သီးဖျော်ရည်ကိုသာ
သောက်သုံးလိုက်သည်။
စားသောက်ဆိုင်ရှိ
ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကို လှမ်းကြည့်ရင်း သစ်ရွက်များ လေတို့ဖြင့် ယိမ်းထိုးနေပုံကို
မြင်လိုက်ရသည်။ တခြားဧည့်သည်များ မည်သို့နေကြမည်နည်းဟု သူမတွေးမိသည်။
ထိုစားသောက်ဆိုင်တွင်ပင်
စားသောက်နေကြသော အဖွဲ့ဝင်အချို့က အခြားဧည့်သည်များ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို
စောင့်ကြည့်နေပြီး ရဲ့လော့ယီအား သူတို့၏ လုပ်ဆောင်ချက်များအကြောင်း ပြောပြပေးကြသည်။
"ဆရာချင်းနဲ့ ဆရာကန်တို့က လီမြို့တော်ရဲ့ အထင်ကရနေရာတွေကို
သွားနေကြတယ် အခုတော့ လီမြို့တော်က
ဘုရားရှိခိုးကျောင်းမှာ ဓာတ်ပုံတွေရိုက်နေကြတယ်"
"ဒါရိုက်တာကျန်းနဲ့ ဇာတ်ညွှန်းရေးဆရာ ရှောင်းယွီတို့က
ကော်ဖီဆိုင်တစ်ခုကိုသွားနေကြတယ်၊ လီမြို့တော်ရဲ့ မျှော်စင်ကို ကောင်းကောင်းမြင်ရတဲ့အတွက်
ရိုက်ကူးရေးလုပ်မဲ့ နေရာအဖြစ် ရွေးချယ်ချင်ရင်ရွေးချယ်လိမ့်မယ်"
"ဆရာမကျုံချင်းယွီနဲ့ ဆရာမယန်ရှီတို့က ထမင်းစားပြီးသွားပြီ၊
အခုတော့ ကုန်တိုက်မှာ ဈေးဝယ်နေကြတယ်"
"ကုန်တိုက်မှာ ဈေးဝယ်နေတာလား"
ဆုလင်းလင်းက
မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။
"ခရီးသွားရသစုံရှိုးမှာ ဈေးဝယ်တာကို ထုတ်လွှင့်တယ်ဆိုတာ
ဘယ်သူကများလုပ်လို့လဲ ငါတို့တရုတ်ပြည်မှာရော ကုန်တိုက်တွေ မရှိဘူးလား"
ဆုလင်းလင်းသိထားသည်မှာ
နိုင်ငံခြားကုန်တိုက်များတွင် ဇိမ်ခံပစ္စည်းများက ပြည်တွင်းထက် ဈေးနှုန်းသက်သာပြီး
ခရီးသွားများစွာ ဈေးဝယ်လေ့ရှိကြသော်လည်း ကုန်ပစ္စည်းအမျိုးအစားအားဖြင့် ပြည်တွင်းပြည်ပကွာခြားမှု
သိပ်မရှိပေ။
"အဓိကက သူတို့ကြိုပြီး မစီစဉ်ထားလို့ပါ၊ ကျုံချင်းယွီက
ပျော်စရာကောင်းအောင်ဘယ်ကိုသွားရမလဲ မသိဘူးထင်တယ်"
ရဲ့လော့ယီက
သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ကင်မရာဘက်သို့ မျက်နှာမူကာ ပြောလိုက်သည်။
"အဲဒါကြောင့် ပရိတ်သတ်ကြီးတို့လည်း ခရီးသွားတဲ့အခါ
ကြိုတင်စီစဉ်ထားတာ အကောင်းဆုံးပါပဲ ဘယ်ကိုသွားရမှန်း မသေချာရင် ကျွန်မနဲ့ လင်းလင်းစီစဉ်ထားတဲ့အတိုင်း
လိုက်လုပ်ကြည့်ပါ၊ တကယ်ကို ပျော်စရာကောင်းပြီး ငွေရေးကြေးရေးအရလည်း သင့်တော်ပါတယ်"
ကျုံချင်းယွီ၏
တိုက်ရိုက်ထုတ်လွှင့်မှုနှင့်ပတ်သက်၍ ရဲ့လော့ယီကတခစ်ခစ်ရယ်မောလိုက်သည်။ ဈေးဝယ်ခရီးစဉ်ကို ထုတ်လွှင့်နေရသည်အထိ နိမ့်ကျသွားပြီဖြစ်ရာ
