အပိုင်း ၁၇
ကျင်းထောင် ပြောနေခဲ့သည်မှာ လွန်ခဲ့သော တစ်လက ကျုံချင်းယွီနှင့် ပတ်သက်သည့် နာမည်ပျက်သတင်းအကြောင်း ဖြစ်သည်။
လွန်ခဲ့သည့် တစ်လက ကျုံချင်းယွီသည် ရိုက်ကွင်း၌ ညနက်သန်းခေါင်အထိ ရိုက်ကူးနေစဥ် မျက်စိညောင်းညာမှု သက်သာစေရန် မျက်စဥ်းခတ်နေသည်ကို ပါပါရာဇီများ၏ ကင်မရာများမှတစ်ဆင့် ရိုက်မိခဲ့သည်။ ကံမကောင်းစွာဖြင့် နောက်တစ်ခန်းတွင် သူမငိုရမည့်ဇာတ်ဝင်ခန်းဖြစ်နေကာ ပါပါရာဇီများသည် ကျုံချင်းယွီဟာ မျက်ရည်အတုလုပ်ရန် မျက်စဥ်းလိုအပ်သည်ဟု ကောလာဟလ ဖြန့်ခဲ့ကြသည်။
ကျုံချင်းယွီသည် သူမ၏ သရုပ်ဆောင်စွမ်းရည်မှာ သိပ်ပြီး မထူးခြားလှသည်အား သိထားသော်လည်း မျက်ရည်ကျရန် မျက်စဥ်း အသုံးပြုရလောက်သည် အထိ မဆိုးဝါးကြောင်းတော့သိသည်။ ထိုပါပါရာဇီများသည် အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်နေခြင်းသာ ဖြစ်သည်။
သို့သော် ကျုံချင်းယွီသည် ယခင်က သူမ သရုပ်ဆောင်ခဲ့သည့် ဇာတ်ကောင်တိုင်းအား ဝေဖန်ခံခဲ့ရသဖြင့် လူတိုင်းသည် ဤသတင်း ထွက်ပေါ်လာသည့်အခါ ချက်ချင်းဆိုသလို ယုံကြည်သွားကြပြီး သူမ၏ သရုပ်ဆောင်မှုသည် အလွန်ဆိုးရွားသည်ဟု ထင်ခဲ့ကြသည်။
ကျုံချင်းယွီသည် သွားများတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"အဲသတင်းတွေက ပါပါရာဇီတွေ ကျွန်မကို တိုက်ခိုက်ဖို့ ကြိုးစားနေကြတာ ကျွန်မက ငိုရတဲ့အခန်းတွေအတွက် မျက်စဥ်းမလိုဘူး”
ကျင်းထောင်က ပြန်လည် ချေပသည်။
"ဒါဆို တစ်မိနစ်လောက် အခုချက်ချင်း ငိုကြည့်လိုက်!"
ကျုံချင်းယွီက လှောင်ပြောင်လိုက်သည်။
"ကျွန်မငိုနိုင်ရင် ရှင့်ရဲ့ ပရောဂျက်မှာ ကျွန်မကို အမျိုးသမီးဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခွင့်ပေးမှာလား"
ကျုံချင်းယွီ၏ စကားများသည် သူ့ကို အံ့အားသင့်စေခဲ့ပြီး ကျင်းထောင်တစ်ယောက် တစ်ခဏမျှ ရပ်တန့်သွားခဲ့သည်။ သူသေချာစဉ်းစားခဲ့သော်လည်း ခေါင်းကိုသာ ခါယမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး မင်းငိုနိုင်ရင်တောင် မင်းကို အမျိုးသမီးဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခွင့်ပေးလို့ မရဘူး၊ မင်းနဲ့မသင့်တော်ဘူး ငါ့အလုပ်အတွက် ငါတာဝန်ယူရမယ်”
ကျုံချင်းယွီ- "…”
