Chapter 15
Viewers 121

Chapter 15


ဧည့်သည်များအားလုံး အံ့အားသင့်သွားကြ၏။

ရဲ့လော့ယီက သတိမထားမိလိုက်ဘဲ ထောပတ်ကို ဓားဖြင့်သုတ်နေစဉ် လက်ချော်သွားရာ လက်ချောင်းထိပ်၌ သေးငယ်သော ဒဏ်ရာတစ်ခု ရသွားလေသည်။

 

ဧည့်ခန်းထဲရှိ နာရီမှာ ရှစ်နာရီ ထိုးပြီဖြစ်ကြောင်း မြည်သံပေးနေ၏။ ကျုံချင်းယွီနှင့် ယန်ရှီသည် အဝတ်အစားများလဲကာ ဧည့်ခန်းထဲသို့ ရောက်လာကြ၏။

 

သူတို့က ဒါရိုက်တာယွီ နောက်ဆုံးမှတ်ချက်အား အမှတ်တမဲ့ ကြားလိုက်ရသဖြင့် ကျုံချင်းယွီမှာ ငြင်းဆိုခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ယန်ရှီ ဘာစားရတာ ကြိုက်လဲဆိုတာ မသိဘူး၊ အဲ့ဒါကြောင့် စားဖိုမှူးကို ဟင်းအမျိုးမျိုး ပြင်ခိုင်းခဲ့တာ ၊ အားလုံးက တိုက်တိုက်ဆိုင်ဆိုင် ရောက်လာကြတာပဲ

 

အမှန်စင်စစ် ၎င်းမှာ တိုက်ဆိုင်မှု မဟုတ်ချေ။ ကျုံချင်းယွီသည် သူမ၏သဘောသဘာဝအရ အခြားသူများအား သိပ်ဂရုမစိုက်တတ်သူဖြစ်ပြီး ယန်ရှီသာ ဗိုက်ဝနေလျှင်ရပြီဖြစ်သည်။ ယန်ရှီက သူမစားပြီးနောက် လူးဝစ်နှင့် စားဖိုမှူးတို့ရှိနေသေးသည်ကို မြင်သောအခါ အခြားဧည့်သည်များအတွက် နံနက်စာ ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ခြင်းပင်။

 

ဝတ္ထုထဲတွင် ကျုံချင်းယွီသည် ရှိုးပွဲသို့ ဝင်ရောက်ပြီးနောက် အွန်လိုင်းဝေဖန်မှုများ၏ ပစ်မှတ်ဖြစ်လာကာ ရဲ့လော့ယီနှင့် ဆန့်ကျင်ဘက် အခန်းကဏ္ဍတွင် ပါဝင်ခဲ့၏။ ယန်ရှီက ထိုအခြေအနေဆိုးကို မည်ကဲ့သို့ ပြောင်းလဲရမည်ကို မသိသေးသော်လည်း သူမအချစ်ဆုံးသူငယ်ချင်း၏ ဂုဏ်သတင်းကို တတ်နိုင်သမျှ ကယ်တင်လိုခဲ့သည်။

 

[ရဲ့လော့ယီနဲ့ ဆုလင်းလင်းက ကျုံချင်းယွီ နောက်ကျတယ်လို့ လှောင်ပြောင်ခဲ့ကြသေးတာ၊ ဒါပေမဲ့ သူတို့နှစ်ယောက်က ပိုတောင် နောက်ကျသေးတယ်]


[
ခံလိုက်ရပြီမလား၊ နင်တို့စားနေတဲ့ နံနက်စာက သူ ပြင်ဆင်ထားတာလေ]

 


[
ငါသာဆို အဲ့မှာနေရတာ သက်သောင့်သက်သာတောင် ရှိမှာမဟုတ်ဘူး။ စကားပုံတစ်ခုရှိတယ်မလား *သူတစ်ပါးထမင်းစားရင် စကားနူးညံ့ပြီး၊ သူတစ်ပါးလက်ဆောင်ယူရင် လက်တိုတယ်တဲ့။ ဒါပေမဲ့ ရဲ့လော့ယီနဲ့ ဆုလင်းလင်းတို့ လက်တွေက တိုပုံမရဘူး]