ကြည့်ရှုသူအများအပြားရှိနေမည်မဟုတ်ဟု သူမယူဆသည်။
အစောပိုင်းတွင်
ရဲ့လော့ယီသည် ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ဒုတိယနေရာသို့ တက်လာနိုင်မည်ကို
စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင်မူ တတိယနေရာကိုပင် ထိန်းထားနိုင်ရန် ခက်ခဲနေဦးမည်သာဖြစ်သည်ဟု
ထင်မြင်ယူဆမိလိုက်သည်။
ပြင်သစ်အစားအသောက်များသည် သာမန်အားဖြင့် အချိန်အကြာကြီး စောင့်ရသည့်အပြင် စားသောက်ဆိုင်လေးမှာလည်း လူများနေသဖြင့် အစားအစာများက အချိန်အတော်အတန်ကြာမှ ရောက်ရှိလာသည်။
ရဲ့လော့ယီသည် ငြီးငွေ့လာမိပြီး စူးစမ်းလိုစိတ်ကြောင့် သန့်စင်ခန်းသွားရန် အကြောင်းပြကာ ထွက်သွားခဲ့သည်။
သန့်စင်ခန်းထဲရောက်သည်နှင့် သူမသည် ချက်ချင်းပင် ဖုန်းကိုထုတ်၍ တိုက်ရိုက်ထုတ်လွှင့်မှုအခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် မိမိ၏ထုတ်လွှင့်မှုလောက် ရေပန်းမစားနိုင်ဟု ခန့်မှန်းထားသော်လည်း ရဲ့လော့ယီအနေဖြင့် ကိုယ်တိုင်မြင်မှသာ စိတ်သက်သာရာရမည်ဖြစ်သည်။
သူမသည် "အတူခရီးသွားကြစို့" အစီအစဉ်မှ အဖွဲ့ဝင်များပေးထားသော Weibo အက်ပလီကေးရှင်းကို အမြန်ဖွင့်ကာ ဧည့်သည်လေးဦး၏ တိုက်ရိုက်ထုတ်လွှင့်မှုအခြေအနေကို ရှာဖွေလိုက်ရာ ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ရေပန်းစားမှုစာရင်းတွင် ထိပ်ဆုံးနေရာ၌ ရှိနေသည်ကို တွေ့မြင်ရသဖြင့် အံ့အားသင့်မိသွားသည်။
ရဲ့လော့ယီ၏ မျက်လုံးများ ပြူးကျယ်မိသွားသည်။
"ဘာဖြစ်လို့ သူကထိပ်ဆုံးရောက်နေတာလဲ"
ငြီးငွေ့ဖွယ်ကောင်းသော ဈေးဝယ်ခရီးစဉ်တိုက်ရိုက်ထုတ်လွှင့်မှုသည် မည်သို့များ နံပါတ်တစ်ဖြစ်နိုင်မည်နည်း။
ရဲ့လော့ယီသည် ချက်ချင်းပင် ထိုတိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ဝင်ရောက်ကြည့်ရှုလိုက်ရာ ကျုံချင်းယွီသည် Giveaway ပေးမည်ဟု ကြေငြာထားသည်ကို သတိထားမိလိုက်သည်။ Livestream ရှိ စကားပြောခန်းမှာပင် သူမကိုချီးမွမ်းသော မှတ်ချက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိရသည်။
ရဲ့လော့ယီသည် အံကို ခပ်တင်းတင်းကြိတ်လိုက်မိပြီး သူမ၏ လက်ချောင်းများသည် ဖုန်းကို အလွန်တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် အဖြူရောင်သန်းလာသည်။
ကျုံချင်းယွီ၏ ဆုလက်ဆောင်ပေးမည်ဟူသော ကြေငြာချက်ကြောင့် ရဲ့လော့ယီ၏ ဝယ်ယူထားသော ခေါင်းစဉ်အနည်းငယ်မှာ ယခုအခါ ကျုံချင်းယွီအကြောင်း ဖော်ပြနေသော သတင်းခေါင်းစဉ်များအောက်တွင် မထင်မရှားဖြစ်နေပြီး အထီးကျန်နေသကဲ့သို့ပင် ဖြစ်နေသည်။
