Chapter 16
Viewers 66

အခန်း (၁၆)

 

ရဲ့လော့ယီ၏ လက်ချောင်းများသည် သူမပင် သတိမထားမိလိုက်ဘဲ သူမ၏အင်္ကျီအနားစကို ဆုပ်ကိုင်လိုက်မိသည်။ ထိုသို့ ဆုပ်ကိုင်မှုကြောင့်ပင် သူမ၏ အဝတ်ပေါ်တွင် လှိုင်းတွန့်တစ်ခုဖြစ်ပေါ် လာသည်။

 

ဖြစ်စဥ်ဖြစ်ပွားရာနေရာရှိလူတိုင်း၏ အာရုံသည် Lincoln ကားရှိရာဘက်သို့ ရောက်သွားသည်။ ထိုတဒင်္ဂအတွင်း၌ပင် ရဲ့လော့ယီ၏ ကုန်ကျစရိတ်အလွန်သက်သာသော သယ်ယူပို့ဆောင်ရေးအစီအစဉ်ကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ။

 

 "လဲ့ချင်းပြတိုက်က ကြိုပြီး ဘွတ်ကင်တင်ရတာမဟုတ်ဘူးလား ပိုက်ဆံရှိတိုင်း အလွယ်တကူဝင်လို့မရဘူးလေ ဟုတ်တယ်မလား"

 

ရဲ့လော့ယီသည် အံကို ခပ်တင်းတင်းကြိတ်ကာပြောလိုက်သည်။

 

လူးဝစ်သည် ရဲ့လော့ယီကိုကြည့်ပြီး ဖြေးညင်းစွာရှင်းပြသည်။

 

"ကျွန်တော်တို့က မိန်းကလေးကျုံချင်းယွီ လဲ့ချင်းကိုခရီးသွားမှာကို စသိတည်းက အဲဒီမှာရှိတဲ့ ကြိုပြီးဘွတ်ကင်တင်ရတဲ့နေရာတွေအကုန်လုံးကို ကြိုတင်ထားပြီးသားပါ လက်မှတ်တွေကိုလည်း အခကြေးငွေကြိုပြီးပေးထားပါတယ်၊ မိန်းကလေးကျုံချင်းယွီ သူ သွားချင်တဲ့အချိန်မှာ ဘယ်နေရာကိုမဆို သွားလည်လို့ရပါတယ်"

 

ရှောင်းယွီ အံ့အားသင့်သွားသည်။ ဤကဲ့သို့သော အစီအစဉ်မျိုးကို သူမ ပထမဆုံးအကြိမ်တွေ့မြင်ရခြင်းဖြစ်သည်။

 

သူ အဲဒီနေရာတွေကိုမသွားချင်ရင်ရော အဲဒါတွေအားလုံးအချည်းနှီးဖြစ်သွားမှာလား"

 

"ကျွန်တော်တို့ကဖောက်သည်တွေရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးရတာက ကျွန်တော်တို့ဘဏ်ရဲ့ အဓိကဦးစားပေးလုပ်ငန်းပါပဲ လက်မှတ်အပိုတွေကိုကျတော့ တခြားလိုအပ်နေတဲ့ခရီးသွားတွေကို လက်ဆင့်ကမ်းပေးသွားမှာဖြစ်ပါတယ်"

 

လူးဝစ်က ပြုံးရယ်ကာ ဖြေကြားလိုက်သည်။

 

ထိုအချိန်မှသာ ဧည့်သည်များသည် လူးဝစ်မှာ ဘဏ်ကိုယ်စားလှယ်ဖြစ်ကြောင်း သတိပြုမိကြသည်။ သူသည် ကျုံချင်းယွီ၏ သီးသန့်အလုပ်သမားမဟုတ်ဘဲ ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်နေသည်။

 

[လူးဝစ်ရဲ့ အင်္ကျီကော်လံပေါ်က လိုဂိုက ရင်းနှီးနေသလိုပဲနော်]

 

[အဲဒါက အမေရိကန်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီက အနက်ရောင်ဘဏ်ကဒ်ရဲ့ လိုဂိုမဟုတ်လား Bilibili ရုပ်ရှင်မှတ်တမ်းတစ်ခုထဲမှာတွေ့ဖူးတယ်၊ ဒီအင်္ကျီဝတ်တဲ့လူတွေက ဘဏ်ရဲ့အတိုင်ပင်ခံတွေလေ အနက်ရောင်ဘဏ်ကဒ်ပိုင်ရှင်တွေကိုပဲ အထူးဝန်ဆောင်မှုပေးရတာ၊ ဖောက်သည်ဘယ်နေရာရောက်ရောက် ဘာပဲလိုချင်လိုချင် ချက်ချင်းဖြည့်ဆည်းပေးတယ်]