(*စကားပုံတစ်ခုပါ သူများကျွေးတာစားပြီးရင် သူများကိုအတင်းပြောချင်တဲ့စိတ်က နည်းသွားတယ် အဲ့လိုသဘောမျိုးပါ)


[
ယန်ရှီ့ကို အားကျတာ ငါတစ်ယောက်တည်းလား ကျုံချင်းယွီက သူ့ကို အရမ်းကောင်းတာပဲ၊ လေယာဉ်လက်မှတ် မရလို့ သီးသန့်လေယာဉ်နဲ့ လိုက်ပို့ပေးတယ်၊ ပြီးတော့ ယန်ရှီရဲ့အကြိုက်နဲ့ ကိုက်ညီအောင် နံနက်စာကို စားပွဲတစ်ခုလုံး စီစဉ်ပေးသေးတယ်]

 


[
ကျုံချင်းယွီက မာနကြီးပြီး ပျက်စီးနေပေမဲ့ သူငယ်ချင်းတွေအပေါ်တော့ တကယ်ကောင်းပါတယ်]


[
ကျုံချင်းယွီ နင် သူငယ်ချင်းရှာနေသေးလား၊ ငါ စေတနာ့ဝန်ထမ်းလုပ်မယ်]

 

ရဲ့လော့ယီနှင့် ဆုလင်းလင်းသည် မှတ်ချက်များကို မမြင်နိုင်ကြသော်လည်း နံနက်စာကို ကျုံချင်းယွီက ပြင်ဆင်ထားကြောင်း သိလိုက်ရသောအခါ လူးဝစ်၏ ပြုံးနေသောအကြည့်အောက်၌ စိတ်မသက်မသာ ဖြစ်ခဲ့ကြ၏။

 

ဆုလင်းလင်းသည် မကျေမနပ်ဖြစ်ကာ သူမ၏ကော်ဖီအား ဘေးသို့ ပစ်ချပြီး လက်ပိုက်လိုက်၏။

အရမ်းခါးတယ်၊ ငါ မသောက်တော့ဘူး

 

ရဲ့လော့ယီမှာ အတင်းအကြပ် ပြုံးကာ သူမ၏ပေါင်မုန့်မီးကင်ကို ချကာ ပြောလိုက်၏။

မကြာသေးခင်က ကိုယ်အလေးချိန် နည်းနည်းတက်လာလို့ နည်းနည်းပဲ စားတာ ပိုကောင်းမယ်ထင်တယ်

 

ကျန်သူများကမူ ဂရုမစိုက်ကြပေ။ ကျုံချင်းယွီကို ဧည့်ခန်းထဲတွင် မတွေ့ရသောအခါ မညည်းညူဘဲ နံနက်စာကို အေးအေးဆေးဆေး စားခဲ့ကြသည်။

 

အထူးသဖြင့် ကန်းပေါ်ယဲ့သည် တစ်ပွဲစားပြီးနောက် နောက်တစ်ပွဲထပ် တောင်းကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတာ မဆိုးပါဘူး! အစားအစာရှိနေသရွေ့ ပျော်တယ်

 

ဒါရိုက်တာယွီက လူတိုင်းရောက်ပြီဖြစ်ကြောင်းကို မြင်သောအခါ ဧည့်သည်များအား ရှိုးပွဲ၏စပွန်ဆာများကို ကြော်ငြာရန် တောင်းဆိုပြီး အစီအစဉ်၏ပုံစံကို မိတ်ဆက်ပေးခဲ့၏။

 

အတူခရီးသွားကြစို့ရှိုးသည် နံနက်၈နာရီမှ ၁၀ နာရီအထိ တိုက်ရိုက်ထုတ်လွှင့်သော ရသစုံရှိုးဖြစ်သည်။ ဧည့်သည်များ အပြင်ထွက်နေသေးသရွေ့ တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း ရှိနေမည်ဖြစ်၏။

 