သူမသည် ထိပ်တန်းအနုပညာရှင်မဟုတ်သလော။
ဤအစီအစဉ်တွင် အရေပန်းစားဆုံးသူ မဟုတ်သလော။
ကျုံချင်းယွီသည် မည်သို့များ သူမထက် သာလွန်နိုင်မည်နည်း။
မှန်ရှေ့သို့သွားပြီး ရဲ့လော့ယီသည် မိတ်ကပ်အနည်းငယ် ပြန်ပြင်လိမ်းလိုက်ကာ သဘာဝကျသော အသွင်အပြင်ကို ပိုမိုတောက်ပလာစေသည်။ ထို့နောက် သူမ၏ ပုံမှန်နူးညံ့သော အမူအရာကို ပြန်လည်ထိန်းသိမ်းကာ စားသောက်ဆိုင်အတွင်းရှိ ထိုင်ခုံထံသို့ ပြန်လာခဲ့သည်။
ဆုလင်းလင်းသည် ရဲ့လော့ယီ တစ်ခုခုမှားယွင်းသလို ဖြစ်နေသည်ကို သတိပြုမိသည်။
"ယီယီ ဘာတွေဖြစ်နေတာလဲ မျက်နှာက အရမ်းဖြူဖျော့နေသလိုပဲ"
ရဲ့လော့ယီ: "ဘာမှမဖြစ်ပါဘူး သွေးထဲ သကြားဓာတ်နည်းနေတာပဲ ဖြစ်မယ်ဖျော်ရည်နည်းနည်းလောက်သောက်လိုက်ရင် ပြန်ကောင်းသွားမှာပါ"
သူမသည် ဖျော်ရည်အနည်းငယ်သောက်လိုက်သော်လည်း အလွန်ချိုလွန်းသည်ဟုခံစားရပြီး ဗိုက်ထဲတွင် မအီမသာဖြစ်လာသည်။
ကျန်သည့်အချိန်များတွင် ရဲ့လော့ယီသည် သန့်စင်ခန်းထဲသို့ ထပ်ခါထပ်ခါအကြိမ်ကြိမ်သွားခဲ့သည်။
ကျုံချင်းယွီ၏ အင်တာနက်အသုံးပြုသူများအား ဆွဲဆောင်မှုမှာ ဆုကြေးပေးခြင်းသာဖြစ်သည် မဟုတ်လော။
သူတို့သည် သူမကို ချီးမွမ်းပြီးနောက် အချိန်တန်လျှင် ထွက်သွားကြမည် မဟုတ်လော။
သူမ၏ရေပန်းစားမှုမှာ ခဏတာဖြစ်သည်။ မကြာမီ ကျဆင်းသွားမည်သာဖြစ်သည်။
ဤကဲ့သို့ငြီးငွေ့ဖွယ်ကောင်းသော ဈေးဝယ်ခြင်းနှင့် အိတ်များပြသခြင်းတိုက်ရိုက်ထုတ်လွှင့်မှုကို မည်သို့သောသူများက ကြည့်ရှုမည်နည်း။
သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသည်။ ပရိသတ်များသည် သူမကိုသာ ကြည့်ရှုသင့်သည်ဟု စိတ်ထဲရေရွတ်နေမိသည်။
ရဲ့လော့ယီသည် ဤစိတ်ဖြင့်ပင် သန့်စင်ခန်းထဲသို့ မည်သူမျှမသိ အောင်ဝင်ရောက်ကာ ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စစ်ဆေးခဲ့သည်။ သို့သော် စိတ်တုန်လှုပ်စရာ ကောင်းသည်မှာ ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ရေပန်းစားမှုစာရင်း၏ ထိပ်ဆုံးတွင် ဆက်လက်ရှိနေဆဲဖြစ်သည်။
ကုန်တိုက်တွင် ဈေးဝယ်ပြီးနောက် ကျုံချင်းယွီသည် ယန်ရှီအား အချိုတည်းလို့ရသည့်ဆိုင်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ တရုတ်နိုင်ငံတွင်လည်း တွေ့နိုင်သော သာမန်ဆိုင်ခွဲတစ်ခုသာဖြစ်သည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှုတွင် စိတ်ဝင်စားဖွယ်ရာ ဘာရှိသနည်း။