 

[ဒီကတ်လျှောက်ထားဖို့ လိုအပ်ချက်တွေကိုရှာကြည့်လိုက်တော့ အများစုက လျှောက်ထားပိုင်ခွင့်မရှိဘူး လျှောက်ထားသူတွေက ထိပ်ဆုံးကနေ အဆင့်ရေတွက်ရင် ၉၉ ယောက်မြောက်အတွင်းမှာရှိတဲ့ ချမ်းသာတဲ့သူစာရင်းဝင်ဖြစ်ရမယ်လို့ ဖော်ပြထားတယ်]

 

[ကျုံချင်းယွီက အချမ်းသာဆုံး ၉၉ ယောက်ထဲ စာရင်းဝင်တဲ့သူ မဟုတ်ဘူးမဟုတ်လား]

 

[သူ့ရဲ့ အဖေဖြစ်နိုင်တယ်နော်]

 

[ဟဲ့ ဒါမှမဟုတ် ကျုံချင်းယွီက အချမ်းသာဆုံးစီးပွားရေးသမားတစ်ယောက်ယောက်ကိုများ မကြာသေးခင်လောက်က အပိုင်ကပ်ပစ်လိုက်တာလည်းဖြစ်နိုင်တာပဲ]

 

[အာ နင်တို့ကလည်း အမျိုးသမီးသရုပ်ဆောင်တစ်ယောက်အပေါ် ဘာလို့ဒီလောက်ကြီး ဆိုးဆိုးရွားရွား မှန်းဆနေရတာလဲ]

 

[ကျုံချင်းယွီက ချမ်းသာတဲ့ မိသားစုကဆိုရင် သူ့မိဘတွေက သူ   အွန်လိုင်းမှာ ဝေဖန်ခံနေရတာကို ထိုင်ကြည့်နေပါ့မလား၊ သူပုံစံကြည့်ရတာတော့ သူ့မိသားစုနောက်ခံက သာမန်လောက်ပဲဖြစ်ရမယ် ဖြစ်နိုင်တာကတော့ သူက ချမ်းသာတဲ့ သူဌေးတစ်ယောက်ကို အပိုင်ကြံလိုက်တာပဲဖြစ်ရမယ်]

 

[အဲဒီသူဌေးက ကျုံချင်းယွီကို အနက်ရောင်ကတ်ကိုတောင်မှ အသုံးပြုခွင့်ပေးထားတာပဲနေမယ်]

 

[သူက ဘယ်သူမှမသိဘူးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဟုတ်လည်းဟုတ်ပါတယ်လေ အဲဒီနားမှာရှိတဲ့ ဧည့်သည်တွေတောင် ဘာမှမသိတာကို]

 

လင်းကွန်းကားသည် ကျယ်ဝန်းပြီး လူရှစ်ယောက်ထိုင်နိုင်သည်။ ကျုံချင်းယွီ၊ ယန်ရှီ၊ လူးဝစ်နှင့် ကင်မရာအဖွဲ့တို့မှလွဲ၍ နောက်ထပ်လေးနေရာကျန်နေသေးသည်။

 

"လဲ့ချင်းပြတိုက်ကို အတူတူသွားမဲ့သူ ရှိသေးလား"

 

ယန်ရှီသည် အခြားဧည့်သည်များအားမေးမြန်းလိုက်သည်။

 

လဲ့ချင်းရှိ အများသုံးသယ်ယူပို့ဆောင်ရေးသည် သူတို့အမြဲနေ ထိုင်လာခဲ့သောနေရာများကဲ့သို့ အဆင်ပြေခြင်းမရှိသဖြင့် သီးသန့်ကားဖြင့်သွားလျှင် ပိုမိုမြန်ဆန်နိုင်သည်။

 

ရဲ့လော့ယီသည် ပုံမှန်အတိုင်းပင် ကျုံချင်းယွီနှင့် အတူမနေလိုသလို သူမ၏ သယ်ယူပို့ဆောင်ရေးကိုလည်း အသုံးမပြုလိုပေ။

 

"လင်းလင်းနဲ့ကျွန်မတို့က လဲ့ချင်းပြတိုက်ကို အရင်မသွားသေးဘူးတခြားနေရာကို အရင်သွားဦးမှာမလို့ မလိုက်တော့ပါဘူး"

 