ကင်မရာအဖွဲ့လေးဖွဲ့ရှိပြီး အဖွဲ့တစ်ဖွဲ့စီသည် ဧည့်သည်အတွဲလေးတွဲမှ တစ်တွဲကို လိုက်ပါရိုက်ကူးမည်ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့စီက သူတို့၏ ကိုယ်ပိုင်ခရီးစဉ်အတွက် စီစဉ်ရမည်ဖြစ်ကာ ကြည့်ရှုသူများမှာ မည်သည့်လမ်းကြောင်းကို ကြည့်လိုသည်အား ရွေးချယ်နိုင်ပေသည်။

 

ထို့နောက် ဧည့်သည်များသည် သူတို့၏ ခရီးသွားအစီအစဉ်များကို မိတ်ဆက်ပေးခဲ့ကြ၏။

 

ချင်းလီနှင့် ကန်းပေါ်ယဲ့က သူတို့၏ ခရီးစဉ်ကို ဦးစွာတင်ပြခဲ့ကြ၏။

ချင်းလီ: ဒီတစ်ခါက ကျွန်တော့် ဝမ်းကွဲအစ်ကိုနဲ့ကျွန်တော် လီချန်းမြို့ကို ပထမဆုံးအကြိမ်ရောက်ဖူးတာမို့လို့ အစီအစဉ်က ရိုးရိုးရှင်းရှင်းပါပဲ၊ နာမည်ကြီးနေရာအားလုံးကို သွားရောက်လည်ပတ်မှာပါ၊ ဒါက ကျွန်တော်တို့ရဲ့ ခရီးသွားအစီအစဉ်ပါ

 

ချင်းလီသည် သူတို့၏ခရီးသွားအစီအစဉ်ကို ပြလိုက်ရာ ပုံမှန်ခရီးသွားအေဂျင်စီ၏ အစီအစဉ်နှင့် ထပ်တူနီးပါးဖြစ်နေသည်ကို အင်တာနက်အသုံးပြုသူများက လျင်မြန်စွာ သတိပြုမိလိုက်ကြ၏။

 

[ရိုးရိုးသားသားပြောရရင် ငါ လီချန်းမြို့ကို သွားတုန်းကလည်း အဲ့လမ်းကြောင်းအတိုင်း လိုက်သွားခဲ့တာပဲ]


[
ဒါက ပထမဆုံးအကြိမ် လာရောက်လည်ပတ်သူတွေအတွက် ကောင်းမွန်တဲ့ အစီအစဉ်ပဲ]

 


[
အချိန်ဇယားက နည်းနည်းကျပ်ပုံရတယ် မပင်ပန်းကြဘူးလား]


[
စိတ်မပူပါနဲ့ ချင်းလီနဲ့ ကန်းပေါ်ယဲ့တို့က လူငယ်တွေပဲဟာ၊ သူတို့ လုပ်နိုင်ပါတယ်။]

 

ဒုတိယအဖွဲ့မှာ ကျန်းတုံနှင့် ရှောင်းယွီတို့ ဖြစ်သည်။ ကျန်းတုံက ကင်မရာဘက်သို့ မျက်နှာမူကာ လည်ချောင်းရှင်းလိုက်၏။

ကျွန်တော်တို့ရဲ့ နောက်ထပ် ပရောဂျက်အတွက် လီချန်းမြို့မှာ နေရာရှာဖွေမှုတွေ လုပ်ရမှာဖြစ်လို့ ဒါက ခရီးသွားသလိုဆိုပေမဲ့ အလုပ်သဘောလည်းဖြစ်ပါတယ်။ ခရီးစဉ်ကို ထုတ်ဖော်ပြောပြမှာ မဟုတ်ပေမဲ့ ကျွန်တော်တို့ ရှာဖွေစူးစမ်းနေတာကို တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်

 

ရှောင်းယွီက ထပ်ဖြည့်ပြောလိုက်သည်မှာ

ဒါနဲ့ ဒီပရောဂျက်က စီစဉ်နေဆဲ အဆင့်မှာပဲရှိပါသေးတယ်၊ စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကြိုဆိုပါတယ်

 