သို့သော် လူများသည် ကြည့်ရှုနေကြဆဲဖြစ်သည်။
[ကျုံချင်းယွီက တကယ့်ကိုလှတာပဲ အချိုပွဲတွေကလည်း တကယ့်ကိုအရသာရှိမဲ့ပုံပဲနော်]
[ကျုံချင်းယွီက အနုပညာလောကမှာ အထွတ်အထိပ်ရောက်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဒီအချိုပွဲဆိုင်က ဆိုင်ခွဲတစ်ခုက ငါတို့နားမှာရှိတာ အခုပဲ အမှာတင်လိုက်ပြီ ဟီးဟီး၊ အဲဒါမလို့ ပြောရမယ်ဆိုရင် ငါကလည်း ယန်ရှီနဲ့ အချိုပွဲကို အတူတူ စားနေသလိုပဲပေါ့နော်]
[ကျုံချင်းယွီရဲ့ ဆံပင်လေးတွေကတောင်မှ အံ့သြစရာကောင်းတယ်
Giveaway ဘယ်အချိန်ပေးမှာလဲ ငါမစောင့်နိုင်တော့ဘူး]
[ကျုံချင်းယွီက အလွန်လှရက်နိုင်လွန်းတယ်၊ လက်ဆောင်ပေးမဲ့အချိန်က ညနေ ၅ နာရီ ကျရင် ပေးမှာ သုံးနာရီကျော်ကျော်လောက်ပဲ လိုတော့တာ ငါတော့ အရမ်းတွေစိတ်လှုပ်ရှားနေပြီ]
စိတ်လှုပ်ရှားနေတာတဲ့လား။ ငါတော့ ဘာမှစိတ်လှုပ်ရှားစရာ မကောင်းပါဘူး!
ရဲ့လော့ယီသည် ဒေါသဖြင့် ဖုန်းကို အောက်ချလိုက်သည်။ သန့်စင်ခန်းထဲတွင် အကြာကြီးနေခြင်းသည်လည်း မကောင်းပေ။ သူမသည် မှန်ရှေ့တွင် ဆံပင်ကိုဖြီးလိုက်ပြီး စိတ်ကိုတည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်ကာ စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။
ဆုလင်းလင်းသည် ရဲ့လော့ယီကို သံသယဖြင့်ကြည့်နေသည်။
"ယီယီ ဒီနေ့ သန့်စင်ခန်းထဲသွားတာ ခြောက်ကြိမ်ရှိသွားပြီနော်၊ အစာအိမ်နဲ့ ပတ်သက်တဲ့ပြဿနာတွေဖြစ်နေတာများလား"
ရဲ့လော့ယီ၏ မျက်နှာအမူအရာသည် ခဏတာတုန်လှုပ်သွားခဲ့သည်။ သူမသည် စိတ်အေးလက်အေးရှိပြီး စိုးရိမ်ပူပန်မှုမရှိသော နတ်သမီးတစ်ဦးအဖြစ် လူသိများသည့် ပုံရိပ်တစ်ခုကို တည်ဆောက်ထားသည်။
နတ်သမီးတစ်ဦးသည် အစာအိမ်ပြဿနာရှိနိုင်ပါသလား။ ထိုအရာမှာ သာမန်လူသားများ၏ ပြဿနာသာဖြစ်သည်။
ရဲ့လော့ယီသည် သူမ၏ထိုင်ခုံကို ကျက်သရေရှိစွာ ဆွဲထုတ်လိုက်သည်။
"မဟုတ်ပါဘူး ဒါက"
"ကျွီ"
ထိုင်ခုံသည် ကြမ်းပြင်နှင့် ပွတ်တိုက်မိသော အသံထွက်လာသည်၊ ပထမဆုံးအကြိမ် ကြားမိသည့်အချိနိတွင် လူ့ခန္ဓာကိုယ်မှထွက်သော အသံတစ်ခုနှင့် အလွန်ဆင်တူနေသည်။
“…”
“…”
တိတ်ဆိတ်ခြင်း။
တိတ်ဆိတ်ခြင်းထက် ပို၍ စိတ်ကသိကအောက်ဖြစ်စရာမရှိပေ။
ဆုလင်းလင်းသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန်လည်အသက်ဝင်လာစေရန် နှာခေါင်းကို လက်ဖြင့် လျင်မြန်စွာအုပ်လိုက်သည်။
ရဲ့လော့ယီ: ?