ကျုံချင်းယွီသည် မည်သည်ကိုမျှ မပြောတော့ဘဲ သူမ၏ မြေခွေးမျက်လုံးကဲ့သို့ လှပထင်ရှားသော မျက်ဝန်းများဖြင့် ကျင်းထောင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ စက္ကန့်ပိုင်းအတွင်း၌ သူမ၏မျက်လုံးများ ရဲရဲနီလာခဲ့ကာ မျက်ရည်များဖြင့် ပြည့်လျှံလာခဲ့သည်။
[အိုးမိုင်ဂေါ့ ကျုံချင်းယွီ တကယ်ငိုနေတာလား]
[တစ်မိနစ်တောင် မပြည့်သေးဘူးမလား စက္ကန့်ပိုင်းလေးပဲ ရှိသေးတယ် ထင်တယ်]
[တွေ့လား မျက်စဉ်းသတင်းက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သက်သက်ပဲ]
[ကျုံချင်းယွီ သရုပ်ဆောင်တာက အကောင်းဆုံးမဟုတ်ပေမဲ့ တစ်မိနစ်မပြည့်ခင် ငိုနိုင်တာက တကယ် အထင်ကြီးစရာပဲ]
ကျင်းထောင်သည် ကျုံချင်းယွီအား အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။ ကျုံချင်းယွီသည် တကယ်ပင် နာကျင်ခံစားနေရပုံပေါ်ပြီး မျက်ရည်များ ရစ်ဝဲနေသော သူမ၏ မျက်လုံးများသည် ပြတ်သားလှပသော မျက်နှာလေးကို ပိုမိုနူးညံ့စေခဲ့သည်။
ကျင်းထောင်သည် ရုတ်တရက် သူအမှားလုပ်မိသည်ကို ခံစားလိုက်ရသည်။ ကျုံချင်းယွီ၏ သရုပ်ဆောင်မှုသည် မကောင်းဘူးဆိုလျှင်တောင်
သူမ၏ မျက်နှာတည့်တည့်သို့ တိုက်ရိုက်ပြောဆိုခဲ့ခြင်းမျိုး မလုပ်ခဲ့သင့်ပေ။ ကျုံချင်းယွီအနေဖြင့် မည်မျှပင် စိတ်ထိခိုက်စရာကောင်းလိုက်လေသနည်း။
နောက်တစ်စက္ကန့်တွင် ကျုံချင်းယွီ၏ မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူမသည် အားမာန်အပြည့်ဖြင့် ကျင်းထောင်နှင့် ရှောင်းယွီကို ကြည့်ကာ
"ဆိုတော့ ကျွန်မရဲ့ သနားစရာကောင်းတဲ့ သရုပ်ဆောင်တာ ဘယ်လိုလဲ မဆိုးဘူးမလား"
ရှောင်ယွီတစ်ယောက် အံ့ဩတုန်လှုပ်သွားခဲ့သည်။ ခေတ္တခဏမျှ ကျုံချင်းယွီသည် ကျင်းထောင်၏ စကားလုံးများကြောင့် အမှန်တကယ်ပင် နာကျင်ထိခိုက်သွားသည်ဟု သူမ ထင်ခဲ့မိသည်။
"တကယ်ကောင်းတယ်" ရှောင်းယွီက ချီးကျူးလိုက်သည်။
ကျင်းထောင်လည်း သဘောတူခဲ့ရသည်။ ထိုခဏတာအတွင်း သူသည် ကျုံချင်းယွီ၏ နာကျင်မှုကို တကယ်ခံစားမိခဲ့သည်။
"မင်း သရုပ်ဆောင်တာက… ငါထင်ထားတာထက် ပိုကောင်းတယ်" ဟု ကျင်းထောင်သည် လည်ပင်း တောင့်တင်းစွာဖြင့် ဝန်ခံလိုက်သည်။
ကျင်းထောင်၊ ရှောင်းယွီနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူအချို့အပါအဝင်