ကန်းပေါ်ယဲ့သည် ကားပေါ်လိုက်သွားလိုသော်လည်း ချင်းလီက ငြင်းဆိုသဖြင့် နှစ်ဦးစလုံးမပါဝင်ကြပေ။

 

ကျန်းတုံနှင့် ရှောင်းယွီတို့သည် ကံကောင်းစွာပင် သူတို့၏ပထမဆုံးခရီးစဉ်သည်လည်း လဲ့ချင်းပြတိုက်သို့ဖြစ်နေပြီး ဇာတ်ညွှန်းတွင်လည်း ထိုနေရာတွင်ရိုက်ကူးရန် ဇာတ်ကြောင်းပါရှိသဖြင့် နေရာကို အရင်ကြည့်လိုကြသည်။

 

ဧည့်သည်အုပ်စုလေးအုပ်စုသည် သီးခြားစီခွဲသွားပြီး လင်ကွန်းကားသည် လဲ့ချင်းပြတိုက်ထံသို့ တည့်မတ်စွာသွားလျက်ရှိသည်။

 

ကားအတွင်းပိုင်းသည် အလွန်ကျယ်ဝန်းပြီး လူငါးဦးထိုင်နေသည့်တိုင် အုပ်စုနှစ်ခု၏ ကင်မရာအဖွဲ့များနှင့်အတူ ကြပ်ညှပ်မှုမရှိပေ။

 

လင်းကွန်းကားအတွင်းတွင် လူးဝစ်သည် ရှန်ပိန်များ၊ သစ်သီးများနှင့် မုန့်များပြင်ဆင်ထားသည်။ စားပွဲပေါ်တွင် လဲ့ချင်းခရီးသွားလမ်းညွှန်စာအုပ်၊ ပြတိုက်တွင် သောက်ရန်ရေဘူးများ၊ Power Bank များစသည်တို့ရှိသည်။

 

လူးဝစ်သည် ပြတိုက်သို့သွားရာတွင် လိုအပ်နိုင်သည့် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားသည်ဟု ဆိုနိုင်သည်။

 

ကျန်းတုံနှင့် ရှောင်းယွီတို့သည် လင်ကွန်းကားကြီးအတွင်း ဇိမ်ကျစွာထိုင်နေကြသည်။ ရှောင်းယွီသည် လူးဝစ်ကြိုတင်ပြင်ဆင်ထားသော ခရီးသွားလမ်းညွှန်စာအုပ်ကို ဖတ်ရှုရင်း အံ့အားသင့်သွားသည်။ ထိုစာအုပ်သည် အရည်အသွေးမြင့်သောစက္ကူအထူဖြင့် ရိုက်နှိပ်ထားပြီး အများသုံးလမ်းညွှန်စာအုပ်များနှင့် လုံးဝကွာခြားနေသည်။

 

ထို့အပြင် ဤလမ်းညွှန်စာအုပ်တွင် လဲ့ချင်း၏ကျော်ကြားသောနေရာများသာမက ဒေသခံများသာသိကြသည့် လျှို့ဝှက်နေရာများလည်း ပါဝင်နေသည်။

 

ဤသည်မှာ American Express မှ ကျုံချင်းယွီအတွက် အထူးပြင်ဆင်ထားသော အရာဖြစ်ဟန်တူသည်။

 

ယန်ရှီက ရှောင်းယွီ၏ စိတ်ဝင်စားမှုကိုသတိပြုမိကာ လှမ်းပြောလိုက်သည်။

 

"ဆရာမ ရှောင်ယွီ နေရာရွေးရတာ အခက်အခဲရှိရင် လူးဝစ်ကိုမေးလို့ရပါတယ်"

 

လူးဝစ်သည် American Express မှ ကျုံချင်းယွီအတွက် ခန့်အပ်ထားသော ခရီးသွားအတိုင်ပင်ခံဖြစ်သည်။

 

ရှောင်းယွီ၏ မျက်လုံးထဲတွင် ဝမ်းသာသောအရိပ်အယောင်ပေါ်လာသည်။ အမှန်မှာ သူတို့သည် ရိုက်ကူးရန်သင့်တော်သောနေရာများကို ပိုမိုကောင်းစွာရှာဖွေနိုင်ရန် ဒေသခံလမ်းပြလူငယ်တစ်ဦးအား ငှားရမ်းရန်ရည်ရွယ်ထားသည်။ သို့သော် မနေ့တွင်လမ်းပြများစွာနှင့် ဆက်သွယ်ပြီးနောက် အများစုမှာ လဲ့ချင်း၏ သာမန်နေရာများကိုသာ သိပြီး ကျန်းတုံတို့သွားလိုသောနေရာများကို မသိကြကြောင်းတွေ့ရှိခဲ့သည်။