[ဟားဟား၊ ဒါရိုက်တာ ကျင်းနဲ့ ဇာတ်ညွှန်းရေးဆရာ ရှောင်းတို့က ဒါကို အလုပ်လို သဘောထားနေကြတာပဲ]


[
ဒါပေမဲ့ တိုက်ရိုက်နေရာရှာဖွေတာ စိတ်ဝင်စားစရာကောင်းလိုက်တာ]


[
နေရာရှာဖွေတာ ဘယ်လိုရှိမလဲ မသိဘူး၊ သူတို့က ပုံမှန်ခရီးသွားတွေ မသွားတဲ့နေရာတွေကို သွားမှာပဲ၊ ငါ အရမ်းစိတ်လှုပ်ရှားနေပြီ]

 

တတိယအဖွဲ့မှာ ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့ပင်။ ရဲ့လော့ယီက သူမ၏ အစီအစဉ်ကို ပြုံးရင်း မိတ်ဆက်လိုက်သည်။

လင်းလင်းနဲ့ကျွန်မ လီချန်းမြို့ကို အရင်ကရောက်ဖူးပါတယ်၊ အဲ့တော့ အဓိကနေရာတွေကိုက မြင်ဖူးပြီးပြီ။ ဒီတစ်ခါတော့ အဓိကရည်ရွယ်ချက်က လျှို့ဝှက်ကျောက်မျက်ရတနာတွေကို ရှာဖွေဖို့ပါပဲ၊ လီချန်းမြို့ရဲ့ မတူညီတဲ့ဘက်ခြမ်းကို ပြသဖို့ပေါ့

 

ထို့နောက် ဆုလင်းလင်းက ထပ်ပြောလိုက်၏။

ဒေသခံတွေပဲ သိတဲ့နေရာတွေကို ရွေးထားတာ၊ သူတို့က ပိုဆန်းသစ်ပြီး ဈေးချိုတယ်၊ စိတ်ဝင်စားရင် သွားလည်လို့ ရတယ်နော်

 

[ဝိုး! ရဲ့လော့ယီရဲ့ မိတ်ဆက်စကားက ငါ့ကို အရမ်းစိတ်လှုပ်ရှားစေတယ်]


[
လီချန်းမြို့က ခရီးသွားနေရာတစ်ခုဆိုတော့ လူအများစုက နာမည်ကြီးနေရာတွေကို သိပြီးသားပဲ၊  တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြည့်ရတာ သိပ်စိတ်ဝင်စားစရာမကောင်းဘူး၊ ဒါပေမဲ့ ရဲ့လော့ယီရဲ့ ချဉ်းကပ်ပုံက ဆန်းသစ်တယ်။ လီချန်းမြို့ရဲ့ ငါတို့ တစ်ခါမှ မမြင်ဖူးတဲ့ ဘက်ခြမ်းကို ပြသပေးမှာဆိုပဲ]



[
ငါလည်း လီချန်းမြို့ကို ရောက်ဖူးတယ်၊ ဒါပေမဲ့ နာမည်ကြီးနေရာတွေကိုပဲ သွားခဲ့တာ။ ရဲ့လော့ယီရဲ့ အစီအစဉ်က အသစ်အဆန်းတွေကို ပြပေးမှာ သေချာတယ် ၊ ငါ မစောင့်နိုင်တော့ဘူး]


[
ဘယ်တော့စမှာလဲ၊ ငါ အရမ်းစိတ်လှုပ်ရှားနေပြီ]

 

ရဲ့လော့ယီ၏ ခရီးသွားအစီအစဉ်မှာ အလွန်ကောင်းမွန်သော တုံ့ပြန်မှုများရရှိခဲ့သည်။ ဝတ္ထုထဲတွင်လည်း သူမ၏အဖွဲ့မှာ လူကြိုက်အများဆုံးဖြစ်ခဲ့၏။ ထိပ်တန်းမင်းသမီးတစ်ဦးအနေဖြင့် ရဲ့လော့ယီသည် ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပြီး ဤခရီးစဉ်အတွက်လည်း များစွာစဉ်းစားထားခဲ့သည်။