လူတိုင်းသည် ကျုံချင်းယွီ၏ "သရုပ်ဆောင်မှု" ကို ယုံကြည်ခဲ့ကြသည်။
ယန်ရှီတစ်ယောက်တည်းသာ ကျုံချင်းယွီ၏ လက်များကို ညင်သာစွာ ဆုပ်ကိုင်ရင်း အဖြစ်မှန်ကို မြင်နေခဲ့သည်။
ကျုံချင်းယွီ၏ အစောပိုင်းက စိတ်ထိခိုက်မှုသည် အမှန်တကယ် ခံစားခဲ့ရခြင်းဖြစ်ပြီး နောက်ဆက်တွဲ မှတ်ချက်ပေးလိုက်သည်ကသာ သရုပ်ဆောင်ခြင်းဖြစ်ကြောင်း သူမ နားလည်သဘောပေါက်လိုက်သည်။
ကျုံချင်းယွီ၏ သရုပ်ဆောင်စွမ်းရည်မှာ အမှန်ပင် သာမန်အဆင့်သာရှိသော်လည်း
သူမသည် အမြဲတမ်းမာနကြီးသူဖြစ်ကာ
အခြားသူများက သူမ၏ သရုပ်ဆောင်မှုကို ဝေဖန်သည်ကို မခံစားနိုင်ပေ။
"မင်း သရုပ်ဆောင်တာက idol ဒရာမာတွေအတွက်ဆို ကောင်းပါတယ်"
ကျင်းထောင်က တည်ငြိမ်စွာ မှတ်ချက်ပေးသည်။
"ဒါပေမဲ့ ရှောင်းယွီနဲ့ ငါက နောက်ထပ် သည်းထိတ်ရင်ဖို ဒရာမာတစ်ခု ရိုက်ကူးတော့မှာ၊ အမျိုးသမီးဇာတ်ဆောင်က ကြိုးစားတဲ့ မှုခင်းဆေးစစ်သူတစ်ယောက်ဖြစ်ပြီး မင်းရဲ့ပုံစံက အဲဒီဇာတ်ရုပ်နဲ့ မလိုက်ဖက်ဘူး"
"သရုပ်ဆောင်တဲ့နေရာမှာ သရုပ်ဆောင်နဲ့ ဇာတ်ရုပ် လိုက်ဖက်ဖို့က အရေးကြီးတယ်၊ မင်းရဲ့ လက်ရှိရုပ်ရည်နဲ့ဆိုရင် ချမ်းသာတဲ့ အမွေဆက်ခံသူ မဟုတ်ရင် ဆွဲဆောင်မှုရှိတဲ့ ဗီလိန်ဇာတ်ရုပ်မျိုးက ပိုသင့်တော်လိမ့်မယ်၊ အဲဒီ့ဇာတ်ရုပ်တွေက မင်းရဲ့ အားသာချက်တွေကို ပေါ်လွင်စေမှာ မင်းအရင်က သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်တွေက မင်းနဲ့ တစ်စက်
လေးမှ မလိုက်ဖက်ဘူး"
[ကျင်းထောင်က ငါ့စိတ်ထဲရှိတာကို ပြောနေတာပဲ၊ ကျုံချင်းယွီက အရမ်းလှတယ် သူမက လှပပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်သင့်တယ်]
[ကျုံချင်းယွီက ရိုးရိုးအေးအေးနဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်တွေ သရုပ်ဆောင်တိုင်း အလဟဿဖြစ်လိုက်တာလို့ ခံစားရတာ၊ သူနဲ့ လုံးဝမလိုက်ဖက်ဘူး]
[ချင်းယွီ ကျင်းထောင်ရဲ့ စကားကို နားထောင်ပြီး မင်းနဲ့ပိုလိုက်ဖက်တဲ့ ဇာတ်ရုပ်တွေကို လက်ခံလိုက်ပါ]
ကျုံချင်းယွီက နှုတ်ခမ်းဆူသည်။
"ဟုတ်ပြီလေ ရှင် နှစ်သိမ့်တာကိုလည်း မလိုဘူး ရှင့်ရန်ပုံငွေအတွက်သာ ပူစမ်းပါ ရင်းနှီးမြှုပ်နှံတဲ့သူမရှိရင် ရှင် ဘယ်လိုသရုပ်ဆောင်တွေ ငှားမလဲ"
"အလုပ်က ကောင်းရင် ရန်ပုံငွေက သူ့ဘာသာသူ ရောက်လာလိမ့်မယ်!"