 

သို့သော် လူးဝစ်မှမူ သူတို့နှင့် မတူဘဲ ကွဲပြားသည်။ သူ၏ အဆင့်အတန်းရှိသော ခရီးသွားအတိုင်ပင်ခံများသည် လုပ်ငန်းစုံကျွမ်းသူများဖြစ်ပြီး ဖောက်သည်၏ မည်သည့်လိုအပ်ချက်ကိုမဆို ဖြည့်ဆည်းရန် တာဝန်ယူထားသည်။

  

လူးဝစ်က ရှောင်ယွီနှင့် ကျန်းတုံတို့အတွက် ရှန်ပိန်တစ်ခွက်ငှဲ့လိုက်သည်။

 

"ကျွန်တော်ကူညီခွင့်ရတာပဲ ဂုဏ်ယူမိပါတယ်"

  

ကျန်းတုံသည် ထိုင်ကာ လူးဝစ်နှင့် စိတ်အားထက်သန်စွာဖြင့် စကား စမြည်ပြောဆိုနေခဲ့သည်။ သူ၏ ပရောဂျက်အသစ်တွင် အမျိုးသားနှင့် အမျိုးသမီးဇာတ်ဆောင်များ လဲ့ချင်း၌တွေ့ဆုံသည့်ဇာတ်ကွက်ရိုက်ကူးရန် လိုအပ်သည်။ သို့သော် နာမည်ကြီးပြီး ကျော်ကြားသည့်နေရာများတွင် ရိုက်ကူးရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။ ထို့ကြောင့် လဲ့ချင်း၏ အထင်ကရနေရာများကို မြင်ရသည့်အပြင် အဖွဲ့အတွက်လည်း ရိုက်ကူးရလွယ်ကူမည့် အကောင်းဆုံးနေရာများကို လူးဝစ်မှ အကြံပြုလာသည်။

  

လူးဝစ်သည် မိနစ်ပိုင်းအတွင်း ကျန်းတုံအတွက် သင့်တော်သည့်ရိုက်ကူးရန်နေရာများစွာကို အကြံပြုနိုင်ခဲ့သည်။

  

ကျန်းတုံသည် အလွန်ကျေနပ်သွားသည်။ လူးဝစ်အကြံပြုထားသောနေရာများသည် သူတို့၏ လက်ရှိစူးစမ်းထားသောနေရာများထက် ပိုမိုကောင်းမွန်သည်။ ဤအရာသည် ကျန်းတုံအား သူ၏ပရောဂျက်အတွက် ယုံကြည်မှုအသစ်များ ဖြစ်ပေါ်စေသည်။

  

ကျန်းတုံနှင့် ရှောင်းယွီတို့သည် ယခင်ကတင်ဆက်ခဲ့သော အစီအစဉ်သုံးခုတွင် အောင်မြင်မှုမရခဲ့ပေ။ အပန်းဖြေလုပ်ငန်းတွင် ဂုဏ်သတင်းသည် အောင်မြင်သောလက်ရာများအပေါ်မူတည်သည်။ နောက်ထပ်ပျက်ကွက်ပါက သူတို့အပေါ် ယုံကြည်မှုသည် အပြီးတိုင်ပျောက်ကွယ်သွားနိုင်သည်။

 

ယန်ရှီသည် သူတို့၏စကားဝိုင်းကိုနားထောင်ရင်း ကျန်းတုံ၏ ပရောဂျက်တွင် ဇာတ်ညွှန်းသာအဆင်သင့်ဖြစ်ပြီး ဘဏ္ဍာရေး၊ ရှုခင်း၊ အဖွဲ့နှင့် သရုပ်ဆောင်များမရှိသေးကြောင်း သတိပြုမိသည်။

 

အပန်းဖြေလုပ်ငန်းရှိ ရိုက်ကူးရေးပရောဂျက်များသည် အလွန်ခက်ခဲပြီး ဤအကြိမ်တွင် ကျန်းတုံသည် အရင်းအနှီး၏ လွှမ်းမိုးမှုမခံရဘဲ အဓိပ္ပာယ်ရှိသောအရာတစ်ခုကို ဖန်တီးလိုသည်ကို ယန်ရှီနားလည်သည်။

  

"ဆရာကျန်းတုံ ဒီပရောဂျက်အတွက် အမျိုးသမီးဇာတ်ဆောင်ရွေးပြီးပြီလား"