 

တစ်ချိန်တည်းမှာပင် ကျုံချင်းယွီအတွက် ပြင်ဆင်ထားသော မူလအစီအစဉ်မှာ ချင်းလီနှင့် ကန်းပေါ်ယဲ့တို့ ခရီးစဉ်၏ ဘတ်ဂျက်ချိုသာသော ဗားရှင်း၊ အခြေခံအားဖြင့် ဈေးသက်သာသော မိတ္တူတစ်ခုဖြစ်၏။ ရဲ့လော့ယီ၏ ကောင်းမွန်စွာ စဉ်းစားထားသော အစီအစဉ်နှင့် နှိုင်းယှဉ်လိုက်ပါက ကွာဟချက်မှာ သိသာထင်ရှားလှ၏။ ခရီးစဉ်အတွင်း ကျုံချင်းယွီ၏ စိတ်အားထက်သန်မှုကင်းမဲ့ခြင်းနှင့်အတူ သူမအဖွဲ့အား လူကြိုက်များမှုမှာလည်း မှေးမှိန်နေခဲ့သည်။

 

သို့သော် ဤတစ်ကြိမ်တွင် ကျုံချင်းယွီနှင့် ယန်ရှီတို့၏ အစီအစဉ်မှာ ကွဲပြားခြားနားနေသည်။ သူတို့၏ အလှည့်ရောက်သောအခါ ကျုံချင်းယွီသည် တည်ငြိမ်သော ပုံစံဖြင့် ကင်မရာကို ရင်ဆိုင်လိုက်၏။

ငါတို့ရဲ့ ခရီးသွားအစီအစဉ်ကအစီအစဉ်မရှိဘူး။ ခရီးသွားတာက ပျော်ဖို့ပဲ၊ ငါတို့က ရေစီးကြောင်းအတိုင်း လိုက်ပြီး ပျော်ပျော်နေသွားမှာ

 

ဤသည်မှာ ကျုံချင်းယွီနှင့် ယန်ရှီတို့၏ ပုံမှန်ခရီးသွားပုံဖြစ်၏။ အစီအစဉ်မရှိသည့် စစ်မှန်သော ပျော်ရွှင်မှုပင်။

 

ယန်ရှီကခဏတာ အံ့အားသင့်သွားသော်လည်း ပြုံးလိုက်မိ၏။

 

သူမသည် ကျုံချင်းယွီ၏ အစီအစဉ်မရှိခြင်းကို ဂရုမစိုက်ခဲ့ချေ။ တကယ်တော့ ပို၍ပင် ကြိုက်သေးသည်။ ခြေဦးတည့်ရာသွားသော ခရီးစဉ်များမှာ ကျုံချင်းယွီ၏ ပုံစံဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုသည် သူမ၏ စစ်မှန်သော ကိုယ်ပိုင်ပုံစံကို ပြသလိမ့်မည်။

 

ယန်ရှီက ကျုံချင်းယွီ၏ စစ်မှန်သော ကိုယ်ပိုင်ပုံစံမှာ ချစ်စရာကောင်းသည်ဟု အမြဲတစေယုံကြည်ခဲ့၏။ သူမက ကောင်းမွန်သူတစ်ဦးဖြစ်သော်လည်း အချို့မှာ သူမ၏ ပျက်စီးနေသောဘက်ကိုသာ မြင်ကာ ကြင်နာသည့်ဘက်ကို မမြင်နိုင်ခဲ့ကြပေ။

 

ယန်ရှီသည် ကျုံချင်းယွီအား ရှိုးပွဲတွင် အတင်းအကြပ်ဖြစ်စေ၊ မလိုလား၍ဖြစ်စေ မဟုတ်ဘဲ သူမ၏စစ်မှန်သော ကိုယ်ပိုင်ပုံစံအတိုင်းသာ နေစေလိုခဲ့ပြီး ဝေဖန်ခံရခြင်း သို့မဟုတ် အရှုပ်တော်ပုံတစ်ခုခုတွင်ပါဝင်ခဲ့ပါက ယန်ရှီ သူ့မအား ကူညီရန် နည်းလမ်းရှာနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