ကျင်းထောင်သည် ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။
"ပြီးတော့ ငါက ငါ့ရဲ့ အမျိုးသားဇာတ်ဆောင်ကို ရှာတွေ့ပြီးပြီ သူက ဒီဇာတ်ရုပ်နဲ့ လုံးဝလိုက်ဖက်ပြီး ငါ့ပရောဂျက်အပေါ်မှာ ယုံကြည်မှုရှိတယ်"
"အမျိုးသားဇာတ်ဆောင်ကို ရှာတွေ့ပြီလား"
ယန်ရှီက အံ့အားသင့်စွာ မေးလိုက်သည်။
ကျင်းထောင်သည် သရုပ်ဆောင်ရွေးချယ်ရာတွင် အမြဲအားဖြင့် သရုပ်ဆောင် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။ သို့သော် ချင်းလီသည် မကြာသေးမီကမှ ရသစုံအစီအစဉ် တစ်ခုနှင့် အလုပ်များနေခဲ့သည်။ သူ့တွင် သရုပ်ဆောင်စစ်ဆေးမှု ပြုလုပ်ရန် မည်သည့်အချိန် ရခဲ့ပါသနည်း။ ချင်းလီသည် ယမန်ညက ကျင်းထောင်အား သီးသန့်ချဉ်းကပ်ကာ ဖျော်ဖြေမှုများ လုပ်ခဲ့လေသလား။
"အမျိုးသားဇာတ်ဆောင် ဘယ်သူလဲဆိုတာ ပြောပြလို့ ရမလား"
ယန်ရှီက သိချင်ယောင်ဆောင်လိုက်သည်။
"အခု ကျွန်မတို့ တိုက်ရိုက်ထုတ်လွှင့်နေတာဆိုတော့ ပြောပြလိုက်ရင် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မလားလို့လေ"
ကျင်းထောင်သည် ခဏကြာ စဉ်းစားလိုက်သည်။ အမျိုးသားဇာတ်ဆောင်ကြောင့် ရန်ပုံငွေ ရလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ သို့သော် ယန်ရှီနှင့် ကျုံချင်းယွီကို ပြသခြင်းသည် အန္တရာယ်မရှိသကဲ့သို့ သရုပ်ဆောင်မှု အစစ်အမှန်ကိုလည်း သူတို့ကို ပြသနိုင်ပါသေးသည်။
ကျင်းထောင်သည် သူ၏ ဖုန်းကို ထုတ်ယူကာ အမျိုးသားဇာတ်ဆောင်၏ သရုပ်ဆောင်စစ်ဆေးမှု ဗီဒီယိုကို ပြသလိုက်သည်။
ထိုဗီဒီယိုကို ထုတ်လွှင့်ခြင်း မပြုခဲ့သလို ထုတ်လုပ်ရေးအဖွဲ့သည်လည်း
သရုပ်ဆောင်စစ်ဆေးမှုမှ အကြောင်းအရာများကို မျှဝေခွင့်မပြုခဲ့ပေ။ သရုပ်ဆောင်၏ ဖျော်ဖြေသည့်အသံကိုသာ ကြားနိုင်သည်။
၎င်းမှာ အမျိုးသားဇာတ်ဆောင် ရဲမှူးတစ်ဦးသည် ရာဇဝတ်ကောင်ကို ဖမ်းဆီးပြီးသည့်နောက် မှတ်ဉာဏ်ဆုံးရှုံးသွားသည့် တစ်ခုတည်းသော ဇာတ်ဝင်ခန်းဖြစ်သည်။ ရဲမှူးနိုးလာသောအခါ ရာဇဝတ်ကောင်သည် သူ့ကို ကယ်ဆယ်ပြီး သူသည် ရာဇဝတ်သားများအနက် တစ်ဦးဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်သွားခဲ့သည်။
ဤဇာတ်ဝင်ခန်းတွင် ရဲမှူးသည် မူးယစ်ဆေးဝါး ရောင်းချရန် အတင်းအကျပ် စေခိုင်းခံရသည်။ ယင်းသည် မှားယွင်းမှန်း သိနေသော်လည်း ရာဇဝတ်ကောင်အဖြစ် ယူဆထားသော သူ့၏ အမှတ်အသားသည် သူ့အား ရွေးချယ်ခွင့်မပေးပေ။ ရဲမှူးသည် နက်ရှိုင်းစွာပင် ဒွိဟဖြစ်နေခဲ့သည်။