 

ယန်ရှီက ရုတ်တရက်ထမေးလိုက်သည်။

 

ကျန်းတုံ၏ မျက်လုံးသည် ယန်ရှီဘေးတွင် မျက်လုံးမှိတ်အနားယူနေသော ကျုံချင်းယွီအပေါ်သို့ ဖြတ်သွားပြီး "မရွေးရသေးပါဘူး" ဟု တီးတိုးပြောလိုက်သည်။

 

"ဘယ်သူ့ကိုရွေးချယ်မယ်ဆိုတာ စိတ်ကူးရှိလား"

  

ယန်ရှီက ဆက်မေးသည်။

  

ကျန်းတုံ၏ ပရောဂျက်သည် ဆုများစွာရရှိမည်ဖြစ်သည်။ Star Glory တွင် အရည်အချင်းပြည့်ဝသော အမျိုးသမီးသရုပ်ဆောင်များစွာရှိပြီး တစ်ဦးဦးကို ဤပရောဂျက်တွင်ပါဝင်စေနိုင်ပြီး ကျုံချင်းယွီကိုလည်း ရင်းနှီးမြှုပ်နှံစေနိုင်ပါက ကြီးမားသောအောင်မြင်မှုရရှိမည်ဖြစ်သည်။

  

Star Glory သာ ငွေရှာနိုင်ပါက ကျုံချင်းယွီအတွက်လည်းသွယ်ဝိုက်သောအကျိုးရှိပြီး သူမ၏ကံကြမ္မာကိုပင် တိုးတက်စေနိုင်သည်။

  

ကျန်းတုံ၏မျက်နှာသည် အေးစက်သွားသည်။ သူသည် နေ့စဉ်ဘဝတွင် လိုက်လျောညီထွေရှိသော်လည်း အလုပ်တွင်မူ အလွန်တင်းကျပ်သူဖြစ်သည်။

 

"မိန်းကလေးယန်ရှီ မင်းက ငါ့ကို ကျုံချင်းယွီကို အမျိုးသမီးဇာတ်ဆောင်လုပ်ခွင့်ပြုနိုင်မလားလို့ မေးနေတာဆိုရင်တော့ ငါ့အဖြေမှာ နိုးပါ"

  

အိပ်ငိုက်သလို ဖြစ်နေသော ကျုံချင်းယွီသည် ရုတ်တရက်ထိုင်လိုက်သည်။

 

"ကျွန်မက ဘာလို့မရတာလဲ"

 

ကျန်းတုံသည် အခြေအနေကိုခက်ခဲစေလိုသည်မဟုတ်သော်လည်း ကျုံချင်းယွီမေးသောကြောင့် ရိုးသားစွာဖြေလိုက်သည်။

 

"မင်းက သရုပ်ဆောင်တာ မကောင်းဘူး ငါက သရုပ်ဆောင်မကောင်းတဲ့ သရုပ်ဆောင်တွေနဲ့ အလုပ်မလုပ်ပါဘူး"

  

ကျုံချင်းယွီသည် ဒေါသတထောင်းထောင်းထွက်လျက်ရှိသည်။

 

"ကျန်းတုံ ငါ့ကားပေါ်ကိုတက်ခွင့်ပေးတာက ရှင့်ကို ဖားယားနေတာမဟုတ်ဘူးနော်၊ နှစ်နှစ်အတွင်းလုပ်ထားတဲ့ ရှင့်လက်ရာသုံးခုက အရှုံးပေါ်ခဲ့တာ ပြောရရင် ရှင့်ရဲ့ပရောဂျက်အသစ်ကလည်း ကျရှုံးမှာသေချာတယ် ကျွန်မလည်း ပါဖို့မစိတ်ဝင်စားပါဘူး"

  

ကျုံချင်းယွီက ဒေါသသံစွတ်ကာ ပြန်ပြောလိုက်သည်။ကျန်းတုံသည်လည်း ဂရုမစိုက်သည့်ဟန်ဖြင့်ပြန်ပြောလိုက်သည်။

 

"ဒီပရောဂျက်က အရှုံးပေါ်မယ်ဆိုရင်တောင် မင်းလိုညံ့ဖျင်းတဲ့သရုပ်ဆောင်ကိုခေါ်မှာမဟုတ်ဘူး၊ မင်းက မျက်စဉ်းဆေးမပါရင် ငိုတောင်မငိုတတ်ဘူး၊ တကယ်တော့ မင်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့တောင် မထိုက်တန်ဘူး"