 

[ပေါ့ပေါ့ပါးပါး ကြည့်ရှုသူတစ်ယောက်အနေနဲ့ ကျုံချင်းယွီရဲ့ချဉ်းကပ်ပုံကို ငါ သဘောကျတယ်။ ခရီးသွားတဲ့အခါ ငါလည်း စိတ်ထဲရှိတဲ့အတိုင်း သွားရတာ ပိုကြိုက်တယ်၊ ပျော်ရင် စူးစမ်း မပျော်ရင် ဟိုတယ်မှာနေ]

[
ငါလည်း အဲ့လိုပဲ။ ခရီးသွားတာက အနားယူဖို့ပဲ၊ အချိန်ဇယားကျပ်နေရင် အလုပ်လုပ်ရတာထက် ပိုပင်ပန်းတယ်]

[
ခရီးသွားတာက ကိုယ်ပျော်တာ လုပ်သင့်တာပဲ]

 

ခရီးသွားခြင်းသည် အပန်းဖြေခြင်းတစ်မျိုးဖြစ်ပြီး ထပ်တူကျသော ချဉ်းကပ်မှုမျိုး မရှိကြချေ။ ထို့ကြောင့် ဒါရိုက်တာယွီသည် ဧည့်သည်များအား သူတို့နှစ်သက်ရာ ခရီးသွားပုံစံများကို ပြသနိုင်ရန် ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်သည်။

 

အခြားအဖွဲ့သုံးဖွဲ့သည် အသေးစိတ်အစီအစဉ်များနှင့် တစ်ခုစီတွင် ကိုယ်ပိုင်အာရုံစိုက်မှုများ ရှိသော်လည်း ကျုံချင်းယွီနှင့် ယန်ရှီတို့တွင် ဆွေးနွေးစရာ မရှိချေ။ ဧည့်သည်ခြောက်ဦးက စက်ဝိုင်းပုံစံဖြင့် ထိုင်နေကြသော်လည်း ကျုံချင်းယွီနှင့် ယန်ရှီမှာ အထီးကျန်နေပုံ ပေါ်နေသည်။

 

ကျုံချင်းယွီ အထီးကျန်နေသည်ကို မြင်ရသောအခါ ရဲ့လော့ယီက ထူးဆန်းသော စိတ်ကျေနပ်မှုကို ခံစားလိုက်ရ၏။

 

သူမက စိုးရိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။

ချင်းယွီ ခြေဦးတည့်ရာခရီးတွေက ပျော်စရာကောင်းနိုင်ပေမဲ့ တချို့ဆွဲဆောင်မှုတွေကို လွဲချော်သွားစေနိုင်တယ်၊ စီစဉ်ရတာ ဒုက္ခများလို့ဆိုပြီး အစီအစဉ်မဆွဲဘဲ မနေသင့်ဘူး


ဆုလင်းလင်းက လှောင်ပြောင်လိုက်၏။အစီအစဉ်မရှိတော့ သူတို့က ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေကြမှာပဲ၊ ဒုက္ခရောက်မှာ သေချာတယ်။ ရဲ့လော့ယီ သူတို့ကို ဂရုစိုက်မနေနဲ့ ဒုက္ခရောက်မှပဲ သင်ခန်းစာရမှာ။

 

ကျန်ဧည့်သည်များကလည်း မည်သည့်အစီအစဉ်မှ မပါဘဲ ခရီးသွားခြင်းမှာ အန္တရာယ်များသည်ဟု ခံစားကြရပြီး အထူးသဖြင့် ယခုက မရင်းနှီးသော မြို့တစ်မြို့တွင် ဖြစ်နေသောကြောင့် အနည်းငယ်ပြင်ဆင်ထားခြင်းက ပိုကောင်းပေမည်။

 

ကျုံချင်းယွီသည် ရဲ့လော့ယီကို လျစ်လျူရှုကာ ရှောင်းယွီနှင့် အခြားသူများစိုးရိမ်မှုများအား