ဤသို့သော စိတ်ခံစားမှုများ ရောယှက်ရှုပ်ထွေးနေသည့် ဇာတ်ဝင်ခန်းပုံစံသည် သရုပ်ဆောင်ရန် အလွန်ပင် ခက်ခဲလှသည်။ ၎င်းသည် အစစ်အမှန်ဟု ခံစားရစေရန်၊ ချဲ့ကားထားခြင်းမရှိရန်နှင့် ပရိသတ်အား စာနာစိတ်ဖြစ်စေရန်အတွက် လက်တွေ့ကျရန် လိုအပ်သည်။
အမျိုးသားဇာတ်ဆောင်သည် ရာဇဝတ်ကောင်တစ်ယောက်ဖြစ်သလို တရားမျှတမှုကို လိုက်စားသော လူတစ်ဦးလည်း ဖြစ်သောကြောင့် ဆန့်ကျင်ဘက် အခြေအနေတစ်ရပ်ကို ဖန်တီးထားသည်။
သို့သော် ကျင်းထောင်မှ "အက်ရှင်" ဟု အော်လိုက်သည့်အခိုက်အတန့်၌ ဖန်သားပြင်ပေါ်ရှိ ထိုလူသည် ဇာတ်ရုပ်ထဲသို့ အပြည့်အဝ နစ်မြုပ်သွားခဲဲ့သည်။ သူ၏ ထင်ရှားသော ကိုယ်ပိုင်လက္ခဏာရပ် ပျောက်ဆုံးသွားမှုနှင့် အတွင်းစိတ်ဒွိဟဖြစ်နေမှုသည် ထင်ရှားပေါ်လွင်နေသည်။ ပျောက်ဆုံးနေသော်လည်း စိတ်ဓာတ်ခိုင်မာနေခဲ့သည်။
ယန်ရှီသည် ဖန်သားပြင်အား ကြည့်ရင်းဖြင့် ဇာတ်ကောင်လိုပင် ဒွိဟဖြစ်နေသည်ဟု ခံစားရသည်။ သူ မူးယစ်ဆေးဝါးများ ရောင်းချသင့်သလား။ မရောင်းချလျှင် သူသေလိမ့်မည်။ သို့သော် ရောင်းချဖို့ရန် သူ၏ အသိစိတ်က ခွင့်ပြုမည်မဟုတ်ပေ။
ယန်ရှီသည် ဇာတ်ကောင်၏ စိတ်ရှုပ်ထွေးမှုထဲသို့ နစ်မြုပ်နေသဖြင့် သရုပ်ဆောင်စစ်ဆေးမှု ဗီဒီယို ရုတ်တရက် ပြီးဆုံးသွားသည်ကိုပင် သတိမထားမိခဲ့ပေ။
ယန်ရှီနှင့် ကျုံချင်းယွီ နှစ်ယောက်စလုံးသည် ထပ်မံကြည့်ရှုလိုစိတ်များ ဖြစ်ပေါ်နေခဲ့သည်။ တစ်ယောက်မှာ ပြင်ပလူဖြစ်ပြီး အခြားတစ်ယောက်မှာ သာမန်သရုပ်ဆောင်တစ်ဦး ဖြစ်သော်လည်း ကျင်းထောင်၏ အမျိုးသားဇာတ်ဆောင်သည် ဆုရထိုက်သော သရုပ်ဆောင်တစ်ဦး ဖြစ်ကြောင်း သူတို့ သုံးသပ်မိသည်။
ထို့ကြောင့်ပင် ကျင်းထောင်သည် ယခုတစ်ကြိမ်၌ သူ၏ ပရောဂျက်အပေါ် ယုံကြည်မှု အပြည့်ရှိနေခြင်းဖြစ်သည်။ သူသည် အမှန်တကယ်ပင် စိတ်အားထက်သန်ပြီး ငွေကြေးအရင်းအနှီးကြောင့် ဇာတ်ညွှန်း သို့မဟုတ် သရုပ်ဆောင်များအား ပြောင်းလဲရန် စေခိုင်းသည်ကို လက်မခံခဲ့ပေ။
သို့သော် အမျိုးသားဇာတ်ဆောင်သည် ချင်းလီ မဟုတ်ခဲ့ပေ။
ကျင်းထောင်၏ အမျိုးသားဇာတ်ဆောင်သည် ချင်းလီ မဟုတ်ခဲ့ပေ။