ရဲ့
လော့ယီ၏ မျက်နှာသည် ချက်ချင်းဖြူဖျော့သွားသည်။
"အဲဒီလို မဟုတ်ပါဘူး အဲဒိအသံက ထိုင်ခုံက ပွတ်တိုက်မိလို့ ထွက်လာတဲ့ အသံပါ"
သို့သော် သူမပတ်ဝန်းကျင်ရှိလူများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုနေသူများသည် ထိုကဲ့သို့သော ကွာခြားမှုကို မသိမြင်နိုင်ပေ။ ရဲ့လော့ယီသည် သန့်စင်ခန်းခြောက်ကြိမ်သွားပြီးဖြစ်သည့်အချက်နှင့် ပေါင်းစပ်လိုက်သောအခါ ထွက်ပေါ်လာသောအသံသည် တစ်ချို့သော စိတ်ကူးယဉ်ဆန်သည့် ကောက်ချက်များကို ဖြစ်ပေါ်စေခဲ့ တော့သည်။
[အကုန်လုံးက ထမင်းစားပါတယ် အဲဒါမလို့ ဒါက ပုံမှန်ဖြစ်နေကျပါပဲ]
[လေလည်တာပဲ ယီယီရယ် ဘာမှမဖြစ်ပါဘူး လူတိုင်းလေလည်ကြတာပဲကို]
[ယီယီလည်း အခုမှ ပုံမှန်မိန်းကလေးတစ်ယောက်နဲ့ ပိုပြီးတူလာတယ်လို့ ခံစားရတော့တယ် စိတ်မပူပါနဲ့ အစာအိမ်အောင့်လို့ဖြစ်တာပါ]
[အဲဒါက စားသောက်ဆိုင်အပြစ်ပါ ယီယီအပြစ်မဟုတ်ပါဘူး]
အနီးအနားရှိလူအချို့သည် သဘာဝအတိုင်း အသက်ရှူအောင့်ထားမိပြီး သူတို့၏မျက်နှာများတွင် ရွံရှာစက်ဆုပ်မှုကို ပြသနေသည်။
အဖွဲ့ဝင်အနည်းငယ်သည် ယဉ်ကျေးစွာဖြင့် မသိသလို ဟန်ဆောင်နေထိုင်ရန် ကြိုးစားနေစဉ် သူတို့၏ခေါင်းများကိုလှည့်ကာ နှာခေါင်းများကိုဖုံးလိုက်ကြသည်။
ရဲ့လော့ယီ: "..."
ဤကိစ္စသည် အလွန်ကိုးရိုးကားရားနိုင်လွန်းသဖြင့် ဆုလင်းလင်းပင် မည်သို့ပြောရမည်မသိတော့ပေ။ သို့သော် ရဲ့လော့ယီ၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည့်အတွက် သူမအတွက် ရပ်တည်ပေးရမည်ဟု ခံစားမိသည်။
သူမသည် ရဲ့လော့ယီအား ကာကွယ်ရန် ပါးစပ်ဟရန်ပြင်လိုက်စဥ် စားပွဲထိုးသည် အပြာရောင် ဒိန်ခဲများထည့်ထားသည့် ပန်းကန်တစ်ခုကို သယ်လာနေခဲ့ပြီဖြစ်သည်။ ပြင်းထန်သော အနံ့ဆိုးသည် လေထုတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ဆုလင်းလင်းအနီးသို့ လှိုင်းလုံးကြီးတစ်ခုသဖွယ် ရိုက်ခတ်သွားသည်။
"ဒါက ဘယ်လိုအနံ့ကြီးလဲ ဆိုးလိုက်တာ"
သူမသည် ခဏတာ ကြောင်သွားသလို ဖြစ်သွားပြီး နှာခေါင်းကိုလက်ဖြင့် အုပ်ကာ အော်လိုက်မိသည်။
ရဲ့လော့ယီ၏ အမြင်အာရုံတစ်ခုလုံး မှောင်အတိကျသွားတော့သည်။
ယခုအခါတွင် သူမ၏ နာမည်တစ်လုံးကို သိက္ခာမကျအောင် အဖက်ဆယ်ဖို့ရာ နည်းလမ်းမရှိတော့ပေ။