ယန်ရှီ မကြာသေးခင်ကမှ စိတ်မကောင်းဖြစ်နေခဲ့တာ၊ ငါ သူ့ကို အပန်းဖြေဖို့ ဒီကို ခေါ်လာတာ

 

သူမ ခဏရပ်ပြီး ထပ်ပြောလိုက်သည်။

ဒီတစ်ခါ ဆွဲဆောင်မှုရှိတဲ့နေရာတွေကို လွဲချော်သွားရင် ရှိုးပြီးတဲ့အခါ သူ့ကို ပြန်ခေါ်လာခဲ့လိုက်မယ်

 

[ကျုံချင်းယွီက ပြည်ပခရီးသွားတာကို ရေသောက်တာလောက် လွယ်သလို ပြောနေတာပဲ]


[
ကျုံချင်းယွီအတွက်တော့ လီချန်းမြို့ကို သွားတာက လွယ်ပါတယ်။ သူ့မှာ သီးသန့်လေယာဉ်ရှိတယ်လေ ပြီးတော့ မနေ့က သူ့ရဲ့ တစ်ကိုယ်တော် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရတာ အရမ်းသက်သောင့်သက်သာရှိပုံရတယ်]


[
ကျုံချင်းယွီရဲ့ အဓိကရည်ရွယ်ချက်က ယန်ရှီ အပန်းဖြေဖို့ ကူညီတာလို့ ပြောတယ်ယန်ရှီ့ကို အားကျရတဲ့ နောက်ထပ်တစ်ရက်ပဲ]

 

ရဲ့လော့ယီသည် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကျုံ့လိုက်၏။ ကျုံချင်းယွီမှာ အပြောကောင်းသော်လည်း သူမ၏ ခြေဦးတည့်ရာခရီးစဉ်များနှင့် ရည်ရွယ်ချက်မဲ့ ခရီးသွားအစီအစဉ်သည် ကြည့်ရှုသူများကို ဆွဲဆောင်နိုင်မည်မဟုတ်ချေ။ အချိန်ရောက်သောအခါ သူမ(ရဲ့လော့ယီ) ၏ တိုက်ရိုက်ထုတ်လွှင့်မှုကသာ လူကြိုက်များမှု ပိုမြင့်လိမ့်မည်။

 

ရဲ့လော့ယီသည် ယခင်က ပြင်ဆင်ထားသော သယ်ယူပို့ဆောင်ရေးလမ်းညွှန်ကို ထုတ်ကာ ကင်မရာရှေ့တွင် ပြလိုက်၏။ အင်တာနက်အသုံးပြုသူများက ရဲ့လော့ယီ၏ လမ်းညွှန်က အင်မတန် အသေးစိတ်ကျသည်ကို လျင်မြန်စွာ သတိပြုမိသွားကြ၏။ သူမသည် လီချန်းမြို့၏ သယ်ယူပို့ဆောင်ရေးစနစ် မြေပုံကို ပုံနှိပ်ထုတ်ထားပြီး မြေအောက်ရထား၊ ဘတ်စ်ကားများ စီးနင်းပုံနှင့် Transit ကတ် ဝယ်ယူပုံများကို ညွှန်ကြားချက် အပြည့်အစုံဖြင့် ပြင်ဆင်ထားသည်။

 

အခြားဧည့်သည်များက ၎င်းကို မြင်သောအခါ သူမထံမှ သင်ယူရန် အပြေးအလွှား ရောက်ရှိလာကြသည်။ ရဲ့လော့ယီသည် အတော်အတန် ကျေနပ်အားရစွာဖြင့် ကင်မရာကို ကြည့်ကာ ပြောလိုက်၏။

ဒီနေ့ရဲ့ အရေးအကြီးဆုံး ဆွဲဆောင်မှုနေရာက လီချန်းပြတိုက်ပဲ! လီချန်းမြို့ကို လာရောက်လည်ပတ်သူတိုင်း သွားသင့်တယ်။ ဒါပေမဲ့ ပြတိုက်က ကြိုတင်ဘွတ်ကင်လုပ်ရတယ်၊ ဒီကာလဆိုရင် မင်းတို့ နေ့လည်ပိုင်း အချိန်ပဲ ဘွတ်ကင်လုပ်နိုင်မှာ ဖုန်းဆက်ပြီး ကြိုတင်ဘွတ်ကင်လုပ်ဖို့ မမေ့နဲ့နော်