ယန်ရှီ ကောင်းစွာ မှတ်မိသည်။ ကျင်းထောင်၏ ပရောဂျက်အား "The Bottom Line” ဟု ခေါ်သည်။ ယင်းသည် ထွက်ရှိပြီးနောက် မယုံနိုင်လောက်အောင် အောင်မြင်ခဲ့ပြီး ချင်းလီသည် ၎င်း၏ ဇာတ်ရုပ်ဖြင့် Red
Magnolia Award for Best Actor ကို ရရှိခဲ့သည်။
ချင်းလီ၏ သရုပ်ဆောင်မှုသာ ပိုကောင်းခဲ့လျှင် ကျင်းထောင်သည် သရုပ်ဆောင်စစ်ဆေးမှုကို ကြည့်ပြီးနောက် ချင်းလီကို အစားထိုးခဲ့မည်ဆိုသည်ကို
နားလည်နိုင်သည်။
သို့သော် ယန်ရှီသည် "The Bottom Line" အား ကြည့်ဖူးသည်။ ကျင်းထောင် ယခုရှာတွေ့ခဲ့သော အမျိုးသားဇာတ်ဆောင်သည် ချင်းလီ၏ သရုပ်ဆောင်မှုထက် များစွာ သာလွန်ကြောင်း သူမ သေချာသိသည်။
မူရင်းဇာတ်လမ်းတွင် ချင်းလီ၏ "The Bottom
Line" တွင် ပါဝင်မှုသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ချင်းလီသည် ဒုတိယတန်းစား သရုပ်ဆောင်တစ်ဦးသာ ဖြစ်သော်လည်း သူ၏ နာမည်ကျော်ကြားမှုသည် သည်းထိတ်ရင်ဖို ထုတ်လုပ်ရေးအတွက် သင့်လျော်စေခဲ့သည်။ ပလက်ဖောင်းအများစုသည် ချင်းလီ၏ အမာခံပရိသတ်များကြောင့် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိခဲ့ကြသည်။
ကြည့်ရသည်မှာ ကျင်းတောင်သည် နောက်ဆုံးတွင် ရန်ပုံငွေ မရရှိခဲ့ဘဲ အပေးအယူလုပ်ခဲ့ရပုံရသည်။
မူရင်းအမျိုးသားဇာတ်ဆောင်သည် အလွန်ကောင်းမွန်သော်လည်း ကျင်းထောင်သည် ငွေကြေး၏ ဖိအားကို မတောင့်ခံနိုင်ခဲ့ပေ။
ယန်ရှီသည် ကျင်းထောင်၏ ဖုန်းကို လှမ်းကြည့်လိုက်သည်။ အစမ်းသရုပ်ဆောင်သည့် ဗီဒီယိုတွင် မူရင်းအမျိုးသားဇာတ်ဆောင်၏ အမည်အား ရှန့်ရှင်းဟယ် ဟုရေးထားသည်။
သာမန်အမည်တစ်ခုပင် ဖြစ်သည်။ သူသည် အသစ်ဝင်လာသူ သို့မဟုတ် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသော်လည်း အောင်မြင်မှု မရရှိခဲ့သော အသေးစား သရုပ်ဆောင်တစ်ဦးသာ ဖြစ်နိုင်သည်။
သူ၏ အနီးစပ်ဆုံး နာမည်ကျော်ကြားမှုရခဲ့သည်မှာ "The Bottom Line" အတွက် သရုပ်ဆောင်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။
သို့သော် နာမည်ကျော်ကြားမှုသည် ခေတ္တပွင့်လန်းပြီး ညှိုးနွှမ်းသွားလေ့ရှိသော ပန်းလေးတစ်ပွင့်နှင့် တူလေသည်။ ရှန့်ရှင်းဟယ်သည် "The Bottom Line" တွင် သရုပ်ဆောင်ခွင့် မရရှိခဲ့ပေ။ သူ့ဘဝတစ်လျှောက်လုံး၌ သူသည် မထင်ရှားသော လူမသိသူမသိ သရုပ်ဆောင်တစ်ဦး အဖြစ်သာ ကျန်ရှိခဲ့သည်။