 

၎င်းကို ကြားသောအခါ ချင်းလီနှင့် အခြားသူများသည် ဖုန်းများထုတ်ကာ ဘွတ်ကင်လုပ်လိုက်ကြသည်။

 

ဆုလင်းလင်းက ကျုံချင်းယွီအား လှောင်ပြောင်လိုက်၏။

ကျုံချင်းယွီ နင် အစီအစဉ်မရှိဘူးလို့ မပြောခဲ့ဘူးလား။ ဒါဆို နင် ဘယ်ကို အရင်သွားမှာလဲ

 

ကျုံချင်းယွီက ယန်ရှီအား အကြံဉာဏ်တောင်းရန် လှည့်ကြည့်လိုက်၏။ ခဏတာ စဉ်းစားပြီးနောက် ယန်ရှီသည် လီချန်းမြို့သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သူတစ်ဦးအနေဖြင့် လီချန်းပြတိုက်သို့လည်း သွားချင်လောက်ကြောင်း သဘောပေါက်လိုက်သည်။

 

၎င်းသည် ကမ္ဘာ့ထိပ်တန်း ပြတိုက်များထဲမှ တစ်ခုဖြစ်ရာ လွဲချော်သွားခြင်းသည် ရှက်စရာပင်။ ထိုသို့တွေးမိလိုက်သောအခါ ကျုံချင်းယွီသည် လက်ခုပ်တီးကာ ဆုံးဖြတ်လိုက်၏။

ကောင်းပြီ၊ ဒါဆို ငါတို့ ဒီမနက် လီချန်းပြတိုက်ကို သွားမယ်



ထိုအခါ ဆုလင်းလင်းက လှောင်ပြောင်လိုက်သည်။

ကျုံချင်းယွီ နင် ရဲ့လော့ယီပြောတာ မကြားလိုက်ဘူးလား၊ ကြိုတင်ဘွတ်ကင်မလုပ်ရင် ဝင်လို့မရဘူး။ ပြီးတော့ နင်တို့ Transit ကတ်တောင် မရသေးဘူး ပြတိုက်ကို ရောက်တဲ့အချိန်ဆို ပိတ်နေလောက်ပြီ

 

သူမ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တည်းခိုခန်းရှေ့တွင် limousineကားတစ်စီး ဆိုက်ရောက်လာလေသည်။ လူးဝစ်က လေးစားစွာဖြင့် ကားထံ ချဉ်းကပ်ကာ ကျုံချင်းယွီနှင့် ယန်ရှီတို့အတွက် တံခါးဖွင့်ပေးလိုက်၏။

လီချန်းပြတိုက်အတွက် ကြိုတင်ဘွတ်ကင်လုပ်ထားပါတယ်။ မစ္စကျုံ၊ မစ္စယန် ကြွပါ

 

နေရာတွင်ရှိသော ဧည့်သည်များအားလုံးမှာ အံ့အားသင့်သွားကြ၏။ သူတို့သည် limousineကားကို ကြည့်နေကြစဉ် သူတို့၏ သေသေချာချာ ပြင်ဆင်ထားသော သယ်ယူပို့ဆောင်ရေး လမ်းညွှန်များမှာ ရုတ်တရက် အားနည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဆုလင်းလင်းသည် သူမ၏လက်သည်းများကို ကိုက်ကာ စကားကို မချင့်မရဲ ပြောလိုက်သည်။

ကျုံချင်းယွီ၊ နင် အစီအစဉ်မရှိဘူးလို့ မပြောခဲ့ဘူးလား

 

ကျုံချင်းယွီက ပခုံးတွန့်ကာ ပြောလိုက်လေသည်။

တကယ် အစီအစဉ် မရှိဘူး ဒါပေမဲ့ ငါ့မှာ ပိုက်ဆံတော့ ရှိတယ်လေ